Sunday, July 29, 2007

အမျိုးသားညီလာခံအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သဘောထား


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရည်မှန်းချက်များ

၁။ စစ်မှန်သော ပါတီစုံ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရန် ဒီမိုကရေစီမူများအပေါ် အခြေခံသော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လိုအပ်ပေသည်။

အခြေခံဥပဒေဟူသည် . . .

၁။ နိုင်ငံတော်အား မည်သည့်ပုံစံဖြင့် ဖွဲ့စည်းမည်၊
၂။ ပြည်သူ့ကိုယ်စားပြု ပြည်သူ့ကိုယ်စားလှယ်များအား မည်ကဲ့သို့ ရွေးကောက်တင်မြှောက်ပြီး
ကဏ္ဍအလိုက် တာဝန်များ မည်ကဲ့သို့ ခွဲဝေအပ်နှင်းမည်၊
၃။ မည်သည့်စံနစ်၊ မည်သည့်မူဝါဒများကို ခံယူကျင့်သုံးမည်၊
၎။ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို မည်သို့ဖော်ဆောင်ဖြည့်ဆည်းပေးမည်၊
၅။ ပြည်သူတို့၏ ရပိုင်ခွင့်များ၊ ခံစားပိုင်ခွင့်များကို မည်သို့ အာမခံမည်၊
၆။ ပြည်သူတို့၏ တာဝန်များ မည်သို့ သတ်မှတ်မည်၊
၇။ အစိုးရ၏ လုပ်ပိုင်ခွင့်များကို မည်သို့ကန့်သတ်မည်ဟူသော အချက်များကို
ပြည်သူနှင့်အစိုးရကြား ချုပ်ဆိုသည့် ပဋိညာဉ်စာတမ်း ဖြစ်ပေသည်။

ဤသည်ကို ပြည်သူတို့အနေဖြင့် လိုလိုလားလား၊ နှစ်ခြိုက်ဘ၀င်ကျရန်၊ အများစုကြီးထောက်ခံရန် လွန်စွာအရေးကြီးပေသည်။ သို့မှလည်း ရေရှည်တည်တံ့ခိုင်မြဲမည်ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီအခြေခံများ ပီပြင်ခိုင်ခံ့ရန် အရေးကြီးသည်။

၂။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် စတင်တည်ထောင်စကတည်းကပင် အောက်ပါအချက်များကို ကြီးစွာ သတိထားခဲ့သည်။ "အများပြည်သူတို့၏ ဆန္ဒနှင့်ကိုက်ညီ၍ အခြေခံလူ့အခွင့်အရေးများကို အာမခံသည့်၊ စစ်မှန်သည့် ဒီမိုကရေစီအစိုးရ ဖြစ်ပေါ်လာ စေရန်" လည်းကောင်း၊ "နောင်ခေတ်အဆက်ဆက်၌လည်း မြန်မာနိုင်ငံသည် ပြည်သူလူထုနှင့်အညီ ဒီမိုကရေစီနိုင်ငံရေး စံနစ် ထွန်းကား၍ တည်တံ့ခိုင်မြဲသော ပြည်ထောင်စုကြီးအဖြစ် တည်ထွန်းစေရေးအတွက် အုတ်မြစ်ချရန်" လည်းကောင်း၊ ရည်ရွယ်ချက် များ ချမှတ်ဖွဲ့စည်းခဲ့သည်။

၃။ တိုင်းရင်းသားလူမျိုးများအရေးနှင့် စပ်လျဉ်း၍လည်း "ဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စုကြီးအဖြစ် စီးပွားရေးအင်အား ခိုင်မာတောင့်တင်းစွာ ရပ်တည်နိုင်ရေးကို လိုလားသည့်အလျောက် ပြည်နယ်အသီးသီးတွင် စီးပွားရေးဖွံ့ဖြိုးမှု လုပ်ငန်းများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဦးတည်မည်။ တိုင်းရင်းသားလူမျိုးများ၏ မွေးရာပါအခွင့်အရေးများ ခံစားပြည့်ဝရေးနှင့် ပြည်ထောာင်စုကြီး တခုလုံး သာယာဝပြောရေးကို သဟဇာတဖြစ်စေမည့် မူများကို လက်ကိုင်ကျင့်သုံး၍ ပြည်နယ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဖော်ထုတ်မည်" ဟူသော မူဝါဒသဘောထားများကို ချမှတ်ခဲ့ပေသည်။

၎။ ၁၉၉၀ ပြည့်နှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်အရွေးခံရန် ဆုံးဖြတ်လိုက်ကြောင်း ကြေညာခဲ့စဉ်ကလည်း "ဒီမိုကရေစီ ထူထောင်ရန်နည်းလမ်းမှာ ဒီမိုကရေစီကို ယုံကြည်သော၊ ဒီမိုကရေစီ စံနစ်ကို ကျင့်သုံးမည်ဟု ခံယူကြသော အခြားနိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများနှင့် အထွေထွေရွေးကောက်ပွဲတွင် ယှဉ်ပြိုင် အရွေးခံပြီး ဒီမိုကရေစီစံနစ်၏ အနှစ်သာရဖြစ်သော လူထုဆန္ဒကို ခံယူမည်ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူ လူထု၏ ဆန္ဒကို ချွင်းချက်မရှိ ယုံယုံကြည်ကြည် လက်ခံယူမည်ဖြစ်သည်။ အချုပ်အခြာအာဏာသည် ပြည်သူများ၌ တည်သည် ဟူသော ဒီမိုကရေစီ အခြေခံမူအရ ပြည်သူလူထု၏ ဆန္ဒသည်သာလျှင် အဆုံးအဖြတ်ဖြစ်ရပါမည်။" ဟု အတိအလင်း ကြေညာ ခဲ့ပေသည်။

