Sunday, December 30, 2007

လူမိုက်တို့ သွားရာလမ်း


သီတဂူဆရာတော် ဟောကြားတော်မူတဲ့ လူမိုက်တို့သွားရာလမ်း တရားတော်မှ တရားကောက်နှုတ်ချက်များ

အားလုံးသော တရားချစ်ခင် သူတော်စင်များ သုံးဆယ့်တစ်ဘုံ အရပ်ဆယ်မျက်နှာ အနန္တစကြာဝဠာမှာ ရှိကြကုန်သော အနန္တသတ္တ၀ါတွေ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြစေဖို့ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြစေဖို့ နှလုံးစိတ်ဝမ်း အေးချမ်းကြစေဖို့ အားလုံး မေတ္တာဓာတ်တွေ ပို့လွှတ်ကြရမယ်။

ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာကြပါစေ။
မေတ္တာနှလုံး ကိုယ်စီသုံး ရွှင်ပြုံးကြပါစေ။
မေတ္တာရန်သူ ဒေါသမူ အပူကင်းပါစေ။
မေတ္တာရေစမ်း ကိုယ်စီဖြန်း အေးချမ်းကြပါစေ။
ခန္ဓီ၏ရန် ဒေါသမှန် တွန်းလှန်နိုင်ပါစေ။
ခန္ဓီနှလုံး အစဉ်သုံး ရွှင်ပြုံးကြပါစေ။
တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ။

သူတော်ကောင်းတွေ ကောင်းမှုကိုပြုဖို့ရန် လွယ်တယ်။ သူတော်ကောင်းတွေ မကောင်းမှုကိုပြုဖို့ရန် ခက်တယ်။
လူမိုက်တွေ မကောင်းတာ လုပ်ဖို့ရန် လွယ်တယ်။ လူမိုက်တွေ ကောင်းတာ လုပ်ဖို့ကျတော့ ခက်နေလိမ့်မယ်။

ကံချွတ်ချော်ချိန်ရောက်ပြီဆိုလို့ရှိရင် သတ္တ၀ါတွေဟာ နည်းလွဲနည်းမှားတွေကို နည်းမှန်လမ်းမှန်ဆိုပြီးတော့ လုပ်ကြတယ်။ အဲဒီလို လုပ်လာပြီဆိုလို့ရှိရင် ပျက်စီးဖို့တော့ ဦးတည်နေပြီ။

(လူမိုက်လက္ခဏာလေးပါး)
၁။ နည်းမှားတွေကို လုပ်တယ်။
၂။ သူတပါးကိုလည်း အဲဒီအမှားတွေ လုပ်ခိုင်းတယ်။
၃။ အဲဒီ နည်းမှားကြီးတွေကို သိပ်တန်ဖိုးထားတယ်။
၎။ မှားနေပြီလို့ ပြောရင် ပြောတဲ့သူကို ရန်ရှာတယ်။

(လူမိုက်နှင့်ပတ်သက်သည့် ဆုတောင်းငါးမျိုး)
၁။ လူမိုက်ကို မမြင်ပါရစေနဲ့။
၂။ လူမိုက်ဘယ်ရှိတယ်ဆိုတာ မကြားပါရစေနဲ့။
၃။ ရှောင်မရလို့ မြင်နေရ၊ ကြားနေရရင် အပေါင်းအသင်း မလုပ်ပါရစေနဲ့။
၎။ ရှောင်မရလို့ အပေါင်းအသင်း လုပ်နေရရင်လည်းပဲ သူတို့နဲ့ စကား မပြောပါရစေနဲ့။
၅။ မရှောင်သာလို့ ပြောရရင်လည်း သူတို့စကားကို အားပေးထောက်ခံမှုတွေ မလုပ်ပါရစေနဲ့။

Read More...

Thursday, December 20, 2007

အကယ်၍


အကယ်၍
မင်းအသိုင်းအ၀ိုင်း တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်းအပြစ်တင်ကြတဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင် . . .

အကယ်၍
အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင် . . .

အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင် . . .

ဒါမှမဟုတ်
မင်းရဲ့အကြောင်း မဟုတ်မတရား မုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင် . . .

ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းကလည်း အမုန်းတွေ ပြန်မပွားဘူးဆိုရင် . . .

အကယ်၍
စိတ်ကူးယဉ်အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ
စိတ်ကူးနိုင်မယ်ဆိုရင် . . .

ပြီးတော့
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ
တွေးခေါ်နိုင်မယ်ဆိုရင် . . .

အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလားရယ်လို့
ခံယူထားနိုင်မယ်ဆိုရင် . . .

အကယ်၍
မင်းရဲ့ အမှန်စကားတွေကို
လူလိမ်လူညာတွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် . . .

အကယ်၍
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်
အင်မတန်မှသေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင် . . .

အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံး
ကြွေတလှည့်ကြက်တခုန်ပမာ
တလှည့်တခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင် . . .

ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင် . . .

ပြီးတော့တခါ
ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင် . . .

အကယ်၍
သူများတကာတွေ လုပ်ပြီးသွားကြလို့
အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင် . . .

အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်အင်အားကို ခိုင်မာစွာနဲ့ပဲ
လက်ဆုပ်လက်ကိုင် ထားနိုင်မယ်ဆိုရင် . . .

အကယ်၍
လူတွေနဲ့ ထိတွေ့ဆက်ဆံ ပြောဆိုတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင် . . .

ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့အတူ လမ်းလျှောက်နေရပေမယ့်
မာန်၊ မာန သွေး မကြွဘူးဆိုရင် . . .

အကယ်၍
ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ
မင်းကို နာကျည်းအောင် မလုပ်နိုင်စေရင် . . .

အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင် . . .

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ် အသုံးချနိုင်မယ်ဆိုရင် . . .

ငါ့သားရေ
မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့
အဲဒီတော့ မင်းဟာလည်း ယောက်ျားကောင်းတယောက်ပဲပေါ့။ ။

ဒေါ်အောင်ဆန်းစုကြည်မှ NLD လူငယ်များအား ၁၉၈၉ ခုနှစ်တွင် အမှာစကားပြောကြားရင်း ဒီ IF ကဗျာကို ပြန်ဆိုပြခဲ့ခြင်း ဖြစ်ပါသည်။


If
(by Rudyard Kipling)

If you can keep your head when all about you
Are losing theirs and blaming it on you;
If you can trust yourself when all men doubt you,
But make allowance for their doubting too:
If you can wait and not be tired by waiting,
Or, being lied about, don't deal in lies,
Or being hated don't give way to hating,
And yet don't look too good, nor talk too wise;

If you can dream---and not make dreams your master;
If you can think---and not make thoughts your aim,
If you can meet with Triumph and Disaster
And treat those two impostors just the same:.
If you can bear to hear the truth you've spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to, broken,
And stoop and build'em up with worn-out tools;

If you can make one heap of all your winnings
And risk it on one turn of pitch-and-toss,
And lose, and start again at your beginnings,
And never breathe a word about your loss:
If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: "Hold on!"

If you can talk with crowds and keep your virtue,
Or walk with Kings---nor lose the common touch,
If neither foes nor loving friends can hurt you,
If all men count with you, but none too much:
If you can fill the unforgiving minute
With sixty seconds' worth of distance run,
Yours is the Earth and everything that's in it,
And---which is more---you'll be a Man, my son!

Read More...

Wednesday, December 12, 2007

အများစု ဆန္ဒ စု ဆန္ဒ

မောင်စွမ်းရည်

ကိုယ့်ပြည် ကိုယ့်ယာ ကိုယ့်ပြည်တွင်းမှာ
အကျဉ်းခံရ တို့ဘ၀။

သင့်လွတ်လပ်မှု အသုံးပြုပြီး
တို့လွတ်လပ်မှု ကူညီပြုလော့
'စု' က ပန်ကြား ကမ္ဘာတလွှား။

မတရားမှုကို မတရားလို့မို့
မတရားလို့ မတရားကြောင်း
ပြည်သားကောင်းပီသ ကြွေးကြော်ကြ . . .။

မတရားတာကို တရားသယောင်
ထင်ယောင်ထင်မှား ယောင်ဝါးခြင်းက
တို့ဘ၀ကို
မုချ နစ်မွန်းစေလိမ့်မည်။

တစ်ယောက်တစ်လက် ကျောင်းသားလက်နဲ့
လက်ပေါင်းထောင်သောင်း ခွပ်ဒေါင်းလူလူ
အောင်လံထူစို့
လူထုခေါင်းဆောင်
အောင်ဆန်းစုကြည် သူရှိပြီ။

အများစုဆန္ဒ အများရအောင်
အများစုက ၀ိုင်းဝန်းကြ
အပ္ပမာဒေန သမ္မာဒေထ။

(၂၀၀၄ ခုနှစ်၊ သြဂုတ်လတွင် ထုတ်ဝေသည့် သစ္စာတော်လှန်ရေး မဂ္ဂဇင်းမှ -)

Read More...

Monday, December 10, 2007

စုဆန္ဒ ကဗျာစုများ

မောင်စွမ်းရည်


မကြောက်တရား
ကြောက်ရွံ့ခြင်းမှ
ကင်းဝေးရအောင်
တို့စွှမ်းဆောင်အံ့
ကြောက်အောင်ခြောက်သူ ဖယ်ရှားစို့။

နိုင်ငံရေး
မှားတာ မှားမှန်းသိ
မှားသည့်ဘက်ကို စွန့်ခွာပါ။
မှန်တာ မှန်မှန်းသိ
မှန်သည့်ဘက်ကို ထောက်ခံပါ။
အဲဒါ နိုင်ငံရေး။

စုလမ်းစဉ်
မကောင်းတာကို မကောင်းဘူးလို့
ဘူးတစ်လုံးဆောင်
သတ္တိပြောင်စို့။

သမိုင်း
လူ့ဘုံသမိုင်း
လူတိုင်းအတွက်
လူတိုင်းဘက်က
မပျက်ဝန်တာ
လူတိုင်းပါစို့။

တို့ဆန္ဒ
လက်နက်ဆို
အပ်တိုမကိုင်ကြေး
သစ္စာဦးတင်
စားပွဲခွင်
တူယှဉ်ဆွေးနွေး
ငြိမ်းချမ်းရေး။

လမ်းနှစ်သွယ်
မကောင်းမှုဆောင်
ကောင်းသယောင်၊
သေနတ်ကိုဆောင်
သတ္တိကြောင်။

မကောင်းတာဆို
မကောင်းပေါင်၊
သစ္စာကိုဆောင်
သတ္တိပြောင်။

စု-ယုံကြည်ချက်
နှလုံးရည်တိုက်ပွဲ
လွန်ခက်ခဲလည်း
မလွဲယုံကြည် အောင်ရမည်။

Read More...

Monday, November 12, 2007

Text of Daw Aung San Suu Kyi's Statement


Following is the text of the statement by Myanmar opposition leader Aung San Suu Kyi, released Thursday by U.N. envoy Ibrahim Gambari.

___

I wish to thank all those who have stood by my side all this time, both inside and outside my country. I am also grateful to the Secretary-General of the United Nations, Mr. Ban Ki-moon, for his unwavering support for the cause of national reconciliation, democracy and human rights in my country.

I welcome the appointment on 8 October of Minister Aung Kyi as minister for relations. Our first meeting on 25 October was constructive and I look forward to further regular discussions. I expect that this phase of preliminary consultations will conclude soon so that a meaningful and timebound dialogue with the SPDC leadership can start as early as possible.

In the interest of the nation, I stand ready to cooperate with the government in order to make this process of dialogue a success and welcome the necessary good offices role of the United Nations to help facilitate our efforts in this regard.

In full awareness of the essential role of political parties in democratic societies, in deep appreciation of the sacrifices of the members of my party and in my position as General Secretary, I will be guided by the policies and wishes of the National League for Democracy. However, in this time of vital need for democratic solidarity and national unity, it is my duty to give constant and serious considerations to the interests and opinions of as broad a range of political organizations and forces as possible, in particular those of our ethnic nationality races.

To that end, I am committed to pursue the path of dialogue constructively and invite the government and all relevant parties to join me in this spirit.

I believe that stability, prosperity and democracy for my country, living at peace with itself and with full respect for human rights, offers the best prospect for my country to fully contribute to the development and stability of the region in close partnership with its neighbors and fellow ASEAN members, and to play a positive role as a respected member of the international community."

ဗမာဘာသာဖြင့် အဓိပ္ပာယ်အပြည့်အစုံကို အောက်တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။


ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီမှတဆင့် ၂၀၀၇ ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ ကြေညာချက် စာသားအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

___

ယခုလို အခါသမယမှာ ကျမဘက်က တလျောက်လုံး အပြည့်အ၀ ရပ်တည်ပေးခဲ့ကြသော ပြည်တွင်းပြည်ပ အင်အားစုများ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါသည်။ ကျမတို့နိုင်ငံမှာ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့ ဖြစ်ထွန်းလာစေရေးအတွက် မယိမ်းမယိုင် ထောက်ခံပေးနေသော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်းကိုလည်း ကျမ အထူး ကျေးဇူးဥပကာရ တင်ရှိပါသည်။

အောက်တိုဘာလ (၈) ရက်နေ့တွင် ၀န်ကြီး ဦးအောင်ကြည်အား ဆက်ဆံရေးဝန်ကြီး ခန့်အပ်လိုက်ခြင်းကို ကျမ ကြိုဆိုပါသည်။ အောက်တိုဘာလ (၂၅) ရက်နေ့တွင် ပြုလုပ်ခဲ့သော ကျမတို့၏ ပထမအကြိမ် တွေ့ဆုံမှုသည် အပြုသဘောဆောင်ပါသည်။ ရှေ့တွင် ပုံမှန် ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်သွားဖို့ ကျမ မျှော်လင့်ထားပါသည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ခေါင်းဆောင်များနှင့် အဓိပ္ပာယ်ပြည့်ဝ၍ အချိန်ကန့်သတ်မှုများ ပါဝင်သော တွေ့ဆုံဆွေးနွေးပွဲများ စောနိုင်သမျှ အစောဆုံး စတင်နိုင်ရန်အလို့ငှာ ယခုကဲ့သို့သော ပဏာမအဆင့် ဆွေးနွေးညှိနှိုင်းမှုများသည် မကြာမီ ပြီးမြောက်သွားမည်ဟုလည်း ကျမ မျှော်လင့်ထားပါသည်။

တမျိုးသားလုံး၏ အကျိုးစီးပွားအတွက် ဤတွေ့ဆုံဆွေးနွေးပွဲ လုပ်ငန်းစဉ် အောင်မြင်အောင် ဆောင်ကျဉ်းသွားရန် အလို့ငှာ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် ကျမ အသင့်ရှိနေပါသည်။ ယင်းသို့ တွေ့ဆုံဆွေးနွေးမှုများ အောင်မြင်ရေး အထောက်အကူ ဖြစ်စေရန် ကုလသမဂ္ဂ၏ လိုအပ်သော အခန်းကဏ္ဍများကိုလည်း ကျမ ကြိုဆိုလိုက်ပါသည်။

ဒီမိုကရေစီ လူ့အဖွဲ့အစည်းတွင် နိုင်ငံရေးပါတီများ ပါဝင်ရမည့် အရေးပါသည့် အခန်းကဏ္ဍကို အပြည့်အ၀ သိရှိနားလည်ခြင်းအားဖြင့် လည်းကောင်း၊ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ၏ ကိုယ်ကျိုးစွန့် အနစ်နာခံမှုများကို အလေးအနက် တန်ဖိုးထားသောအားဖြင့် လည်းကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးအဖြစ်ဖြင့် လည်းကောင်း ကျမသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရည်မှန်းချက်များ၊ မူဝါဒများကို အပြည့်အ၀ လေးစားလိုက်နာ ခံယူပါမည်။ သို့စေကာမူ ဒီမိုကရေစီအင်အားစုများအားလုံး သွေးစည်းခိုင်မာမှုနှင့် အမျိုးသားညီညွတ်ရေး အရေးတကြီး လိုအပ် နေသော ယခုအချိန်မျိုးတွင် နိုင်ငံရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများ၊ အထူးသဖြင့် ကျမတို့၏ တိုင်းရင်းသား လူမျိုးစုများ အားလုံး၏ ဆန္ဒသဘောထားများနှင့် အကျိုးစီးပွားများကို အခိုင်အမာ အဆက်မပြတ် အလေးအနက်ထားကာ စဉ်းစားပေးရမည်မှာ ကျမအပေါ် ကျရောက်လာသော တာဝန်ဖြစ်နေပါပြီ။

ယင်းရည်မှန်းချက်များ အောင်မြင်ရေးအတွက် ကျမသည် အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို အကောင်အထည် ဖော်သွားရန် ပိုင်းဖြတ်ထားပါသည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရအား လည်းကောင်း၊ သက်ဆိုင်ရာ နိုင်ငံရေးအင်အားစုများအား လည်းကောင်း၊ ကျမနှင့်အတူ လက်တွဲကြိုးပမ်းကြပါရန် ဖိတ်ခေါ် လိုက်ပါသည်။

ကျမတို့နိုင်ငံတွင် အေးချမ်းတည်ငြိမ်မှု၊ သာယာဝပြောမှု၊ ဒီမိုကရေစီဖြစ်ထွန်းမှုတို့ဖြင့် လူ့အခွင့်အရေး အပြည့်အ၀ရရှိခံစားက ပြည်သူအပေါင်း ငြိမ်းချမ်းသာယာစွာ နေထိုင်နိုင်ခြင်းအားဖြင့် ကျမတို့နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် လည်းကောင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် လည်းကောင်း၊ ပိုမိုရင်းနှီးပွင့်လင်းစွာ ပူးပေါင်းဆောင်ရွက်လျက် ဒေသဖွံ့ဖြိုးရေးနှင့် တည်ငြိမ်ရေးကို အကောင်းဆုံး အကျိုးပြုနိုင်မည်။ ထို့ပြင် အပြည်ပြည်ဆိုင်ရာ မိသားစုကြီးတွင်လည်း အများက လေးစားခြင်းခံရသော အဖွဲ့ဝင်တစ်နိုင်ငံအဖြစ် ပါဝင်အကျိုးပြုနိုင်သည့် အခန်းကဏ္ဍမှ ၀င်ရောက် ဆောင်ရွက်လာနိုင်မည်ဟု ကျမ ယုံကြည်ပါသည်။

Read More...

Wednesday, November 07, 2007

Remarkable Words from Gandhi Film


Mr. Gandhi said :

I'm asking you to fight. To fight against their anger, not to provoke it.
We will not strike a blow. But we will receive them.
And through our pain, we will make them see their injuctice.
And it will hurt as all fighting hurts.
But we cannot lose. We cannot.
They may torture my body, break my bones, even kill me.
Then …. They will have my dead body, not my obedience.

Read More...

Monday, November 05, 2007

ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက် (စုစည်းမှု-၅)

၂၃-၁-၁၉၄၆ ရက်နေ့တွင် ဖဆပလ ပြည်လုံးကျွတ်ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း တင်သွင်းခဲ့သည့် ညီညွတ်ရေးအဆို မိန့်ခွန်းမှ ကောက်နုတ်ချက်

ကျနော်တို့ဟာ တိုင်းပြည်နဲ့ လူထုလွတ်လပ်ရေးကို အမြဲတမ်း သစ္စာမဖောက်ဘဲ လုပ်ပါမယ်ဆိုတဲ့အကြောင်း ပဋိညာဉ်ကတိ ပေးထားပါတယ်။ အဲဒီလို ပဋိညာဉ်ပေးထားတဲ့အတိုင်း ညီညွတ်ရေးအဆိုကို တင်သွင်းရခြင်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ကာ လွတ်လပ်ရေးလုပ်တဲ့ကိစ္စမှာ တတိုင်းတပြည်လုံး သွေးစည်းပြီး စည်းစည်းလုံးလုံး အလုပ်လုပ်မှ ဖြစ်နိုင်မှာမို့ပဲ။ ဒီလိုမလုပ်ရင် ညီညွတ်ရေး မရဘူး။ မရဘူးဆိုလို့ရှိရင် တိုင်းပြည်နဲ့လူမျိုး လွတ်လပ်ရေးဟာ ကျကျနန မဖြစ်နိုင်ဘူး။ မဖြစ်နိုင်လို့ရှိရင် ညီညွတ်ရေးကို ပျက်စီးရာ ပျက်စီးကြောင်း လုပ်တဲ့သူတွေ၊ ကျနော်တို့ကိုယ်တိုင်က ညီညွတ်ရေးကို ဖြစ်မြောက်အောင် တတ်နိုင်သမျှ ဆောင်ရွက်ခြင်းမရှိရင် ခုန တိုင်းပြည်အတွက် လူမျိုးအတွက် အင်မတန် အသက်စွန့်စားပြီး လုပ်ကိုင်ဆောင်ရွက်သွားကြတဲ့ သူတွေကို သစ္စာဖောက်ရာ မလေးစားရာကျမှာမိုလို့ ဒီညီညွတ်ရေးအဆိုကို ကျနော်တင်သွင်းခြင်း ဖြစ်ပါတယ်။

ခုနေအခါမယ် ဗမာပြည်ဟာ ဘာအလိုဆုံးလဲဆိုလို့ရှိရင် ညီညွတ်ရေးလိုတယ်။ ဘာကြောင့် ညီညွတ်ရေး လိုသလဲ။ ကျနော်တို့ ဗမာပြည်ဟာ အာဏာပိုင် တိုင်းပြုပြည်ပြုလွှတ်တော်ကြီး ခေါ်၍ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော အခြေအနေမျိုး ဆိုက်ရောက်အောင် (၀ါ) လွတ်လပ်ရေးရအောင် ဆောင်ရွက်ဖို့ လိုပါတယ်။ လွတ်လပ်ရေးဆိုတော့ကာ ကျနော်တို့ လွတ်လပ်တဲ့နိုင်ငံ တည်ထောင်မယ်ဆိုရင် တိုင်းပြုပြည်ပြု လွှတ်တော်ကြီးကို တည်ထောင်ရမယ်။ အဲဒီ တိုင်းပြုပြည်ပြုလွှတ်တော်ကြီးက လွတ်လပ်တဲ့တိုင်းနိုင်ငံ ထူထောင်တဲ့အခါ ကျရင် ဖွဲ့စည်းပုံ ဥပဒေ အစီအစဉ်တွေ စီမံရမယ်။ ဒီတိုင်းပြည်ကြီးကို ဘာစနစ်နဲ့ အုပ်ချုပ်မှာလဲ။ သမ္မတစနစ်နဲ့ အုပ်ချုပ်မလား။ ဘယ်စနစ်နဲ့ အုပ်ချုပ်မလဲ။ ဘယ်လိုတိုင်းပြည်မျိုး ထူထောင်မလဲ။ ဘယ်လိုလုပ်ရမလဲဆိုတာ စီစဉ်ရမယ်။ အဲဒီလို စီစဉ်ပြီးတဲ့အခါကျတော့မှ လွတ်လပ်ရေးလုပ်ငန်းဟာ ပေါ်လာမယ်။

ဒီတော့ကာ ညီညွတ်ရေးဟာ အချိန်အခါအလိုက် ဒီတိုင်းပြည် ဒီလူမျိုးရဲ့ အကျိုးကို အကြီးဆုံးဆောင်ရွက်နိုင်မယ့် လက်နက်ကြီး ဖြစ်နေတယ်။ ညီညွတ်ရေးဆိုတာဘာလဲ နားလည်ဖို့လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့အကြောင်း သရုပ်ဖော်ပြထားတယ်။ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက်ရှိရမယ်။ ကျနော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်။ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ရာထူးယူဖို့ ညီညွတ်ရမှာလား။ ဒါမှမဟုတ်ရင် ဒီတိုင်းပြည်ရဲ့ တိုင်းသူပြည်သားတွေကကို နှိပ်စက်ဖို့ ညီညွတ်ရမှာလား။ ဘာအတွက် ညီညွတ်ရမှာလဲ။ အဲဒီတော့ကာ ကျနော်လိုချင်တဲ့ ညီညွတ်ရေးက တတိုင်းတပြည်လုံး လူတမျိုးလုံးရဲ့ လွတ်လပ်ရေး၊ လူတမျိုးလုံးရဲ့အကျိုး၊ အဲဒီလို တူညီတဲ့ ရည်ရွယ်ချက် တူညီတဲ့အကျိုး၊ တူညီတဲ့အလုပ် အဲဒါတွေကိုရအောင်၊ အဲဒီလို တူညီတဲ့အကျိုး တိုင်းသူပြည်သားရအောင်၊ တူညီတဲ့ အလုပ်လုပ်တဲ့ ညီညွတ်ရေးမျိုး ဖြစ်ရမယ်၊ ပါးစပ်ကပြောရုံနဲ့ မပြီးဘူး။ ပါးစပ်က ညီညွတ်ချင်ပါတယ် ပြောလို့မဖြစ်ဘူး။ အလုပ်မှာလည်း တူရမယ်။ ရည်ရွယ်ချက်လည်း တူရမယ်။ အဲဒါမျိုးကိုမှ ညီညွတ်ရေးလို့ ခေါ်ထိုက်တယ်။

Read More...

Monday, October 29, 2007

ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက် (စုစည်းမှု-၄)

၁၉၄၆ ခု ဇွန်လ ၇ ရက်နေ့တွင် ကန်တော်မင်ပန်းခြံ၌ လူထုဆန္ဒပြ ကန့်ကွက်ပွဲ အစည်းအဝေးမှ ကောက်နှုတ်ချက်

ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို တရားသဖြင့် တောင်းဆိုခြင်းကို လမ်းကုန်အောင် ဆောင်ရွက်ရလိမ့်မယ်။ ယခုလို တရားသဖြင့် တောင်းဆိုချက်တွေကို မရရင် ဘာလုပ်မယ်ဆိုတာတွေလည်း ဖဆပလ ဥက္ကဋ္ဌ မိန့်ခွန်းမှာ ဖြေရှင်းပြခဲ့ပြီးဖြစ်တယ်။ လွတ်လပ်ရေးတိုက်ပွဲ အထိ ရောက်ချင်မှ ရောက်လိမ့်မယ်။ သို့ပေမယ့် ပြင်ဆင်ထားရမယ်။ လွတ်လပ်ရေးဆိုတာဟာ ချက်ချင်း ရချင်မှရတာ။ ကျုပ်တို့ လိုလားချက်ဟာ တရားသဖြင့် နည်းနဲ့ ရချင်မှရမယ်လို့ သံသယရှိတယ်။ အဲဒီကိစ္စတွေဟာ တိုင်းပြည်တွင်လား မဟုတ်ဘူး။ ဗြိတိသျှအစိုးရ အပေါ်မှာလည်း တာဝန်ရှိတယ်။ ဗြိတိသျှအစိုးရဟာ သူတို့နယ်အတွင်းရှိ တိုင်းပြည်များ ဆူပူခြင်းကို မလိုဘူးဆိုပေမယ့် သူတို့ ဒီလို လုပ်နေရင် မပေါ်သင့်ပဲနဲ့ ဆူပူမှုတွေ ပေါ်လာလိမ့်မယ်။ ကျုပ်တို့ကလည်း လွတ်လပ်ရေးတိုက်ပွဲ မဆင်နွှဲပဲနဲ့ ပြီးမြောက်သွားလိုပေမယ့် ကျုပ်တို့ တစ်ဖက်တည်းအပေါ်မှာ တည်နေတာ မဟုတ်ဘူး။

တိုင်းပြည်က နားလည်ထားသင့်တာက တိုက်ပွဲဆိုတာက ပရိယာယ်အကြီး၊ ပရိယာယ်အသေး ဆိုတာတွေနဲ့ သူ့နေရာနဲ့သူ တိုက်ရတယ်။ နောက်ဆုတ်သင့်ဆုတ် ရှေ့တိုးသင့်တိုး အခြေအနေကြည့်ကာ ပရိယာယ်သုံးသွားရတယ်။ ကျုပ်တို့ တိုင်းသူပြည်သားများကို ယုံကြည်ပါတယ်။ အခုပြောရင် အခုလုပ်ကြမယ်ဆိုတာ သိရပေမယ့် လွတ်လပ်ရေးတိုက်ပွဲအထိ မရောက်စေပဲ တိုက်ပွဲကလေးများနဲ့ပင် လိုရာရောက်အောင် တိုင်းပြည်အခြေအနေကို ကြည့်ပြီး ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ ၁၃၀၀ ပြည့်နှစ်က ကျောင်းသား၊ အလုပ်သမား၊ ရေနံမြေ သပိတ်တွေမှောက်ပြီး တိုက်ကြတုန်းမှာ ဆေးလိပ်ခုံတွေကပါ ရောပြီး သပိတ်မှောက်ကြတယ်။ အမှန်မှာ နယ်ချဲ့စနစ်ထဲက သူသျှိုတွေက သပိတ်တွေများပြီး ထမင်းမကျွေးနိုင်ပဲ ကစဥ့်ကလျားဖြစ်အောင် လုပ်တဲ့စနစ်ပဲ။ ကျုပ်က ဆူကြပါဆိုရင် ဆူကြမှာပဲဆိုတာ ယုံကြည်ပါတယ်။

အချို့လူတွေက ကျုပ်တို့ကို သမရိုးကျစနစ်ဖြစ်တဲ့ အာဏာဖီဆန်ရေး၊ စင်ပြိုင်အစိုးရ တည်ထောင်ရေးတွေကိုသာ တိုက်တွန်းချင်ကြတယ်။ တိုင်းပြည် အခြေအနေကို ကြည့်ပြီး ညီညီညွတ်ညွတ်နဲ့ အလုပ်လုပ်ရမယ့်အချိန်မှာ ခွက်စောင်းခုတ်ဝါဒတွေ ပေါ်လာတာ တွေ့ရတယ်။ ဒီဟာက တိုင်းပြည်အားနည်းအောင် လုပ်တဲ့နည်းဖြစ်တဲ့အတွက် တနည်းနည်းနဲ့ ကာကွယ်ရမယ်။ ပရိယာယ် အသေးစိတ်ကို အသုံးပြုပြိး ဗဟိုဌာနက လတ်တလော ပြောင်းလဲသင့်က ပြောင်းလဲရလိမ့်မယ်။ ခေါင်းဆောင်တွေဟာ လူတိုင်း ကောင်းနိုင်လိမ့်မယ်လို့ မဆိုနိုင်ဘူး။ အဲဒါကိုပဲ တဆိတ်ရှိ ဝေဖန်ရတာနဲ့ အပြစ်ပြောရတာနဲ့ အချိန်ကုန်နေတာပဲ။

အရေးကြီးတာက ဒါဟာ ကိုယ်က တစ်ကွက်စားပြီး တဖက်လူက နှစ်ကွက်စားမှာကို သတိပြုရမယ်။

Read More...

ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက် (စုစည်းမှု-၃)

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့ မြို့တော်ခန်းမ၌ ကျင်းပသော ပြည်သူ့အစည်းအဝေးကြီးတွင် ပြောကြားခဲ့သော ဗိုလ်ချုပ်၏ နောက်ဆုံးမိန့်ခွန်းမှ ကောက်နှုတ်ချက်

ကျနော်တို့ကလည်းဘဲ လွတ်လပ်ရေးကို အေးအေးချမ်းချမ်းရနိုင်အောင် ကျနော်တို့ ကြိုးစားမယ်။ အဲဒီလိုကြိုးစားမယ်ဆိုပြီးတော့ ကျနော်တို့ လုပ်နေတယ်။ ဒီလိုလုပ်နေတဲ့အတိုင်း ကျနော်တို့လုပ်တဲ့ လုပ်ငန်းဟာ အောင်မြင်သလား မအောင်မြင်ဘူးလားဆိုတာ ယခုနေအခါ ဘယ်သူမှ မပြောနိုင်သေးဘူး။ ဘာဖြစ်လို့လည်းဆိုရင် အချိန်တွေလိုပါသေးတယ်။ ကျနော်တို့ လုပ်နေတဲ့လုပ်ငန်းတွေဟာ မပြီးသေးဘူး။ ပြီးလာတဲ့တစ်နေ့ ခင်ဗျားတို့ မြင်လာတဲ့တစ်နေ့မှာ ကျနော်တို့လုပ်ငန်းတွေဟာ အောင်မြင်သလား၊ မအောင်မြင်ဘူးလား ဆိုတာ ခင်ဗျားတို့မြင်နိုင်မှာပဲ။

အဲဒီလိုမြင်လာတဲ့အခါမှာ ဖဆပလအဖွဲ့ချုပ်ဟာ ဘယ်လိုအဖွဲ့ချုပ်မျိုးလဲ၊ အလုပ်လုပ်တဲ့နေရာမျိုးမှာ ဘယ်လိုထိရောက်အောင် လုပ်နိုင်သလဲဆိုတာ ခင်ဗျားတို့ မြင်လာမယ်။ အဲဒီတော့ အခုနေအခါမှာ ကျနော် ဘာမှ သိပ်ကြီးကြီးကျယ်ကျယ် ပြောနေဖို့မလိုပါဘူး။ အဲဒီတော့ ဖဆပလအဖွဲ့ချုပ်က ဘာမှ သွေဖီပြီးတော့ လုပ်နေတာ မရှိပါဘူး။ ဒီလွတ်လပ်ရေးရအောင် ဆိုပြီး လုပ်နေတာပဲ။ သို့သော်လည်းပဲ အဲဒီလို လွတ်လပ်ရေးရအောင် ကျုပ်တို့လုပ်နေတဲ့နေရာမှာ အလွယ်ဆုံး၊ အကောင်းဆုံး၊ အအေးဆုံးနည်းကို ရှာတယ်။ အဲဒီလို ရှာတာကို ကျုပ်တို့ကို ဘာအပြစ်ပြောစရာ ခင်ဗျားတို့ရှိသလဲ။ ဘယ်သူတွေက ဘာဖြစ်လို့ ကျုပ်တို့ကို အပြစ်တင်နေရသလဲ။

အဲဒီတော့ ခင်ဗျားတို့ သေသေချာချာ သတိထား ကြည့်စေချင်တာက ဒီ ဖဆပလအဖွဲ့ချုပ်ဟာ ဘယ်လို ဖဆပလအဖွဲ့ချုပ်လည်းဆိုတာ ရာဇ၀င်နဲ့ ပြန်ကြည့်စေချင်တယ်။ လူတွေကိုလည်း ရာဇ၀င်နဲ့ ပြန်ကြည့်စေချင်တယ်။ ကျနော်တို့ ဗမာပြည်မှာ ပေါ်ခဲ့တဲ့ နိုင်ငံရေးအဖွဲ့တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေအားလုံး တစ်ယောက်စီ၊ တစ်ယောက်စီ ခင်ဗျားတို့ စိတ်ကူးထဲမှာ မာတိကာစဉ်ပြီး စဉ်စားကြည့်ပါ။ ဘယ်လိုလူစားတွေလဲ။ ဘယ်လိုအဖွဲ့တွေလဲ ဆိုတာ အဲဒီအခါမှာ အဖြေထွက်လာမယ်။ ယခုအခါမှာ ကျနော်တို့က အစိုးရလုပ်နေတဲ့ အချိန်အခါမျိုးဖြစ်တယ်။ သို့သော်လည်းပဲ ကျနော်တို့ အစိုးရလုပ်နေတဲ့ အချိန်အခါမျိုးမှာဆိုရင် အတိုက်အခံဆိုတာ ရှိစမြဲပါပဲ။

ဘုရားလက်ထက်က ဘုရားကိုယ်တိုင် အတိုက်အခံနဲ့ မကင်းလို့ရှိရင် ကျနော်တို့လည်း မလွတ်ကင်းနိုင်ဘူး။ အဲဒီလို အတိုက်အခံနဲ့ မကင်းတဲ့အပြင် တပ်ပျက်ဗိုလ် လုပ်ရတဲ့ အခြေအနေမျိုးဖြစ်တယ်။ သို့သော်လည်းပဲ တိုင်းပြည်အပေါ်မှာ စေတနာရှင်းရှင်းထားပြီးတော့ တဆင့်ထက်တဆင့် ကျနော်တို့ လုပ်လာတဲ့လုပ်ငန်းဟာ တိုးတက်သလား မတိုးတက်ဘူးလားဆိုတာ ခင်ဗျားတို့ ပြန်ကြည့်ပါ။

ဒီတော့ကာ လွတ်လပ်ရေးဆိုလို့ ခင်ဗျားတို့ကို ကျနော်ပြောမယ်။ လွတ်လပ်ရေးဆိုတိုင်း ပဒေသာပင် မြေက မပေါက်နိုင်ဘူးဆိုတာ ခင်ဗျားတို့ကို ကျနော်ရှင်းခဲ့ချင်တယ်။ ဘာဖြစ်လို့လည်းဆိုရင် ခင်ဗျားတို့ စိတ်ထဲမှာ လွတ်လပ်ရေးရတော့မယ်ဆိုလို့ရှိရင် စိတ်ကူးက ဘယ်လို စိတ်ကူးကြသလဲဆိုလို့ရှိရင် ပဒေသာပင်ကြီး ချက်ချင်း နေ့ချင်းညချင်း ပေါက်ကြတော့မလို့ ခင်ဗျားတို့ ထင်ကြတဲ့သူတွေ များကြတယ်။ တချို့က ဟာ . . . လွတ်လပ်ရေး ရပြီဆိုပြီးတော့ ဘာလုပ်ချင်သလဲဆိုတော့ ကျနော် အရင်တခါတုန်းက တွေ့ခဲ့တယ်။ ဂျပန်ခေတ်တုန်းက ဂျပန်ခေတ် ဗမာ့လွတ်လပ်ရေး ဘုရားစူးစေ့ ဗမာ့လွတ်လပ်ရေးတုန်းက အဲဒီတုန်းကဆိုလို့ရှိရင် လွတ်လပ်ရေးရပြီ ဆိုတော့ကာ ဟင်္သာတနယ်ထဲမှာ ကျနော်တွေ့ခဲ့တာ၊ ဘာတွေ့သလဲဆိုရင် လမ်းမပေါ်မှာ ထွက်ပြီး ဆေးတွေလှန်းတယ်။ အဲဒီတော့ လမ်းသွားလမ်းလာလုပ်တဲ့သူတွေ အတော်ဂွကျတယ်။ အဲဒါဟာ လွတ်လပ်ရေးမဟုတ်ဘူး။ လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ။ လွတ်လပ်ရေးဆိုတာဟာ ကိုယ့်တစ်ဦးတစ်ယောက် ကောင်းစားဖို့ဖြစ်စေ၊ တမျိုးသားလုံး ကောင်းစားဖို့ဖြစ်စေ၊ လုပ်တဲ့နေရာမှာ အခြားတစ်ဦးတစ်ယောက်ရဲ့ အကျိုးကို မထိခိုက်ပဲနဲ့၊ အခြားလူတွေရဲ့ အကျိုးကို မထိခိုက်ပဲနဲ့ လွတ်လွတ်လပ်လပ် ကိုယ့်တိုးတက်မှုအတွက် လုပ်နိုင်တာဟာ လွတ်လပ်ရေးပဲ။

ဒီတော့ လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်ဟာ စည်းမဲ့ကမ်းမဲ့သဘောမျိုး မဟုတ်ဘူး။ စည်းနဲ့ကမ်းနဲ့ သဘောမျိုးသာဖြစ်တယ်။ စည်းနဲ့ကမ်းနဲ့ ရှိမှသာလျှင် လွတ်လပ်ရေးဆိုတာ ဖြစ်နိုင်တယ်။ အဲဒီတော့ လွတ်လပ်ရေးဆိုတာကို ကျနော်တို့ ရတဲ့အခါမှလည်း နားလည်ရမှာက ငါတို့ တိုင်းပြည်ဟာ ပိုပြီး စည်းကမ်းရှိဖို့လိုတယ်။ ငါတို့တိုင်းပြည်ဟာ လွတ်လပ်ရေး ရအောင်လည်းပဲ စည်းကမ်းရှိရှိနဲ့ လုပ်ရမယ်။ အဲဒီလိုအားဖြင့် စည်းကမ်းသဘောတွေကို နားလည်ပြီး စည်းနဲ့ကမ်းနဲ့ အလုပ်လုပ်ကြမှ လွတ်လပ်ရေးဆိုတာ တကယ်ရမယ်။

အဲဒီတော့ကာ ခင်ဗျာတို့ဟာ လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေး ရနိုင်လောက်တဲ့ စည်းကမ်းကို ရှိကြပါ။ လွတ်လပ်ရေးကို လိုချင်လို့ရှိရင် လွတ်လပ်ရေးကို ရနိုင်တဲ့ ညီညွတ်မှုကို ထိန်းသိမ်းထားပါ။ လွတ်လပ်ရေးကို လိုချင်လို့ရှိရင် လွတ်လပ်ရေးကို ရနိုင်တဲ့ ထူထောင်မှုကို လုပ်ကြပါ။ အဲဒီလို လုပ်ပြီးတဲ့နောက် ရှေ့ကို လွတ်လပ်ရေး အရသာကို ခံစားစံစားချင်တယ်ဆိုရင် အလုပ်လုပ်ကြဖို့၊ စည်းကမ်း ရှိကြဖို့၊ ယခုကတည်းက ခင်ဗျားတို့ကိုယ်ကို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ၊ စောက်ကျင့်တွေကို ပြင်ကြဖို့ လိုပြီဆိုတာ ကျနော် ကနေ့ ပြောခဲ့ချင်တယ်။


Read More...

Sunday, October 28, 2007

ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက် (စုစည်းမှု-၂)

၁၉၄၇ ခုနှစ်၊ မေလ (၁၉) ရက် ဖဆပလ ပဏာမ ပြင်ဆင်မှုညီလာခံ မိန့်ခွန်းကောက်နှုတ်ချက်

တော်လှန်ရေးဆိုတာ လူထုက လူထုရဲ့ကံကြမ္မာကို အခြေခံကနေပြီး ဖန်တီးရာမှာ ဘယ်လိုပဲဖြစ်ဖြစ်ဆိုပြီး လူထုကိုယ်တိုင် ပါဝင်ဆောင်ရွက်ခြင်း ဖြစ်တယ်။ ရာဇ၀င်ကြောင်းအရ မလွှဲမရှောင်သာလို့လည်း လိုတယ်။ ဖြစ်ပျက်ပေါ်ပေါက်နေတဲ့ ရာဇ၀င်အခြေအနေ အချက်အလက်တွေနဲ့ အခြားတစ်လမ်းဖြစ်တဲ့ အခြောက်တိုက်စိတ်ကူး စီမံကိန်းမျိုးနဲ့တော့ မဖြစ်နိုင်ဘူး။ ပြီးတော့ မျက်စိစုံမှိတ်ပြီး အကန်းလို ရမ်းလို့ မဖြစ်ဘူး။ တစ်ဖက်တွင်သာလုပ်တဲ့အလုပ်၊ အလိုအလျောက် လူထုထကြွမှု၊ ဖျက်ဆီးရုံအလုပ်ကိုလည်း လက်မခံနိုင်ဘူး။ အဲဒါတွေကြောင့် တော်လှန်ရေးဆိုတာ အကြီးကျယ်ဆုံး ပြုပြင်ဖန်တီးတတ်တဲ့ သတ္တိရှိပါတယ်။

တော်လှန်ရေးရဲ့ အခြေခံရည်ရွယ်ချက်ကြီးကတော့ လုပ်စားကိုင်စား လူထုကြီးလွတ်လပ်မှု ဖြစ်ပါတယ်။ တော်လှန်ရေးရဲ့ အခြေခံအုတ်မြစ်ကတော့ လူထုပါဝင်အောင် ဆောင်ရွက်ရေး ဖြစ်ပါတယ်။ တော်လှန်ရေးအောင်မြင်မှု အခြေခံကတော့ လူထုကြီးရဲ့ နိုးကြားထကြွမှု တနည်းအားဖြင့် လူထုကြီးအား ဘယ်အထိ ဖွဲ့ဖွဲ့စည်းစည်းရှိလို့ ဘယ်အထိ မိမိရဲ့တာဝန်နဲ့ တန်ခိုးအာဏာကို သိရှိနားလည် နိုးကြားသလဲဆိုတဲ့ အပေါ်မှာ တည်ပါတယ်။

ကျနော်တို့ အခုလုပ်နေတာတွေ အားလုံးတွေဟာ ဘာကိုလုပ်နေတာလဲ၊ ကျုပ်တို့တိုင်းပြည်ကြီးကို တော်လှန်ပြောင်းလဲနေကြတာပဲ မဟုတ်လား။ အဲဒီလို တော်လှန်ပြောင်းလဲနေတဲ့အခါ ကြမ်းသင့်အခါလည်း ကြမ်းခဲ့တယ်။ ကြမ်းစရာလိုသေးရင်လည်း ကြမ်းရအုံးမှာပဲ။ အမိဝမ်းက ဖွားမြင်လာတဲ့ကလေးဟာ မမွေးခင် ပဋိသန္ဓေတည်ရတယ်။ နေ့ရက်စေ့မှ မွေးဖွားရတယ်။ အဲဒီမတိုင်မီ မွေးဖွားရင် သေရင်လည်း သေမယ်။ လျှောရင်လည်း လျှောမယ်။ ချည့်နဲ့ရင်လည်း ချည့်နဲ့မယ်။ အင်မတန်ကောင်းခဲတယ်။ ပြီးတော့ မွေးဖွားတဲ့အခါမှာလည်း ပြင်းပြင်းထန်ထန်နဲ့ ဖွားရတာရှိတယ်။ သက်သက်သာသာနဲ့ ဖွားရတာရှိတယ်။ အမေ၊ အဖေရဲ့ ကျန်းမာရေး၊ လက်သည်လုပ်တဲ့သူ ကျင်လည်မှု အစရှိတဲ့ အခြေအနေတွေအရ ဖြစ်တာပဲ။

Read More...

Thursday, October 25, 2007

ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက် (စုစည်းမှု-၁)

၁၉၄၅ ခုနှစ်၊ သြဂုတ်လ စတုတ္ထအကြိမ်မြောက် နိုင်ငံခေါင်းဆောင်များ အစည်းအဝေးတွင် မြွက်ကြားသည့် မိန့်ခွန်း ကောက်နှုတ်ချက်

ယခုအခါမှာ ငြိမ်းချမ်းရေးကို အဖျက်ဆီးဆုံးဝါဒဟာ ဖက်ဆစ်ဝါဒဖြစ်လို့ ဒီဝါဒ ကမ္ဘာမှာ ဘယ်နေရာမှာဖြစ်ဖြစ် ရှိနေရင် စစ်ဖြစ်ဦးမှာမို့လို့ ဒီဝါဒ ပပျောက်အောင် လုပ်ဖို့လိုတယ်။ ဒီတွင်လားဆိုရင် မဟုတ်သေးဘူး။ ဒီဝါဒမျိုးဟာ သူတို့ပြည်မှာလည်း တိုင်းသူပြည်သားတွေကို ချုပ်ချယ်တယ်။ ကမ္ဘာမှာလည်း အင်မတန် ရိုင်းစိုင်းသေးနုပ်တဲ့ လူမျိုးရေးဝါဒကို လက်ကိုင်ထားပြီး ပိုပြီးချုပ်ချယ်ဖို့ ရည်ရွယ်ချက်ရှိတယ်။ ကမ္ဘာမှာလည်း ကမ္ဘာ့လွတ်လပ်ရေးကို ထိခိုက်တယ်။ ကမ္ဘာ့လွတ်လပ်ရေးကို ထိခိုက်လို့ရှိရင် ကမ္ဘာ့လွတ်လပ်ရေး မရှိနိုင်ဘဲ ဖြစ်သွားမယ်။ ကမ္ဘာ့လွတ်လပ်ရေး မရှိရင် ဗမာ့လွတ်လပ်ရေးဆိုတာလည်း မရှိနိုင်ဘူး။ ဒါကြောင့် ဖက်ဆစ်ဝါဒ ကမ္ဘာမှာ ပပျောက်ရေးကို ကျနော်တို့ ရည်ရွယ်ချက်ထဲမှာ ထည့်ထားတယ်။ ကမ္ဘာမှာ အဲဒီ ၀ါဒမျိုးကို တိုက်ဖျက်မယ့်သူတွေနဲ့ အမြဲပူးပေါင်းပြီး အခွင့်အာဏာရတိုင်း ဆောင်ရွက်ဖို့ပဲ။
အထူးသဖြင့် ကျနော်တို့ တိုင်းပြည်မှာ ဒီဝါဒမျိုး လုံးဝမရှိနိုင်အောင် လုပ်ရမယ်။ အာဏာရှင်ဝါဒ၊ လူမျိုးအချင်းချင်း မုန်းတီးရေးဝါဒ၊ ဂျပန်ပြည်မှာလို စစ်ကသာ လွှမ်းမိုးရမယ်ဆိုတဲ့ စစ်ဖက်အာဏာရှင်စနစ်၊ သက်ဦးဆံပိုင် ရှင်ဘုရင်စနစ်၊ အဲဒီဝါဒမျိုး အငယ်စားဖြစ်တဲ့ ပဒေသရာဇ် မြို့စား ရွာစားဝါဒ၊ အထက်ကသာခန့်ထားပြီး တိုင်းသူပြည်သား ဆန္ဒအရ မဟုတ်ဘဲ တိုင်းသူပြည်သားတွေနဲ့ ကင်းကွာပြီး မင်းစိတ်ပေါက်တဲ့ အရာရှိတွေ ချယ်လှယ်တဲ့ စနစ်ဆိုးတစ်မျိုး ရှိနေရင် အများပြည်သူတို့ဆန္ဒနဲ့ လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒ ဆင်တူယိုးမှားတွေ ပေါ်လာနိုင်တယ်။ ဒီ ၀ါဒမျိုးပေါ်လာရင် တိုင်းသူပြည်သားတွေဟာ လွတ်လပ်ရေး ဆိုတာကို မရနိုင်တော့ဘူး။

ဒါကြောင့် ကျနော်တို့ဟာ ဒီမိုကရေစီဝါဒကိုသာ ခေတ်စားအောင် လုပ်ရမယ်။ ဒီမိုကရေစီဝါဒသာ လွတ်လပ်ရေးနဲ့ ဆီလျော်တယ်။ ဒီဝါ ဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်။ အဲဒါကြောင့် ဒီဝါဒကိုသာ ကျနော်တို့ ရည်ရွယ်ရမယ်။ နောက် လွတ်လပ်စွာ ဖော်ပြခွင့်၊ စည်းရုံးခွင့်၊ အစည်းအဝေးခေါ်ခွင့်နှင့် စီတန်းလမ်းလျှောက်ခွင့်၊ လွတ်လပ်စွာ တွေးတောခွင့်နှင့် ကိုးကွယ်လိုရာဘာသာ ကိုးကွယ်ခွင့်၊ တရားနှင့်မညီသော အဖမ်းအဆီး အချုပ်အနှောင်မှ ကင်းလွတ်ခွင့်၊ ကိုယ်ရေးလွတ်လပ်ခွင့်၊ ကိုယ့်အိမ် ကိုယ့်ယာနှင့် နေထိုင်ခြင်းကို မတရားသဖြင့် နှောင့်ယှက်ခြင်းမှ ကင်းလွတ်ခွင့်၊ လူတိုင်း ပညာသင်ကြားနိုင်ခွင့်၊ အခမဲ့ ဆေးဝါးအကူအညီ ရရှိခွင့်၊ မတရားသဖြင့် စီးပွားချုပ်ချယ်မှုများမှ လွတ်ငြိမ်းချမ်းသာခွင့်၊ အလုပ်သမား လယ်သများများရဲ့ အနည်းဆုံးအခွင့်အရေးများကို အစိုးရက စောင့်ရှောက်ပေးခြင်း၊ တိုင်းပြည်တွင် တိုင်းရင်းသားလူမျိုးတိုင်း ကိုယ့်ဘာသာ ကိုယ့်ဓလေ့ ကိုယ့်ယဉ်ကျေးမှုအတိုင်း ဆောင်ရွက်နိုင်ခွင့်၊ အိုစာနာစာ အထိအခိုက် လျော်ကြေး ရန်ပုံငွေ အစရှိသည်တို့ကို အစိုးရကထားပြီး အိုမင်း၍လည်းကောင်း၊ ဖျားနာ၍လည်းကောင်း၊ ထိခိုက်နာကျင်၍လည်းကောင်း၊ အလုပ်လုပ်ချင်သော်လည်း အလုပ်မရနိုင်၍လည်းကောင်း၊ အသက်မွေးဝမ်းကျောင်း မပြုနိုင်စွမ်း ရှိသူများသည် အစိုးရ၏ အထောက်အပံ့ကို ရရှိခွင့်နှင့် ဒီမိုကရေစီ အခွင့်အရေးမျိုးတွေလည်း ရှိရမယ်။

Read More...

သရက်လမ်းဆုံ

ရေးသူ - တာရာမျိုး 88

သူငယ်ချင်းရေ
တို့တတွေ
အင်းစိန်တောရမှာ
ဒုက္ခယစရိယာကျင့်ခဲ့စဉ်ကပေါ့
အရဟတ္တမဂ်ဖိုလ်ရဖို့လည်းမဟုတ်
နိဗ္ဗာန်ရောက်ဖို့လည်းမဟုတ်
. . . . . . . . . . . မဟုတ်ခဲ့ပေမယ့်
လူတကာတွေလုပ်နိုင်ခဲတဲ့အလုပ်
တို့တွေ လုပ်ကြရင်း
သူရဲကောင်းပြတိုက်မှာ
ကမ္ဗည်းကျောက်စာထိုးခဲ့ကြတယ်။

ရည်ရွယ်ချက်မျိုးစုံ
ခံစားချက်အဖုံဖုံ
အသွေးအရောင်စုံစုံနဲ့
ငရဲနေ့တွေကိုဖြတ်သန်း
တို့တွေလျှောက်ခဲ့တဲ့လမ်းကတော့
ပန်းတိုင်အတူတူပါပဲ . . . ။
နံရံနဲ့အုတ်တံတိုင်း
ငါးပိနဲ့တာလပေါ
ပုံစံနဲ့ပြစ်ဒဏ်
တောင်ယာနဲ့တန်းစီ
ရဲဆွေနဲ့ရေဆွဲ
ဒါ . . ငါတို့ရဲ့
အရင်းနှီးဆုံးမိတ်ဆွေတွေပေါ့ . . . ။

ဥပဒေမရှိ
ပုဒ်မမရှိ
တရားမျှတမှုမရှိ
လူ့ကျင့်ဝတ်တရားမရှိ
ပုခုံးပေါ်ရွှေကြယ်တပ်ထားတဲ့
လိုင်စင်ရ လူသတ်သမားတွေရဲ့
ခုံရုံးအမိန့်နဲ့
ဘ၀တွေကို သင်းသတ်
ခန္ဓာကိုယ်ကို တုတ်နှောင်
သူခိုးကလူဟစ်
နာဇီလက်သစ်တွေအောက်
ငါတို့ ဒူးမထောက်ခဲ့ဘူး . . . ။

ဒီလိုနဲ့
အချိန်တွေကို နာရီက၀ါးမျို
တမဂ် တဖိုလ်ရခဲ့ . . .
ရုန်းကန်ခဲ့ . . .
လွတ်မြောက်ခဲ့ . . .

သူငယ်ချင်းရေ . . .
ငါကတော့
ခေတ်ဆိုး၊ စနစ်ဆိုး၊
ဝါဒဆိုးတွေအောက်
မိသားစုဒုက္ခတွေနဲ့
နိစ္စဓူဝ နပန်းလုံးရင်း
မင်းတို့တွေရဲ့ သတင်း
မင်းတို့တွေရဲ့ သူရဲကောင်းစိတ်ဓာတ်
မင်းတို့တွေရဲ့ တော်လှန်ရေးလုပ်ရပ်
ငါ့ရင်ဘတ်ထဲက 'တက်' ခေါက်သံနဲ့ပေါင်းစည်း
သရက်လမ်းဆုံစိတ်ဓာတ်
ကိန်းဝပ်နေဆဲပါ သူငယ်ချင်း . . . . ။

Read More...

Saturday, October 20, 2007

ခွပ်ဒေါင်းတွန်သံ

ရေးသူ - တာရာမျိုး 88


ဒေါင်းသွေးတစ်စက်
ကျောင်းဆောင်ထက်က
စိမ့်ကျစီးခွေ
မြေလွှာထုအောက်
သူ . . သက်ပျောက်လည်း
ဒူးမထောက်ဘူး
မကြောက်ဘူး . . . ။

ဒေါင်းမွေးတစ်မျှင်
စစ်ဘုရင်က
ယူငင်ဆွဲနှုတ်
ပလ္လင်ကြိုးလုပ်
သူ . . မျိုးဖြုတ်လည်း
ဒူးမတုပ်ဘူး
မဆုတ်ဘူး . . . ။

ဒေါင်းရိုးတစ်ချောင်း
သုဿန်ဟောင်းမှာ
အခေါင်းတလား
ပုဝါပါးပတ်
မြေမြှုပ်သင်းသတ်
မြိုင်ရပ်နှင်လည်း
ရာဇ၀င်အိုး
အမျိုးမသေဘူး
မကြေဘူး . . . ။

ဒေါင်းတို့သမိုင်း
သွေးရိုင်းတစ်ပေါက်
မသွေ့ခြောက်ခင်
'တက်' တစ်ချက်ခေါက်
သွေးသောက်ဒေါင်းတို့
ဒေါင်အလံလွှင့်
ဒေါင်းမာန်ဝင့်ကာ
ဒေါင်းတောင်ပံဖြန့်
တွန်သံလှန့်ကာ
ကမ္ဘာမကြေ
အိုးဝေသံတွေ ဝေဆာစေ . . . ။ ။

(အင်းစိန်အကျဉ်းထောင်မှ သရက်အကျဉ်းထောင်သို့ အမှတ်တရ)

Read More...