၅။ တဖန် ရွေးကောက်ပွဲ ကြေညာစာတမ်းကို ထုတ်ပြန်ရာ၌လည်း အဓိကအားဖြင့် "နိုင်ငံတော်အာဏာသည် ပြည်သူလူထုထံမှ သက်ဆင်းစေရမည်" ဟုလည်းကောင်း၊ "နိုင်ငံတော်အာဏာ၏ မူလပိုင်ရှင်များဖြစ်ကြသော ပြည်သူလူထုကြီး၏ လူမှုဘ၀ ဖွံ့ဖြိုးသာယာရေးအတွက် သူတပါး၏ အကျိုးကို မထိခိုက်စေဘဲ စည်းကမ်းရှိစွာဖြင့် ဒီမိုကရေစီကို အခြေခံ၍ တည်ဆောက်ရန် လည်းကောင်း၊ တရားဥပဒေစိုးမိုးရေးအတွက်လည်းကောင်း၊ နိုင်ငံသားတိုင်းသည် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ တွေးခေါ်ခွင့်၊ ရေးသားဟောပြောခွင့်၊ စည်းရုံးခွင့်နှင့် အသက်မွေးဝမ်းကြောင်းပြုပိုင်ခွင့်၊ လွတ်လပ်ခွင့်စသော အခြေခံပိုင်ခွင့်များ အပြည့်အ၀ ခံစားခွင့် ရှိစေရမည်။" ဟုလည်းကောင်း၊ "အခြေခံလူ့အခွင့်အရေးများကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ အတိအလင်း အာမခံမည်၊ လူ့အခွင့်အရေးများ ဆုံးရှုံးထိခိုက်နစ်နာမှုများအတွက် အခြေခံဥပဒေအရဖြစ်စေ၊ သို့တည်းမဟုတ် သီးခြားအထူးဥပဒေပြဋ္ဌာန်း၍ ဖြစ်စေ၊ တရားရုံးများ၌ တရားစွဲဆိုခွင့်ရရှိရန် ပြဋ္ဌာန်းမည်။" ဟုလည်းကောင်း၊ "ပြည်သူ့ လွှတ်တော်သည် ဥပဒေနှင့်အညီ၊ ပြည်သူဆန္ဒနှင့်အညီ ပေါ်ပေါက်တည်ထောင်ခြင်းဖြစ်ရကား၊ ဤပြည်သူ့လွှတ်တော်၌ အချုပ်အခြာအာဏာ ကျင့်သုံးနိုင်ခွင့်သည် အကြွင်းမဲ့ရှိစေရမည်။" ဟုလည်းကောင်း၊ "ပြည်ထောင်စုဖွား တိုင်းရင်းသားလူမျိုးများ အားလုံး၏ အခွင့်အရေးတန်းတူမှုကို လက်ခံလျက် မည်သည့်လူမျိုးကိုမျှ အထူးအခွင့်အရေး မပေးရေးနှင့် လူမျိုးနွယ်၊ လူမျိုးစု အားလုံး၏ ခံစားထိုက်၊ ခံစားအပ်သော မည်သည့်အခွင့်အရေးကိုမျှ ချုပ်ချယ်ကန့်သတ်မှု မပြုရေးကို ဦးတည်ရှေးရှုမည်။" ဟု လည်းကောင်း၊ "ပြည်ထောင်စုကြီးတည်တံခိုင်မြဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းသာယာရေး၊ တိုင်းရင်းသားလူမျိုးအားလုံး သွေးစည်းညီညွတ်ရေးတည်း ဟူသော ဒီမိုကရေစီလူ့ဘောင် အခြေခံအုတ်မြစ်ကြီး များကို အခိုင်အမာချနိုင်ရန်အလို့ငှာ ပင်လုံညီလာခံကဲ့သို့သော ပြည်ထောင်စုကြီး၏ အနာဂတ်ခရီးလမ်းညွှန်များကို ချမှတ်နိုင်မည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ အမျိုးသားညှိနှိုင်းမှု ညီလာခံတရပ်ကို ခေါ်ယူကျင်းပမည်။" ဟုလည်းကောင်း မဆွကပင် ပြည်သူတို့အား ကတိက၀တ် ပြုခဲ့ပေသည်။

၆။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထက်ပါ ရည်မှန်းချက်များ၊ မိသားစုဝင် တိုင်းရင်းသားလူမျိုးများအပေါ် ထားရှိသော မူဝါဒ သဘောထားများ၊ ရွေးကောက်ပွဲဝင်းခြင်း၏ ဦးတည်ချက်များနှင့် တိုင်းရင်းသားပြည်သူတို့အား ကတိက၀တ်ပြုခဲ့သည်များသည် ပါတီစွဲ၊ ၀ါဒစွဲ၊ ဂိုဏ်ကဏစွဲနှင့် ပုဂ္ဂိုလ်စွဲများ ကင်းရှင်းသော၊ မည်သည့်ပယောဂမျှ မဖက်သော နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ရေရှည်အကျိုးစီးပွား သက်သက်ကိုသာ ရှေးရှုခြင်းဖြစ်ပေသည်။ တနည်းအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အပြုသဘော ရှေးရှုချက်နှင့် သန့်စင်သော စေတနာမှန်ပင် ဖြစ်ပေသည်။ အထူးသဖြင့် သမိုင်း၏ တောင်းဆိုချက်အရ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် မွန်မြတ်သော အမျိုးသားရေးတာဝန်ကို ဓမ္မဓိဋ္ဌာန်ကျကျ ဖြည့်ဆည်းဖော်ဆောင်ရန် တာဝန်ယူလိုက်ခြင်း ဖြစ်ပေသည်။ အထက်ပါ ဒီမိုကရေစီသဘောထားများကို တိုင်းရင်းသားပြည်သူအများစုကြီးက လိုလားလက်ခံခဲ့ကြသည်။ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား တခဲနက် ထောက်ခံကာ ဆန္ဒမဲပေး၍ တာဝန်များ အပ်နှင်းခဲ့ကြပေသည်။