Friday, October 19, 2007

တတိယသုံ့ပန်းမြေသို့ အ၀င်

ရေးသူ - တာရာမျိုး 88

လရိပ်တွေ
တိမ်ကမ္ဗလာထိုးဖောက်
ကမ္ဘာမြေကို ခရီးတစ်ခေါက် နားခိုတဲ့ည
ဓူဝံကြယ် လင်းလက်တောက်ပ
အကျဉ်းအိမ်ထဲမှာ မှေးစက်ခိုက်
ကျီးတသိုက်လန့်ပျံ
ညဥ့်ငှက်ဆိုးထိုးသံဟာ
နားခိုရာ တိုက်နံရံကိုထိုးခွဲ
ငါ့ကို
အိပ်ရာက လှန့်နှိုးခဲ့ပြီ . . . ။

အချိန်က
မိုးသောက်လင်းလုလု
စစ်ခွေးတစုနဲ့ငါ
ဘ၀တူရဲဘော်တွေနဲ့အထူ
ဘယ်ကိုရွေ့ရဦးမှာလဲမသိ . . . ။

ဟင်းလင်းပြင် စစ်ကားတွေပေါ်
လေးကွက်ကြားဆံပင်ပုံစံ
ကိုယ်မှာ ထောင်ဝတ်စုံဖျင်ကြမ်း
ခြေတဖက်မှာ သံခြေကျင်း
ထီမထင်မျက်နှာထားတွေနဲ့
နိုင်ငံရေးအကျဉ်းသားတစုဟာ
ကမ္ဘာမကြေသီချင်းဆိုပြီး
အင်းစိန်ဘူတာ ရောက်ခဲ့ပြီ . . . ။

ဘူတာရုံစင်္ကြန်ဘေး
စစ်ခွေးလက်ပါးစေတွေရဲ့ ပုံစံအမိန့်
ဦးခေါင်းတွေ ငုံ့နေရပေမယ့်
စိတ်အလျင်က ကမ္ဘာမြေကို ထိုးဖောက်
စကြာဝဠာကို ဖောက်ထွက်နေကြတယ်
ဘူတာရုံထဲက ပျံ့လွင့်လာတဲ့
ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီသီချင်း
ငါတို့ကို ရည်ရွယ်ပြီးဖွင့်နေလားမသိ

ဒါ . . ပြည်သူတွေရဲ့ ရင်ထဲက
ငါတို့ကို အားပေးတဲ့ အားဆေး
မတရားမှုကို လက်မခံတဲ့စိတ်ဓာတ်
အာဏာရှင်ကို တော်လှန်တဲ့ ပြယုဂ်တွေပေါ့ . . . ။

သီချင်းသံ မဆုံးခင်မှာပဲ
ဘူတာကို ရထားတစင်းဆိုက်လာပါပြီ။
အရှေ့ဘာလင်ရဲ့ သွေးပျက်ချင်စရာညတွေနဲ့
အနောက်ဘာလင်ရဲ့ ရင်ခုန်ဖွယ်ရာညတွေကို
ဘာလင်အုတ်တံတိုင်းကြီးက ပိုင်းခြားထားခဲ့သလို
ပြည်အစုန်ရထားပေါ်မှာ
မိဘပြည်သူတွေနဲ့
သံကန့်လန့်ကာအထပ်ထပ်ခြား
(ငါတို့ကို)
ဘီလူးစည်းသုံးတန် တားခဲ့ပြီ။

ရထားပေါ်မှာ
သွေးသောက်ရဲဘော်တွေနဲ့အတူ
အပြင်လေတ၀ရှူပြီး
ယမ်းမြူတွေအုံ့မှိုင်းနေတဲ့
အရိုင်းဗမာပြည်ကို
နာဇီလက်က ကယ်တင်ဖို့
လောကပါလနတ်မင်းကြီးလေးပါးဆီ
ငါတို့ . .
တရားသစ္စာဆိုခဲ့ကြပြီ . . . ။

တိုက်ကြီးဘူတာအ၀င်
ဆွဲဆွဲငင်ငင်အူလိုက်တဲ့
ရထားဥသြသံနဲ့အတူ
ဟိုး . . အဝေးက
အပြေးအလွှားရောက်လာတဲ့
ရဲဘော်တစ်ယောက်ရဲ့ မျက်ရည်တပေါက်ဟာ
ငါတို့ရင်ကို
မြားအစင်းစင်း ဖောက်စေခဲ့ပြီ . . . ။

ရိုးမတောင်တန်းကြီးတွေ
ကျောက်စိမ်းရောင်တောက်နေတဲ့
နေရောင်အောက်က ရှုခင်းတွေ
ရွှေဝါရောင်စပါးခင်းတွေဟာ
ခုတော့
စစ်ခင်းရာမြေ ဖြစ်ခဲ့ပြီ . . . ။

နတ္တလင်းဘူတာအရောက်
သားပျောက်မိခင်တဦးရဲ့
သား . . အော်ခေါ်သံဟာ
ရထားဥသြသံကို ဖုံးလွှမ်းသွားခဲ့ပြီ။

အိမ်မပြန်နိုင်သေးတဲ့သားအတွက်
မိခင်မေတ္တာဆိပ်တက်
ရထားနဲ့အတူ ပြေးလိုက်ပြီး
နှုတ်ဆက်မျက်ရည်စတွေ ဝေ့၀ဲလာခဲ့ပြီ။

ရဲဘော်အားလုံးရဲ့ မျက်ဝန်းတွေမှာလည်း ပုလဲဥတွေခိုလို့
"ဒါ ငိုစရာမဟုတ်ဘူး
မျက်ရည်တွေ သုတ်ပစ်လိုက်
ရန်သူကျေနပ်အားရအောင် မလုပ်ကြပါနဲ့"
ရထားတွဲအတွင်းက ရဲဘော်တဦးရဲ့ ဟန့်တားသံမှာ
နာကျည်းကြေကွဲဟန်တွေ ပါနေတယ်။

"ဒီတော်လှန်ရေးကြီးပြီးရင်
အမေတို့အားလုံးဆီ
သားတို့ အရောက်ပြန်လာခဲ့ပါမယ်" . . . . . . ။

နေချိုချိန်မှာ
ပြည်ဘူတာကို ရောက်ခဲ့ကြပြီ
ပြည်ရွှေဆံတော်ဘုရားပွဲဟာ
ခြိမ့်ခြိမ့်သဲစည်ကားနေတယ်။

ငါတို့ရဲ့ပြယုဂ်က
ငိုက်မြည်းစခေတ္တရာပြည်သူကို
သွေးပူနိုးထစေခဲ့ပြီ . . . . . . ။

ပြည်ဆောင်းည အအေးဒဏ်
သွေပြန်ကြောထဲကပြန်ထုတ်
လေးဘက်ကာအုတ်တံတိုင်းအတွင်း
နှစ်ညတာ ခေတ္တနားခိုရင်း
ပြည်တော်ဝင်သီချင်းဆိုခဲ့ကြပြီ . . . . . . ။

နှင်းမြူအုံ့မိုး
ဧရာဝတီမြစ်ရိုးတလျှောက်
နှင်းခါးသောက်သင်္ဘောတစ်စီး
လေဟုန်စီးမောင်းနှင်လာပြီ။

သင်္ဘောပေါ်မှာ
စားစရာကျွေးသူကကျွေး
အားပေးစကားပြောသူကပြော
ခပ်ချောချောဆရာမလေးတစ်ဦးရဲ့
နားလည်မှုအပြည့်နဲ့ ကရုဏာမျက်ဝန်းဟာ
တိမ်သလ္လာဖုံးထားတဲ့ကြားက
အားယူရုန်းထွက်လာတဲ့ အလင်းစက်ကြယ်တစ်ပွင့်လို
ငါတို့ရင်ကို
ရဲရင့်ငြိမ်းချမ်းစေခဲ့ပြီ။

ဗမာပြည် မြေလတ်သမိုင်း
ရိုင်းရတော့မယ် . . .
သရက်ဆိပ်ကမ်းမှာ
နံပါတ်တုတ်တွေတရမ်းရမ်း
မနုဿလူကြမ်းတွေရဲ့
လက်သရမ်းမှုတွေအောက်
တက်ခေါက်သံနဲ့အတူ
ခွပ်ဒေါင်းတွန်သံတွေ
ညံစီနေခဲ့ပြီ . . . . . . ။

ကဗျာဆန်လှတဲ့ ငွေသောင်ယံဟာ
ငါတို့အတွက်
ကာရန်မဲ့ခဲ့ရပြီ . . .
ရောမခေတ် ကျေးကျွန်တွေနဲ့မခြား
စစ်သုံ့ပန်း ငါတို့ဟာ
သံခြေကျင်း ပုခုံးထမ်းကိုယ်စီနဲ့
သဲသောင်နွံ ခယောင်းလမ်းမှာ
သွေးစက် ချွေးစက်တွေဖြန်း
သရက်အကျဉ်းထောင်ဆိုတဲ့
ငရဲခန်းအသစ်တစ်ခုဆီ
လှမ်းဝင်လာခဲ့ကြပြီ . . . . . . ။

လရိပ်တွေ
ကမ္ဘာမြေကိုစွန့်ခွာပြီး
ကောင်းကင်ယံပျံတက်ခဲ့ည
ဓူဝံကြယ်ကြွေကျ မြေခချိန်
သရက်အကျဉ်းစံအိမ်မှာ
မုန်တိုင်းတွေ လိမ့်ဆင်းလာပြီ . . . . . . ။ ။

(အင်းစိန်အကျဉ်းထောင်မှ သရက်အကျဉ်းထောင်သို့ အမှတ်တရ)

Read More...

Tuesday, September 25, 2007

ကောင်းလိုက်တဲ့ ဝေဖန်သုံးသပ်ချက် အကြုံပြုချက်


(ကိုနေမိုးရေ လူချင်းမသိပေမယ့် အကိုရဲ့ အကြုံပြုချက်တွေဟာ လက်ရှိ ဗမာ့နိုင်ငံရေးအတွက် အကောင်းဆုံး အကြံဥာဏ်တွေ ဖြစ်နေလို့ ပို့စ်အသစ်အနေနဲ့ တင်ပေးထားပါတယ်။)

မြန်မာနိုင်ငံအတွင်းက ဗုဒ္ဓဘာသာ သံဃာတော်တွေ ဦးဆောင်ကျင်းပတဲ့ ရဟန်းရှင်လူ ပြည်သူလူထု လူတန်းစားအားလုံးရဲ့ တရားမျှတတဲ့ ဒီမိုကရေစီစနစ် ဖော်ဆောင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ အရှိန်အဟုန်မြင့်လာတာဟာ ဒီနေ့ ၂၄ရက်နေ့မှာဆိုရင် ဦးဆောင် သံဃာတော်များ ကြေငြာထားတဲ့အတိုင်း တနိုင်ငံလုံး အတိုင်းအတာနဲ့ အထွေထွေသပိတ်ကြီးကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါဟာ သံဃာတော်များရဲ့ မေတ္တာစိတ်နဲ့ တောင်းဆိုချက်များကို ပြည်သူလူထုက ပူးပေါင်းထောက်ခံ ပြလိုက်ခြင်းပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြည်သူလူထုကသာ ရွေးချယ်ဆုံးဖြတ်နိုင်ရမယ့် ပြည်သူ့ဒီမိုကရေစီစစ်စစ်ကိုသာ လိုချင်ပါတယ်ဆိုတဲ့ ပြည်သူလူထုရဲ့ အမှန်တကယ် စိတ်ဆန္ဒကို ဖော်ထုတ်ပြလိုက်တာပါပဲ။

အချိန်ကာလ အနေနဲ့ကတော့ ၁၈ရက်နေ့က စပြီးရေတွက်မယ်ဆိုရင် ၇ ရက်ရှိခဲ့ပါပြီ။ ဒီရက်ပိုင်းအတွင်းမှာ ဒီလောက်အတိုင်းအတာအထိ ရောက်ရှိလာတာဟာ အောင်မြင်မှုရတယ်လို့ ယုံကြည်မိပါတယ်။ စစ်ဗိုလ်တွေဖက်ကို ကြည့်မယ်ဆိုရင်တော့ သူတို့ဟာ ငြိမ်နေပါတယ်။ ငြိမ်နေခြင်းမှာ အဓိပ္ပါယ်နှစ်မျိုးထွက်ပါတယ်။ အကောင်းဖက်ကို ဦးတည်မလား အဆိုးဖက်ကို ဦးတည်မလား သေချာပေါက်တော့ သူတို့တွေ တခုခု လုပ်လာပါတော့မယ်။ စစ်တပ်အတွင်းမှာ ရှေ့ဆက်ဆောင်ရွက်သင့်တဲ့ အကြောင်းကိစ္စများကို သဘောထား ကွဲလွဲနေကြလို့ အများသဘောတူ ဆုံးဖြတ်ချက်ကျအောင် ညှိနှိုင်းနေတာလည်း ဖြစ်နိုင်ပါတယ်။ ဘာလုပ်ရမယ်မှန်း သေသေချာချာ မဆုံးဖြတ်နိုင်ကြလို့ ရှေ့မတိုးသာ နောက်မဆုတ်သာ အဖြေရှာမရနိုင်တာလည်း ဖြစ်နိုင်ပါတယ်။

သာသနာရေးဝန်ကြီး သူရမြင့်မောင်ကတော့ သံဃာထုနှင့် လူထုတွေရဲ့ ဆန္ဒပြပွဲတွေကို ရပ်တန့်ဖို့နဲ့ ဆက်လုပ်လာပါက အကြမ်းဖက် နှိမ်နင်းရမယ်ဆိုပြီး မြန်မာ့ရုပ်မြင်သံကြား သတင်းအစီအစဉ်ကနေ ဒီနေ့မှာ ပြောလာပါပြီ။ စစ်တပ်အနေနဲ့ အသံနဲ့ ခြောက်တာလည်း ဖြစ်နိုင်ပါတယ်။ တကယ်တမ်းလုပ်ဖို့ ဆုံးဖြတ်ထားလို့ ကြေငြာလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ စစ်တပ်အနေနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတာနဲ့ မိုက်ရူးရဲဆန်တဲ့ သွေးတိုးစမ်း ခြေလှမ်းကို စလှမ်းလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ စစ်တပ်က ဒီလိုပြောလိုက်တာနဲ့ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ချင်တဲ့ သဘောလည်း ဖြစ်နိုင်ပါတယ်။ ဒီစကားမျိုးကို စစ်ဗိုလ်ချုပ်တွေကိုယ်စား ပြောလာတာဟာ အကြီးအကျယ် မှားယွင်းမှုတခုပါပဲ။ ဒီကနေ့ သံဃာထုနဲ့ ပြည်သူလူထုဟာ တပ်မတော်တခုလုံးကို မေတ္တာထားပြီး တိုင်းပြည် ငြိမ်းချမ်းသာယာရေးအတွက် စိတ်ကောင်း စေတနာကောင်း စွန့်လွှတ် အနစ်နာခံလိုမှုတွေကို အရင်းတည်ပြီး စေ့စပ်ဆွေးနွေးရေးအတွက် တောင်းဆိုချီတက်နေကြတာပါ။ ပြီးခဲ့တဲ့ ကျူးလွန်ပြစ်မှားမိတာတွေကို သင်ပုန်းချေ ခွင့်လွှတ်ကြေအေးဖို့ ကမ်းလှမ်းနေတာပါ။ ငြိမ်းချမ်းရေးကို တောင်းဆိုနေတာပါ။

မေတ္တာရေစင်နဲ့ ဖြန်းပက်လာတဲ့ သပြေခက်ကို လက်နဲ့ပုတ်ပြီး ခြေနဲ့နင်းဖို့တော့ မလုပ်သင့်ဘူးလို့ စစ်ဗိုလ်ချုပ်တွေအနေနဲ့ အသိတရားရှိရှိ ထားပြီး နားလည်လက်ခံစေချင်ပါတယ်။ မေတ္တာတရားကို အကြမ်းဖက်လမ်းစဉ်တွေနဲ့ ဖိနှိပ်အနိုင်ယူဖို့ ကြိုးစားလာမယ်ဆိုရင်တော့ သူလည်းနာ ကိုယ်လည်းနာ နှာခေါင်းသွေးအပျက်ပျက်နဲ့ အဖြစ်အပျက်ဆိုးတွေနဲ့ ဇာတ်သိမ်းရမယ့်အဖြစ်မျိုးတော့ မဖြစ်သင့်ပါဘူး။ ဒါကို စစ်ဗိုလ်ချုပ်တွေ သေသေချာချာ စဉ်းစားပြီး သံဃာထုနဲ့ ပြည်သူလူထုတောင်းဆိုတာတွေကို လိုက်လျောဖို့ ပြန်လည် ဆုံးဖြတ်သင့်ပါတယ်။

သံဃာတော်တွေနဲ့ ပြည်သူလူထုတွေကတော့ ဘယ်လိုအခြေအနေပဲ ရှေ့ဆက်ဖြစ်လာပါစေ ရင်ဆိုင်ဖြေရှင်းဖို့ အဆင့်သင့် ပြင်ဆင်ပြီးသားပါ။ နောက်ဆုံး သာသနာအကျိုး တိုင်းပြည်အကျိုးအတွက် အသက်ကိုပါ စွန့်လွှတ်ဖို့အထိ သံဃာတော်တွေ ကျောင်းသားတွေ ပြည်သူလူထုတွေက ရဲရင့်စွာ ဆုံးဖြတ်ထားကြပြီးသားပါ။ တိုင်းပြည်အကျိုးအတွက် ဒီတပွဲကတော့ အောင်မြင်အောင် အစွမ်းကုန် ရင်ဆိုင်ရတော့မယ့် အချိန်ကို ရောက်နေပြီဆိုတာ သံဃာတော်ထုနှင့် ပြည်သူလူထုတရပ်လုံးက နားလည်လက်ခံပြီးသား ဖြစ်နေပါပြီ။ ဒီတပွဲကတော့ အနိုင်ရအောင် မဖြစ်မနေ ပေးဆပ်ရင်းနှီးရပါလိမ့်မယ်။ သာသနာတော်ကို တစွန်းတစလေး ထိပါးမိလိုက်တာလေးနဲ့တင် အခုလို အခြေအနေတွေ ဖြစ်လာတာပါ။ သာသနာတော်နှင့်တကွ သံဃာထုတရပ်လုံးအရေး၊ ပြည်သူလူထုနှင့်တကွ အမျိုးသားတရပ်လုံးအရေး၊ မျိုးဆက်သစ်များနှင့် တိုင်းပြည်၏အနာဂါတ်အရေးတို့ကို စစ်ဗိုလ်ချုပ်တွေအနေနဲ့ ထိပါး နှောင့်ယှက် ဖျက်ဆီးဖြိုခွဲလာမယ်ဆိုရင် ရှေ့ဆက်ပြီးတော့ ဆိုးကျိုးတွေကိုပဲ ဆက်လက်ရင်ဆိုင်ရမယ်ဆိုတာ သဘောပေါက်စေချင်တယ်။ ဒါဟာ မလွဲမသွေ ရင်ဆိုင် ကြုံတွေ့လာရမယ့် သဘာဝ အမှန်တရား ထုတ်ဖော်ချက်တခုလည်း ဖြစ်တယ်။

သံဃာတော်တွေမှာလည်း တနေ့ပြီးတနေ့ ပွဲဆက်လာတာဟာ တော်တော်ပင်ပန်းလာနေပါပြီ။ စိတ်ဓာတ်အင်အားရှေ့ဆောင်မှုနဲ့ ချီတက်နေရတယ် ဆိုပေမယ့် အစာ အာဟာရ လိုအပ်မှုကြောင့် ရေရှည်အတွက်တော့ အင်အားထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ အဲဒီလို ဖြစ်လာရင်တော့ အခုအချိန်ထိ အရှိန်အဟုန်မြင့်မားလာတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက် ဆန္ဒပြပွဲတွေမှာ ရေရှည်အကျိုးကို ထိခိုက်လာပါလိမ့်မယ်။ ဒီပွဲဟာ မြန်မြန်ပြတ်လေ ကောင်းလေပါပဲ။ ဗုဒ္ဓမြတ်စွာဘုရားကလည်း အခုလုပ်ရင် အခုဖြစ်တယ် ဒီနေ့လုပ်ရင် ဒီနေ့ဖြစ်တယ် ဘာအကြောင်းနဲ့မှ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို အချိန်မဆွဲသင့်ဘူးလို့ ဟောပြလမ်းညွှန်ထားတာ အားလုံးအသိပါပဲ။ အခုတခါ ဒီပွဲကိုလည်း အချိန်တိုတိုအတွင်း ထိထိရောက်ရောက်နဲ့ အကျိုးရလဒ်ကောင်းတွေ ရလာဖို့ အမြန်ဆုံး အကောင်အထည်ဖော် လုပ်ဆောင်သင့်နေပါပြီ။


ဒီနေ့ဆိုရင် ဦးဆောင်သံဃာတော်များ ကြေငြာဖိတ်ခေါ်ထားသလို တနိုင်ငံလုံးအနှံ့ အထွေထွေသပိတ်ကြီးမှာ ကျောင်းသားပြည်သူတွေ တတပ်တအား ပါဝင်လာကြပါပြီ။ နောက်တဆင့်အနေနဲ့ အစိုးရ၀န်ထမ်းတွေကို ကြေငြာဖိတ်ခေါ်ဖို့ လိုအပ်နေပါတယ်။ ဦးဆောင် သံဃာတော်များအနေနဲ့ အခုလာမယ့် ၂၇ရက်နေ့ ကြာသပတေးနေ့ကစပြီး တပြိုင်တည်း အစိုးရ၀န်ထမ်းအားလုံးကို တနိုင်ငံလုံးအနှံ့ မြို့တိုင်းမြို့တိုင်းမှာ ရုံးမတက်ပဲ ကိုယ့်အိမ်တွေမှာနေပြီး နေမကောင်းလို့ခွင့်တိုင်ထားတဲ့ပုံစံမျိုးနဲ့ ရုံးမတက်ပဲ အစိုးရကို သံဃာတော်များရဲ့ တောင်းဆိုချက်များကို ဆောင်ရွက်မပေးသေးသရွေ့ သပိတ်မှောက်ကြဖို့ တိုက်တွန်း ဖိတ်ခေါ်သင့်ပါတယ်။ အခုလာမယ့် ၂၇ရက် ကြာသပတေးနေ့ပါ။ အစိုးရ၀န်ထမ်းတွေ ရုံးမတက်ပဲ နေလိုက်ခြင်းအားဖြင့် စစ်တပ်ကို နောက်ခံပြုပေးနေတဲ့ အစိုးရယန္တယား လည်ပတ်မှုတွေအားလုံး ရပ်တန့်သွားမှာပါ။ ၀န်ထမ်းတွေ အလုပ်မလုပ်ပေးရင် ဒီစစ်ဗိုလ်တွေ အနေနဲ့ အစိုးရတရပ်အဖြစ် ဘယ်လိုမှ ခေါင်းထောင်နေလို့မရနိုင်ပါဘူး။ အဲဒါကြောင့် နောက်တဆင့်ခြေလှမ်းအနေနဲ့ ၀န်ထမ်းတွေအတွက် ရက်ချိန်းခေါ်ပြီး တပြိုင်တည်း လုပ်ဆောင်နိုင်အောင် ဦးဆောင်သံဃာတော်များက ပန်ကြားပေးစေချင်ပါတယ်။ ၀န်ထမ်းတွေပါလာရင် စစ်ဗိုလ်တွေဟာ အစိုးရအဆင့်အနေနဲ့ ရပ်တည်လို့ မရနိုင်တော့ပါဘူး။

အဲဒီနောက်မှာ အခုနာမည်ဆိုးနဲ့ သတင်းကြီးနေတဲ့ ကြံ့ဖွတ်အသင်းဝင်တွေကိုလည်း မဆလတုန်းကလို အသင်းဝင်အဖြစ်မှ နှုတ်ထွက်ကြဖို့ မေတ္တာထားပြီး ထပ်ဆင့် ပန်ကြား ဖိတ်ခေါ်ပေးစေချင်ပါတယ်။ ၂၇ရက် ကြာသပတေးနေ့ အဖြစ်တပေါင်းတည်း သတ်မှတ်ရင် အကောင်းဆုံးပါပဲ။ အစိုးရရဲ့ စစ်ဖက်ဆိုင်ရာ အရပ်ဖက်ဆိုင်ရာ ၀န်ထမ်းတွေနဲ့ ကြံ့ဖွံ့အသင်းဝင်တွေဟာ အများစုကတော့ ဗုဒ္ဓဘာသာဝင်တွေပါပဲ။ သူတို့တတွေလည်း ဗုဒ္ဓဘာသာကို ယုံကြည်လေးစားမှုအရ သံဃာတော်အရှင်မြတ်တွေနဲ့ ပူးပေါင်းချင်တဲ့ စိတ်ရင်းကတော့ ရှိမှာ အမှန်ပါပဲ။ မတတ်သာလို့သာ ငြိမ်နေကြရမှာပါ မခံချင်စိတ်နဲ့ အံတုချင်နေတဲ့ အာသီသတွေလည်း သူတို့တွေရဲ့ စိတ်ထဲမှာ အဆင်သင့်ရှိနေမှာ အမှန်ပါပဲ။

နောက်ဆုံးကတော့ ကျေးလက်ဒေသအသီးသီးမှာရှိနေတဲ့ တောင်သူလယ်သမား ဦးကြီးများကို ဒေသဆိုင်ရာ မြို့နယ်အလိုက် ကိုယ့်မြို့တွေမှာရှိတဲ့ သံဃာတော်တွေရဲ့ မေတ္တာပို့လမ်းလျှောက် သပိတ်မှောက် ဆန္ဒပြပွဲတွေကို ထောက်ခံအားပေးဖို့ ပန်ကြားဖိတ်ခေါ် ပေးသင့်ပါတယ်။ ဒီအချိန်မှာ ဆင်းရဲနွမ်းပါးမှုကို အခြေခံအကျဆုံး ခံစားနေရတဲ့ ကျေးလက်ဒေသက တောင်သူလယ်သမား ဦးကြီးများကို ချန်ထားလို့ မဖြစ်ပါဘူး။ အချိန်အခါအရလည်း မဖြစ်မနေ ဆောင်ရွက်ဖို့ သင့်တော်လှပါတယ်။ တောင်သူလယ်သမားဦးကြီးများ ဆိုတာကလည်း အများစုက ဗုဒ္ဓဘာသာဝင်တွေပါပဲ။ သူတို့လည်း အခုလို အချိန်အခါမှာ တတပ်တအား သံဃာတော်များနှင့် ပူးပေါင်းပါဝင် ထောက်ခံဖို့ စိတ်ဆန္ဒပြင်းပြနေမှာ အမှန်ပါပဲ။

တပ်မတော်အတွင်းက မျိုးချစ်စစ်သားတွေအတွက်ကိုလည်း အထူးအရေးပေးပြီး ပူးပေါင်းပါဝင်ဖို့ အဆက်မပြတ် တောင်းဆို နေတာကတော့ အကောင်းဆုံးပါပဲ။ တချိန်မဟုတ် တချိန်တော့ နားဝင် လက်ခံလာမှာပါ။ အဲဒီလို အဖက်ဖက်က အင်အားစုတွေ ပေါင်းစည်းမိလာတဲ့ အချိန်မှာတော့ နောက်လာမယ့်အပါတ်မှာ `အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည်´ `၁၉၉၀ပြည့်ရွေးကောက်ပွဲအနိုင်ရ အမတ်လောင်း လွှတ်တော်ကိုယ်စားလှယ်များနှင့်သာ ဖွဲ့စည်းအပ်သည့် လူထုအစိုးရကိုသာ ထောက်ခံသည်´ ဆိုတဲ့ ထပ်ဆင့် တောင်းဆိုချက်များကို တိုးမြှင့်တောင်းဆိုရင်း ငြိမ်းချမ်းစွာ အချိန်တိုတိုအတွင်းမှာ ထိရောက်အောင်မြင်မှုရအောင် ဆက်လက်ချီတက် အင်အားပြသင့်ပါသည်။ အဲဒီအချိန်ဆိုရင် တတိုင်းပြည်လုံးရဲ့ ဆန္ဒသဘောထား အမှန်တွေ ဒီနေ့ထက်ပိုပြီး ပေါင်းစည်း အားကောင်းလာမှာပါ အမှန်ပါပဲ။ တတိုင်းတပြည်လုံးက လူထုလူတန်းစားတွေအားလုံးရဲ့ စည်းလုံးညီညွှတ်တဲ့ သဘောထားတွေ ထွက်ပေါ်လာပြီးတဲ့နောက်မှာတော့ စစ်ဗိုလ်ချုပ်တွေ သူတို့လုပ်ချင်တာ ဘာတခုမှ လုပ်နိုင်မှာ မဟုတ်တော့ပဲ အများဆန္ဒအရ စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ပေးရမှာ ဖြစ်ပါတယ်။

အကြံပြုချက်။ ။ ဦးဆောင် သံဃာတော်များအနေဖြင့် ပန်ကြားဆော်သြပေးပါရန် ရိုသေလေးမြတ်စွာ လက်ဆယ်ဖြာထိပ်မှာမိုးလျှက်

၁။ ဌာနဆိုင်ရာအသီးသီးက မြို့နယ်တိုင်းမှာရှိတဲ့ ၀န်ထမ်းများကို ယခုလာမည့် ၂၇ရက်နေ့ ကြာသပတေးနေ့မှ စတင်ကာ ရုံးမတက် အလုပ်မဆင်းတော့ပဲ ကိုယ့်အိမ်များတွင်သာနေကြရန်။
၂။ ကြံခိုင်ဖွံ့ဖြိုးရေးအသင်းဝင်များကိုလည်း ၂၇ရက်နေ့ ကြာသပတေးနေ့မှစတင်၍ အသင်းဝင်အဖြစ်မှ နှုတ်ထွက်ကြောင်း အဆို တင်သွင်းကြခြင်းဖြင့် သံဃာထုနှင့် ပြည်သူလူထုကို ပူးပေါင်းထောက်ခံကြပါရန်။
၃။ ၂၇ရက်နေ့ ကြာသပတေးနေ့မှစတင်၍ ကျေးလက်ဒေသမှ တောင်သူလယ်သမားဦးကြီးများကို လက်လှမ်းမီသလောက် အုပ်စုများ ဖွဲ့စည်းပြီးနောက် ဒေသဆိုင်ရာမြို့များသို့တက်၍ မေတ္တာပို့ လမ်းလျှောက်ဆန္ဒပြသော သံဃာထုများနှင့် ပူးပေါင်းပါဝင်ပါရန်။
၎။`အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည်´ `၁၉၉၀ခုနှစ် ရွေးကောက်ပွဲအနိုင်ရ အမတ်လောင်း လွှတ်တော်ကိုယ်စားလှယ်များနှင့်သာ ဖွဲ့စည်းအပ်သည့် လူထုအစိုးရကိုသာ ထောက်ခံသည်´ ဆိုတဲ့ ထပ်ဆင့် တောင်းဆိုချက်များကို တိုးမြှင့်တောင်းဆိုပေးပါရန်။
၅။ ဆန္ဒပြချီတက်ပွဲများတွင် ရှေ့ဆုံးတပ်ဦးမှာ ဗုဒ္ဓဆင်းတုတော်များကို ဝေါစင်များပေါ်တွင် တင်ဆောင်၍ ခမ်းနားထည်ဝါစွာ ပြင်ဆင်ပြီးမှ ချီတက်ကြပါရန်။

ငြိမ်းချမ်းသာယာသော ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ ရည်ရွယ်လျှက်

Read More...

Sunday, September 23, 2007

ငရဲသားများမှ ယမမင်းကြီးအား ဆန္ဒပြခြင်း


လူ့ပြည်လူ့ရွာ၏ အချိန် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်၊ နေ့လည် ၁၂း၀၀ နာရီခန့်တွင် ငရဲပြည်တွင် ဆူညံပွက်လော ရိုက်သံများဖြင့် တစာစာ အော်ဟစ်မြည်တမ်းသံများကို ကြားလိုက်ရသဖြင့် ယမမင်းကြီးက ၎င်း၏ အရာရှိများအား စုံစမ်းစေရာ ငရဲသူငရဲသားများ ထကြွသောင်းကျန်းနေကြောင်း သိရှိရသဖြင့် စုံစမ်းရန် (သို့) ဖြေရှင်းရန် (သို့) နှိမ်နင်းရန်အတွက် အခင်းဖြစ်ရာ မဟာအ၀ီစိငရဲသို့ နောက်လိုက်အင်အား အပြည့်အစုံဖြင့် သွားရောက်ခဲ့ပါသည်။

အခင်းဖြစ်ပွားရခြင်း အကြောင်းရင်းကို အဓိပ္ပာယ်မယွင်းရလေအောာင် မူရင်း အသံသွင်းချက်အတိုင်း အောက်တွင် ဖော်ပြ လိုက်ရပါသည်။

"ကဲ အသင်မောင်မင်းတို့ ဘာတွေများ ဆူညံဆူညံ လုပ်နေရတာတုန်း။"

"အကျွန်တို့ရဲ့ အပြစ်ကျတော့ အရှင်မင်းကြီးတို့က အပြစ်ပေးတယ်။ သူတို့ကျတော့ရော"

"သူတို့ကို အကျွန်တို့နဲ့ အတူတူ မထားရဘူး ဘုရား။"

"သူတို့ကိုမှ အပြစ်မပေးရင် အကျွန်တို့လည်း မခံဘူး။"

"ပုန်ကန်ရမှာပဲဟေ့။"

"ဟေ့ အေးအေးဆေးဆေး ပြောကြပါကွယ်ရို့။"

"နေ .. နေကြပါအုံး။ မောင်မင်းတို့ ဒီလို တစ်ယောက်တစ်ပေါက် ပြောနေရင် ဘယ်လို လိုရင်းရောက်မှာလဲ"

"ဘယ်သူခေါင်းဆောင်လဲ။ အဲဒီလူ ရှေ့ထွက်ခဲ့။ အဲဒီလူနဲ့ပဲ စကားပြောမယ်။"

"ဘာလဲ အရှင်မင်းကြီးက ခေါင်းဆောင်ကို ဖမ်းချုပ်ပြီး ပိုကြီးလေးတဲ့ အပြစ်ပေးမလို့လား။ အကျွန်တို့ အကုန်လုံးက ခေါင်းဆောင်ပဲ။"

"မလွယ်ပါလားကွယ်ရို့။ မင်းတို့ ဒီလို ဆူညံဆူညံပြောနေရင် ဘယ်လိုလုပ် ငါက ဆုံးဖြတ်ပေးရမှာလဲ။"

"ငါ့ရှင် ဒေ၀ဒတ် ထွက်ပါ။"

"ဟုတ်တယ် ဟုတ်တယ်"

"အားလုံး တိတ်တိတ်နေကြစမ်း။ ဟုတ်ပြီ မောင်မင်း ဒေ၀ဒတ် ထွက်ခဲ့ပါ။ အခုဖြစ်ရတာ ဘာကြောင့်လဲ။ ဘာတွေကို လိုချင်လာရပြန်တာတုံး။"

"လူ့ပြည်လူ့ရွာရှိ ဗုဒ္ဓဘာသာ သာသနာ ထွန်းကားရာ ဗမာပြည်မှာ ဘုရားမရှိ၊ တရားမသိ၊ သံဃာမလေးတဲ့ သာသနာဖျက်များ သောင်းကျန်းမင်းမူလျက် ရှိကြောင်း ကြားသိရပါတယ် အရှင်။"

"(မသိချင်ယောင်ဆောင်လျက်) အဲ . . ဟုတ်ပြီလေ။ အဲဒါ အသင်တို့နဲ့ မည်သို့မည်ပုံ ပတ်သက်နေလို့လဲ။"

"သက်ဆိုင်တာပေါ့ အရှင်။ ဒါဟာ အကျွန်တို့နဲ့ တိုက်ရိုက်သက်ဆိုင်လာတော့မယ်ဟာမို့ အကျွန်တို့ အထပ်တိုင်း အထပ်တိုင်းမှာ ရှိတဲ့ ကိုယ်စားလှယ်တွေစုဝေး တိုင်ပင်ပြီး အရှင့်ဆီမှာ အရေးဆိုဖို့ ဆုံးဖြတ်လို့ အခု အရှင်မေးနေတာ အဲဒီအကြောင်းတွေပေါ့။"

"အကျွန်တို့ တိုင်ပင်ပြီး တောင်းဆိုချက်များကို ထုတ်ပြန်ပါတယ်။ အရှင် အဆောတလျင် အရေးယူပေးပါရန် ပန်ကြားအပ်ပါတယ်။"

"ကဲ . . ကဲ . . ဖတ်ပြစမ်းပါအုံး။"

အကျွန်တို့ ငရဲသူ ငရဲသားများ အများစုဆန္ဒဖြင့် ဆုံးဖြတ်ထားသော ကြေညာချက်မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

"ငရဲသူ၊ ငရဲသားများ၏ ကြေညာချက်"

လူ့ပြည်လူ့ရွာရှိ ဗုဒ္ဓရှင်တော်၏ ဘာသာ၊ သာသနာ ထွန်းကားရာ၊ စည်ပင်ရာ၊ စောင့်ရှောက်ရာတို့၏ အခြေခံဖြစ်တော်မူသော တိုင်းဌာနီ ဗမာပြည် တွင် ဘုရားမရှိ၊ တရားမသိ၊ သံဃာမလေးတဲ့ သာသနာဖျက်များ သောင်းကျန်းမင်းမူလျက်ရှိရာ ၎င်းတို့၏ လားရာပကတိကား အကျွန်တို့၏ ငရဲဘုံသို့ပင် ဦးတည်လျက်ရှိပေသည်။

၁။ ထိုသူတို့ကား နအဖ စစ်အုပ်စုများ၊ အလိုတော်ရိ အပေါင်းအပါများ၊ ကြံ့ဖွတ်၊ အမျိုးသမီးရေးရာ၊ စွမ်းအားရှင်ဆိုသူများပင် ဖြစ်ပါသည်။ ဤသို့သော အနှီပုဂ္ဂိုလ်တို့အား အဘယ်အတွက်ကြောင့် အသင်မင်းကြီးမှ အပြစ်မယူ လူ့ပြည်လူ့ရွာတွင် ဆက်လက်ထားရှိရပါသလဲ ဆိုတာကို အမြန်ဆုံး ဖြေရှင်းချက် ပေးရန်။

၂။ ထိုသူတို့မှာ လားရာအမှန်ကား မဟာအ၀ီစိ ငရဲပင်ဖြစ်၍ ပြုခဲ့သော အကုသိုလ်ကံအလိုက် အထပ်ထပ်တိုင်းတွင် ၀ဋ်ကြွေး ပေးဆပ်နေရသော (အထူးသဖြင့် မဟာအ၀ီစိငရဲမှ) အကျွန်တို့မှ ၎င်းတို့ရောက်လာပါက မည်သို့မျှ လက်ခံနိုင်မည်မဟုတ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။ ၎င်းတို့အား အကျွန်တို့နှင့် တတန်းတစားတည်း သတ်မှတ်၍ ထားရှိမည်ကို မည်သို့မျှ လက်ခံနိုင်မည် မဟုတ်ကြောင်း အသိပေး အကြောင်းကြားလိုက်သည်။

၃။ သို့ဖြစ်ပါ၍ အသင်မင်းကြီးမှ သက်ဆိုင်သောသူများနှင့် တိုင်ပင်၍ အထပ်သစ်များ ထပ်မံဖွင့်လှစ်ရန် (သို့မဟုတ်) ငရဲဘုံတွင် လက်မခံဘဲ ဘုံအသစ်တစ်ခု ဖွင့်လှစ်ရန် ကြိုတင်စီစဉ်ထားပါရန် ပန်ကြားအပ်ပါသည်။

(ပုံ)
ငရဲသူငရဲသားများ

"အိမ်း . . . ငါလည်း သက်ဆိုင်ရာတွေနဲ့ ညှိနှိုင်းနေတာပဲ မောင်မင်း ဒေ၀ဒတ် . . . ။ ကံငါးပါးထိုက်လို့ ရောက်လာတဲ့ မင်းတို့လို တစ်ယောက်စီ၊ တစ်ယောက်စီ ရောက်လာတာက ငါ့အတွက် အပန်းမကြီးဘူးကွ။ အခုဟာက တပြုံတမကြီး လာမှာဆိုတော့ ငါလည်း ခေါင်းစားတယ်ကွာ။ အားလုံးနဲ့တော့ ညှိနှိုင်းတိုင်ပင်နေတာပဲကွ။ လတ်တလောတော့ အထပ်တွေ တိုးချဲ့ဆောက်နေတာပဲ။" (ဤသတင်းဆောင်းပါးကို ဤနေရာ နှင့် ဤနေရာ များတွင် ဖတ်ရှုနိုင်ပါသည်။)

"ဒါပဲနော် မင်းကြီး။ အကျွန်တို့ကို ချွေးသိပ်ဖို့တော့ မစဉ်းစားပါနဲ့။ အကျွန်တို့က အားလုံးသေချာတိုင်ပင်ပြီးမှ ဒီဆုံးဖြတ်ချက်ကို ချမှတ်လိုက်တာပဲ။ အကျွန်က မှားခဲ့မိလို့ ပြစ်ဒဏ်ခံရတာ။ အကျွန်က ကိုယ့်အပြစ်ကိုယ်သိလို့ မြတ်စွာဘုရားရှင်ကို လက်အုပ်ချီမိုး ကန်တော့တောင်းပန်ခဲ့သေးတယ်။ အကျွန်က ကိုယ့်အမှား ကိုယ်သိခဲ့သေးတယ်။ စော်ကားမိခဲ့တဲ့ ၀ဋ်ကြွေးတွေကို အခု ပြန်ဆပ်နေရတာ။ သူတို့က ငရဲကျရင်တောင် တောင်းပန်ကန်တော့မယ့် လူစားမျိုးတွေ၊ နောင်တရမယ့် လူစားမျိုးတွေ မဟုတ်ဘူး။"

"ဒါနဲ့ အကျွန်တို့ အချက် (၁) မှာ တောင်းဆိုထားတဲ့ ဖြေရှင်းချက်ပေးရန်ကို အရှင်မင်းကြီး ဘယ်လို ရှင်းပေးမှာလဲ။ ဘာကြောင့်မို့လို့ သူတို့တွေကို အရေးမယူသေးဘဲ ထားရတာလဲ။"

"ဟဲ့ အသင် ငမိုက်သားတို့ရဲ့ ဟိုမှာက ၁၉ နှစ်ကျော် ခံလာရလို့ ခံနိုင်ရည်ရှိနေသေးတယ်ကွ။ မင်းတို့ပဲ အခုတောင် လာတော့မယ့် အသံလေး ကြားတာတောင် တခါမှ ငါ့ရာဇ၀င်မှာ မရှိဘူးတဲ့ ဆန္ဒပြတယ်လေးနဲ့ ဟိုဟာ တောင်းဆို၊ ဒီဟာ တောင်းဆိုနဲ့။ ငါက ဒါတွေ ကြိုမြင်လို့ ပြင်ဆင်နေတာကွ။"

"အရှင် အခုလို အချိန်ဆွဲနေလို့ အခုဆို ဘာမှန်းညာမှန်းမသိဘဲ ကံငါးပါးထိုက်မယ့်သူတွေ အများကြီးပါလာပြီ။ တကယ်တမ်း ပြောကြေးဆို အရှင့် ပယောဂတောင် မကင်းဘူး။"

"အံမယ်။ မင်းတို့က ငါ့ကိုတောင် ဆွဲထည့်နေပြန်ပြီ။ မင်းတို့လည်း ကြားဖူးသားနဲ့။ ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည် ဆိုတာလေ။ ဘယ်သူမပြု မိမိမှုပဲကွ။"

"အိမ်း . . မင်းတို့လည်း အေးအေးဆေးဆေး ကိုယ့်ဝဋ်ကြွေး ကိုယ်ကျေအောင် ပြန်ဆပ်ကြတော့။ ငါ့မှာ ဒီကိစ္စတွေနဲ့ ခေါင်းစားနေလို့ တစ်ရက်မှ ကောင်းကောင်းမအိပ်ရသေးဘူး။ လောကနိယာမကို ဘယ်သူမှ မလွန်ဆန်နိုင်ပါဘူး။"

Read More...

Thursday, September 20, 2007

ဦးခိုက်လျှောက်တင်အပ်ပါသည် ဘုရား


ဘာသာ၊ သာသနာ အဓွန့်ရှည်စေရန် ထိန်းသိမ်းစောင့်ရှောက်ဖို့ ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်တော်မြတ် ချမှတ်တော်မူခဲ့တဲ့ ပညတ်တော် မူခဲ့တဲ့ ပတ္တနိက္ကုဇ္ဖနကံ ၀ိနည်းပုဒ်ကို အလေးအမြတ်ပြု၍ ရဟန်းရှင် ကိုယ်တော်မြတ်တွေကတော့ နိုင်ငံတ၀ှမ်း ကံဆောင်လိုက်ပါပြီ။ ကံဆောင်ခြင်းကို ထင်ရှားစိမ့်သောငှာ သံဃာတော်တွေမှ ကြည်ညိုဖွယ် လမ်းလျှောက်ကြွချီခြင်း၊ မေတ္တာသုတ် ရွတ်ဖတ်ခြင်းများကို လှိုက်လှဲစွာ သာဓုခေါ်ဆိုရင်း သြော် . . . ဒါကြောင့် ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ဟာ သာသနာကို ထိန်းသိမ်းဖို့ ဘုရားသားတော်အဖြစ် သံဃာတော်တွေကို ထားခဲ့ခြင်းပါလားလို့ ဆင်ခြင်မိပါတယ်။ သာသနာကို စော်ကား၊ စော်ကားပြီးတာတောင်မှ သံသရာမကြောက် ငရဲမကြောက် အာဏာရူးလူတစ်စုကို ကိုယ်တော်ရှင်မြတ်များ၏ မေတ္တာဓာတ်ဖြင့် လွှမ်းခြုံရစ်သိုင်းလို့ မှီပါအုံးမလား။
(ကိုယ်ပြုသောကံ ကိုယ်ထံပြန်လာတဲ့အခါ သံသရာဝဋ်ကြွေးကို ကြံ့ကြံ့ခံ၍ အပြုံးမပျက် ခံယူနိုင်ပါစေ။)

အင်တာနက်၊ မီဒီယာတွေမှာ ချက်ချင်း၊ ချက်ချင်းတက်လာနေတဲ့ သတင်းတွေ၊ သံဃာ့ဇာနည် အရှင်ဘုရားတို့ရဲ့ မှတ်တမ်းဓာတ်ပုံတွေကြည့်ရင်းနဲ့ မျက်ရည်တွေ ကျလာအောင်ကို ၀မ်းနည်းကြေကွဲမိပါတယ်။ ဘယ်လိုမှ နေလို့မရတာနဲ့ အိမ်က ဘုရားစင်ရှေ့တွင် ထိုင်၍ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ဦးခိုက်၍ ဤကဲ့သို့ သစ္စာပြုခဲ့ပါသည် ဘုရား။


ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ


ဒုတိယမ္ပိ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ


တတိယမ္ပိ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ


အရှင်ဘုရား တပည့်တော်သည် မွေးစကတည်းကပင် ဗုဒ္ဓဘာသာဝင်အဖြစ် တည်ခဲ့ပြီးဖြစ်ပါသည်။ ဘာသာ၊ သာသနာကို လေ့လာ ဖတ်ရှုမှတ်သား နာကြားရသည်မှ စ၍ ဘုရားတပည့်တော်သည် ဗုဒ္ဓဘာသာ ဗုဒ္ဓသာသနာကို ယုံကြည်ကိုးကွယ်လျက်ရှိပါသည် ဘုရား။

ဘုရားတပည့်တော်သည် လူမှန်း သိတတ်စအရွယ်မှစ၍ အခုမျက်မှောက်အချိန်ထိ သတ္တ၀ါများကို ညှဉ်းပမ်းနှိပ်စက်ခြင်း၊ လူလူချင်း ညှဉ်းပမ်းနှိပ်စက်ခြင်း၊ ဆဲရေးခြင်း၊ နှိမ်ချပြောဆိုခြင်း၊ မပြုလုပ်ခဲ့ပါ ဘုရား။

ဤမှန်သော သစ္စာစကားကြောင့် ဘုရား၏ သားတော်များဖြစ်သော ရဟန်းသံဃာတော်များ၊ ဘာသာ သာသနာကို သက်ဝင် ယုံကြည်၍ စစ်မှန်သော သဒ္ဓါတရားတို့ဖြင့် ပစ္စည်းလေးပါးကို ထောက်ပံ့လှူဒါန်းလျက်ရှိသော ဒါယကာ၊ ဒါယိကာမ အပေါင်းတို့ ကိုယ်စိတ်နှစ်ပါး ချမ်းသာရာသို့ ဆိုက်ရောက်၍ ဘေးရန်မခ သာသနာအကျိုးကို ဆထက်ထမ်းပိုး ထမ်းရွက်နိုင်ပါစေ ဘုရား။

(အရှင်ဘုရားတို့၏ ပတ္တနိက္ကုဇ္ဖနကံဆောင်ခြင်းကို ဘုရားတပည့်တော်သည် ဗုဒ္ဓဘာသာဝင်တို့၏ စစ်မှန်သော ယုံကြည်ကိုးကွယ်မှု ဖြင့် သံသယမရှိ အကြွင်းမဲ့ ထောက်ခံပါသည် ဘုရား။ ဘုရားစကားပဲ နားထောင်ပါမည် ဘုရား။)

Read More...

Tuesday, September 18, 2007

ပတ္တနိက္ကုဇ္ဖနကံဆောင်ခြင်း စတင်ပြီ


ဧရာဝတီ | စက်တင်ဘာ ၁၈၊ ၂၀၀၇

စစ်တွေ-ရခိုင်ပြည်နယ်
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် နေ့လယ် ၁၂ နာရီခွဲက သံဃာအပါး ၂၀၀ ကျော် ဦးဆောင်ဆန္ဒပြရာ ရာပေါင်း များစွာသော ပြည်သူများလိုက်ပါခဲ့သည်ဟု မျက်မြင်သက်သေတဦးက ဧရာဝတီကိုပြောသည်။ အဆိုပါ ဆန္ဒပြပွဲကို အာဏာပိုင်တို့က မျက်ရည်ယိုဗုံးများသုံးကာ ဖြိုခွဲသည်ဟုလည်း ၎င်းက ပြောသည်။

မန္တလေးမြို့- မန္တလေးတိုင်း
မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်သစ်တွင် သံယာတော်အများ၏ ဆန္ဒကောက်ခံပြီး ကျောင်းအတွင်းရှိ သိမ်ထဲ၌ သံဃာ အပါး ၂၀ ခန့် ယနေ့ ကံဆောင်သည် ဟုသိရသည်။

“တခြားကျောင်းတော့မသိဘူး ... တို့ကျောင်းတော့ ကျောင်းထဲက သိမ်မှာပဲ ကံဆောင်ခဲ့ကြတယ်၊ သံဃာတော်တွေရဲ့ ဆန္ဒကို ခံယူတယ်´ဟု မစိုးရိမ်တိုက်သစ်က ဆရာတော် ဦးက၀ိန္ဒက ပြောသည်။

“ကျောင်းဝင်းအပြင်ဘက် လက်ဖက်ရည်ဆိုင်တွေမှာ ကြံ့ခိုင်ရေးတွေ ၁၀ ယောက် နီးပါးလောက် စောင့်ကြည့်နေတယ်” ဟုလည်း ၎င်းက ထပ်မံပြောသည်။
မစိုးရိမ် စာသင်တိုက်သစ် အပြင်ဘက်တွင် ကြံ့ဖွံ့၊ ဆွမ်းအားရှင်၊ စစ်တပ် စသည်တို့ သည် ယနေ့ နံနက်လင်းကတည်းက ရောက်နေခဲ့သည် ဟုလည်း သိရသည်။

ပဲခူးမြို့-ပဲခူးတိုင်း
နေ့လယ် ၁၂ နာရီခန့်မှစ၍ ပဲခူးမြို့ဘုန်းကြီးကျောင်းများရှိ သံဃာတော်အပါး ၁၅၀၀ ခန့် ငြိမ်းချမ်းစွာဖြင့် ပဲခူးမြို့တွင်းမှ ရွေမော်ဓော ဘုရားသို့ မေတ္တာသုတ်နှင့် ပရိတ်ရွတ်ကာ ချီတက်ဆန္ဒပြခဲ့ကြသည်ဟု မျက်မြင်တဦးက ဧရာဝတီကို ပြောသည်။

ထောင်ပေါင်းများစွာသော ပြည်သူလူထုကြီးကလည်း သံဃာတော်များနောက်သို့ လိုက်ပါအားပေးကြပြီး ရေသန့်များ ကပ်လှူကာ အားပေးထောက်ခံခဲ့ကြသည်။

သံဃာတော်များသည် ၎င်းတို့ဆန္ဒပြပွဲအား ဓာတ်ပုံမရိုက်ရန် ဟန့်တားထားသည့် ဆိုင်းဘုတ်ကို ကိုင်ဆောင်ထားပြီး အာဏာပိုင်ဘက်မှဟု ယူဆရသော ဓာတ်ပုံရိုက်ယူနေသူ နှစ်ယောက်ထံမှ ကင်မရာကို သိမ်းယူလိုက်ကြောင်းလည်း မျက်မြင်သက်သေက ဆိုသည်။

အာဏာပိုင်များက ဆန္ဒပြသံဃာတော်များကို ဖြိုခွင်းခဲ့ခြင်းမရှိသည့်အပြင် ယခင်ရက်များက ဆန္ဒပြပွဲမစခင်က တုတ်၊ လေးခွများ ကိုင်ဆောင်ထားသည့် အာဏာပိုင်နှင့် ၎င်းတို့၏ အဖွဲ့သားများကို ယနေ့တဦးတယောက်မှ မတွေ့ရတော့ ကြောင်းလည်း သိရသည်။
သံဃာတော်များ ဆန္ဒပြအပြီးတွင် ပဲခူးမြို့လုံး တိတ်ဆိတ်ငြိမ်သက်လျက်ရှိပြီး ဈေးဆိုင်များလည်း ပိတ်ထားကြောင်း စုံစမ်းသိရှိရသည်။

ကျောက်ပန်းတောင်း-မန္တလေးတိုင်း
နေ့လယ် ၁၂ နာရီခွဲခန့်တွင် ခေမာသီဝံစာသင်တိုက်၊ သုခ၀တီစာသင်တိုက်၊ စိတ္တပါလဂူကျောင်းစာသင်တိုက် စသည့် စာသင်တိုက်ကြီးများ အပါအ၀င် အခြားရဟန်းအနည်းငယ်ဆီရှိသည့် ကျောင်းငယ်များရှိ သံဃာတော်များ သိမ်ဝင်ကြပြီး ပတ္တနိက္ကုဇ္ဇန ကမ္မ၀ါဖတ်ကာ ကံဆောင်လိုက်ပြီဖြစ်ကြောင်း ခေမာသီဝံစာသင်တိုက်ရှိ စာချဆရာတော်တဦးက ပြောဆိုသည်။

“ဦးပဉ္ဇင်းတို့ ကံဆောင်လိုက်ပြီဖြစ်တဲ့အတွက် ကျောက်ပန်းတောင်းမြို့မှာရှိတဲ့ အာဏာပိုင်အဖွဲ့အစည်းရဲ့ သာရေး၊ နာရေး၊ ဆွမ်း၊ ကွမ်း အားလုံးကို ဖြတ်လိုက်တာပါ။ ဘယ် သာရေး နာရေးမှ မလိုက်တော့ပါဘူး ဒကာရေ ...”ဟု စာချဆရာတော်က ပြောသည်။

စစ်အစိုးရက သံဃာတော်များအား မတောင်းပန်သည့် ကာလပတ်လုံးအား ကံဆောင်သည့် သပိတ်မှောက်ကာလဟု သတ်မှတ်ထားကြောင်းလည်း ပြောသည်။

နေ့လယ် ၂ နာရီခွဲခန့်တွင် အောင်မြေရတနာစာသင်တိုက်မှ သံဃာအပါးတရာခန့် စေတီကြီးဘုရားမှစ၍ ပုခုက္ကူမြို့ကို စီတန်းလှည့်လည် ပရိတ်ရွတ်ကြကြောင်း စုံစမ်းသိရှိရသည်။

ရန်ကုန်
ဆူးလေဘုရားသို့ချီတက်သည့် ဆန္ဒပြသံဃာများ ဆူးလေရောက်သည့်အချိန်၌ သံဃာအပါး ၆၀၀ ကျော်လာသည်ဟု မျက်မြင်သက်သေက ပြောသည်။
သံဃာတော်များ မေတ္တာသုတ်ရွတ်ဆိုကာ ချီတက်ကြခြင်းဖြစ်ပြီး ဆူးလေဘုရားမှ ဗိုလ်တထောင်ဘုရားသို့ ဆက်လက် ချီတက်ရာ ထောင်နှင့်ချီသောပြည်သူလူထုများက လက်ခုပ်တီးအားပေးကြကြောင်း သိရသည်။

ပခုက္ကူ-မကွေးတိုင်း
နေ့လယ်တစ်နာရီ မှစတင်၍ှ ပခုက္ကူ မြို့  မှ ရဟန်းပျို တထောင်နှီးပါးခန့် အနောက်တိုက်၊ အလယ်တိုက်၊ အရှေ့တိုက် ဗောတိမာန်တိုင်ကျောင်းများမှတဆင့် မြို့ပတ်၍ မေတ္တာသုတ်ရွတ်ကာ ဆန္ဒပြ လမ်းလျှောက် သည်ဟု ပခုက္ကူရှိ ဘုန်းတော်ကြီးတပါးက ပြောသည်။

ဆန္ဒပြသံဃာများသည် ဘုရားကြီး၊ ၎င်းမှတဆင့် သီဟိုဠ်ရှင်ဘုရားသို့ ဆက်လက်ချီတက်ရန် အစီအစဉ်ရှိသည်ဟု အဆိုပါဘုန်းတော်ကြီးက ပြောသည်။
“လေးပါးတတွဲ၊ သုံးပါးတတွဲလောက် အေးအေးချမ်းချမ်း မေတ္တာသုတ်ရွတ်ဆို လျောက်ကြပါတယ်။ အာဏာပိုင်တွေ အနေနဲ့ကတော့ လူမပါ သေးလို့ဘာမှ အနှောင့်အယှက်မပေးသေးဘူး” ဟုလည်း ပခုက္ကူရှိ မျက်မြင်သက်သေတဦးက ပြောသည်။

ရန်ကုန်
ရွှေတိဂုံဘုရားကို အာဏာပိုင်တို့ကပိတ်ထားသောကြောင့် ရန်ကုန်မြို့ရှိ အသံအပါး ၃၀၀ ခန့် နေ့လယ်၂ နာရီတွင် ရွှေတိဂုံခြေရင်း ဗဟန်းတောရမှ ဆူးလေဘုရာသို့ ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြနေကြကြောင်း မျက်မြင်သက်သေ တဦးက ပြောသည်။

သံဃာများကို အာဏာပိုင်တို့က နှောင့်ယှက်ခြင်းမရှိသော်လည်း အနောက်မှ ကားများဖြင့် လိုက်ကြည့်နေသည် ဟုလည်း အဆိုပါမျက်မြင်သက်သေက ပြောသည်။

နေ့လယ် ၂ နာရီခွဲတွင် ဆန္ဒပြသံဃာများ သမတရုပ်ရှင်ရုံအနီးသို့ရောက်ရှိကြောင်း စုံစမ်းသိရှိရသည်။

အောင်လံ-မကွေးတိုင်း
နံနက် ၅ နာရီခန့်က အောင်လံမြို့တွင် သံဃာအပါး ၉၀ ကျော်မေတ္တာသုတ်ရွတ်ဆိုကာ မြို့ပတ်ဆန္ဒပြကြောင်း မျက်မြင်သက်သေတဦးက ပြောသည်။

“ရှေ့ကနေ သံဃာတပါးကနေဦးဆောင်ပြီး သပိတ်ကိုမှောက်ပြီးပိုက်ထားတယ်။ နောက်လိုက်သံဃာက ၃ ပါးကို တတန်း၊ ၃၁ တန်းရှိတယ်။ နောက်ကနေတပါးကပိတ်ပြီး မေတ္တာသုတ်ရွတ် လျှောက်ကြတာ” ဟု မျက်မြင်သက်သေက ပြောသည်။

အာဏာပိုင်တို့က သံဃာများနောက်မှ မော်တော်ဆိုင်ကယ်များဖြင့် လိုက်လံစောင့်ကြည့်သည်ဟုလည်း အဆိုပါ မျက်မြင်သက်သေက ပြောသည်။

လမ်းလျှောက်ဆန္ဒပြပွဲတွင်ပါဝင်သည့် တ၀တိံသာကျောင်းတိုက်ရှိ ဦးပဉ္ဇင်းတပါးက “ကံဆောင်တယ်ဆိုတာ သိမ်ထဲဝင်ပြီး ကံဆောင်မှမဟုတ်ပါဘူး။ သံဃာတော်တွေက ကံဆောင်လိုက်တယ်ဆိုလို့ ဦးပဉ္ဇင်းတို့က မေတ္တာပို့ပြီး ထောက်ခံလိုက်တယ်၊ ကံဆောင်တာက သဘောတူတယ်ဆိုရင်လည်း ကံမြောက်သွားတာပါပဲ” ဟု ဧရာဝတီကို ပြောသည်။
အောင်လံသံဃာတော်များ၏ လမ်းလျှောက်ဆန္ဒပြပွဲအား မြို့နယ်သံဃနာယကအဖွဲ့ကလည်း ထောက်ခံကြောင်း စုံစမ်းသိရှိရသည်။

ငါးထပ်ကြီး၊ ခြောက်ထပ်ကြီး၊ ကိုးထပ်ကြီး - ရန်ကုန်
ယနေ့ နံနက်ပိုင်း မှ စတင်၍ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ ဗားဂရာတိုက်တွင် သိမ်ထဲ၌ သံဃာများ ကံဆောင်ကြောင်း၊ ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရား၊ ခြောက်ထပ်ကြီးဘုရားနှင့် စမ်းချောင်းမြို့နယ်ရှိ ကိုးထပ်ကြီး ဘုရားတို့တွင် စစ်တပ်က လက်နက်အပြည့်အစုံဖြင့် လုံခြုံရေးယူထားကြောင်း ကိုးထပ်ကြီးဘုရားမှ ဆရာတော် တပါးက ပြောသည်။

“ဗားဂရာတိုက်က ကံဆောင်တာပြီးသွားပြီ၊ သူတို့ဘယ်သိလိုက်မလဲ သိမ်ထဲလုပ်တာ၊ ခုနကတော့ ဗိုလ်မှူးတွေ လာလျှောက် တယ်၊ စစ်တပ်က လုံခြုံရေးယူထားတယ်တဲ့၊ သံဃာတွေကို ထိမ်းပေးပါတဲ့၊ ထိမ်းဖို့ သိပ်မလွယ်ဘူး ထင်တယ်”ဟု သက်တော် ၇၂ နှစ်ရှိ အထက်ပါ ကိုးထပ်ကြီးဘုရား ဆရာတော်က ပြောသည်။

ကျောင်းတိုက်ချင်းဆက်သွယ်သည့် တယ်လီဖုန်းလိုင်းတချို့ကို ပိတ်ထားသည်ဟုလည်း ယင်း ဆရာတော်က ဆိုသည်။

“ဗဟန်းကိုခေါ်တာမရဘူး၊ လမ်းမတော် သရက်တော ကျောင်းဘက် ခေါ်တာလည်း မရဘူး၊ ဖုန်းတွေပိတ်ထားတယ်”ဟု ကိုးထပ်ကြီးဆရာတော်က ပြောသည်။

ယင်းကိုးထပ်ကြီးဘုရား၊ ငါးထပ်ကြီးဘုရားနှင့် ခြောက်ထပ်ကြီးဘုရား ၀န်းကျင်တွင် စစ်တပ်အပြင် ကြံ့ဖွံ့များ၊ မီးသတ်ကား များနှင့်ပါ လုံခြုံရေးယူထားပြီး ရန်ကုန်မြို့ရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများဝန်းကျင်တွင် လုံခြုံရေးများ ချထားကြောင်း သိရသည်။

တောင်ဥက္ကလာပ-ရန်ကုန်မြို့
နံနက် ၃ နာရီမှစ၍ ကျိုက္ကဆံဘုရားပတ်ဝန်းကျင်ရှိ စာသင်တိုက်များမှ သံဃာ ၃၅ ပါးခန့်က တောင်ဥက္ကလာပမြို့နယ် ရပ်ကွက်အချို့တွင် ပရိတ်ရွတ်ကာ လမ်းလျှောက်ဆန္ဒပြကြကြောင်း တောင်ဥက္ကလာပမှ သံဃာတပါးက ပြောသည်။

“စာသင်သားကိုယ်တော်လေးတွေ တောင်ဥက္ကလာ ၁၃ ရပ်ကွက်၊ ၁၀ ရပ်ကွက်၊ ၁၁ ရပ်ကွက် တွေကိုပတ်ပြီးတော့ ပရိတ်ရွတ်ကြတယ်။ ၄ နာရီခွဲလောက်မှာ ကျောင်းပြန်ရောက်ကြတယ်။ အနှောင့်အယှက်ကတော့ မရှိသေးဘူး” ဟု အဆိုပါ သံဃာက ပြောသည်။
လွန်ခဲ့သည့်လကုန်ပိုင်းကစ၍ ရန်ကုန်မြို့၏လုံခြုံရေးကို တပ်မမှူး ဗိုလ်မှူးကြီး တင့်ဝေဦးဆောင်သည့် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် အမှတ် ၄ တပ်က တာဝန်ယူထားပြီး မြို့အနှံ့ အရပ်ဝတ်များဖြင့် အစောင့်ချထားသည်ဟု စစ်တပ်အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက ပြောသည်။

ကျောက်ပန်းတောင်း-မန္တလေးတိုင်း
နံနက် ၈ နာရီမှ ၉ နာရီအထိ စိတ္တပါလဂူကျောင်းတိုက်ရှိ သံဃာအပါးတရာကျော် ပရိတ်ရွတ်ကာ လမ်းလျှောက် ဆန္ဒပြကြောင်း သိရသည်။

ခေမာသီဝံစာသင်တိုက်မှ စာချဆရာတော်တပါးက “သံဃာတွေက သပိတ်ကိုမှောက်ပိုက်ပြီး မြို့ထဲလှည့်တယ်လို့ကြားတယ် ဒကာကြီး …။ အနှောင့်အယှက်တော့ မရှိသေးပါဘူး၊ နောက်ကနေ နောက်ယောင်ခံလိုက်တဲ့ သဘောပါပဲ”ဟု ဧရာဝတီကို ပြောသည်။

နေ့လယ် ၁၂ နာရီခန့်တွင် ခေမာသီဝံစာသင်တိုက်နှင့် အခြားစာသင်တိုက်တခုတို့မှ သံဃာအပါး ၅၀၀ ကျော်တို့ မိမိတို့ ကျောင်းတိုက်များတွင် ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲကိုစတင်မည်ဟု အဆိုပါ စာချဆရာတော်က ပြောသည်။
“ဦးပဉ္ဇင်းတို့ လောလောဆယ်စုစည်းထားတာက စာသင်တိုက်ကြီး ၂ တိုက်ပေါ့။ ကျောင်းတိုက်မှာရှိတဲ့ သံဃာတွေ သိမ်ထဲမှာ ပတ္တနိက္ကုဇ္ဇန ကမ္မ၀ါဖတ်ဖို့အစီအစဉ်ရှိပါတယ်”ဟု ပြောဆိုသည်။

Read More...