အာဏာပိုင်အဖွဲ့အစည်းများ၏ ပြောကြားချက်များ။

၇။ ဤသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရိုးသားဖြူစင်စွာ ရှေးရှုဖော်ဆောင်သွားရန် အစီအစဉ်များ ချမှတ်ခဲ့သည့်နည်းတူ နိုင်ငံတော်အာဏာကို ရယုခဲ့သော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည်လည်း စစ်မှန်သော ပါတီစုံဒီမိုကရေစီ နိုင်ငံတော်ကိုပင် ဖွဲ့စည်းရန် ဦးတည်သည်ဟု အောက်ပါအတိုင်း ပြောကြားခဲ့ပေသည်။
(က) "နိုင်ငံတော် အချုပ်အခြာအာဏာကို မလွှဲမရှောင်သာ၍ တာဝန်ယူဆောင်ရွက်ခဲ့သည့်တိုင် နိုင်ငံတော်အာဏာကို မူလပိုင်ရှင် ဖြစ်သော ပြည်သူများလက်ဝယ်သို့ ဒီမိုကရေစီနည်းလမ်းနှင့်အညီ မြန်နိုင်သမျှ မြန်မြန် ပြန်လည်အပ်နှင်းချင်သည်။" ဟု နေ့စဉ်ထုတ် သတင်းစာများတွင် "တပ်မတော်၏ မွန်မြတ်သောဆန္ဒ" အဖြစ် ဖော်ပြအသိပေးပေသည်။
(ခ) နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် ၂၇-၇-၉၀ ရက်နေ့တွင် ကြေညာချက်အမှတ် (၁/၉၀) ကို ထုတ်ပြန် ခဲ့သည်။ ယင်းကြေညာချက်တွင် "ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ (၃) တွင် လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်" ဟူ၍ ပြဋ္ဌာန်းပါရှိသည်။ ယင်းပြဋ္ဌာန်းချက်နှင့်အညီ လွှတ်တော်ခေါ်ယူဖွဲ့စည်းခြင်းကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ဆောင်ရွက်ပေး မည်ဟုလည်းကောင်း၊ "ယနေ့ အခြေအနေတွင် ပြည်သူများက ရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များသည် အနာဂတ်ဒီမိုကရေစီနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲကြရန် တာဝန်ရှိသည့် ပုဂ္ဂိုလ်များဖြစ်သည်။" ဟုလည်းကောင်း ဖော်ပြခဲ့ပေသည်။
(ဂ) နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး (၁) က ၁၈-၁၀-၉၁ ရက်နေ့တွင် ကျွန်းချောင်းဓာတ်မြေသြဇာ စက်ရုံ၌ "အာဏာလွှဲပြောင်းရေးလုပ်ငန်းစဉ် အစီအစဉ်ကို န၀တ၏ ကြေညာချက် (၁/၉၀) တွင် အတိအလင်း ဖော်ပြထားကြောင်း၊ ခိုင်မာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ်ကို တိုင်ပင်ရေးဆွဲကြ၍ ပြည်သူကို တင်ပြအတည်ပြုချက် ရယူရမည်ဖြစ်ကြောင်း၊ အမျိုးသားညီလာခံ ခေါ်ယူရေးမှာ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်များ၏ တာဝန်ဖြစ်ပေသည်။ န၀တက လိုအပ်သည်များကို ပံ့ပေးမှာ ဖြစ်ကြောင်း။" ထပ်မံအတည်ပြုပြောကြားခဲ့ပေသေးသည်။

၈။ "တပ်မတော်၏ မွန်မြတ်သောဆန္ဒ" နှင့် အာဏာပိုင်များ၏ ပြောကြားချက်များအရ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့သည် စစ်မှန်သော ပါတီစုံဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးကိုပင် အခိုင်အမာ ရှေးရှုသည်ဟု ယုံကြည်ရပေသည်။ အမျိုးသားညီလာခံခေါ်ယူရေးနှင့် အခြေခံဥပဒေရေးဆွဲရေး လုပ်ငန်းအစီအစဉ်သည် နိုင်ငံရေးသဘောအရ နိုင်ငံရေးပါတီများနှင့် ရွေးကောက်တင်မြှောက်ခြင်းခံရသည့် ပြည်သူ့ကိုယ်စားလှယ်များ၏ တာဝန်သာ ဖြစ်ကြောင်းကိုလည်း ပီပြင်စွာ ဖော်ညွှန်းခဲ့ပေသည်။

၉။ အခြေခံဥပဒေရေးဆွဲရေး အစီအစဉ်သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ကြေညာချက် (၁/၉၀) မှ မြစ်ဖျား ခံခဲ့ခြင်း ဖြစ်ပေသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် နိုင်ငံရေးပါတီများအား ယင်း၏ ကြေညာချက်ကို လိုက်နာမည် ဖြစ်ကြောင်း လက်မှတ်ရေးထိုးစေခဲ့သည်။ ယင်းကြေညာချက်သည် ယခုတိုင်တည်ဆဲဖြစ်သည်။ ထို့ကြောင့် သက်ဆိုင်သူ အားလုံးသည် ယင်းကြေညာချက်ကို လေးစားလိုက်နာ အကောင်အထည်ဖော်သွားကြရန် ကြီးစွာ တာဝန်ရှိပေသည်။

၁၀။ ဤသို့ဖြင့် အမျိုးသားညီလာခံကျင်းပရေးအတွက် အမျိုးသားညီလာခံကျင်းပရေး ညှိနှိုင်းဆွေးနွေးပွဲကို (၂၃-၆-၉၂) ရက်နေ့မှ (၁၀-၇-၉၂) ရက်နေ့များအတွင်း ကျင်းပခဲ့သည်ကို ဆွေးနွေးပွဲ၌ ဦးဆောင်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌက "မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးများ နေထိုင်လျက်ရှိသောကြောင့် ၎င်းတို့ရဲ့ ဆန္ဒသဘောထားများကို ညှိနှိုင်းရယူပြီး ခိုင်မာတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ် ရေးဆွဲပြဋ္ဌာန်းရန် လိုအပ်ကြောင်း၊ ယနေ့အခြေအနေမှာ ပြည်သူများက ရွေးကောက်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်များဟာ အနာဂတ်ဒီမိုကရေစီနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကြရန် တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များ ဖြစ်ကြောင်း။" ဟု လည်းကောင်း၊ "အမျိုးသားညီလာခံ ကျင်းပတဲ့အခါ ညီလာခံကိုယ်စားလှယ်များရဲ့ ဆွေးနွေးချက်များ အပေါ် ဘယ်ပုံဘယ်နည်းနဲ့ ဆုံးဖြတ်ရယူမယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပြောကြားရမယ်ဆိုရင် ဒီမိုကရေစီနည်းလမ်းနဲ့ အညီပဲ ဖြစ်လိမ့်မယ်လို့ ပြောလိုပါတယ်။" ဟုလည်းကောင်း ပြောကြားခဲ့ပေသည်။