သပိတ်မှောက်ကံဆောင်ပွဲအကြောင်း မစိုးရိမ်ဆရာတော်၏ မြွက်ကြားချက်


ဒီဗွီဘီ ၊ ၁၅ ၊ စက်တင်ဘာ ၊ ၂၀၀၇
မောင်ထူး ၊ ဒီဗွီဘီ သတင်းထောက် ၊ ထိုင်း


သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက လာမယ့် (၁၇) ရက်နေ့မှာမှ သံဃာတွေအပေါ် စော်ကားခဲ့တဲ့ကိစ္စ အစိုးရက မတောင်းပန်ရင် သပိတ်မှောက် ကံဆောင်ပွဲ ပြုလုပ်မယ်လို့ ကြေညာထားပြီး လာမယ့် (၁၈) ရက်နေ့ မနက် အရုဏ်တက်မှာ သံဃာတွေဖက်က သပိတ်မှောက် ကံဆောင်ကြတော့မယ်လို့ သိရပါတယ်။ ဒီတော့ ဘုရားဟော ကျမ်းဂန်အရ

- သပိတ်မှောက်ကံဆောင်ခြင်းရဲ့ အဓိပ္ပာယ်က ဘာလဲ။
- ဘယ်လို အချက်အလက်တွေရှိရင် ဒီသပိတ်မှောက် ကံဆောင်ပွဲကို လုပ်နိုင်သလဲ၊
- သံဃာတော် ဘယ်နှစ်ပါး ပါဝင်ရမလဲ၊
- ဘယ်လိုနေရာမျိုးတွေမှာ ဒီသပိတ်မှောက်ကံဆောင်ပွဲကို လုပ်နိုင်သလဲ

စတာတွေနဲ့ ပတ်သက်ပြီး မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးက၀ိန္ဒာဘိဝံသကို ဒီဗွီဘီက အခုလို လျှောက်ထားမေးမြန်း ထားပါတယ်။


တပည့်တော်တို့ လျှောက်ထားချင်တာကတော့ ပတ္တနိက္ကုဇ္ဖနကံဆောင်တယ်ဆိုတာလေ ကျမ်းဂန်ပါဠိပါမှာဆိုရင် ဘုရားဟောလို့လဲ ပြောပါတယ်။ ဒီကံဆောင်တယ်ဆိုတဲ့ အဓိပ္ပာယ်လေး သိပါရစေဘုရား။

"ပတ္တနိက္ကုဇ္ဖနကံဆောင်တယ် ဆိုတာကတော့ ရဟန်းတော်များက ရဟန်းတော်တွေကို ဖိစီးနှိပ်စက်တဲ့ ပုဂ္ဂိုလ်များကို အာမိသ သမ္ဘောဂလို့ ခေါ်တဲ့ တရားဟောပြောမှု မလုပ်ရ၊ အဲလိုမျိုး ပစ္စည်းလဲ အလှူမခံ၊ တရားစသည်လဲပဲ မဟောရတာကို မဟောတာကိုပဲ ဒါ ပတ္တနိက္ကုဇ္ဖန ကံဆောင်တယ်လို့ ခေါ်တာပါပဲ။"

တင်ပါ့ဘုရား ပတ္တနိက္ကုဇ္ဖနကံဆောင်ဖို့ ဆိုရင်လေ ဘယ်လို အင်္ဂါရပ်တွေနဲ့ ညီရပါမလဲ ဘုရား။

"ပတ္တနိက္ကုဇ္ဖနကံ ဆောင်တယ်ဆိုတော့ ဘယ်လို အင်္ဂါရပ်တွေနဲ့ ပြည့်စုံမှ ကံဆောင်လို့ ရမှာလဲဆိုတော့ မြတ်စွာဘုရားက အင်္ဂါ (၈) ပါးနဲ့ ပြည့်စုံလို့ရှိရင် ကံဆောင်ရမယ်လို့ ပြောတယ်ပေါ့။ အဲဒီ (၈) ပါးကတော့

- ရဟန်းတော်တွေကို ပစ္စည်းလေးပါး မရအောင် လုပ်တာတွေ
- ရဟန်းတော်တွေကို အကျိုးမဲ့ဖြစ်အောင် လုပ်တာတွေ
- ရဟန်းတော်တွေကို နေရာမရအောင် လုပ်တာတွေ
- ရဟန်းတော်တွေကို ဆဲရေးတာတွေ၊ ခြိမ်းခြောက်တာတွေ
- ရဟန်းတော် အချင်းချင်း ကွဲပြားသွားအောင် လုပ်တာတွေ
- ဘုရားရဲ့ ကျေးဇူးမဲ့ကို ပြောတာတွေ
- တရားရဲ့ ကျေးဇူးမဲ့ကို ပြောတာတွေ
- သံဃာရဲ့ ကျေးဖူးမဲ့ကို ပြောတာတွေ

ဆိုပြီးတော့ အင်္ဂါ (၈) ပါး ထုတ်ပြတယ်။ ပါဠိတော်လိုဆိုရင်တော့ အင်္ဂါ (၈) ပါးနဲ့ ပြည့်စုံမှ ကံဆောင်ရမှာပေါ့။ ဒါပေမယ့် အဋ္ဌကထာက ဖွင့်တဲ့အခါကျတော့ အင်္ဂါ တစ်ချက်ချက်နဲ့ ညီညွတ်နေပြီဆိုလို့ရှိရင် ပတ္တနိက္ကုဇ္ဖနကံကို ဆောင်နိုင်တယ်လို့ ဆိုပြီးတော့ ဖွင့်ပြပါတယ်။"


တင်ပါ့ဘုရား၊ အနည်းဆုံး သံဃာလေးပါး ရှိတယ်ဆိုရင် ဒီသပိတ်မှောက်ကံကို ဆောင်နိုင်တယ်လို့ တပည့်တော်တို့ မှတ်သား မိပါတယ် ဘုရား။ ဒါရော ဟုတ်ပါသလား။

"ဒီတော့ ဒီကံကို ဆောင်တော့မယ်ဆိုလို့ရှိရင် ရဟန်း ဘယ်နှစ်ပါးရှိရမလဲ ဆိုလို့ရှိရင် ဒီ ပတ္တနိက္ကုဇ္ဖနကံ ဆိုတာက ဥတ္တိဒုတိယကံ ဖြစ်တယ်။ ဥတ္တိဒုတိယကံ ဆိုလို့ရှိရင်တော့ သံဃာလေးပါး ရှိလို့ရှိရင် သူက ဆောင်လို့ရတယ်။ သံဃာလေးပါးက ညီညီညွတ်ညွတ် ဆောင်ပြီးလို့ရှိရင် မိမိဆောင်ထားတဲ့ ပတ္တနိက္ကုဇ္ဖနကံကို တခြားသော ကျောင်းတိုက်များကို တပည့်တော်တို့ ဒီလိုဒီလို လုပ်ထားပါတယ် ဆိုပြီးတော့ ကျောင်းတိုက်များကို အကြောင်းကြားလိုက်ရုံပဲ။ ဆိုရင် အကုန်လုံးက ပတ္တနိက္ကုဇ္ဖနကံ ဆောင်ပြီးသား ဖြစ်သွားတယ်။ အဲဒီကျတော့ အခုဆောင်တော့မယ်ဆိုလို့ရှိရင် ဒီအင်္ဂါရပ်တွေနဲ့ ညီပြီလားပေါ့။ ဒါကတော့ စဉ်းစားရမှာပေါ့။"

အရှင်ဘုရား ရှင်းပြခဲ့တဲ့ (၈) ချက် ပေါ့နော်။ ဒီ တစ်ချက်ချင်းကို ပြန်ပြီးတော့ ရှင်းပြပေးပါလား ဘုရား။

"ဒီတော့ ပထမဦးဆုံး အင်္ဂါဖြစ်တဲ့ ရဟန်းတော်တွေကို လာဘ်လာဘ မရအောင် အားထုတ်တယ်ဆိုရင် အခုထားပါတော့ ဆွမ်းလောင်းအသင်းတွေကို ပိတ်တာတို့ ဘာတို့ပေါ့။ အဲတော့ ဒီအင်္ဂါရပ်တွေနဲ့ ညီသွားပြီပေါ့။ တစ်ချက်ပေါ့။ နောက်တစ်ခါ ရဟန်းတော် တွေရဲ့ အကျိုးမဲ့ကို လုပ်တယ်။ အကျိုးမဲ့ကို လုပ်တယ်ဆိုတာတော့ ကိုယ့်ကျောင်းတိုက် ကိုယ်နေလို့မရအောင် လုပ်တာတို့ ဘာတို့။ ဒါ ကိုယ့်ကျောင်း ကိုယ်မနေနိုင်အောင် ထွက်သွားအောင် လုပ်တာတွေ ရှိနေတယ်ဆိုတော့ ဒါလဲ ညီရောပေါ့ဗျာ။ နောက်တစ်ခါ ရဟန်းတော်တွေကို ဆဲရေးတာတွေ၊ ခြိမ်းခြောက်တာတွေ ကြားနေရတယ်ဆိုတော့ ဒါလဲ ညီရောပေါ့ဗျာ။ နောက်တခါ ဆရာနဲ့ တပည့်အချင်းချင်း ရဟန်းတော်တွေ အချင်းချင်း ကွဲပြားအောင် ပြုလုပ်နေတာတွေဆိုတော့ ဒါလဲပဲ ညီရောပေါ့။ သံဃာတွေရဲ့ ကျေးဇူးမဲ့ပေါ့လေ။ သံဃာတော်တွေဟာ ဆိုးဝါးပါတယ် ဆိုပြီးတော့ အခု သတင်းစာတို့၊ ဘာတို့က ရေးတာ တွေ့တယ်လေ။ အဲတော့ သံဃာတော်တွေရဲ့ ကျေးဇူးမဲ့ကို မဟုတ်ပဲနဲ့ ဟုတ်သယောင်ပေါ့။ ရဟန်းတော်တွေရဲ့ အပြစ်တွေကို ပြောတယ်ဆိုတော့ သံဃာတော်ရဲ့ ကျေးဇူးမဲ့ကို ပြောရာရောက်သွားတော့တာပေါ့။ ဒီအင်္ဂါရပ်လည်း ညီရောပေါ့။ သံဃာကို လုပ်ပြီဆိုမှတော့ သံဃာမှာ ဘုရားက တည်နေတာကိုး။ အဲဒါကြောင့် တရားတော်ကိုလည်း ကဲ့ရဲ့ရာရောက်သွားတယ်။ သံဃာနဲ့ တရားတော်ကို ဒီလိုမျိုး လုပ်လိုက်ပြီ ဆိုလို့ရှိရင် ဒါ ဘုရားကိုလည်း တခါတည်း ကဲ့ရဲ့ရာရောက်သွားတာပေါ့။ အင်္ဂါ (၈) ပါးကတော့ ညီရောပေါ့။ ကိုက် မကိုက်ကတော့ ကိုယ့်ဟာနဲ့ကိုယ် ဆန်းစစ်ပေါ့။"

မှန်ပါ့ ဘုရား။

"ဒီတော့ ကံဆောင်တယ်၊ ကမ္မ၀ါနဲ့ ရွတ်ဖတ်တယ်ဆိုတဲ့နေရာမှာ ကမ္မ၀ါဆိုတာက လူအများနားလည်အောင် ပြောရမယ်ဆိုရင်တော့ ပထမဦးဆုံး အဆိုတင်သွင်းတယ်ဆိုတဲ့ စကားရပ်ပေါ့။ ဒါကိုတော့ စာက ဉတ်ထားတယ်လို့ ခေါ်တာပေါ့လေ။ ဒီလို ဒီလို လုပ်မယ် ဆိုပြီးတော့ အဆိုတင်သွင်းလိုက်တယ်ပေါ့။ အဲဒါပြီးမှ ခလယ်ခေါင်မှာ ကမ္မ၀ါဆိုပြီးတော့ ပါတယ်။ အဲဒီ ကမ္မ၀ါကျတော့ ဒီအဆိုကို အရှင်ဘုရားများ သဘောတူတယ် ဆိုလို့ရှိရင်တော့ ဆိတ်ဆိတ်နေပြီးတော့ ဆိတ်ဆိတ်နေပါပေါ့။ သဘောမတူဘူး ဆိုရင်တော့ အရှင်ဘုရားများ ထပြီးတော့ ပြောပါပေါ့။ ထပြီးတော့ပြောတဲ့ ပုဂ္ဂိုလ် မရှိဘူးဆိုရင် ဒါ သဘောတူရာ ရောက်သွားတယ်။ အဲဒါပဲ ကမ္မ၀ါရဲ့ အဓိပ္ပာယ်ကတော့"

တင်ပါ့ဘုရား။ အရှင်ဘုရား ဆိုလိုတာကတော့ ဒီ ပတ္တနိက္ကုဇ္ဖန ကံဆောင်ဖို့ အရင်ဆုံး ကမ္မ၀ါ ဖတ်ရအုံးမယ်ဆိုတဲ့ သဘောလား ဘုရား။

"အဲ ရဟန်းလေးပါး ရှိလို့ရှိရင် ရပြီ။ ရဟန်းလေးပါး အထက်ကတော့ ဘယ်လောက်များများပေါ့။ ရဟန်းလေးပါး ရှိလို့ရှိရင် သိမ်ထဲမှာပဲ သူက ကံဆောင်ရမယ်။ တခြားသော နေရာမှာ ကံမဆောင်ရဘူး။ ဒီတော့ သိမ်ဆိုတာ ဘဒ္ဒသိမ်ရှိတယ်။ ကမ္မ၀ါနဲ့ ဖွဲ့ထားတဲ့ သိမ်ပေါ့။ အဘဒ္ဒသိမ်ရှိတယ်။ ကမ္မ၀ါနဲ့ သမုတ်စရာမလိုဘဲနဲ့ အလိုလိုနေရင်း သိမ်ဖြစ်နေတဲ့ဟာတွေပေါ့။ မြစ်တွေတို့ ဘာတွေတို့ပေါ့။ အဲဒါတွေဟာ အလိုလိုနေရင်း သိမ်ဖြစ်နေတဲ့ဟာတွေ၊ ဂါမသိမ်တို့ အဲဒီ သိမ်မျိုးတွေမှာလည်းပဲ ကံဆောင်လို့ ရတယ်။ အဲဒါ ကံဆောင်ပြီးလို့ရှိရင် တပည့်တော်တို့ကတော့ ဒီလို လုပ်ပြီးပြီ ဆိုပြီးတော့ တခြားသော ကျောင်းတိုက်တွေကို တခါ သတင်းပို့ပေါ့။ သတင်းပေးလို့ရှိရင် အဲဒါ ကျန်တဲ့ ကိုယ်တော်တွေလည်း ဆောင်ပြီးသား ဖြစ်သွားတာပေါ့။"

တင်ပါ့ဘုရား။ ရေသိမ်လုပ်လို့ရတယ်။ အဲဒီလို သိမ်တခုခု အကျုံးဝင်တဲ့ နေရာတွေမှာ ဆိုလို့ရှိရင် ဒါ လုပ်လို့ရပြီပေါ့။ အဲလို ဆိုလိုတာလား ဘုရား။

"ရပြီလေ။ ဒီတနေရာက လုပ်လိုက်လို့ ရှိရင်ကိုပဲ ကျန်တဲ့နေရာတွေက ဟိုလို ပြောမယ်ဆိုရင်တော့ လုပ်စရာ မလို လောက်အောင်ကိုပါပဲ။ သူက ကျန်တဲ့ ကျောင်းတွေကို အကြောင်းကြားရမယ်လို့ ပြောတာကိုး။"

ဒီဥစ္စာက နေရာ ကန့်သတ်ချက်ရောရှိလား ဘုရား။ ဥပမာအားဖြင့် ရန်ကုန်မှာ လုပ်ရမယ်။ မန္တလေးမှာ လုပ်ရမယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ရှိမယ်။ အိန္ဒိယမှာ ရှိမယ်။ နီပေါမှာ ရှိမယ်ပေါ့။ မြန်မာပြည် နယ်နိမိတ် မဟုတ်ပဲနဲ့ မြန်မာရဟန်းတော်တွေပဲ အဲလိုမျိုး အပြင်မှာ လုပ်ရင်ရော ဘယ်လိုရှိမလဲ ဘုရား။ ဗဟုသုတအနေနဲ့ မေးတာပါ ဘုရား။

"ဟုတ်ပြီလေ။ သူက တနေရာက လုပ်ထားလို့ရှိရင် ကျန်တဲ့ကိုယ်တော်တွေကို အကြောင်းကြားလိုက်ရုံပဲလေ။ အကြောင်းကြား လိုက်လို့ ရှိရင် ပြီးသွားတော့တာပေါ့။ တနေရာမှာတော့ ကံဆောင်ရမှာပဲ။ ဒါပေမယ့် သူက နေရာကတော့ မပြဘူး။ သိမ်လို့ပဲ ပြတာကိုး။ ဘယ်နေရာ ဘာညာတော့ မပြဘူးပေါ့။ အဲဒီကျတော့ ဘယ်မြို့မှာ လုပ်ရမယ် ဘာညာတော့ မပါဘူးပေါ့။ စာထဲကတော့ ဘယ်နေရာမှာ ဖြစ်တဲ့နေရာ လုပ်ရမယ်။ မဖြစ်တဲ့နေရာ မလုပ်ရဘူး။ ဒီလို ဘာညာ မပါပါဘူး။"

ဒါကတော့ ဘုရားဟော ကျမ်းဂန်ပါဠိလာ ပတ္တနိက္ကုဇ္ဖနကံဆောင်ပွဲ အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်ကို မန္တလေး မစိုးရိမ်တိုက်သစ်က ဆရာတော် ဦးက၀ိန္ဒဘိဝံသကို လျှောက်ထား မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

Read More...

Wednesday, September 12, 2007

ပဋိကတ်ကိုဖျက်တဲ့ ကြွက်စုတ်


(ဤအကြောင်းအရာများကို ကိုနေလင်း (အ.က.သ) ရေးသားပြုစုထားသော လူရှင်သင်္ချိုင်းများအကြောင်း စာစုမှ ကောက်နှုတ် တင်ပြထားခြင်း ဖြစ်ပါတယ်။ ခွင့်ပြုချက် မတောင်းခံနိုင်ခြင်းအတွက် ကိုနေလင်းမှ နားလည်ခွင့်ပြုနိုင်လိမ့်မည်ဟု ယုံကြည် မျှော်လင့်ပါသည်။ အမျိုးဘာသာ၊ သာသနာအတွက် ရဟန်းသံဃာများမှ ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ခြင်း၊ တာဝန် ရဲရဲယူ၍ ဗုဒ္ဓသာသနာအတွက် တထောင့်တနေရာ တခန်းတကဏ္ဍ သာသနာ့ဝန် ထမ်းဆောင်ကြခြင်းများကို ပြည်သူအများ ကွက်ကွက် ကွင်းကွင်း ရှုမြင်သုံးသပ်နိုင်၍ သာဓုခေါ်ဆိုနိုင်စိမ့်သောငှာ ရည်ရွယ်ရင်းဖြစ်သည်။)

၁၉၉၁ ခုနှစ်။
ရန်ကုန်အင်းစိန် ဗဟိုစံပြအကျဉ်းထောင်ကြီး။

ကျနော် အင်းစိန်ထောင်မှာ နေခဲ့ရတုန်းက န၀တက သံဃာတော်တွေနဲ့ ပတ်သက်ပြီး ဘာသာရေး နှိပ်ကွပ်မှုတွေ၊ သာသနာတော် စော်ကားမှုတွေ ပြုလုပ်ခဲ့တာကို အကျယ်တ၀င့် ရှင်းပြချင်တာကြောင့် အခုလို သီးသန့် ဖော်ပြရခြင်း ဖြစ်ပါတယ်။

၁၉၉၁ ခုနှစ်အတွက် ကမ္ဘာ့နိုဗယ်လ်ငြိမ်းချမ်းရေးဆုကို မြန်မာပြည် ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရရှိတယ်ဆိုတဲ့သတင်း ထောင်ဝင်စာကနေတဆင့် ကျနော်တို့ ကြားလိုက်ရပါတယ်။ ဒီသတင်းထူး၊ သတင်းကောင်းကို အကျဉ်းသားတွေ အချင်းချင်းကြားရတော့ ၀မ်းသာတဲ့သူတွေက ၀မ်းသာကြ၊ ဒေါကန်တဲ့သူတွေက ဒေါကန်ကြ၊ ပြဿနာတက်တဲ့သူတွေက တက်ကြနဲ့ နိုဗယ်လ်ငြိမ်းချမ်းရေးဆုနဲ့ ပက်သက်ပြီး အင်းစိန်ထောင်တွင်း အရသာမျိုးစုံ ခံစားရပါတယ်။

ဒီဆုနဲ့ ပတ်သက်ပြီး ၀မ်းသာကြတဲ့သူတွေက ၁၉၈၈ခုနှစ်မှာ မြန်မာပြည် ကျောင်းသားထုကနေ စတင်ပေါ်ပေါက်ခဲ့တဲ့ မြန်မာပြည် ဒီမိုကရေစီရေးလှုပ်ရှားမှုကို ကမ္ဘာကနေ အသိအမှတ်ပြုတဲ့အတွက် အားရ၀မ်းသာ ဖြစ်နေကြတာဖြစ်ပြီး၊ ဒီသတင်းကို အခြေခံပြီး ဆွေးနွေးကြတဲ့ အခါမှာ န၀တက ဒေါ်စုကို ဆုပေးပွဲ သွားခွင့်ပြုမယ်၊ မပြုဖူး၊ ဒေါ်စုက သွားမှာမဟုတ်ဘူး၊ သွားရင်လဲ ပြန်လာလို့ရမှာ မဟုတ်ဘူးဆိုပြီး ဆွေးနွေးကြပါတယ်။

န၀တစစ်အစိုးရက နိုဗယ်လ်ဆုပေးတဲ့အဖွဲ့ဟာ တရားမျှတမှုမရှိဘူး၊ ကွန်မြူနစ်၊ ဆိုရှယ်လစ်ဆန့်ကျင်တဲ့ သူတွေကိုပေးတာ ဘက်လိုက်မှုရှိတယ်လို့ ပြောဆိုပြီး သတင်းစာတွေကနေ ဆောင်းပါးတွေ၊ ကာတွန်းတွေနဲ့ တိုက်ခိုက်နေတယ်လို့၊ ဒေါသူပုန်ထ နေတယ်လို့လဲ ထောင်နံရံ လေးဖက်လေးတန်ထဲက ကြားရပါသေးတယ်။

ပြဿနာတက်တဲ့သူတွေကတော့ တိုက်ထဲမှာနေရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမတ်တွေပဲဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ် အမတ်တွေဟာ နိုဗယ်လ်ဆုရရှိလို့ ၀မ်းသာတဲ့ အထိမ်းအမှတ်အနေနဲ့ ထောင်ဝင်စာကနေ ကွတ်တီမုန့်ပေါ်မှာ “N" အမှတ်အသားပါတဲ့ မုန့်တွေကိုသွင်းပြီး ထောင်ထဲမှာ နိုဗယ်လ်ငြိမ်းချမ်းရေးဆု အထိမ်းအမှတ် ဝေငှကြပါတယ်။ အဲဒီလို “N" တံဆိyfပါတဲ့ မုန့်တွေဝေငှနေတာကို ထောင်အာဏာပိုင်တွေက သိသွားကြပြီး ထောင်ဝင်စာပါ “N" တံဆိပ်ပါမုန့်တွေကို သိမ်းဆည်းဖို့ အမိန့်ထုတ်လိုက်ပြီး ရေချိုး၊ မိလ္လာချခွင့် ( ၃ )ရက် ပိတ်ခံလိုက်ရပါတယ်။ နောက်ဆက်တွဲ တိုက်ပိတ် (၃) ရက်ပါ ပူးတွဲဆုရသွားတဲ့ ပြဿနာပဲဖြစ်ပါတယ်။

အဲဒီလို ဒေါ်အောင်ဆန်းစုကြည် နိုဗယ်လ်ငြိမ်းချမ်းရေးဆု ရရှိတဲ့အတွက် ထောင်ထဲမှာ အဖြစ်အပျက်မျိုးစုံ၊ ခံစားချက် မျိုးစုံဖြစ်နေချိန် ညနေစောင်းမှာ အထူးစစ်ခုံရုံးကနေ အင်းစိန်ထောင်ကို ထောင်ကျအကျဉ်းသား ( ၃ ) ယောက် ပို့လိုက်ပါတယ်။ ကျနော်တို့နေတဲ့ အင်းစိန်ထောင် အဆောင် (၃)ကို ထောင်ကျနိုင်ငံရေးအကျဉ်းသား (၃)ယောက် ရောက်လာတယ်ဆိုလို့ ထောင်ထဲက နိုင်ငံရေးအကျဉ်းသမားတွေရဲ့ အကြည့်တွေအားလုံးဟာ ထောင်မှူးရုံးခန်းရှေ့မှာ ပုံစံထိုင်နေရတဲ့ အကျဉ်းသား (၃) ယောက်ဆီ ရောက်ရှိသွားပါတယ်။ ထောင်ထဲမှာ နိုင်ငံရေးအမှုနဲ့ ထောင်ကျနေတဲ့ သူတွေမှာ လေးစားဂုဏ်ယူဖို့ ကောင်းတဲ့ အကျင့်စရိုက်တစ်ခု ရှိပါတယ်။ အဲဒါကတော့ ၅(ည) အပါအ၀င် ထောင်ထဲကို နိုင်ငံရေးအမှုနဲ့ ရောက်ရှိလာတဲ့ အကျဉ်းသားသစ်တွေကို အရင်ရောက်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေက ကူညီဖေးမကြခြင်းပဲ ဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး အရင်ကတည်းက သိကျွမ်းသည်ဖြစ်စေ၊ မသိကျွမ်းသည်ဖြစ်စေ၊ အမှုတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ အသိစိတ်ကိုယ်စီနဲ့ ကူညီရိုင်းပင်းတတ်တာပဲဖြစ်ပါတယ်။

ထောင်မှူးရုံးခန်းရှေ့မှာ ပုံစံထိုင်နေတဲ့ သူတွေကို သေသေချာချာကြည့်မိမှ သံဃာတော်တွေ ဖြစ်နေတာကို စိတ်ထိခိုက်ဖွယ် တွေ့လိုက်ရပါတယ်။ န၀တက ဆရာတော်တွေကို

“သင်္ကန်းဝတ်တွေ သံဃာအတုအယောင်တွေ”လို့ ယုတ်မာကောက်ကျစ်စွာ စွပ်စွဲထားတာ ဖြစ်ပြီး ဆရာတော်ကြီးတွေကို လူဝတ်လဲထားတာကို ရင်နင့်ဖွယ် တွေ့ရပါတယ်။ ဆရာတော်တွေဟာ သက်တော်အားဖြင့် (၆၀)၀န်းကျင်ခန့် ရှိကြပြီး ကြည်ညိုဖွယ် ကောင်းတဲ့ ဥပဓိရုပ်ပိုင်ရှင်တွေ ဖြစ်ပါတယ်။

ကျနော်ဘုရားတလိုက်မိပါတယ်။

ထောင်မှူးက လိုအပ်တဲ့ ထောင်ကျစာရင်းတွေ သွင်းပြီး ထောင်တွင်းနေထိုင်မှု စည်းကမ်းတွေ ညွှန်ကြားပါတယ်။ အဲဒီအချိန်မှာ စည်းကမ်းထိန်းလို့ခေါ်တဲ့ ထောင်ကျအကျဉ်းသား အရာရှိ သန်းအောင်က ထောင်မှူးလာတဲ့အခါ၊ ထောင်ပိုင်လာတဲ့အခါ ထိုင်ရမယ့် ပုံစံနည်းတွေကို သင်ကြားပါတော့တယ်။ ပြီးတော့မှထောင်ထဲကို လူသစ်ရောက်ရင် မောင်းတဲ့ပုံစံအတိုင်း ဆရာတော်တွေကို ကြိမ်းမောင်းပါတယ်။

“ ခင်ဗျားတို့ ထောင်အပြင်မှာ ဘာကောင်ကြီးပဲ ဖြစ်ဖြစ်၊ ခင်ဗျားတို့ရဲ့ ဂုဏ်ဒြပ်တွေ အားလုံးကို ထောင်ဗူးဝမှာ ချိတ်ထားခဲ့။ ထောင်ထဲမှာ ဘုန်းကြီး၊ သံဃာဆိုတာမရှိဘူး။ နာမည်ခေါ်ရင် လူနာမည်ပဲခေါ်၊ ပြော။ ထမင်းတစ်နပ်စားတာတွေ၊ (၂)နပ်စားတာတွေ မလိုချင်ဘူး။ ရှုပ်ရှုပ်ယှက်ယှက်လုပ်တာ မကြိုက်ဘူး။ ခင်ဗျားတို့ ကတုံးမတုံးရဘူး။ ဒီစည်းကမ်းတွေ မလိုက်နာရင်တော့ ခင်ဗျားတို့ကျောပေါ် တုတ်ရောက်ပြီသာမှတ်၊ သန်းအောင် ဘာလည်းဆိုတာ သိချင်ရင် စမ်းကြည့်စမ်း ”

သံဃာတော်တွေကို ယုတ်ယုတ်မာမာစကားလုံးတွေနဲ့ ဟိန်းဟောက်ပြီး န၀တကပေးတဲ့ အာဏာကို အသုံးချပါတယ်။ ပုံစံထိုင်တာတွေ ပြီးတဲ့အခါမှာ ဆရာတော်တို့ကို ကျနော်တို့ အဆောင်က အိပ်ခန်း(၂)မှာ နေရာချပါတယ်။ ဆရာတော်တွေဟာ ထောင်ထဲမှာ န၀တရဲ့ ယုတ်မာမှုကြောင့် လူဝတ်လဲခံထားရပေမယ့် ရဟန်းတို့စောင့်ထိန်းအပ်တဲ့ ၀ိနည်း၊ သိဏ္ခာတော်တွေကို ဆက်လက်စောင့်ဆည်း ထိန်းသိမ်းကြပါတယ်။ ကျနော်တို့က ဆရာတော်ကြီးတွေကို န၀တက ထောင်ချအရေးယူခဲ့တာနဲ့ ပက်သက်ပြီး မေးမြန်းကြည့်တဲ့အခါမှာ အဖြစ်မှန်ကို သိလိုက်ရပါတယ်။

ဆရာတော် (၃)ပါးအနက် (၂)ပါးက ရန်ကုန်တိုင်း သာကေတမြို့နယ် မဟာဗောဓိ ပရိယတ္တိစာသင်တိုက်က စာချဆရာတော်တွေ ဖြစ်ကြပြီး ကျန်ဆရာတော်တပါးက ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက်က တိုက်အုပ်ဆရာတော် ဦးတိလောကဘိဝံသ ဆရာတော်ဘုရားပဲ ဖြစ်ပါတယ်။ ဆရာတော်တို့ရဲ့ အမှုဖြစ်ပွားခဲ့ပုံအကြောင်းကို ပြောပြရရင် မန္တလေးမြို့ကနေ စတင်ပြီး ပြောရပါလိမ့်မယ်။

၁၉၉၀ပြည့် သြဂုတ်လ(၈) ရက်နေ့မှာ (၈၈၈၈) အထိမ်းအမှတ်နေ့အဖြစ် ဆွမ်းလောင်းပွဲကို မန္တလေးခရိုင် ကျောင်းသားသမဂ္ဂ (အခြေခံပညာ)ကနေ ဦးဆောင်ပြီး (၈၄)လမ်းမပေါ်ရှိ လူထုဦးလှ၊ လူထုဒေါ်အမာတို့ အိမ်ရှေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ သံဃာတော် တွေကို အေးချမ်းဆိတ်ငြိမ်စွာ ဆွမ်းလောင်းနေချိန်မှာ မန္တလေးမြို့က တာဝန်ကျ စစ်သားတွေက ဆွမ်းလောင်းပွဲမှာ လွှင့်ထူထားတဲ့ အနက်ရောင်ခွပ်ဒေါင်းအလံကို (အနက်ရောင်တပ်ဆင်ရခြင်း အဓိပ္ပါယ်က ကျဆုံးသွားတဲ့ရဲဘော်တွေအတွက် ၀မ်းနည်းတဲ့အထိမ်းအမှတ် ဖြစ်ပါတယ်) အတင်းအဓမ္မ ဇွတ်ဖြုတ်ချဖို့ ကြိုးစားကြပါတယ်။ အဲဒီမှာ အခြေခံပညာကျောင်းသား ကိုမိုးကျော်က တားဆီးတာကြောင့် ကိုမိုးကျော်ကို ဖမ်းဆီးလိုက်ပါတယ်။

အဲဒီလို မပြုလုပ်ဖို့အတွက် ဆွမ်းခံထွက်လာတဲ့ သံဃာတော်တွေက တောင်းဆိုလိုက်တဲ့အခါမှာ စစ်သားတွေက သံဃာတော် တွေကို ဆောင့်တွန်းလိုက်ပါတယ်။ စက္ကန့်ပိုင်းအတွင်းမှာပဲ သတိပေးမှု တစ်စုံတစ်ရာမရှိပဲ ပစ်ခတ်လိုက်ပါတယ်။ တစ်ခဏအတွင်းမှာပဲ (၈၄)လမ်းမကြီး တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက် သွားပါတယ်။

လမ်းမထက်ပေါ်မှာ ယမ်းငွေ့တွေကြောင့် သပိတ်တွေ လွင့်ကျ၊ ဆွမ်းတွေပြန့်ကြဲ၊ လဲပြိုနေတဲ့ ရဟန်းတွေ ဒဏ်ရာရသွားတဲ့ အချို့ရဟန်း သံဃာတွေကို အိမ်တွေအချို့က ကူညီပြုစုကြပါတယ်။ ကျောင်းသားတွေက ဆရာတော်အချို့ကို ဆေးရုံကိုခေါ်ဆောင်သွားပါတယ်။ စစ်တပ်ကလည်း ထိခိုက်ဒဏ်ရာ ရရှိသွားတဲ့ သံဃာအချို့ကို စစ်ကားပေါ် တင်ဆောင်သွားပါတယ်။

မကြာမီ မိနစ်ပိုင်းအတွင်းမှာပဲ သွေးစွန်းသွားတ (၈၄)လမ်းမကြီးပေါ်ကို မီးသတ်ကားတွေနဲ့ ဆေးကြောပါတော့တယ်။ အဲဒီဖြစ်ပွားတဲ့ညပဲ မန္တလေးတိုင်းမှူးဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းကြည်က ပြောကြားတဲ့အခါမှာ ရဟန်းသံဃာတော်တစ်ပါးမှ ထိခိုက်ဒဏ်ရာ ဖြစ်မှု မရှိဘူးလို့ ပြောဆိုသွားပါတယ်။ တိကျခိုင်လုံတဲ့ အချက်အလက်တွေ ရရှိနိုင်ဖို့အတွက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်သမဂ္ဂ (ဗကလ)တို့ ပူးပေါင်းပြီး စုံစမ်းမှုအဖွဲ့ကို မန္တလေးမြို့မှာ ဖွဲ့လိုက်ပါတယ်။ ပြီးတော့ မန္တလေး ဘုရားကြီးကျောင်းတိုက်မှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပါတော့တယ်။

အဲဒီမှာ သိရှိရတာကတော့ ထီးလင်းကျောင်းတိုက်က ကိုရင်တစ်ပါး ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားတာကြောင့် မန္တလေးဆေးရုံကြီးကို ပို့လိုက်ရပါတယ်။ သံဃာတော်တွေက စောင့်ရှောက်နေစဉ် အခြေအနေ ဆိုးရွားလာတာကြောင့် စစ်တပ်က စစ်ဆေးရုံမှာ ကုသဖို့ လိုတယ်လို့ပြောပြီး ခေါ်ဆောင်သွားခဲ့သည်မှာ ယနေ့တိုင် ကိုရင်လေးသတင်းမှာ ပျောက်ကွယ်နေပါတယ်။ ကျနော့်ကို မန္တလေးမြို့ လေးပြင်လေးရပ် သံဃာ့သမဂ္ဂီအဖွဲ့ချုပ်က ဆရာတော် ဦးရေ၀တက ပြောပြရာတွင် အဲဒီအရေးအခင်း ဖြစ်ပွားရာတွင် ရဟန်းများ ပျံလွန်တော်မူတာတွေ အများအပြားရှိကြောင်း၊ ဒဏ်ရာရတဲ့ ရဟန်းသံဃာတော်တွေလည်း အများကြီးရှိကြောင်း၊ စစ်တပ်က လူကို သေစေနိုင်တဲ့အထိ ရည်ရွယ်ပစ်ခတ်တာ ဖြစ်ကြောင်း၊ သာဓကအနေနဲ့ ကျည်ဆံထိမှန်ထားတဲ့ သပိတ်၊ သင်္ကန်းနဲ့ သွေးစွန်းနေတဲ့ သင်္ကန်းတွေ ရှိကြောင်း၊ သပိတ်ကို ရဟန်းများက ရင်မှာပိုက်ပြီး ဆွမ်းခံထွက်တာမို့ သပိတ်ကို ကျည်ဆံထိမှန်တာကို ကြည့်ခြင်းအားဖြင့် လူကို ချိန်ရွယ်ပစ်ခတ်တာဟာ ဗုဒ္ဓဘာသာကို စော်ကားတာဖြစ်ကြောင်း ဆရာတော်က ရှင်းပြခဲ့ဖူးပါတယ်။

အဲဒီင်္အမှုအခင်းနဲ့ ပတ်သက်ပြီး တိကျခိုင်မာတဲ့ အချက်အလက်တွေ စုဆောင်းမိချိန်မှာတော့ ပရိတ္တိသာသနာထွန်းကားတဲ့ မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာစာပေ၊ ယဉ်ကျေးမှုအပြည့်ရှိတဲ့ မန္တလေးမြို့မှာ သံဃာတော်တွေ အားလုံးစုရုံးပြီး သံဃာတော်တွေ၊ ရဟန်းတွေကို သတ်ဖြတ်တဲ့၊ အမျိုး၊ ဘာသာ၊ သာသနာကို စော်ကားဖျက်ဆီးတဲ့ စစ်တပ်နဲ့ အပေါင်းအပါတွေကို ဘာသာရေးအရ ဒဏ်ခတ်တဲ့အနေနဲ့ စစ်တပ်နဲ့ပတ်သက်တဲ့ အပေါင်းအပါ၊ ဆွေမျိုးတွေ၊ အသိုင်းအ၀ိုင်းတွေက ကပ်လှူတဲ့ကိစ္စ အမှုအစုစုကို လက်မခံခြင်း၊ သာရေး၊ နာရေး ပင့်ဖိတ်တာတွေကို လက်မခံတော့ခြင်းဖြင့် န၀တကို သပိတ်မှောက်ဖို့ စတင်ပါတော့တယ်။

န၀တနဲ့ ဘာသာရေးအရ ပူးပေါင်းဆောင်ရွက်ခြင်း မပြုလုပ်တော့ပဲ ဘာသာရေးအရ ဒဏ်ခတ် သပိတ်မှောက်တဲ့ “ပတ္တနိကုဇ္ဖန ကံဆောင်ခြင်း”အမှုကို ပြုလုပ်ပါတော့တယ်။ မန္တလေးမြို့ လေးပြင်းလေးရပ် သံဃာ့သမဂ္ဂီအဖွဲ့ချုပ်က ဦးဆောင်ဆင်နွှဲတဲ့ သပိတ်မှောက် ကံဆောင်ခြင်းဟာ ရန်ကုန်မြို့နဲ့ အခြားမြို့ကြီးတွေကို တမုဟုတ်ချင်း ကူးစက်ပျံ့နှံ့ သွားပါတော့တယ်။

မန္တလေးမြို့ကနေ ကူးစက်ပျံ့နှံ့သွားတဲ့ ကံဆောင်သပိတ်ပွဲတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့က ရဟန်းရှင်လူ၊ ပြည်သူလူထုအကြား နာမည်ကြီးတဲ့ ဆရာတော်(၂)ပါးကို န၀တက ဖမ်းဆီးနှိပ်စက်ပါတယ်။ ရန်ကုန်တိုင်းအတွင်း ကံဆောင်သပိတ် ဦးဆောင်ဆင်နွှဲတယ်လို့ န၀တက စွပ်စွဲလိုက်တဲ့ ဆရာတော်(၂)ပါးကတော့ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းမှာ တည်ရှိတဲ့ မဟာဂန္ဓာရုံ ကျောင်းတိုက်က တိပိဋကဓရဘွဲ့ရ တိုက်အုပ်စာချဆရာတော် ဦးသုမင်္ဂလလင်္ကာရနဲ့ နောက်ဆရာတော်တစ်ပါးကတော့ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် က တိုက်အုပ်စာချ ဆရာတော် ဦးတိလောကဘိဝံသ တို့ဖြစ်ပါတယ်။

ဆရာတော် ဦးသုမင်္ဂလာလင်္ကာရနဲ့ ပတ်သက်ပြီး ဦးစွာပထမ တင်ပြလိုပါတယ်။

မြန်မာနိုင်ငံမှာ ပိဋိကတ်သုံးပုံ ရေးဖြေ၊ နှုတ်ဖြေ အာဂုံဆောင်နိုင်တဲ့ ဗုဒ္ဓဘာသာ သံဃာတော်(၅)ပါး ပေါ်ထွန်းခဲ့တဲ့အနက် ဆရာတော် ဦးသုမင်္ဂလာလင်္ကာရဟာ တစ်ပါး အပါအ၀င် ဖြစ်ပါတယ်။ ဆရာတော်ဟာ ပိဋိကတ်(၃)ပုံ အာဂုံဆောင်ဖြေဆိုခြင်းကို မြန်မာသက္ကရာဇ် ၁၃၃၅ခုနှစ်မှာ အောင်မြင်ခဲ့တဲ့ အသက်အငယ်ဆုံး သံဃာတစ်ပါးဖြစ်ပါတယ်။ ဆရာတော်ဟာ စာတတ်၊ ပေတတ် ပညာတတ်တစ်ပါး ဖြစ်ပြီး ဗုဒ္ဓစာပေ သင်ကြားပို့ချမှု၊ စာသင်ကျောင်းတိုက်တွင် အုပ်ချုပ်မှု ကောင်းမွန်ခြင်းတို့ကြောင့် မြန်မာနိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ အကြီးတန်း၊ အငယ်တန်း၊ အလတ်တန်း သံဃာ့စာမေးပွဲတွေမှာ ဆရာတော်ကျောင်းတိုက်က သံဃာအများ ထူးချွန်စွာ အောင်မြင်ကြပြီး ပထမကျော်ကို တစ်တန်းမဟုတ် တစ်တန်းတွင် ရရှိတတ်ပါသေးတယ်။

ဆရာတော်ရဲ့ ဂုဏ်သတင်းကြောင့် မြန်မာပြည်အနှံ့ မသိသူရှားလှပြီး ပြည်သူအများရဲ့ ကြည်ညိုမှုကိုလည်း ရနေတဲ့ ဆရာတော် ဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ ပရိယတ္တစာပေပညာရပ်တွေကို သာသနာတော်ကြီး ပြန့်ပွားစည်ဝေအောင် အားထုတ်ကြိုးပမ်းနေတဲ့ ဆရာတော်ကြီး အား ဘာသာရေးအရ ကံဆောင်သပိတ်မှောက်မှုတွင် ပါဝင်သည်ဆိုကာ ဆရာတော်ကို န၀တမှ ဖမ်းဆီးလိုက်ပါတယ်။ ဆရာတော်ရဲ့ ဆန္ဒမပါပဲ ဆရာတော်ကို အတင်းအဓမ္မ လူဝတ်လဲကာ သင်္ကန်းကို ဆွဲချွတ်ပါတယ်။ လက်မကို လက်ထိပ်ခတ်ပြီး မြန်မာပြည်ရဲ့ မြောက်ပိုင်းစွန်းက ဝေးလံခေါင်သီပြီး လူသူအရောက်အပေါက်နည်းတဲ့ ကချင်ပြည်နယ် မချမ်းဘောသို့ လေယာဉ်ပျံနဲ့ တင်ဆောင်ကာ ဆရာတော်ကို ထောင်ချလိုက်ပါတယ်။

ဆရာတော် ဖမ်းဆီးခံရတဲ့သတင်းကို ကြားသိကြတဲ့ ပရိသတ်တို့က လာရောက်ဖူးမျှော်ကြပြီး ဆရာတော်ကို ဖမ်းဆီးထားတဲ့ကိစ္စအပေါ် မကျေနပ်မှုတွေ ပေါက်ကွဲထွက်လာကြမှာကို န၀တက အကြီးအကျယ် စိုးရိမ်သွားတာကြောင့် ဆရာတော်ကို တရားရုံးမထုတ်ပဲ မျက်ကွယ်ရမန် ယူစေခဲ့ပါတယ်။ ဆရာတော်ကို ရုံးထုတ် တရားရင်ဆိုင်ရမယ်ဆိုပြီး ကြားရတဲ့နေ့တွေမှာ ရန်ကုန်မြို့က ဘားလမ်း (စတီးဝပ်) အချုပ်ခန်းကို လူတွေအများအပြား လာရောက်စောင့်ကြည့်ကြပြီး အဲဒီထဲမှာ န၀တ၊ မဆလ အရာရှိတွေရဲ့ ဆွေမျိုး အသိုင်းအ၀ိုင်းက လူတွေကလည်း ပါဝင်ကြတယ်လို့ သိရပါတယ်။

ဆရာတော်ကို န၀တရဲ့ အထူးစစ်ခုံရုံးမှာ ကံဆောင်သပိတ်မှောက်တာနဲ့ ပတ်သက်ပြီး အတင်းအကျပ် ခြိမ်းခြောက်ဝန်ခံစေပါတယ်။ ဆရာတော်ကို ညှဉ်းပမ်းနှိပ်စက်ပြီး လူဝတ်လဲစေပါတယ်။ ဒီလိုနဲ့ ဆရာတော်ပေါ် ချမှတ်ထားတဲ့ နယ်နှင်ဒဏ်ကို န၀တက ဘယ်လို အသိတရားရရှိသွားလဲ မပြောတတ်ပါ။ (၁)နှစ်ခန့် အကြာမှာ ဆရာတော်ကို ပြန်လွှတ်ပေးလိုက်ပါတယ်။ အဲဒီနောက်ပိုင်း န၀တနဲ့ ဆရာတော်အကြား ဘာဆက်ဆံရေးမှ မရှိတော့ပါ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က ပြန်လည် လွတ်မြောက်လာတဲ့ အခါမှာ ဆရာတော်ကို ဒေါ်စုက သွားရောက် ဖူးမြော် ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ဆရာတော်ဆီကို န၀တအရာရှိတွေ ရောက်လာပြီး ဆရာတော်ရဲ့ ကျောင်းတိုက်ကို တပ်မတော် ကြည်း၊ ရေ၊ လေမိသားစုက နေပြီး ဆန်၊ ဆီ၊ ဆား ဆပ်ကပ် လှုဒါန်းချင်ပါတယ်လို့ လာရောက် လျှောက်ပါတော့တယ်။ ဆရာတော်က ဘုန်းကြီးကျောင်းမှာ ပြည့်စုံပါတယ်။ အခြားလိုအပ်နေတဲ့ ကျောင်းတိုက်တွေကိုသာ သွားရောက်လှုဒါန်းကြပါလို့ ရိုးရိုးသားသား အကြံပြုလိုက်ပါတယ်။ န၀တရဲ့ လှူဒါန်းမှုကို လက်သင့်မခံတာကြောင့် ဆရာတော်ဟာ ခေါင်းမာကြောင်း၊ အခုချိန်ထိ ကံဆောင် သပိတ်မှောက်နေတုန်းပဲဖြစ်ကြောင်း ပြောဆိုပြီး ရုတ်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ မဟုတ်မမှန် ပုတ်ခတ်ပြောဆိုပါတော့တယ်။

ဆရာတော်ကို ရဟန်းအကြား၊ ပြည်သူအကြား မဟုတ်မမှန်သတင်းလွှင့်ပြီး အကြည်ညိုပျက်အောင် သံဃာထုကြား သွေးခွဲသပ်လျှို ပါတယ်။ ပြီးတော့ ဆရာတော်ကို ကျောင်းတိုက်က ဖယ်ရှားဖို့အတွက် သာသနာရေးဦးစီးဌာနကနေ အာဏာစက်သုံးပြီး ခြိမ်းခြောက် ပြန်ပါတယ်။ မကြာခင်မှာ ဆရာတော်ကျောင်းတိုက်ကို န၀တရဲ့ အတွင်းရေးမှူး (၁) ဖြစ်တဲ့ စစ်ထောက်လှမ်းရေး အကြီးအကဲ ဒု-ဗိုလ်ချုပ်ကြီးခင်ညွှန့် ကိုယ်တိုင် အရှက်မရှိ မျက်နှာပြောင်တိုက်ပြီး ရောက်လာပါတယ်။ ဆရာတော်ကို ဦး(၃)ကြိမ်ချ ကန်တော့ပြီး (၃)ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်လှုဒါန်းတာတွေ၊ ဆရာတော်ကျောင်းတိုက်အတွက် ဘက်စုံမွမ်းမံရေး ကော်မတီဖွဲ့ပြီး အလှူငွေ ကောက်ခံကြပါတယ်။

ဒီအကြောင်းတွေကို န၀တပိုင်သတင်းစာ၊ ရုပ်မြင်သံကြားကနေ လွှင့်ထုတ်ပြီး ဘာသာရေး ကိုင်းရှိုင်းသယောင် ဗန်းပြကြော်ငြာကြပါတယ်။ ဒါ့အပြင် သာသနာရေးဝန်ကြီး ဖြစ်နေတဲ့ ဒု-ဗိုလ်ချုပ်ကြီးမျိုးညွှန့်က ပိဋိကတ် ( ၃ ) ပုံ အာဂုံဆောင်နိုင်တဲ့ သံဃာဆိုတာ အင်မတန်မှ ရှားပါးလှပြီး ပေါ်ပေါက်ရန် ခဲယဉ်းတဲ့အတွက်ကြောင့် ဘုရားငယ်တစ်ဆူပါပဲလို့ ဆရာတော်ကို တင်စား ပြောဆိုသွားတယ်လို့ ကြားရ ပါတယ်။ ဒီလိုဆို န၀တဟာ ဘုရားငယ်ကို ထောင်ချပြီး ဖမ်းဆီးနှိပ်စက် အတင်းအဓမ္မ လူဝတ်လဲစေတယ်လို့ပြောရင် န၀တ ငြင်းဦးမှာလားလို့ ကျနော် မေးခွန်း ထုတ်ချင်ပါတယ်။

န၀တဟာ သာသနာတော်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်ဆီးနေတာ ထင်ရှားနေပါတယ်။ မြတ်စွာဘုရားကိုယ်တော် သက်ရှိထင်ရှား ရှိနေရင်တောင် န၀တဆိုတဲ့ ဖက်ဆစ်ဘီလူးတွေဟာ သူ့အကျိုး ထိခိုက်လာမယ်ဆိုရင် ဘုရားကိုတောင် ထောင်သွင်းအကျဉ်းချဦးမှာ သေချာနေပါတယ်။ န၀တဟာ သူတို့အာဏာတည်မြဲရေးအတွက်ဆိုရင် ဘာသာ၊ သာသနာကို ထည့်သွင်းစဉ်းစားမှာ မဟုတ်ဘူးဆိုတာ ဆရာတော်ဦးသုမင်္ဂလာလင်္ကာရအပေါ် ကျူးလွန်ခဲ့တာတွေ ကြည့်ရင် ပြတ်ပြတ်သားသား မြင်နိုင်ပါတယ်။

နောက်ဆရာတော်တပါးဖြစ်တဲ့ ဆရာတော် ဦးတိလောကဘိဝံသနဲ့ ပက်သက်ပြီး တင်ပြပါဦးမယ်။

ဆရာတော်ဟာ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်ကျောင်းမှာ သီတင်းသုံးပြီးရဟန်းများ၊ သီလရှင်များကို စာသင်ကြားပို့ချနေတဲ့ ဆရာတော်တစ်ပါးဖြစ်ပါတယ်။ ဆရာတော်ဟာ အဘိဓမ္မာ ပညာရပ်များမှာ အထူးတတ်ကျွမ်းနားလည်ပြီး စာသင်ကြားတဲ့အခါမှာလည်း ရှင်းလင်းအောင် သင်ကြားနိုင်တဲ့ အရည်အသွေးရှိတဲ့ စာချတိုက်အုပ် ဆရာတော်ကြီးဖြစ်ပါတယ်။

ဆရာတော်ရဲ့ သင်ကြားမှုကောင်းမွန်တာကြောင့် အနယ်နယ်အရပ်ရပ်က သံဃာတော်တွေ အမြဲလို ကြွချီလာတတ်တာကြောင့် ဆရာတော်ရဲ့ ကျောင်းတိုက်မှာ နှစ်စဉ်သံဃာအပါး (၅၀၀) နီးပါး ရှိတတ်ပါတယ်။ ဆရာတော်ကိုယ်တိုင် ရေးသားထုတ်ဝေတဲ့ ဗုဒ္ဓ အဘိဓမ္မာ ကျမ်းစာအုပ်တွေဟာ ရဟန်းသံဃာအများ မရှိမဖြစ် ကိုင်ဆောင်တတ်တဲ့ စာအုပ်တွေအဖြစ် ကျော်ကြားလှပါတယ်။ အဲဒီ စာအုပ်တွေကိုလည်း ဗုဒ္ဓစာပေတွေ ဖြန့်ချီရောင်းချတဲ့ဆိုင်တွေမှာ တွေ့ရတတ်ပါတယ်။

ဆရာတော်ကြီးမှူးတဲ့ အင်းစိန်ပရိယတ္တိစာသင်တိုက်က ရဟန်းတွေလည်း သံဃာ့စာမေးပွဲများမှာ ပထမကျော်အဆင့်အထိ ရရှိတတ်ပါတယ်။ ဘာသာရေးအရ ကံဆောင်သပိတ်မှောက်မှုကို ရန်ကုန်တိုင်းရှိ သံဃာအများအပြားကြား လှုံ့ဆော်ဝါဒဖြန့်တယ်လို့ န၀တက စွပ်စွဲလိုက်ပြီး “ပိဋိကတ်ကို ဖျက်တဲ့ ကြွက်စုတ်” ဆိုတဲ့ကဗျာကို ဆရာတော်က ရေးသားတာ ဖြစ်တယ်လို့ ထပ်မံ စွပ်စွဲပါတယ်။

မန္တလေးမြို့မှာ ဘာသာရေး ကံဆောင်သပိတ်မှောက်မှု အရှိန်မြင့်တက်နေချိန်မှာ ကံဆောင်သပိတ်မှောက်နေတဲ့ ဆရာတော့် ကျောင်းတိုက်ကို သပိတ်လှန်ဖို့ ရည်ရွယ်ချက်နဲ့ အင်းစိန်မြို့နယ် မ၀တဥက္ကဌနဲ့ သာသနာရေးဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးအံ့မောင်တို့ ရောက်ရှိလာပါတယ်။ ပြီးတော့ ကျောင်းတိုက်ရဲ့ ၀င်ပေါက်မှန်သမျှကို စစ်တပ်နဲ့ ပိတ်ဆို့လိုက်ပြီး ရဟန်းသံဃာအားလုံး တစ်ပါးမှ ဆွမ်းခံမထွက်ကြရန်နဲ့ အ၀င်အထွက် လုံးဝမလုပ်ကြဖို့ တားမြစ်လိုက်ပါတယ်။ အဲဒီလိုလုပ်ပြီးတော့ အင်းစိန်မ၀တနဲ့ သာသနာရေး ဦးစီးဌာနကနေ ဆွမ်းကပ်ပါတယ်။ ဆရာတော်က ဘာမှ တုန့်ပြန်ပြောဆိုခြင်းမရှိပဲ နေလိုက်ပြီး ဆွမ်းစားချိန်ရောက်တဲ့အခါမှာ တုန်းမောင်း ခေါက်လိုက်ပါတယ်။

စာသင်သား သံဃာတွေဟာ ဆွမ်းစားဆောင်အတွင်း တန်းစီကြွလာကြပါတယ်။ ဆရာတော်က သံဃာအများကို ဒီကနေ့ ဆွမ်းအလှူရှင်ကတော့ အင်းစိန်မြို့နယ် မ၀တ ဥက္ကဌနဲ့ သာသနာရေးဦးစီးဌာနတို့က ဆပ်ကပ်လှူဒါန်းတာ ဖြစ်ကြောင်း၊ ရဟန်းတို့အနေနဲ့ ဆွမ်းအလှူရှင်များကို မေတ္တာပို့ စားသုံးနိုင်ကြောင်း မြွက်ကြားပါတယ်။ အဲဒီအခါမှာ ဆွမ်းစားဆောင်အတွင်း ရောက်ရှိလာကြတဲ့ သံဃာအပါး (၅၀၀) ခန့်ဟာ ဆွမ်းဘုဉ်းမပေးတော့ပဲ နေရာကနေ တစ်ပါးမကျန် ပြန်လည် ထွက်ခွာသွားကြပါတော့တယ်။

အင်းစိန် မ၀တဥက္ကဌဟာ အကြီးအကျယ် အရှက်ရပြီး သံဃာအပေါ် အမျက်ထွက်သွားပါတယ်။ ဆရာတော်က အင်းစိန် မ၀တ ဥက္ကဌနဲ့ ဦးအံ့မောင်တို့ကို ဘုန်းကြီးအနေနဲ့ သံဃာတွေအပေါ် လှုံ့ဆော်စည်းရုံးမှုမရှိကြောင်း၊ သံဃာတော်အများရဲ့ ဆန္ဒကို မြတ်စွာဘုရား တောင်မှ မလွန်ဆန်နိုင်ကြောင်း ရှင်းပြပြောဆိုပါတယ်။ ဒါပေမယ့် အရှက်တရားနဲ့ ဒေါသ၊ မောဟမီးတွေ တောက်လောင်နေသူတွေက ဒီဘာသာရေး သပိတ်ကို မလှန်ရင် ဖြစ်လာမယ့် နောက်ဆက်တွဲ အကျိုးဆက်တွေကို လုံးဝတာဝန်မယူကြောင်း ပြောဆိုပြီး ထွက်သွား ပါတယ်။ ကျောင်းတိုက် တံခါးတွေကိုလည်း (၁၂) နာရီကျော်မှ ပြန်လည်ဖွင့်ပေးပါတယ်။ သံဃာတော်တွေ ဆွမ်းငတ်ခဲ့ပါတယ်။ မကြာမီပါပဲ ဆရာတော်ကို လာရောက် ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

န၀တ စစ်ထောက်လှမ်းရေးတွေနဲ့ ရဲတွေ ပူးပေါင်းပြီး ဆရာတော်ကို နှိပ်စက်ညှဉ်းပမ်းမှုတွေ ပြုလုပ်ပါတော့တယ်။ စားပွဲတစ်လုံးပေါ်မှာ တုတ်တစ်ချောင်းနဲ့ ပုဆိုးတစ်ထည်တင်ထားပြီး “ကြိုက်တာရွေးစမ်း။ အသားမနာချင်ရင် ပုဆိုးဝတ်လိုက်။ ခင်ဗျားဟာ အခုအချိန်ကစပြီး လူဖြစ်သွားပြီ။ ခင်ဗျားတို့က သင်္ကန်းဝတ်တွေ၊ သံဃာအတုအယောင်တွေ”ဆိုပြီး ဆရာတော်ကို စွပ်စွဲပြီး “ခင်ဗျားစစ်ခုံရုံးမှာ ၀န်ခံရင် နှစ်နည်းမယ်။ ၀န်မခံရင် နှစ်လည်းများမယ်၊ အရိုက်လည်း ခံရမယ်။ အသက်ကြီးမှ အရိုက်မခံချင်စမ်းပါနဲ့။ အသက်ကြီးမှ မိုက်ကြတာကိုး ကြီးမိုက်တွေရဲ့ ”

ရုတ်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ ဆရာတော်ကို စော်ကားပါတယ်။ ဆရာတော်မှာ စစ်ခုံရုံးမှာ တစ်လုံးတစ်ပါဒမှ ပြန်လည်ချေပ ပြောဆိုခွင့်မရပဲ ရန်ကုန်တိုင်းအတွင်း ကံဆောင် သပိတ်မှောက်မှု ဖြစ်အောင် လှုံ့ဆော်မှုဖြင့် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ( ၁၅ )နှစ် ရင့်ရင့်သီးသီး အမိန့်ချလိုက်ပါတော့တယ်။ န၀တစစ်ဘီလူးတွေက သံဃာတော်တွေကို ဖမ်းဆီး၊ အတင်းအဓမ္မ လူဝတ်လဲစေပြီး သိက္ခာချ ပေမယ့်လည်း ရဟန်းတို့အနေနဲ့ စိတ်အတွင်းမှ သိက္ခာချခြင်း၊ လူအဖြစ် အသိအမှတ်မပြုပါက ရဟန်းအရာ မြောက်ဆဲပဲဖြစ်ပြီး ဆရာတော်ကြီးတွေ အားလုံး ထောင်အတွင်းမှာလည်း ရဟန်းတို့ရဲ့ သိက္ခာပုဒ်၊ ၀ိနည်းတွေ စောင့်ထိန်းကြပါတယ်။