အမျိုးသားညီလာခံအတွင်း ဖြစ်ပေါ်နေသည့် ပကတိအခြေအနေများ

၁၁။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ ကြေညာချက် (၁/၉၀) မှတပါး အခြားနည်းလမ်းမရှိ။ မလိုက်နာလျှင်မဖြစ် လိုက်နာရမည်ဖြစ်ကြောင်းကို နိုင်ငံတ၀ှမ်းလုံးသာမက ကမ္ဘာကိုပင် ကြေညာခဲ့ပေသည်။ သို့သော် အမျိုးသားညီလာခံ ကျင်းပရာတွင် ယင်းကြေညာချက် (၁/၉၀) ပါအတိုင်း လက်တွေ့အကောင်အထည်ပေါ်မလာပေ။ ကြေညာချက် (၁/၉၀) တွင် အတိအလင်း ဖော်ပြထားသော အနိုင်ရပါတီများ၏ အခန်းကဏ္ဍကို ဖုံးအုပ်ခဲ့တော့သည်။

၁၂။ အမျိုးသားညီလာခံကို (၉-၁-၉၃) ရက်နေ့မှစ၍ ကျင်းပခဲ့သည်မှာ ယခုတိုင်မပြီးဆုံးသေးပါချေ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားပြု ညီလာခံကိုယ်စားလှယ်များသည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ ကြေညာ ချက် (၁/၉၀) ကို လေးစားစွာ လိုက်နာပြီး ညီလာခံသို့ စုံညီစွာ တက်ရောက်ခဲ့ကြပေသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ထိုသို့ တက်ရောက်ဆွေးနွေးရန် အထက်တွင် ဖော်ပြထားရှိသည့် မူဝါဒသဘောထားများအပေါ် ခိုင်မြဲစွာ ရပ်တည်ခဲ့သည်။ အခြေခံဥပဒေရေးဆွဲရေးအတွက် အခြေခံရမည့် အခြေခံမူများသတ်မှတ်ရေးနှင့် စပ်လျဉ်း၍ အဆင့်ဆင့်သော အဖွဲ့ချုပ်၏ သဘောထားဆန္ဒများကို ရယူခဲ့သည်။ ယင်းကို ဗဟိုဦးစီးအဖွဲ့၏ အတည်ပြုချက်ဖြင့် ပြင်ဆင်ပြီးမှ၊ ညီလာခံ ကိုယ်စားလှယ်များအားလုံး အကြေအလည် ညှိနှိုင်းဆွေးနွေးပြီးမှ စာတမ်းများကို ပြုစုခဲ့ပေသည်။

၁၃။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူတို့အား ကတိက၀တ်ပြုခဲ့သည့် မူဝါဒသဘောထားများကို အစဉ် လေးစားသည်။ နိုင်ငံရေးသိက္ခာကို စောင့်ထိန်းသည်။ ထို့ကြောင့် သွေဖီခြင်း လုံးဝမပြုခဲ့ချေ။ အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တင်ပြချက်များသည် ဒီမိုကရေစီမူဘောင်များအတွင်းမှ ဖြစ်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ရေရှည်အကျိုးစီးပွားကို ဦးထိပ်ထားသည်။ ဓမ္မဓိဋ္ဌာန်ကျကျ အပြုသဘောဖြင့် အကြံပြုတင်ပြခြင်းများသာဖြစ်သည်။ လူ့နိယာမသဘောတရားအတိုင်း ကွဲလွဲချက်များ၊ လုပ်ငန်းကော်မတီက လမ်းကြောင်းပေးမှုများနှင့် ခြားနားချက်များ ရှိကောင်းရှိမည်။ ဤသည်မှာ ဆန့်ကျင်သည့် သဘော လုံးဝမဟုတ်ပေ။ ဒီမိုကရေစီမူများကို အလေးအနက်ထားခြင်းသာ ဖြစ်ပေသည်။

၁၄။ အမျိုးသားညီလာခံတွင် ဖြစ်ပေါ်ခဲ့သည့် ပကတိအခြေအနေများကို စေ့ငုံစွာ သုံးသပ်မည်ဆိုပါက မူလရည်ရွယ်ချက်များမှ တစတစ ကွဲလွဲလာခဲ့သည်ကို အထင်အရှား တွေ့ရှိရပေသည်။ အမျိုးသားညီလာခံ အောင်မြင်ရေးအတွက် မဖြစ်သင့် မဖြစ်ထိုက် သော ကိစ္စတရပ် ဖြစ်သည်။ ပုံစံများမှာ အောက်ပါအတိုင်းဖြစ်ပေသည်။
(က) ညီလာခံ၏ ဦးတည်ချက်များနှင့် လုပ်ထုံးလုပ်နည်းများကို အမျိုးသားညီလာခံကျင်းပရေး ညှိနှိုင်းဆွေးနွေးပွဲတွင် လည်းကောင်း၊ ညီလာခံတွင်လည်းကောင်း၊ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းပြီးမှ ပြုစုခြင်းမရှိပေ။
(ခ) ညီလာခံကိုယ်စားလှယ် အချိုးအစားကို ကြည့်ပြန်သောအခါ ပြည်သူက ရွေးကောက်တင်မြှောက်လိုက်သည့် ပြည်သူ့ ကိုယ်စားလှယ်များသည် ညီလာခံကိုယ်စားလှယ် အားလုံး၏ (၁၅.၂၄) ရာခိုင်နှုန်းသာ ပါရှိသောကြောင့် အမျိုးသားညီလာခံ တွင် အမြဲထာဝစဉ် "အနည်းစု" သာ ဖြစ်နေသည်။
(ဂ) စာတမ်းများကို ပြုစုတင်ပြရာ၌ လွတ်လပ်မှုမရှိဘဲ အာဏာပိုင်များက စိစစ်ပြီး ပြင်ဆင်ပေးစေလိုသည်များကို ပြင်ဆင် ပေးရသည်။
(ဃ) ညီလာခံအတွင်း ဆွေးနွေးရာ၌ အချင်းချင်း အပြန်မလှန် ဖလှယ်ခွင့် (မရှိချေ) တင်ပြချက်များအပေါ် စိစစ်သုံးသပ်လျက် အသင့်မြတ်ဆုံးကို ညှိနှိုင်းရွေးချယ်ပိုင်ခွင့် မရှိချေ။
(င) ကိုယ်စားလှယ်များ၏ စိစစ်တင်ပြချက် အများအပြားကို ဥပေက္ခာပြုခဲ့သည်။
(စ) ဆွေးနွေးချမှတ်ရာ၌ အခြေခံမူများသာမက အသေးစိတ်များပါ ပါဝင်နေသည်။
(ဆ) အလှည့်ကျသဘာပတိအဖွဲ့ စာတမ်းများကို ခြံငုံသုံးသပ်ပြီး ထောက်ခံတင်ပြပေးရသည်။
(ဇ) ဘာသာရပ်တခုအပေါ် အပြည့်အစုံဆွေးနွေးခြင်း မပြုရသေးသည်များကိုပါ တပါတည်း ဆုံးဖြတ်ချက် ချမှတ်သည်များကို တွေ့ရှိရသည်။
(ဈ) ညီလာခံကျင်းပရာ၌ ၁၉၄၇ ခုနှစ် အခြေခံဥပဒေများ ရေးဆွဲစဉ်ကကဲ့သို့ အချိန်ဇယားသတ်မှတ်ချက် မရှိပေ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အကြံပြုချက်များ