ဆရာတော်ကို ဖမ်းဆီးထောင်ချအပြီးမှာ ၁၉၉၀ နှစ်မှာ ဆရာတော်ကျောင်းတိုက်က သံဃာတစ်ပါးက သံဃာ့စာမေးပွဲမှာ ပထမကျော် ရရှိခဲ့ပေမယ့် ကံဆောင်သပိတ်မှောက်မှုထဲပါဝင်တဲ့ ကျောင်းတိုက်ဖြစ်တာကြောင့် ဆုကိုမပေးပဲ ထားခဲ့ပြန်ပါတယ်။ ဆရာတော်ဟာ အဖမ်းမခံရခင် အချိန်အထိ ကမ္ဘာအေး သာသနာ့တက္ကသိုလ်မှာ အဘိဓမ္မာ ပါမောက္ခချုပ်နဲ့ နိုင်ငံတော် သံဃာ့ဝန်ဆောင်အဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။ ဆရာတော်ကို အင်းစိန်ထောင်အတွင်း (၁)နှစ်နီးနီး ဖမ်းဆီးပြီးအကြာမှာ ဆရာတော်ကို ခံဝန်ချက်တောင် မထိုးခိုင်းတော့ပဲ ချက်ချင်း ပြန်လွှတ်ပေးလိုက်ပါတယ်။ ဆရာတော်ဟာ ထောင်က ပြန်လည်လွတ်မြောက်လာပြီး ယခင်လုပ်ဆောင်နေကြ သာသနာ့ တာဝန်တွေကို ဆက်လက်ထမ်းဆောင်ပါတယ်။ ထောင်ကလွတ်မြောက်လာပြီး (၁)နှစ်နီးနီးအချိန်အထိ န၀တရဲ့ အထောက်အပံ့ကို လုံးဝမယူပဲ ကျောင်းတိုက်ရှိ သံဃာအပါး (၅၀၀) ကျော်၏ နေထိုင်ရေး၊ စာသင်ကြားရေးတို့ကို ဦးဆောင် လုပ်ကိုင်ခဲ့တယ်။

၁၉၉၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတဲ့ အချိန်မှာ ဆရာတော်အကြောင်းကို ကြားသိတာနဲ့ ဒေါ်စုနဲ့အတူ အင်းစိန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ခံ ဗိုလ်ကြီးဝင်းထိန် (အငြိမ်းစား)၊ သခင်ဦးအုန်းမြင့်တို့ လိုက်ပါပြီး ဆရာတော်ကို သွားရောက် ဖူးမြော်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ ဆရာတော်ကို ဖူးမြော်ပြီး ပြန်လည်ထွက်ခွာသွားပြီး နောက်တစ်နေ့မှာပဲ သာသနာရေးဝန်ကြီးဌာနက ဒု-၀န်ကြီးက ဆရာတော်ကျောင်းကို ရောက်လာပါတယ်။ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်ကို တပ်မတော် ကြည်း၊ ရေ၊ လေ၊ ဆန်၊ ဆီ၊ ဆား ပေးအပ်လှူဒါန်းမည့်ပွဲကို အကျဉ်းဦးစီးဌာနအား အမိန့်နဲ့ဖယ်ရှားပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းလို့ခေါ်တဲ့ ကြံ့ဖွတ်အသင်းဌာနချုပ်ကနေ အဓမ္မ၀င်ရောက် လှူဒါန်းတာတွေ ပြုလုပ်ပါတယ်။

နောက်တော့ န၀တ အတွင်းရေးမှူး (၂) ရောက်ရှိလာပြီး ဆရာတော်ကို ကန်တော့ပါတယ်။ န၀တ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်ကြိုင်ကြိုင်တို့က (၃) ထပ်တိုက် ကျောင်းဆောင်သစ်ကြီး ဆောက်လုပ်လှူဒါန်းဖို့အတွက် ရေစက်ချပွဲတွေလုပ်ပြီး သူတို့မှားလေသမျှ အတွက် ဒေ၀ဒတ်တို့ တောင်းပန်ကြလေသလားဆိုတာ ကာယကံရှင်တွေ ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ နိုင်ငံအာဏာကို သိမ်းယူပြီး ကတည်းက ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာတွေကို ကာယကံ၊ ၀စီကံ၊ မနောကံ နဲ့ လက်ရောက်စော်ကားမှုတွေအတွက် ပျားရည်နဲ့ ၀မ်းချပွဲတွေလုပ်ပြီး သာသနာ့ ဒကာတော်တွေအဖြစ် ဖန်တီးနေကြပါတော့တယ်။

၁၉၉၈ ခုနှစ် လွတ်လပ်ရေးနေ့မှာ န၀တက သူတို့ကိုယ်တိုင် လွန်ခဲ့တဲ့ နှစ်ပိုင်းလေးအတွင်းကမှ သင်္ကန်းချွတ်၊ လူဝတ်လဲစေပြီး သင်္ကန်းဝတ်တွေ၊ ရဟန်းတု၊ ရဟန်းယောင်တွေလို့ မကြားဝံ့ မနာသာ ပုတ်ခတ်စော်ကားခဲ့ပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၅)ချမှတ်ခဲ့တဲ့ ဆရာတော် ဦးတိလောကဘိဝံသကို သာသနာရေးမှာ ဒုတိယအဆင့်ရှိ “အဂ္ဂမဟာပဏ္ဍိတ” ဘွဲ့ကို ဆပ်ကပ်လိုက်ပြန်ပါတယ်။ န၀တရဲ့ ဘာသာရေးမျက်လှည့်ပြပွဲကို ကျနော်အနေနဲ့ ဘယ်လိုမှ နားမလည်တတ်အောင် ဖြစ်မိပါတယ်။

န၀တ စစ်ဗိုလ်ချုပ်ကြီးစောမောင် (ကွယ်လွန်) ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းရှိပါတယ်။ “ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ထားတဲ့အတိုင်း ကံ၊ ကံ၏ အကျိုးကို တပည့်တော်ယုံကြည်ပါတယ်” တဲ့။

သာသနာကို ဖျက်ဆီး၊ ဘုရားသာသနာရဟန်းများကို ညှဉ်းပမ်းနှိပ်စက် သတ်ဖြတ်၊ သင်္ကန်းဝတ်တွေလို့ ရင့်ရင့်သီးသီးပုတ်ခတ်ခဲ့တဲ့ န၀တတို့ သူတို့လုပ်ခဲ့တဲ့အလုပ် (ကံ) နဲ့ ပတ်သက်ပြီး တစ်ချိန်ချိန်မှာ သူတို့ခံစားကြရမှာ သေချာပါတယ်။

၁၉၈၉၊ ၁၉၉၀ နှစ်ဝန်းကျင်တုန်းကလည်း အင်္ဂလန်နိုင်ငံမှာ နေထိုင်တဲ့ ဆရာတော် ဒေါက်တာဦးရေ၀တက န၀တအစိုးရဟာ မင်းကျင့်တရား (၁၀) ပါးနဲ့ မကိုက်ညီတဲ့ အစိုးရဖြစ်ကြောင်း အမျိုး၊ ဘာသာ၊ သာသနာကို သေးသိမ်ညှိုးငယ်အောင် ပြုလုပ်နေပါတယ်လို့ ဘီဘီစီ၊ ဗွီအိုအေ သတင်းဌာနတွေနဲ့ တွေ့ဆုံပြောကြားခဲ့ပါတယ်။ အဲဒါကို န၀တက သူတို့ပိုင် သတင်းစာတွေကနေ ဆရာတော်အား စော်ကားသည့် အသုံးအနှုန်းတွေနဲ့ ပုတ်ခတ် စော်ကားပါတော့တယ်။

ဆရာတော်ဟာ အင်္ဂလန်နိုင်ငံမှာ ဆွမ်းကိစ္စ အခက်အခဲဖြစ်လို့ ဘီဘီစီ၊ ဗွီအိုအေတို့နဲ့ တွေ့ဆုံပြီး ဆွမ်း၊ ကွမ်း ဖန်တီးနေတာဖြစ်တယ်၊ ဆရာတော်ရဲ့ ဒေါက်တာဘွဲ့ ဆိုတာကလည်း ဆေးကုလို့ရမယ် မထင်ပါနဲ့လို့ အမနာပ စွပ်စွဲပြောဆိုပါတယ်။

ဒီကိစ္စတွေကို န၀တအနေနဲ့ လိမ်လည် ဖုံးကွယ်ထားလို့ မရပါဘူး။ အဲဒီနှစ်ပိုင်းက သတင်းစာတွေထဲမှာ ရေးသားထားတာတွေဟာ န၀တ ကိုယ်တိုင် ကျူးလွန်ထားတဲ့ သာသနာရေး စော်ကားမှုတွေဖြစ်ပြီး သမိုင်းစာမျက်နှာစာမှာ အရုပ်ဆိုးစွာ တင်ကျန်ခဲ့မယ့် အရာတွေ ဖြစ်ပါတယ်။

နောက်မကြာခင် ၁၉၉၄-၁၉၉၅ခုနှစ်ထဲမှာ ဆရာတော် ဒေါက်တာဦးရေ၀တကို သူတို့တွေ စော်ကားချင်တိုင်း စော်ကားလို့ အားရတော့မှ န၀တ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ်တိုင် အင်္ဂလန်နိုင်ငံမှာ တည်ထားမယ့် စေတီတော်အတွက် လိုအပ်တာ မှန်သမျှ ကူညီဆောင်ရွက် ပေးပါ့မယ်လို့ ပြောကြားလိုက်ပါတယ်။

ဘာသာရေးသပိတ် ဆင်နွဲမှုကြောင့် မြန်မာပြည် အနှံ့အပြား ထင်ရှားကျော်ကြားတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေကို အဓမ္မ ဖမ်းဆီးနေတဲ့ အထဲမှာ ရန်ကုန် ရန်ကင်းမြို့နယ်မှာရှိတဲ့ မေဒေးနီ ကျောင်းတိုက်က တိုက်အုပ်ဆရာတော်ကြီး တစ်ပါးလည်း ပါဝင်ပါတယ်။ အဲဒီဆရာတော်ကြီးကို ၁၉၉၁ခုနှစ်မှာ ရန်ကုန်အင်းစိန်ထောင်မှာ လူဝတ်လဲပြီး ထောင်ချခဲ့ပါတယ်။ ဆရာတော်ကြီးလည်း အဆောင်(၅) မှာ နေထိုင်ပြီး ထောင်ဒဏ်နှစ်ရှည်ကို ရင်ဆိုင်ခဲ့ရပါတယ်။

ဆရာတော်ကြီး ထောင်မှ မလွတ်မြောက်ခင်မှာ ဆရာတော်သီတင်းသုံးတဲ့ ကျောင်းတိုက်က ဒုတိယကျောင်းထိုင်ကို န၀တက သွေးခွဲစကားတွေ ပြောပြီး တိုက်အုပ်နေရာကို သိမ်းယူဖို့ သွေးထိုးပေးပါတယ်။ ဆရာတော် ထောင်က လွတ်မြောက်လာတဲ့အခါမှာ ကျောင်းတိုက်မှာ တိုက်အုပ်ဆရာတော်အသစ် ရွေးချယ်တင်မြှောက်ထားပြီး ဖြစ်တာကြောင့် ဒီကျောင်းတိုက်နဲ့ မသက်ဆိုင်တော့ကြောင်း ပြောကာ ဆရာတော်ကို ကျောင်းတိုက်မှာ နေထိုင်သီတင်းသုံးခွင့် မရအောင် န၀တအရာရှိတွေက ကြိုးစားကြပါတယ်။ ဒု-တိုက်အုပ်ဆရာတော်ကိုလည်း ပြတ်သားစွာ လုပ်ကိုင်ဆောင်ရွက်ဖို့နဲ့ လိုအပ်ပါက သာသနာရေးဦးစီးဌာနက အာဏာစက် အသုံးပြု ပေးမယ်ဆိုပြီး သံဃာထုအကြား သွေးခွဲဆောင်ရွက်ခဲ့ပါတယ်။

န၀တဟာ ဗုဒ္ဓဘာသာ တစ်ခုတည်းကိုပဲ ချိုးဖောက်စော်ကားတာတင် မဟုတ်သေးပါဘူး။ အခြားဘာသာတွေကိုလည်း ဖိနှိပ်ချေမှုန်း နေပါသေးတယ်။ ကျနော် အင်းစိန်ထောင်မှာ ရှိနေစဉ် ၁၉၉၁ ခုနှစ်တွင်းမှာ မြစ်ဝကျွန်းပေါ်မှာ တိုက်ပွဲတွေအများအပြား ဖြစ်ခဲ့ပြီး ကရင်လူမျိုး အများအပြားကို နိုင်ငံတော်ပုန်ကန်မှုဆိုပြီး ထောင်ဒဏ် (၂၅)နှစ် အသီးသီးချမှတ်ခဲ့ပါတယ်။ န၀တက ဘိုကလေးမြို့ ပစ်ခတ်မှုတွေမှာ ကြိုတင်စီမံချက်တွေဟာ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေက ခေါင်းဆောင် စည်းဝေးခဲ့ကြတယ်လို့ သတ်မှတ် ကြပါတယ်။ အဲဒီလိုသတ်မှတ်ပြီးနောက် ဘိုကလေးမြို့နယ်အတွင်း ခရစ်ယာန်ဘာသာဝင်တွေ၊ အသင်းအုပ်ဆရာတွေကို ဖမ်းဆီး ထောင်ချခဲ့ပါတယ်။

ခရစ်ယာန်အသင်းအုပ်ဆရာတွေဟာ ထောင်ကျပြီး အင်းစိန်ထောင်က ကျနော်တို့ရှိနေတဲ့ အမှတ် (၃) အိပ်ဆောင်ကို ရောက်လာပါတယ်။ သူတို့ကို မေးမြန်းကြည့်တော့ ဘာဆိုဘာမှ မသိရပဲ န၀တစစ်တပ်က မဲမဲမြင်သမျှ အကုန်ဖမ်းဆီးပြီး ထောင်ချနေတာ ဖြစ်တယ်လို့ ကရင်လူမျိုး အသင်းအုပ်ဆရာတစ်ဦးက ပြောပြပါတယ်။ ထောင်ထဲရောက်တဲ့အထိ ရဲစခန်းနဲ့ စစ်ကြောရေးစခန်းတွေက တုတ်နဲ့ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေ၊ စစ်ဖိနပ်နဲ့ ကန်ကြောက်ထားတဲ့ ဒဏ်ရာတွေ မပျောက်သေးတာကို တွေ့ရပါတယ်။ ခရစ်ယာန် သင်းအုပ်ဆရာတွေဟာ သူတို့ကို ထောင်ဒဏ် ချမှတ်ပြီးသည့်တိုင် ကြောက်ရွံ့မှုတွေ မပျောက်ကွယ်သေးပဲ ရှိနေပြီး စကားတစ်ခွန်းမှ ပြန်မပြောနိုင်အောင် ညှဉ်းပမ်းနှိပ်စက် ခံခဲ့ရပါသေးတယ်။

ကျနော် အခု တင်ပြထားတဲ့ အချက်တွေဟာ ၁၉၉၁ ခုနှစ်က ရန်ကုန်အင်းစိန်အကျဉ်းထောင် အမှတ် (၃) အိပ်ဆောင် အတွင်း ကြုံတွေ့ ခဲ့ရတဲ့ အဖြစ်အပျက်တွေကို တင်ပြထားတာတွေ ဖြစ်ပါတယ်။ ကျနော့်ကို ဒီဖြစ်ရပ်တွေ ပြောပြခဲ့တဲ့ ဆရာတော်ကြီးများ၊ တင်ပြခဲ့တဲ့ အကြောင်းအရာတွေထဲမှာ ပါဝင်ခဲ့တဲ့ ဆရာတော်ကြီးများဟာ အခုတိုင် ရန်ကုန်မြို့မှာ သက်တော်ထင်ရှား ရှိနေကြဆဲ ဖြစ်ပါတယ်။ ဒီလို သာသနာကို ချိုးဖောက်စော်ကားတဲ့ န၀တဟာ ဒီပြစ်မှုတွေကို လိမ်လည်ဖုံးကွယ်ထားသလို၊ နောက်ထပ် သံဃာတော်တွေကို နှိပ်စက်ညှဉ်းပမ်းမှုတွေ ရှိနေသေးတယ်ဆိုတာ အများပြည်သူ သိအောင် ကျနော့်အနေနဲ့ တင်ပြခြင်းဖြစ်ပါတယ်။ ဒီဖြစ်ရပ်တွေကို မသိယောင်ပြုပြီး - - -

"NLD နဲ့ အခြားနိုင်ငံရေး ပါတီတွေက ဘာသာရေးကို ခုတုံးလုပ်ပြီး တိုင်းပြည်စည်းလုံးမှုကို ပြိုကွဲပျက်ဆီးအောင် လုပ်နေပါတယ်”

"NLD အဖွဲ့ဝင်တွေဟာ ကတုံးတုံး၊ သင်္ကန်းဝတ်ပြီး သံဃာထုတွေကြားထဲ သွေးခွဲသပ်လျှိုမှုတွေ ပြုလုပ်နေပါတယ်”

“အမျိုး၊ ဘာသာ၊ သာသနာကို မသမာသူ လူတွေက သေးသိမ်အောင် လုပ်နေပါတယ်” လို့

တရားခံ ဘယ်သူတွေမှန်း မသိအောင် န၀တက မျက်လှည့်ပြတတ်ပါတယ်။ အမှန်ကတော့ န၀တဟာ သူတို့ကျူးလွန်ထားတဲ့ ပြစ်မှုတွေ အတွက် သွေးရူးသွေးတမ်း ကြောက်လန့်တကြား ဖုံးကွယ်ဖို့ ကြိုးစားရင်း သူတို့ရဲ့ လက်ကိုင်တုတ် စစ်တပ်ကို ဖက်ဆစ်စနစ်ဆိုး ရောင်တော်ပြန် လွှတ်ဖို့ ဆောင်ရွက်နေပါတော့တယ်။

အမျိုး၊ ဘာသာ၊ သာသနာ ထွန်းလင်းတောက်ပစေဖို့ ရည်ရွယ်ရင်း တင်ပြလိုက်ပါတယ်။

Read More...

ဆရာတော် ဦးရေ၀တ


(ဤအကြောင်းအရာများကို ကိုနေလင်း (အ.က.သ) ရေးသားပြုစုထားသော လူရှင်သင်္ချိုင်းများအကြောင်း စာစုမှ ကောက်နှုတ် တင်ပြထားခြင်း ဖြစ်ပါတယ်။ ခွင့်ပြုချက် မတောင်းခံနိုင်ခြင်းအတွက် ကိုနေလင်းမှ နားလည်ခွင့်ပြုနိုင်လိမ့်မည်ဟု ယုံကြည် မျှော်လင့်ပါသည်။ အမျိုးဘာသာ၊ သာသနာအတွက် ရဟန်းသံဃာများမှ ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ခြင်း၊ တာဝန် ရဲရဲယူ၍ ဗုဒ္ဓသာသနာအတွက် တထောင့်တနေရာ တခန်းတကဏ္ဍမှ သာသနာ့ဝန် ထမ်းဆောင်ကြခြင်းများကို ပြည်သူအများ ကွက်ကွက် ကွင်းကွင်း ရှုမြင်သုံးသပ်နိုင်၍ သာဓုခေါ်ဆိုနိုင်စိမ့်သောငှာ ရည်ရွယ်ရင်းဖြစ်သည်။)

ဆရာတော်ဦးရေ၀တကို ကျနော် စပြီး ဖူးတွေ့ရတုန်းက ၁၉၉၀ ပြည့်နှစ်နှစ်ဆန်းပိုင်းမှာ ဖြစ်ပါတယ်။

မန္တလေးမြို့က ကျောင်းသား/ကျောင်းသူတွေနဲ့ ပုဇွန်တောင် ရေကျော်ရပ်မှာ စပြီးဖူးတွေ့ရတာ ဖြစ်ပါတယ်။ ဆရာတော်ဟာ အသားညိုပြီး ပိန်ပိန်သွယ်သွယ် သဏ္ဍာန်ရှိပါတယ်။ စကားပြောဆိုတဲ့ အခါမှာလည်း အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ပြောဆိုတတ်ပါတယ်။ ကျနော် ၁၉၈၉ ခုနှစ်က မန္တလေးမြို့ကို အကြိမ်ကြိမ်ရောက်ဖူးပါတယ်။

အဲဒီအချိန်ကာလတွေမှာ မစိုးရိမ်တိုက်က ဆရာတော် ဦးက၀ိန္ဒကို မတ်လ (၁၃)ရက် မြန်မာပြည် လူ့အခွင့်အရေးနေ့ သံဃာဆွမ်းကပ်ပွဲ၊ မန္တလေးတက္ကသိုလ် အခမ်းအနား၊ ၁၉၈၉ ခုနှစ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ညီလာခံကျင်းပတဲ့ အချိန်တွေမှာ ဖူးတွေ့ခဲ့ရပေမယ့် ဆရာတော် ဦးရေ၀တကို မသိ၊ မမြင်ဖူးခဲ့ပါ။

ဆရာတော်ဦးက၀ိန္ဒ ဖမ်းဆီးခံရပြီး ထောင်ကျနေချိန် (၈၈၈၈) လှုပ်ရှားမှုကာလတွေမှာ မန္တလေးမြို့ အိမ်တော်ရာစစ်ကြောင်းကို ဦးဆောင်ခဲ့တဲ့ ဆရာတော်ဦးရေ၀တဟာ မန္တလေးမြို့က လေးပြင်လေးရပ်မှာရှိတဲ့ ပရိယတ္တိစာပေကို လေ့လာဆည်းပူးနေကြတဲ့ သံဃာတော်တွေကို စုစည်းပါတယ်။ ပြီးတော့ အမျိုး၊ ဘာသာ၊ သာသနာအတွက် မန္တလေးမြို့ လေးပြင်လေးရပ် သံဃာ့သမဂ္ဂီအဖွဲ့ကြီးကို တည်ထောင်ပါတော့တယ်။


ဆရာတော်ဟာ အဲဒီသံဃာ့အဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ်ထဲက ရက်တစ်ရက်မှာ ဆရာတော်ဟာ သူ့ရဲ့ဇာတိချက်မြှုပ် မွေးရပ်မြေဖြစ်တဲ့ တွံတေးဘက်က ကျေးရွာလေး တစ်ခုကိုလာဖို့ ကျနော့်ကို ဖိတ်ခေါ်ပါတယ်။ ဒါနဲ့ ကျနော်လည်း ပဲခူးက ကျောင်းသူတစ်ဦးဖြစ်တဲ့ လုပ်ဖော်ကိုင်ဖက် တစ်ဦးနဲ့ ဆရာတော်ဆီကို သွားရောက်ခဲ့ပါတယ်။ ပန်းဆိုးတန်း ဆိပ်ကမ်းကနေ ဒလ ဖက်ကမ်းကို သမ္မာန်နဲ့ကူးပြီး အဲဒီကမှတစ်ဆင့် တွံတေးဘက်ကို (၄၅) မိနစ်လောက် ကားစီးရပါတယ်။ ကားဂိတ်ဆုံးတော့ တွံတေး တူးမြောင်းကို ကူးတို့နဲ့ဖြတ်ပြီး တစ်ဖက်ကမ်းကို ထပ်ကူးရပါတယ်။

တစ်ဖက်ကမ်းရောက်တော့ ကမ်းနားကနေ လယ်ကွင်းတွေကို မိနစ် (၂၀)လောက် ဖြတ်လျှောက်သွားတဲ့အခါမှာ ရွာသုံးရွာ၊ လေးရွာလောက် တန်းစီ တည်ရှိနေတာကို တွေ့ရပါတယ်။ အဲဒီရွာတွေရဲ့အလယ်မှာ ဆရာတော် သီတင်းသုံးနေတာမို့ ရွာရဲ့ အလယ်ပိုင်းနေရာကို ရောက်သွားပါတယ်။ ကျနော်တို့ ဖြတ်လာတဲ့ရွာတွေမှာ အလှူမဏ္ဍပ်ကြီးတွေ ဆောက်နေတာကို တွေ့ခဲ့ရပါတယ်။ ဆရာတော်ကို မေးလျှောက်ကြည့်တော့ နောက်တစ်နေ့မှာ ဆရာတော်ရဲ့ မွေးသမိခင်ကိုယ်တိုင်က သိက္ခာထပ်ပွဲကို ရွာအလယ်ပိုင်းမှာ ပြုလုပ်မှာ ဖြစ်တယ်လို့ ရှင်းပြပါတယ်။

အဲဒီရွာတွေမှာ နေထိုင်ကြတဲ့ သူတွေအားလုံးဟာ ဆရာတော်ရဲ့ ဇာတိမြေဖြစ်တာနဲ့အညီ ဆရာတော်အပေါ် ရိုသေကိုင်းရှိုင်းကြတာကို တွေ့မြင်ရပြန်ပါတယ်။ ဆရာတော်ဟာ သူ့ရဲ့မွေးနေ့ပွဲနဲ့ သိက္ခာထပ်ပွဲကို မိဘဆွေမျိုးတွေအလယ်မှာ (၇) ရက် (၇) လီ ကျင်းပ ပြုလုပ်မှာဖြစ်ပြီး ကျနော်တို့ကို အစအဆုံး နေစေချင်ပါတယ်။ ဒါပေမယ့် ကျနော်မှာ အခြားအကြောင်းကိစ္စတွေ ရှိသေးတာကြောင့် ဆရာတော်ကို တောင်းပန်လျှောက်ထားပြီး ရန်ကုန်မြို့ကို နေ့ချင်းပြန်ခဲ့ပါတယ်။

မန္တလေးမြို့ လေးပြင်လေးရပ် သံဃာ့သမဂ္ဂီအဖွဲ့ကြီး ဖွဲ့စည်းပြီး သိပ်မကြာခင်မှာပဲ သာသနာရေး ဆောင်ရွက်မှုတွေကို သံဃာထုကိုယ်စား ဆရာတော် ဦးရေ၀တက ဦးဆောင်ပြီး သံဃာတော်တွေနဲ့အတူ ပြုလုပ်ဆောင်ရွက်ပါတယ်။ န၀တဟာ သာသနာရေး ကိစ္စတွေမှာ ၀င်ရောက် စွက်ဖက်၍ သံဃာထုအတွင်း သွေးခွဲသပ်လျှိုမှုတွေနဲ့ အဆက်မပြတ် ပြုလုပ်လာရာမှာ နိုင်ငံတော်သံဃာ့ခေါင်းဆောင် ရွေးချယ်ပွဲတွေအထိ လုပ်ဆောင်လာပါတယ်။

သံဃာထုရဲ့ အမြင့်ဆုံး ထိပ်ပိုင်းဖြစ်တဲ့ သံဃာ့မဟာနာယက အဖွဲ့ဝင်တွေကို သူတို့စိတ်ကြိုက် ဆရာတော်ကြီးတွေနဲ့ ဖွဲ့စည်းပြီး တွဲဖက် အကျိုးတော်ဆောင် ဆရာတော်အဖြစ် ဆရာတော် ဘဒ္ဒန္တ ၀ံကာသီရိကို ချီးမြှင့်မြောက်စားလိုက်ပါတယ်။ ပြီးတော့ စစ်အစိုးရ အလိုကျ ရပ်ကွက်၊ မြို့နယ်၊ တိုင်း အဆင့်ဆင့် သံဃာအဖွဲ့တွေကို နိုင်ငံတော် သံဃာ့မဟာနာယကတွေရဲ့ အမိန့်နဲ့ န၀တက သူတို့ အဆင်သင့်ပြုစုပြီးတဲ့ သံဃာ့အမည်တွေနဲ့ ဖွဲ့ခိုင်းပါတယ်။ ဒီလို သံဃာထုအကြား သွေးခွဲမှုတွေ ပြုလုပ်လာတာကို ရန်ကုန်မြို့က သံဃာတော်တွေက မကျေမနပ်နဲ့ ဖွဲ့စည်းခဲ့ကြပေမယ့် မန္တလေးက ရပ်ကွက်၊ မြို့နယ်၊ တိုင်းအဆင့် သံဃာ့အဖွဲ့တွေ မဖွဲ့စည်း နိုင်ခဲ့ကြပါဘူး။

ရန်ကုန်တိုင်း ကမ္ဘာအေးကုန်းမြေမှာ မြန်မာတစ်ပြည်လုံးရှိ သံဃာထု ကိုယ်စားလှယ်တွေကို အတည်ပြုဖို့အတွက် အစည်းအဝေး ခေါ်ယူချိန်မှာ မန္တလေးမြို့မှာ ပြဿနာ စတက်ပါတော့တယ်။ မန္တလေးမြို့မှာ န၀တက သတ်မှတ်ပေးထားတဲ့ မိတ္တီလာမြို့က သံဃာ့ ကိုယ်စားလှယ်ဟာ မန္တလေးတိုင်းအတွင်းမှာရှိတဲ့ သံဃာထုရဲ့ ရွေးချယ်တင်မြှောက်ထားခြင်း မရှိတဲ့အတွက် သံဃာ့ကိုယ်စားလှယ် တရားဝင် ရွေးချယ်နိုင်ဖို့ တိုင်းသံဃာ့နာယကအဖွဲ့တွေ၊ ဗဟိုသံဃာ့ဝန်ဆောင်၊ သာသနာရေးဦးစီးဌာနတို့ကို အကြောင်းကြားစာတွေ ပေးပို့ပြီး န၀တက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်ကိစ္စနဲ့ ပက်သက်ပြီး ကန့်ကွက်ကြပါတယ်။

ဒါပေမယ့် သံဃာ့ မဟာနာယက အစည်းအဝေးကြီးကို မိတ္တီလာမြို့က ကိုယ်စားလှယ် တက်ရောက်ဖို့ သံဃာထုက ကန့်ကွက်နေတဲ့ကြားက ကျင်းပဖို့ စီစဉ်ကြပါတယ်။ န၀တရဲ့ ကြိုးကိုင်ချယ်လှယ်မှုကြောင့် သံဃာထုရဲ့ဆန္ဒကို အလေးမပြုပဲ မန္တလေးတိုင်း ကိုယ်စားလှယ် ဆရာတော်ကို ရန်ကုန်ကို စေလွှတ်ဖို့ ပြုလုပ်ပါတယ်။ မန္တလေးတိုင်းအတွင်း အောက်ခြေအဆင့်အဖွဲ့တွေ မဖွဲ့စည်းနိုင်သေးတဲ့အပြင်၊ သံဃာထုက ရွေးချယ်တင်မြောက်ထားတဲ့ ကိုယ်စားလှယ် မဟုတ်တာကြောင့် န၀တက အဆင်သင့် သတ်မှတ်ထားတဲ့ သံဃာတော်တွေရဲ့ အစည်းအဝေးတက်ရောက်မှုကို သဘောမတူ ကန့်ကွက်ကြပါတော့တယ်။

မန္တလေးမြို့ လေးပြင်လေးရပ် သံဃာ့သမဂ္ဂီအဖွဲ့ကြီးကနေ ဦးဆောင်ကာ မဟာမြတ်မုနိ ဘုရားကြီးအနားရှိ ၄၅ တာကွင်းထဲမှာ မန္တလေးမြို့ရှိ ကျောင်းတိုက်အသီးသီးမှ သံဃာ့ကိုယ်စားလှယ် (၁၀၀) နီးပါးခန့် စုရုံးပြီး ကန့်ကွက်ပွဲပြုလုပ်ကြပါတယ်။ သံဃာတော်နှစ်ပါးက ပိတ်စအနီပေါ်တွင် အဖြူရောင်စာလုံးများနဲ့ ရေးသားထားတဲ့ မန္တလေးမြို့ လေးပြင်လေးရပ် သံဃာထု အစည်းအဝေးကြီး စာတမ်းကို ကိုင်ဆောင်ကြကာ ကိုရင်များမှ အသံချဲ့စက်၊ စပီကာများကို ကိုင်ဆောင်ကာ အခမ်းအနားကို စတင်ပါတယ်။ တစ်ဖက်တစ်ချက်စီမှာ သာသနာ့ အလံတော်များနဲ့ မန္တလေးမြို့ လေးပြင်လေးရပ် သံဃာ့သမဂ္ဂီ အဖွဲ့ကြီးရဲ့ အမှတ်တံဆိပ် အ၀ါရောင်ပေါ်တွင် ခြင်္သေ့ရုပ်ပါ အလံများ လွှင့်ထူထားကြပါတယ်။

အဲဒီအခမ်းအနားမှာ ဆရာတော်ဦးရေ၀တက မိန့်ကြားသည်မှာ မြတ်စွာဘုရား ရှိစဉ်ကာလကပင် သံဃာထုရဲ့ ကိုယ်စားလှယ်ကို ရွေးကောက်တဲ့ နေရာမှာ အုပ်ချုပ်သူအစိုးရတို့မှ ပံ့ပိုးမှုသာရှိခဲ့ပြီး ၀င်ရောက်စွက်ဖက်ခြင်း မရှိကြောင်း၊ ထို့အတူ သံဃာထုရဲ့ နှစ်သက်ကြည်ညို လေးစားခံရတဲ့ သံဃာတော်တွေကိုသာ အများရဲ့ ဆန္ဒနဲ့အညီ ရွေးချယ်တင်မြှောက်ကြကြောင်း၊ အထက်ကနေ အမိန့်နဲ့ သတ်မှတ်ပြီး ရွေးချယ်တဲ့ အစဉ်အလာမရှိကြောင်း၊ ဒါပေမယ့် အခုအခါမှာ န၀တစစ်အစိုးရဟာ ဘာသာရေးကိစ္စများမှာ ၀င်ရောက်စွက်ဖက်ပြီး နှောက်ယှက်ရန်တိုက်ကာ သွေးခွဲမှုတွေအထိ ပြုလုပ်လာနေကြောင်း၊ သံဃာထု ညီညွှတ်မှုကို ပျက်ပြားအောင် ဆောင်ရွက်နေကြောင်း၊ ထိုနည်းတူစွာ ရန်ကုန်မြို့မှာ သံဃာ့မဟာနာယက ဆရာတော်ကြီးများကို အသုံးချပြီး ဗုဒ္ဓဘာသာမှာ အစဉ်အလာမရှိတဲ့ ကိစ္စရပ်တွေကို ပြုလုပ်လာကြောင်း၊ ဒါကြောင့် မန္တလေးမြို့ လေးပြင်လေးရပ် သံဃာ့အစည်းအဝေးကြီးအနေဖြင့် သံဃာထုကြား သွေးခွဲအုပ်ချုပ်ခြင်းနဲ့ သံဃာထုရွေးကောက်ပွဲကို အာဏာရှင်ဆန်ဆန် ပြုလုပ်နေတာတွေကို ပြင်းထန်စွာ ရှုတ်ချကန့်ကွက် ပါကြောင်း ပြောဆိုသွားပါတယ်။

အဲဒီလို မဟာမြတ်မုနိဘုရားကြီးအနီးမှ ၄၅တာကွင်းပြင်မှာ အေးချမ်းစွာ သံဃာထုမှ အစည်းအဝေး ပြုလုပ်နေတာကို ဖြိုခွဲဖို့ န၀တ လက်ပါးစေတွေ ရောက်ရှိလာကြပါတယ်။ ရဲ၊ လုံထိန်း၊ စစ်တပ်နဲ့ ထောက်လှမ်းရေးတွေဟာ အချုပ်ကား (၁၂)စီးနဲ့ ချက်ချင်း ရောက်ရှိလာပြီး (၅)မိနစ်အတွင်း လူစုခွဲဖို့ အသံချဲ့စက်နဲ့ အမိန့်စပေးပါတယ်။ အဓိကရုဏ်း နှိမ်နှင်းရေးရဲတွေက ဖြိုခွဲရန် အသင့်နေရာ ယူထားလိုက်ကြပါတယ်။ ဒါပေမယ့် သံဃာထုက တုတ်တုတ်တောင်မလှုပ်ပဲ ပုံမှန်အတိုင်း အစည်းအဝေးကို ကျင်းပကြပါတယ်။ အဲဒီအခါမှာ န၀တရဲ့ ရဲချုပ်ဖြစ်သူနဲ့ အဖွဲ့ဝင်တွေက သံဃာတော်များနဲ့ လာရောက်ညှိနှိုင်းပါတယ်။ ညှိနှိုင်းတယ်ဆိုပေမယ့် န၀တဖက်က လူစုခွဲပေးဖို့သာ တွင်တွင် တောင်းဆိုနေတာကြောင့် ဆရာတော်ဦးရေ၀တက

"ဒီကိစ္စမင်းနဲ့မဆိုင်ဘူး။ တာဝန်ခံပြီး ဖြေရှင်းနိုင်တဲ့သူနဲ့ပဲ ငါစကားပြောမယ်” လို့ ပြောလိုက်တဲ့အတွက် ဆရာတော်ကို ရုတ်ရင်း ကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ ပြောဆိုပြီး သံဃာထုကို ရိုက်နှက်ဖြိုခွင်းဖို့ အမိန့်ပေးလိုက်ပါတယ်။ သံဃာထုအတွင်း ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ပြန်လည်ခုခံရန် ပြင်ဆင်မှုတွေ ပြုလုပ်ကြပါတယ်။ အဲဒီအချိန်မှာပဲ ဘုရားကြီးဝင်းထဲရှိ ကျောင်းတိုက်များမှ အချိန်အခါမဟုတ် အုန်းမောင်းခေါက်သံတွေ တရစပ်ထွက်ပေါ်လာပါတယ်။

ဒီသတင်းဟာ မန္တလေးဈေးတ၀ိုက်နဲ့ လေးပြင်လေးရပ်မှာရှိကြတဲ့ သံဃာတော်တွေကြားထဲ ပျံ့နှံ့သွားတာကြောင့် သံဃာတော်အများဟာ ကားကြီး၊ ကားငယ်အသွယ်သွယ်နဲ့ မဟာမြတ်မုနိဘုရား ရှိရာကို ရောက်ရှိလာကြပါတယ်။ သံဃာတော် အင်အားဟာ (၅၀၀)ကျော်ကနေ (၁၀၀၀) ခန့်အထိ တိုးပွားလာပါတယ်။ အဲဒီလို အခြေအနေတွေ တင်းမာပေါက်ကွဲတော့မယ့် အချိန်မှာ မန္တလေးတိုင်း အတွင်းရေးမှူး မောင်ပေါ် ရောက်လာပါတယ်။ လူစုခွဲဖို့ပဲ ပြောဆိုပြန်တဲ့အတွက် အခြေအနေဟာ ပိုပြီးတင်းမာလာပါတယ်။ သံဃာထုရဲ့ လိုလားချက်ကို မလိုက်လျောရင် ပြဿနာဟာ ပိုပြီးကြီးထွားသွားမယ်ဆိုတာ န၀တစစ်အရာရှိတွေ ရိပ်မိသွားကြပါတယ်။

ဒါကြောင့် မောင်ပေါ်က ဆရာတော်ဦးရေ၀တကို လက်အုပ်ချီပြီး ညှိနှိုင်းမှုတွေ ပြုလုပ်ပါတယ်။ ဆရာတော်က ဒီကနေ့ ပြုလုပ်တဲ့ အစည်းအဝေးဟာ နိုင်ငံရေးနဲ့ မသက်ဆိုင်ကြောင်း၊ သာသနာရေးကိစ္စကို ဘုန်းကြီးတို့ ပြုလုပ်တာဖြစ်ကြောင်း၊ ယခုနှစ် မန္တလေးတိုင်း အတွက် သံဃာ့ကိုယ်စားလှယ်ကို ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ တိုင်းအဆင့်ဆင့် ရွေးချယ်နိုင်ခြင်းမရှိပဲနဲ့ အထက်က တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေဟာ သံဃာထုရဲ့ ဆန္ဒနဲ့အညီ တင်မြှောက်ထားတာ မဟုတ်ကြောင်း၊ ဒါကြောင့် မန္တလေးတိုင်းကို ကိုယ်စားပြုတဲ့ သံဃာတော်လို့ မသတ်မှတ်နိုင်ကြောင်း၊ ဒီကိစ္စကို ရန်ကုန်မြို့ရှိ သာသနာရေးဦးစီးဌာနနဲ့ သံဃာ့မဟာနာယကအဖွဲ့ကို ကြိုတင် အကြောင်းကြားခဲ့ပေမယ့် ဘာတစ်ခုမှ တုန့်ပြန်ဆောင်ရွက်တာ မရှိခဲ့ကြောင်း၊ ဒါကြောင့် ဒီကနေ့ စည်းဝေးရတာဟာ အထက်ကနေ အာဏာရှင်ဆန်ဆန် ရွေးချယ်ပေးထားတဲ့ သံဃာ့ကိုယ်စားလှယ်တွေကို လက်မခံတဲ့ ရှုတ်ချတဲ့ သံဃာ့အစည်းအဝေးဖြစ်ကြောင်း၊ န၀တနဲ့ သာသနာရေးဦးစီးဌာနတို့ဟာ သံဃာထုကြား သွေးခွဲမှုတွေရှိနေလို့ ပြစ်တင်ရှုတ်ချလိုက်ကြောင်း စတဲ့အချက်တွေကို မောင်ပေါ်ကို ပြောကြားပြီး -

မင်းတို့ န၀တ သာသနာရေးဝန်ကြီးနဲ့ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ကို တင်ပြပါဆိုပြီး တိုက်တွန်းပါတယ်။ မောင်ပေါ်က ဒီကိစ္စဟာ ဘာသာရေးကိစ္စဖြစ်လို့ သူတို့နဲ့ မပတ်သက်ကြောင်း အထက်လူကြီးတွေကို တင်ပြပေးမည်ဖြစ်ကြောင်း ပြောဆိုတဲ့အခါ ဆရာတော် ဦးရေ၀တက ပါးစပ်နဲ့ ကတိပေးလို့ မရကြောင်း၊ ယနေ့ပြုလုပ်တဲ့ သံဃာအစည်းအဝေးကိစ္စကို အထက်အာဏာပိုင်ထံ အသေးစိတ် တင်ပြပါမည်ဟု ကတိလက်မှတ် ရေးထိုးရမယ်လို့ ပြောကာ မောင်ပေါ်ကို လက်မှတ်ရေးထိုးစေခဲ့ပါတယ်။

အဲဒီနောက် ဆရာတော်က ဒီကနေ့ မန္တလေးတိုင်းကို ကိုယ်စားပြုပြီး ရန်ကုန်ကိုသွားကြမယ့် မိတ္တီလာက သံဃာ့ကိုယ်စားလှယ်တွေရဲ့ အစီအစဉ်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုတဲ့အခါ မောင်ပါက ဒီကိစ္စကို တပည့်တော် ရန်ကုန်ကို ပြည့်ပြည့်စုံစုံ အကြောင်းကြားသွားမှာ ဖြစ်တဲ့အတွက် ယနေ့သွားတဲ့ မိတ္တီလာက ကိုယ်စားလှယ်တွေဟာ မန္တလေးကို ကိုယ်စားပြုသွားတဲ့ ကိုယ်စားလှယ်တွေမဖြစ်ကြောင်း၊ အခြားကိစ္စနဲ့ သွားတဲ့ ကိုယ်စားလှယ်တွေဖြစ်ကြောင်း ပြန်လျှောက်ပါတယ်။ အဲဒီအခါမှာ ဆရာတော် ဦးရေ၀တက သံဃာထုကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံခဲ့တဲ့ ရဲချုပ်နဲ့ အပေါင်းအပါတို့ကို ဗုဒ္ဓဘာသာဝင် ပီသကြအောင် ဆုံးမဖို့ မှာကြားပါတယ်၊၊

နောက် ဗွီဒီယို၊ ဓါတ်ပုံတွေကို အပြန်အလှန် ရိုက်ယူကြပါတယ်။ မောင်ပေါ်က မှောင်ရီမပျိုးခင် လူစုခွဲဖို့ ဆရာတော်ကို တောင်းပန်လျှောက်ထားရာ ဆရာတော်က ဒီကနေ့ ပြုလုပ်တဲ့ သံဃာထု အစည်းအဝေးအကြောင်း ရလာဒ်နဲ့ ဆုံးဖြတ်ချက်တွေကို အများပြည်သူတို့ သိမြင်စေရန် မန္တလေးမြို့တစ်ပတ် စီတန်းလှည့်လည် ဆန္ဒပြမှာဖြစ်ကြောင်း ပြန်ပြောလိုက်ပါတယ်။ အဲဒီအခါမှာ မောင်ပေါ်က မျက်နှာငယ်လေးနဲ့ တုန်တုန်ရီရီနဲ့ . . .

“ဒီကိစ္စဟာ မသင့်တော်ပါဘုရား၊ တပည့်တော်အနေနဲ့ ဒီကနေ့ ပြုလုပ်တဲ့ သံဃာ့အစည်းအဝေးကြီးရဲ့ အသေးစိတ်မှတ်တမ်းကို အထက် အရာရှိများထံ နေ့မဆိုင်းပဲ တင်ပြပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆန္ဒပြပွဲကိုတော့ မလုပ်ပါနဲ့ ဘုရား”

လို့ ဆိုပြီး မဟာမြတ်မုနိ ဘုရားဘေးက ရန်ကုန်-မန္တလေး မီးရထားလမ်းမှာ ရန်ကုန်ကို ထွက်ခွာမယ့် မန္တလေးအမြန် (၃း၀၀) ရထားရှေ့ သံဃာတော်များ ပိတ်ဆို့ထားတာကို ဖယ်ရှားပေးဖို့ တောင်းဆိုပါတယ်။ အဲဒီရထားမှာ ရန်ကုန်ကိုထွက်ခွာမည့် မန္တလေးတိုင်း သံဃာ့ကိုယ်စားလှယ်အဖြစ် တက်ရောက်မယ့် သံဃာတော်တွေ ပါဝင်တာကြောင့် ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။ နောက်ဆုံးမှာ မောင်ပေါ်က ငိုသံပါကြီးနဲ့ . . .

“ဘုရားတပည့်တော်တားတာကို အရှင်ဘုရား ပြုလုပ်မယ်ဆိုရင်လည်း ဘာမှတတ်နိုင်မှာ မဟုတ်ပါဘူး ဘုရား။ ဆရာ၊ ဒကာ မငဲ့ညှာပါက အရှင်ဘုရား ပြုလုပ်ချင်သလို ပြုလုပ်တော်မူပါ ဘုရား ”

လို့ တင်လျှောက်ပါတယ်။ အဲဒီအခါကျမှ ဆရာတော်က မန္တလေးမြို့ လေးပြင်လေးရပ် သံဃာ့အစည်းအဝေးကြီးကို ကြွေးကြော်သံတွေနဲ့ ရုပ်သိမ်းပြီး ၄၅ တာကွင်းမှာ အေးအေးချမ်းချမ်း လူစုခွဲခဲ့ကြပါတယ်။ ဆရာတော် ဦးရေ၀တဟာ အမျိုး၊ ဘာသာ၊ သာသနာအတွက် ရဲဝံ့ပြတ်သားစွာ စစ်အာဏာပိုင်တွေနဲ့ ပြောဆိုဆက်ဆံပြီး သံဃာခေါင်းဆောင် ပီသစွာ ဖြေရှင်းနိုင်ခဲ့တာကို တွေ့မြင်ရပါတယ်။

၁၉၉၀ ပြည့်နှစ်တွေမှာ မန္တလေးမြို့မှာ နေ့စဉ်၊ အပတ်စဉ် ဒီမိုကရေစီ နေ့ထူးနေ့မြတ်တွေမှာ စစ်အစိုးရဆန့်ကျင်ရေးကို အင်အားကောင်းကောင်း ပြုလုပ်နေတာကို ကျနော် မျက်မြင်တွေ့ရပါတယ်။ ဒါပေမယ့် မန္တလေးရဲ့ လှုပ်ရှားမှုတွေကို ကမ္ဘာက သိပ်မသိခဲ့သလို၊ န၀တကလည်း ရန်ကုန်မြို့လောက် အာရုံမစိုက်နိုင်ခဲ့ပါဘူး။ ဒါကြောင့် မန္တလေးမြို့ သံဃာ၊ ကျောင်းသား၊ ပြည်သူ၊ နိုင်ငံရေးပါတီတွေရဲ့ စစ်အစိုးရ ဆန့်ကျင်ရေးတွေ၊ ဒီမိုကရေစီလှုပ်ရှားမှုတွေအကြောင်း မြန်မာတစ်ပြည်လုံးနဲ့ ကမ္ဘာကပါ သိရှိအောင် ကျနော် ကြိုးပမ်းခဲ့ပါတယ်။

မန္တလေးမြို့အတွင်း သံဃာတော်များအကြား န၀တရဲ့ သွေးခွဲသပ်လျိုမှုတွေ၊ ဘုရားဝတ္တက မြေတွေကို အတင်းအကျပ်သိမ်းယူတာတွေ၊ သာသနာ့မြေအတွင်း စစ်ဖိနပ်စီးတာတွေ စတဲ့ အကြောင်းတွေကို အသေးစိတ်ပြုစုပြီး ရန်ကုန်ရှိ သံတမန်အသိုင်းအ၀ိုင်းကို ပေးပို့ခဲ့ပါတယ်။ နောက်ပိုင်း နိုင်ငံတကာ သတင်းစာတွေ၊ သတင်းဌာနတွေမှာ မန္တလေးမြို့ လှုပ်ရှားမှု၊ ဖြစ်ရပ်တွေအကြောင်း ပါဝင်လာပါတယ်။ နိုင်ငံတကာကလည်း မန္တလေးမြို့ကို စိတ်ဝင်စားလာခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ကျနော်ဟာ ရန်ကုန်မှာ ကျနော့်အတွက် လုံခြုံမှုကင်းမဲ့လာတာကြောင့် မန္တလေးမြို့ကို ရောက်ရှိနေပြီး သံရုံးလို့ တင်စားခေါ်ဝေါ်ခဲ့ကြတဲ့ ဘုန်းကြီးကျောင်းတိုက်တွေမှာ နေထိုင်ခဲ့ပါတယ်။ ဘုန်းကြီးကျောင်းတိုက်တွေကို သံရုံးလို့ ခေါ်ရခြင်းက စစ်တပ်နဲ့ စစ်ထောက်လှမ်းရေးတို့ရဲ့ ၀င်ရောက်ဖမ်းဆီးမှုဘေးမှ ကျောင်းသားအများအပြားကို ဘုန်းကြီးကျောင်းတိုက်တွေမှာ အကာအကွယ် ပေးထားခဲ့လို့ ဖြစ်ပါတယ်။

၁၉၉၀ ပြည့် ရွေးကောက်ပွဲမတိုင်ခင်မှာ အမေရိကန်သံရုံးက ပထမနိုင်ငံရေးအတွင်းဝန် မန္တလေးကို ရောက်လာပြီး မန္တလေးမြို့က သံဃာ့ကိုယ်စားလှယ်တွေနဲ့ တွေ့ချင်တယ်လို့ ကျနော့်ကို ပြောပါတယ်။ ကျနော်လည်း ဘုရားကြီး ဒက္ခိဏရာမကျောင်းတိုက်မှာ ဆရာတော် ဦးရေ၀တနဲ့ တွေ့ဆုံပေးခဲ့ပါတယ်။ ပြီးနောက် မြန်မာနိုင်ငံအတွင်း ဘာသာရေးအခြေအနေ ဆိုးရွားနေမှုတွေကို အသေးစိတ် လေ့လာပါတယ်။ ၁၉၉၀ ပြည့် သြဂုတ်လ (၈) ရက်နေ့ အခမ်းအနားကို ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် မဟာညောင်ကုန်း ကျောင်းတိုက်မှာ အခြေခံပညာကျောင်းသားသမဂ္ဂ (ရန်ကုန်တိုင်း) က ဦးဆောင်ကျင်းပတာကြောင့် ကျနော် ရန်ကုန်ကိုသွားပြီး အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

အဲဒီအချိန်မှာ မန္တလေးမြို့ စစ်တပ်က ပစ်ခတ်မှုတွေကြောင့် သံဃာ့သွေးမြေကျပွဲ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကျနော်လည်း မန္တလေးကို ချက်ချင်း ပြန်တက်သွားပြီး ဆရာတော် ဦးရေ၀တနဲ့ တွေ့ဆုံကာ အဖြစ်အပျက်ကို မေးမြန်းခဲ့ပါတယ်။ အဲဒီနေ့က ဖြစ်ပွားခဲ့တဲ့ သွေးမြေကျမှုနဲ့ ပတ်သက်ပြီး ဆရာတော်က သက်သေခံ အထောက်အထားတွေ ကျနော့်ကို ပြပါတယ်။ စစ်တပ်က မောင်းပြန် သေနတ်တွေနဲ့ ပစ်ခတ်လို့ သံဃာအများအပြား ထိမှန်သေဆုံးပုံ၊ ဒဏ်ရာပြင်းထန်စွာ ရရှိပုံနဲ့ သွေးစွန်းနေတဲ့ သင်္ကန်းတော်တွေ၊ အဲဒီအပြင် ထူးခြားအံ့သြဖွယ်ကောင်းတဲ့ သပိတ်တစ်လုံးကို ပြပါတယ်။ သပိတ်ဟာ သံသပိတ်အမျိုးအစားဖြစ်ပြီး အတွင်းနဲ့အပြင် နှစ်ခုစလုံးကို စစ်စေးသုတ်လိမ်းထားပါတယ်။

စစ်တပ်က ပစ်ခတ်လိုက်တဲ့ ကျည်ဆန်ဟာ သပိတ်ရဲ့ အလယ်ပိုင်း ဖောင်းရစ်ရှိ စစ်ဆေးနဲ့သံကို ဖောက်ထွက်သွားပြီး သပိတ်အတွင်းမှာ ကျည်ဆန် ဒုတိယ မီးကျည်ရိုက်ရာ အမာရွတ်ကြီးကြီး၊ တတိယကျည်ရိုက်ရာ အမာရွတ်အလတ်၊ စတုတ္တကျည်ရိုက်ရာ အမာရွတ်အသေးနဲ့ ပဉ္စမကျည်ရိုက်ရာ အမာရွတ်အသေးလေးကို မြင်တွေ့ရပါတယ်။ ပစ်ခတ်မှုမှာ ရရှိတဲ့ ကျည်ဆန်ကို ကျောင်းက ကိုရင်လေးတစ်ပါးက ကြောက်လန့်ပြီး ကုဋီ(အိမ်သာ)ထဲ လွှင့်ပစ်ခဲ့လို့ မရှိတော့ကြောင်း ဆရာတော်ကပြောပြပါတယ်။

န၀တဟာ သံဃာထုကို သေစေနိုင်တဲ့အထိ ချိန်ရွယ်ပစ်ခတ်ခဲ့တာ ထင်ရှားကြောင်း၊ ဗုဒ္ဓရဲ့သားတော် ရဟန်းတို့ကို ကာယကံမြောက် ကျူးလွန်သတ်ဖြတ်တဲ့အပြင်၊ ဗုဒ္ဓရဲ့ ပရိဘောဂ စေတီကိုလည်း ဖျက်ဆီးတဲ့သူတွေ ဖြစ်တာကြောင့် မကြာခင်မှာ ကြီးကြီးမားမား အရေးယူဖို့ ဒီကိစ္စကို ဆောင်ရွက်မှာ ဖြစ်ကြောင်း ဆရာတော်က ဆက်ပြီးပြောပါတယ်။ ကျနော်လည်း ဆရာတော် ခွင့်ပြုချက်နဲ့ မန္တလေးမြို့ ၈၄လမ်းမကြီးက လူထုတိုက်ရှေ့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ် အသေးစိတ်ကို မှတ်သားပြီး သက်သေခံဓါတ်ပုံ၊ သပိတ်တွေကို ယူပြီး ရန်ကုန်ကို ဆင်းလာခဲ့ပါတယ်။ ရန်ကုန်က သံတမန်အသိုင်းအ၀ိုင်းနဲ့ သတင်းဌာနတွေကို ပြသပါတယ်။ န၀တက ဘယ်လိုပဲ လိမ်ညာခဲ့ပေမယ့် အနောက်နိုင်ငံစစ်သံမှူးတွေက အေကေ ၄၇ ဒါမှမဟုတ် ဂျီ-သရီးကဲ့သို့ အရှိန်ပြင်းထန်တဲ့ သေနတ်အမျိုးအစားနဲ့ ပစ်ခတ်တာ ဖြစ်ကြောင်း၊ သပိတ်အတွင်း ရှိနေသော ကျည်ဆန်ယမ်းမှုန့်များကို ဓါတ်ခွဲကြည့်ရာမှာ သူတို့စစ်ဆေးချက်အရ သေစေနိုင်တဲ့ ကျည်များနဲ့ ပစ်ခတ်တာ ဖြစ်တယ်လို့ အတည်ပြု ပြောကြားပါတယ်။

မန္တလေးမြို့မှာ ဆရာတော် ဦးရေ၀တတို့ “ပတ္တနိက္ကုဇ္ဖနကံဆောင်” သပိတ်မှောက်ပွဲမကျင်းပခင် ကျနော်လည်း စစ်ထောက်လှမ်းရေး တို့ရဲ့ ဖမ်းဆီးမှုကို ခံလိုက်ရပါတယ်။ အဲဒီအချိန်ကစပြီး ဆရာတော်နဲ့ ကျနော် ပြန်မတွေ့ဖြစ်ကြတော့ပါဘူး။

ဆရာတော် ဦးရေ၀တဟာ အမျိုး၊ ဘာသာ၊ သာသနာအတွက် ရှေ့တန်းကနေ ဦးဆောင်မှု ပေးနိုင်ခဲ့တဲ့ သံဃာ့အာဇာနည်တစ်ပါး ဖြစ်ပါတယ်။ သံဃာထုအများရဲ့ ကြည်ညိုလေးစားမှုကို ခံရသလို သံဃာထုအတွင်း ညီညွှတ်မှုရစေခဲ့တဲ့ လေးပြင်လေးရပ်စလုံးက သံဃာတော်တွေကို စုစည်းနိုင်ခဲ့တယ်။ မန္တလေးမြို့တွင်း ဆရာတော် ဦးက၀ိန္ဒ၊ ဆရာတော် ဦးရေ၀တနဲ့ အခြားသော သံဃာတော် တွေဟာ အဓမ္မ၀ါဒီတွေကို အောင်နိုင်ခဲ့ကြတယ်။

ဆရာတော်ကြီးတွေဟာ သံဃာထုအတွင်းမှာ သာမက ကျောင်းသားထုအတွင်း၊ သမဂ္ဂများအတွင်း၊ ပါတီများအတွင်း ညီညွှတ်ရေး ရရှိအောင် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဆရာတော်ဦးရေ၀တက ကျနော်တို့ ကျောင်းသားတွေကို မှတ်သားစရာ စကားတစ်ခွန်း ပြောခဲ့ပါတယ်။ ဆရာတော်အပါအ၀င် သံဃာတွေ၊ ကျောင်းသားတွေ မြန်မာပြည်နိုင်ငံရေး၊ ဒီမိုကရေစီအရေးများကို ဆွေးနွေးနေစဉ် ဆရာတော်က . . .

“ငါလည်း ငါတတ်နိုင်တဲ့ ၀န်ကိုထမ်းမယ်။ ငါသိသင့်သိထိုက်တဲ့ အကြောင်းအရာတွေပဲ ငါ့ကိုပြောကြ၊ ငါမသိသင့် မသိထိုက်တဲ့ကိစ္စကို ငါ့ကိုလည်း မပြောနဲ့၊ ငါ့ရှေ့မှာလည်း မပြောနဲ့။ ငါသိလို့ တစ်နေ့ ထောက်လှမ်းရေးက ဖမ်းလားဆီးလားလုပ်ခဲ့ရင် သူတို့က နည်းအမျိုးမျိုးနဲ့ နှိပ်စက်ပြီး မေးမှာပဲ။ ငါလည်း ပုထုဇဉ် ဖြစ်တာကြောင့် ကြာကြာခံနိုင်မှာမဟုတ်သလို မုသားလည်း မဆိုနိုင်ဘူး။ အမှန်အတိုင်း ပြောရမှာပဲ။ ဘာမှမသိတဲ့ကိစ္စကို သူတို့ ဘယ်လောက်ပဲရိုက်ရိုက်၊ အသက်သာ သေသွားမယ် သူတို့ဘာမှ သိရမှာမဟုတ်ဘူး။ ဒါ့ကြောင့် ငါမသိသင့်တဲ့ကိစ္စ၊ အကြောင်းအရာကို မပြောကြနဲ့ ”

လို့ပြောခဲ့ပါတယ်။ န၀တရဲ့ လက်ချက်ကြောင့် သာသနာ့မြေတွေ စစ်တလင်းပြင် ဖြစ်ခဲ့ပါတယ်။ ဘုရားသားတော်တွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်။ ဗုဒ္ဓသာသနာတော်ကြီး တစ်ခုလုံး တုန်လှုပ်ခြောက်ခြားစေတဲ့ ဖြစ်ရပ်တွေ န၀တကဖန်တီးခဲ့တယ်။

၁၉၉၀ သြဂုတ်လတွင် သံဃာတော်တွေ သတ်ဖြတ်ခဲ့တဲ့ မြင်ကွင်းကို မန္တလေးမြို့သူ၊ မြို့သားတွေ ယနေ့တိုင် မျက်လုံးထဲက မထွက်နိုင်ကြသေး။ မမေ့ဖျောက်နိုင်ကြသေး။

ပြီးတော့ သံဃာထုတွေရဲ့ ရဲရဲတောက် ကံဆောင် သပိတ်မှောက်ပွဲကြီးတွေ . . . ။

(ဆရာတော်ဦးရေ၀တ ပျံလွန်တော်မူသွားကြောင်း သိရတဲ့အတွက် သံဃာ့ဇာနည်ကို ဂုဏ်ပြုရေးသားမိပါတယ်။)

Read More...