၁၅။ တကယ့်စင်စစ် စစ်မှန်သော ပါတီစုံဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်မည် ဆိုပါက ဒီမိုကရေစီမူများအပေါ် အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ရပေမည်။ အခြေခံမူများသည် နိုင်ငံတော်ဖွဲ့စည်းရေးနှင့် နိုင်ငံရေးရာများ အကောင်အထည် ဖော်ရေးအတွက် အခြေခံရမည့် မူများသာ ဖြစ်ရပေမည်။ ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူတို့၏ အခွင့်အရေးများကို ကာကွယ်သော အားဖြင့် ဥပဒေအရ "တရားရုံးတော်တွင် တင်ပြတရားစွဲဆိုနိုင်ခွင့်ရှိရမည့် အခြေခံမူ (၃၅) ချက်ကိုလည်းကောင်း၊ တရားစွဲပိုင်ခွင့်မရှိသော ရည်မှန်းချက် (၉) ချက်ကိုလည်းကောင်း တင်ပြခဲ့ပေသည်။" ဤသဘောတရားကို လက်မခံခဲ့ပေ။

၁၆။ အမျိုးသားညီလာခံအတွင်း၌ သဘောထားကွဲလွဲမှုများ ရှိနေကြောင်း၊ စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အင်္ဂါရပ်များနှင့် မကိုက်ညီသော အခြေခံမူများ ပါရှိနေကြောင်းများကို တွေ့ရှိရပေသည်။ စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်တွင် ပြည်သူက ရွေးကောက်တင်မြှောက် အာဏာအပ်နှင်းလိုက်သည့် ကိုယ်စားလှယ်များနှင့်သာ အာဏာပိုင်အဖွဲ့များကို ဖွဲ့စည်းကြရသည်မှာ နိယာမတရားဖြစ်ပေသည်။ ဤသည်တို့ကို ပြေလည်အောင်၊ အများလက်ခံနိုင်အောင် စီစဉ်ရမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အကြွင်းမဲ့ ယုံကြည်ပေသည်။ တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အဖြေပေါ် လာပေမည်။ မြန်မာနှင့်ကမ္ဘာ့အလယ်တွင် တင့်တယ်လျေက်ပတ်ပြီး ဂုဏ်သိက္ခာရှိစွာ ဖြစ်ပေါ်လာရေးကို မမှိတ်မသုန် ရည်မှန်း ရပေမည်။

၁၇။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အမျိုးသားညီလာခံကို ကြိုဆိုသည်။ လိုလိုလားလား တက်ရောက်ခဲ့သည်။ ဒီမိုကရေစီ အခြေခံမူများနှင့်အညီ ရေးဆွဲထားသော လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ပြီး၊ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ညီလာခံကို ကျင်းပ အကောင်အထည်ဖော်သွားလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ သို့သော် ဤသို့ ဖြစ်မလာခဲ့ပေ။ ဤသည်ကို ပြည်သူတို့ကိုယ်တိုင် ရွေးကောက် တာဝန်အပ်နှင်းခြင်းခံရသော ပြည်သူကို တာဝန်ခံရသော အဖွဲ့အစည်းတရပ်အနေဖြင့် တာဝန်သိသိ ၀မ်းနည်းစွာ ထောက်ပြလိုက်ရခြင်း ဖြစ်ပေသည်။

၁၈။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံတော်နှင့် နိုင်ငံသားအရေး တနည်းအားဖြင့် အမျိုးသားရေးကို အစဉ် ဦးထိပ်ထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစဉ်တစိုက်ခံယူခဲ့သည့် မူများမှာ . . .
(က) ပွင့်လင်းရိုးသားမှုနှင့် အပြန်အလှန် လေးစားလိုက်နာရေး၊
(ခ) တမျိုးသားလုံး ပြန်လည်သင့်မြတ်ရေး (၀ါ) တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေး၊
(ဂ) ငြိမ်းချမ်းချောမွေ့သောနည်းကို အသုံးပြုရေး၊
(ဃ) အာဃာတကင်းစင်သော အထွေထွေသဟဇာတဖြစ်မှုကို ရှေးရှုရေး၊
(င) အပြန်အလှန်လေးစားရေး၊
(စ) အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးနှင့်
(ဆ) အပြန်အလှန် နားလည်မှုရှိရေးတို့ပင် ဖြစ်သည်။

ထို့ကြောင့် အာဏာပိုင်အဖွဲ့အစည်းများအပါအ၀င် ပါတီအဖွဲ့အစည်းများနှင့် ပြည်သူများ လိုလားတောင့်တနေကြသော စစ်မှန်သည့် ပါတီစုံဒီမိုကရေစီနိုင်ငံတော် အောင်မြင်စွာ တည်ဆောက်နိုင်ရေးအတွက် အပြန်အလှန် ယုံကြည်လေးစားစွာဖြင့် စေတနာမှန်ထားပြီး အောင်မြင်စွာ အကောင်အထည်ပေါ်လာစေရန် သက်ဆိုင်သူအားလုံး လက်တွဲဖော်ဆောင်သွားကြရန် ဖိတ်ခေါ်လိုက်ပေသည်။

၁၉။ အမျိုးသားညီလာခံကို ယခုအတိုင်း ဆက်လက်ကျင်းပသွားမည်ဆိုပါက . . .
(က) အမျိုးသား ပြန်လည်သင့်မြတ်ရေး၊
(ခ) စစ်မှန်သော ပါတီစုံဒီမိုကရေစီနိုင်ငံတော် ဖြစ်ပေါ်လာနိုင်ရေး၊
(ဂ)အများပြည်သူတို့ ယုံကြည်လက်ခံနိုင်သော ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ် ပေါ်ထွန်းရေးများကို အထောက်အကူ ပြုနိုင်လိမ့်မည် မဟုတ်ပါ။

ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အထက်ပါရည်မှန်းချက်များ ဖြစ်မြောက်ရေးအတွက် တွေ့ဆုံညှိနှိုင်းခြင်း ဖြင့်သာ အဖြေရှာနိုင်မည်ဟု ခိုင်မာစွာ ယုံကြည်ပေသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊
ရန်ကုန်မြို့။

၁၃၅၇ ခုနှစ်၊ နတ်တော်လဆန်း (၁) ရက်။
၁၉၉၅ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်။

ရည်ညွှန်းချက်များ
(၁) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း (ယာယီ) နှင့် မူဝါဒသဘောထားများ (မူကြမ်း)၊
၁၉၈၉ ခုနှစ်၊ အောက်တိုဘာလ။ (စာမျက်နှာ - ၂)
(၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း (ယာယီ) နှင့် မူဝါဒသဘောထားများ (မူကြမ်း)၊
၁၉၈၉ ခုနှစ်၊ အောက်တိုဘာလ။ (စာမျက်နှာ - ၂)
(၃) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း (ယာယီ) နှင့် မူဝါဒသဘောထားများ (မူကြမ်း)၊
၁၉၈၉ ခုနှစ်၊ အောက်တိုဘာလ။ (စာမျက်နှာ - ၁၂)
(၄) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေညာချက်အမှတ် (၃၀) – (၂၅-၉-၈၉)။ (စာမျက်နှာ - ၂)
(၅) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီစုံအထွေထွေရွေးကောက်ပွဲ ကြေညာစာတမ်း (၆-၁၁-၈၉)။ (စာမျက်နှာ - ၂)
(၆) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီစုံအထွေထွေရွေးကောက်ပွဲ ကြေညာစာတမ်း (၆-၁၁-၈၉)။ (စာမျက်နှာ - ၃)
(၇) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီစုံအထွေထွေရွေးကောက်ပွဲ ကြေညာစာတမ်း (၆-၁၁-၈၉)။ (စာမျက်နှာ - ၃)
(၈) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီစုံအထွေထွေရွေးကောက်ပွဲ ကြေညာစာတမ်း (၆-၁၁-၈၉)။ (စာမျက်နှာ - ၄)
(၉) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီစုံအထွေထွေရွေးကောက်ပွဲ ကြေညာစာတမ်း (၆-၁၁-၈၉)။ (စာမျက်နှာ - ၁၆)
(၁၀) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီစုံအထွေထွေရွေးကောက်ပွဲ ကြေညာစာတမ်း (၆-၁၁-၈၉)။ (စာမျက်နှာ - ၁၆)
(၁၁) နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးတည်ဆောက်ရေးအဖွဲ့ ကြေညာချက်အမှတ် (၁/၉၀) - ၂၇-၇-၉၀။ (အပိုဒ် - ၁၂)
(၁၂) နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးတည်ဆောက်ရေးအဖွဲ့ ကြေညာချက်အမှတ် (၁/၉၀) - ၂၇-၇-၉၀။ (အပိုဒ် - ၂၀)
(၁၃) အမျိုးသားညီလာခံကျင်းပရေး ညှိနှိုင်းဆွေးနွေးပွဲစာအုပ် - ၁၉၉၂ ခုနှစ်၊ သြဂုတ်လ။ (စာမျက်နှာ - ၂၁)
(၁၄) အမျိုးသားညီလာခံကျင်းပရေး ညှိနှိုင်းဆွေးနွေးပွဲစာအုပ် - ၁၉၉၂ ခုနှစ်၊ သြဂုတ်လ။ (စာမျက်နှာ - ၁၂၄၊ ၁၂၅)
(၁၅) အမျိုးသားညီလာခံကျင်းပရေးဆိုင်ရာမှတ်တမ်းများ၊ အတွဲ (၂)၊ ၇-၆-၉၃ မှ ၁၆-၉-၉၃။
(စာမျက်နှာ - ၁၃၅ မှ ၁၄၂ နှင့် စာမျက်နှာ် ၄၄၈ မှ ၄၅၅)

Read More...

Sunday, July 22, 2007

ရှက်ကြိုးပြတ်နေတော့ ပေါချက်က ကမ်းကုန်တယ်။


ငရဲတွင်းကိုဆင်းကြည့်ပါ ယပ်တောင်တချောင်းပေးလိုက်မယ်
ဇွန်မှိုင်း

(၁)

အမျိုးသားညီလာခံကျင်းပရေးကော်မရှင်အစည်းအဝေး (၂/၂၀၀၇) ကို ဇွန်လ (၅) ရက်နေ့မှာ ကျင်းပတယ်။
ကျင်းပရေးကော်မရှင်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန်က ….
“၂၀၀၇ ခုနှစ် ဇူလိုင်လ (၁၈) ရက်နေ့မှာ ညီလာခံကို ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း”
“ဒါဟာ နောက်ဆုံးအကြိမ်ကျင်းပမယ့် ညီလာခံလည်းဖြစ်ကြောင်း”
“ဒီညီလာခံမှာ တချို့အချက်အလက်များကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းများ ပြုလုပ်သွားကြ ရမှာ ဖြစ်ကြောင်း”
သူ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။
MRTV မှာ ဆုန်သင်းပါရ်ရဲ့ အမျိုးသားညီလာခံဖွဲ့သီချင်းနှင့် ရှေ့ဆင့်နောက်ဆင့် မြင်လိုက်ကြားလိုက်ရတယ်။
ကျနော့်တဦးချင်းအရပြောရရင် ဘယ်လိုမှမခံစားရဘူး။ လုံးလုံးရင်မခုန်ဘူး။

နအဖနိုင်ငံခြားရေးဝန်ကြီးဦးဥာဏ်ဝင်းက အာဆီယံဆမ်းမစ်မှာ ၂၀၀၈ ဆန်းရင် လူထုဆန္ဒခံယူပွဲ လုပ်နိုင်မယ်လို့ ပြောဆိုပြီးကတည်းက ….
တစည အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ကြီးက နောက်ရွေးကောက်ပွဲအတွက် အဆင်သင့်ပြင်နေပြီလို့ အင်တာဗျူးပြီးကတည်းက …
အနှေးနှင့် အမြန်
တရက်မဟုတ် တရက်
ညီလာခံ ပြန်စတော့မယ်ဆိုတာ လူတိုင်းခန့်မှန်းနိုင်ကြပြီးသားပဲ။

အဲဒါ ဘာဆန်းလို့လဲ။
အမျိုးသားညီလာခံလို့ စလုပ်လာကတည်းက…
ရပ်သွားလိုက်၊ ပြန်စလိုက်
တခါပြန်ရပ်သွားလိုက်။ နောက်တခါ ပြန်စလာလိုက်။ ဂျာအေးကို သူ့အမေ အကြိမ်ကြိမ် ရိုက်နေတဲ့အဖြစ်။
ဒါလည်း ရိုးအီနေတဲ့၊ ကလေးတွေတောင် အလွတ်ရနေနိုင်တဲ့ ဖြစ်စဉ်ပဲလေ။
ဘာဆန်းလို့လဲ ကျနော့်အထင်တော့ ဘာမှမဆန်းဘူး။

(၂)

ဒါပေမယ့် ဆန်းနေတယ်၊ ဆန်းနေကြတယ်။
လူတချို့အတွက်ကျ အံ့အားသင့်လောက်အောင် ဆန်းနေကြတယ်။
သူတို့ဘာကြောင့် ဆန်းနေကြတာပါလိမ့်၊ ကျနော်အကဲခတ်ကြည့်မိတော့… (၂) ခု သွားမြင်တယ်။
တခုက… ဒါဟာ “နောက်ဆုံးအကြိမ်ကျင်းပပြုလုပ်မယ့်ညီလာခံ” ဆိုတဲ့ နာမ၀ိသေသန။
ဒီမှာအဆုံးသတ်တော့မယ်၊ အဆုံးမသတ်ခင် နောက်ဆုံးအနေနှင့် ကိုယ် ဘာ ထလုပ်ရင် ရနိုင်ဦးမလဲ။
ကိုယ်ဘာလုပ်ခွင့်ရမလဲ။ ကြံစမ်း။ ကြံစမ်း။ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ကြံကြည့်စမ်း။
ဒီလိုစဉ်းစားကြတာ ဖြစ်လိမ့်မယ်။

နောက်တခုက “ဒီညီလာခံမှာ အချို့အချက်အလက်များကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းများ ပြုလုပ်သွားကြရမှာဖြစ်ကြောင်း” ဆိုပြီး ဗိုလ်သိန်းစိန် ကြာပစ်လိုက်တဲ့ကိစ္စ Heart ထိသွားတာ ဖြစ်နိုင်တယ်။

ဒီ မဆိုသလောက် မက်လုံးလေးအပေါ်မှာ စိတ်ကစားကြတာ။
မျှော်လင့်ကြည့်ကြတာ။
စိတ်ကူးယဉ်ကြည့်ကြတာ အဲဒီလိုဖြစ်မယ်။
“အချို့အချက်အလက်များ” ဆိုတာကို အရုပ်ရေးကြည့်ကြတာဖြစ်မယ်။
“ပြင်ဆင်ခွင့်၊ ဖြည့်စွက်ခွင့်၊ ပယ်ဖျက်ခွင့်” တွေနှင့်ပတ်သက်ပြီး အားတက်မျှော်လင့်ကြည့်ကြတာ ဖြစ်မယ်။

အဲဒီလိုကြေးဆိုရင်တော့ သူတို့အဖို့ ဆန်းပြီပေါ့။
ဟုတ်ရှာသားပဲ။
ကိုယ့်တွက်ရေးနှင့်ကိုယ် စက်သူဌေး လုပ်ကြည့်ကြသူများ၊ ဒါလည်းရှိမှာပဲလေ၊ ကွဲလွဲခွင့်ရှိပါတယ်၊ လူအမျိုးမျိုး ဘုရားရှိခိုးအမျိုးမျိုးလို့ ဆိုပေတာကိုး။
လွတ်လပ်စွာကွဲလွဲခွင့်ရှိပါတယ်။

(၃)

နအဖဆိုတာ ဘယ်လိုအမျိုးအစားလဲ။
နအဖရဲ့ အမျိုးသားညီလာခံဆိုတာက ဘယ်လိုအမျိုးအစားလဲ။
နအဖရဲ့ ကတိက၀တ်တွေနှင့် ဆောင်ရွက်ပြုမူခဲ့၊ ပြုမူဆဲ အလုပ်တွေက ဘယ်လိုအမျိုးအစားတွေလဲ။
ကျနော်တော့ အဲဒီလို တချက်ချင်းကြည့်ကြည့်ချင်တယ်။
ဒီမေးခွန်းတွေအတွက် အဖြေတွေကို ဒုက္ခတွေ ခါးစည်းခံနေရတဲ့ မြန်မာပြည်သူအားလုံးကတော့ ဘ၀နှင့်ရင်းပြီး သိခဲ့ကြလှပါပြီ။
နအဖ ဆိုတာ…
လူထုလက်ထဲ အာဏာရလုရခင်ကာလမှာ အဲဒီလူထုကို ရက်ရက်စက်စက်သတ်ဖြတ်ချေမှုန်းပြီး အဲဒီအာဏာကို အတင်းလုယူခဲ့တဲ့အစိုးရ။ အာဏာသိမ်းအစိုးရ။
စစ်အုပ်စုအကျိုးစီးပွားအတွက် စစ်အာဏာရှင်စနစ်ကို တဆံချည်မလျှော့စတမ်း တည်ဆောက်
သွားဖို့ သံဓိဋ္ဌာန် ခိုင်ခိုင်ချထားတဲ့ အစိုးရ။
စစ်အာဏာတည်မြဲဖို့ဆိုရင် ဘာကိုမဆို ပြောရဲ၊ ဘာကိုမဆို လိမ်ရဲ၊ ဘာကိုမဆို လုပ်ရဲတဲ့ အစိုးရ။
နအဖရဲ့ အမျိုးသားညီလာခံဆိုတာ…
ရွေးကောက်ပွဲအနိုင်ရပါတီတွေ လုံးလုံးမတက်တဲ့။ လူထုလူတန်းစား ကိုယ်စားလှယ်အစစ်အမှန်တွေ လုံးလုံးတက်ခွင့်မရတဲ့။ လက်ညှိုးထောင် ခေါင်းညိတ်တွေကိုသာ လက်ရွေးစင်ခေါင်းခေါက် လက်ကုပ်ပြီး တက်ခိုင်းထားတဲ့။ အပစ်အခတ်ရပ်စဲထားတဲ့ တော်လှန်ရေးအင်အားစုတွေကို “အထူးဖိတ်ကြားသူများ” ဆိုတဲ့ ခေါင်းစဉ်နှင့် နိုင်ငံရေးအရ တန်ဖိုးလျှော့ချပြီး တက်ရောက်စေတဲ့။ တက်ရောက်ရသည့်တိုင်အောင် တင်ပြချက်တွေကို “မှတ်တမ်းတင်ပါသည်” ဆိုတဲ့အဆင့်မှာပဲ ချောင်ထိုးခံထားရတဲ့၊ ပြည်သူတွေ၊ ပြည်တွင်း ပြည်ပ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာမိသားစုတွေက လုံးဝလုံးဝမှ အယုံအကြည်မရှိကြတဲ့ ညီလာခံ။

ထို ထိုသော ဂုဏ်ပုဒ်များနှင့် ပြီးပြည့်စုံတဲ့ အတုအယောင် အမျိုးသားညီလာခံ။

နအဖရဲ့ ကတိက၀တ်တွေနှင့် ဆောင်ရွက်ပြုမူခဲ့။ ပြုမူဆဲအလုပ်တွေဆိုတာလဲ...
“ရွေးကောက်ပွဲမှာ အနိုင်ရပါတီကို အာဏာအပ်ပြီး ကျနော်တို့ တပ်မတော်က စစ်တန်းလျားကို ပြန်ကြမှာဖြစ်ပါတယ်” ဆိုတာက အစ …

တတိုင်းပြည်လုံး (စစ်အုပ်စုနဲ့ အပေါင်းပါ အစုလေးတစုကလွဲလို့) ကုန်းကောက်စရာမရှိလောက်အောင် ချွတ်ခြုံကျနေတဲ့အခိုက်မှာ …
“တိုင်းပြည်ဟာ ဘက်ပေါင်းစုံ အရှိန်အဟုန်နှင့် ဖွံ့ဖြိုးတိုးတက်နေပါတယ်” လို့ မျက်နှာပြောင်တိုက်ရဲတာအဆုံး
ကျနော်တို့အတွက် ယုံကြည်အားကိုးလောက်စရာ ဘယ်မှာရှိလို့လဲ။
ကျနော်တော့ ဒီ နအဖရဲ့စကားကို…
ကျနော်တို့ ပြည်သူတွေရဲ့ အကျိုးရှိရာရှိကြောင်းစံနှင့် တိုင်းကြည့်မိတိုင်း ဘယ်တုန်းကမှ ဘယ်လောက်ကလေးမှ ရှာမတွေ့ဖူးဘူး။
ယုံကြည်လောက်တဲ့အနေအထား ကျနော့်သိမြင်မှုထဲမှာ တခုတလေမှ လုံးလုံးရှာလို့မရခဲ့ဖူးဘူး။

(၄)

ကိုအေးလွင်တို့အုပ်စု ကားလေးတစီးငှားပြီး ရွာရိုးကိုးပေါက်လျှောက်သွား။
သူများယုံယုံ မယုံယုံ “NC ကို ထောက်ခံကြပါ။ Sanction ကို ကန့်ကွက်ကြပါ။” လို့ လိုက်ပြောနေ ကြတာ ကျနော်မအံ့သြဘူး။
သူ့ဆန်စားပြီး ရဲပြနေကြတာမဟုတ်လား။
အရိုးအရင်းလောက်နဲ့ မြိန်ရေရှက်ရေဖြစ်ပြီး သခင်အားရ ကျွန်ပါးဝလုပ်ပြနေကြတာ မဟုတ်လား။
ဒီအသီးစားမိပြီး ဒီသီချင်းကို ညည်းပြနေကြရတာ မဟုတ်ဘူးလား။
ဒါ ဘာဆန်းလို့လဲ။
ခေတ်အဆက်ဆက်မှာ ဒီလိုဖော်လံဖားတွေ။ ကြောက်ဖားတွေနှင့် အလိုတော်ရိတွေဆိုတာ
ရှိမြဲပဲလေ။
ကျနော် အဲဒါ မအံ့သြဘူး။

“NC က သိပ်ကိုကောင်းပါတယ် သိပ်ကိုတက်သင့်ပါတယ်။ ကျနော်တောင် တက်ခွင့်မရလို့ တက်ချင်လိုက်တာ တပိုင်းသေနေပြီ” လို့ပဲ ပြောပြော။
“NC မတက်ရင် ငါတကောကောတာပဲ။ တိုင်းပြည်ကိုဖျက်ဆီးတာပဲ။ ပြည်သူတွေကို မွဲအောင် ငတ်အောင်လုပ်တာပဲ” လို့ပဲ ဆို ဆို …
ပြောကြစမ်းပါစေ။
အဲဒီလိုပြောရင် စားပေါက်ချောင်တယ်ထင်လို့ သူ့ကျေးဇူးရှင်တွေ ကြည်အောင်၊ သာအောင် ပြောရရှာတာ။
ဒါက … ကျနော့်အနေနှင့် သဘောမတူပေမယ့် သဘောပေါက်လို့ရတယ်။
အေးလွင်က အေးလွင်စကားပြောတာ
ဒေါက်တာစိုးလင်းက ဒေါက်တာစိုးလင်းစကားပြောတာ
ဦးတင်ရွှေက ဦးတင်ရွှေစကားပြောတာ
ဦးလှမြင့်တို့ ဦးထွန်းအောင်ကျော်တို့က သူတို့ဘာသာဘာဝစကားကို သူတို့ဘာသာ ပြောနေ ဆိုနေကြတာ
ဘာမှလည်း မဖြစ်ဘူး။ ဘာမှလည်း ဖြစ်မလာဘူး။
ဘာအရာမှလည်း မရောက်ဘူး။
ဘယ်လိုခုန်ခုန် ဘယ်လိုဖုန်မှလည်း မထဘူး။ စိတ်သာချ။
ဒါက ရှင်းတယ်။ ခွေးအလုပ် ခွေးလုပ်၊ မြင်းအလုပ် မြင်းလုပ်ဆိုတဲ့ မြန်မာစကားက ရှိပြီးသားပဲ။ သူတို့ကတော့ ထားလိုက်တော့။

(၅)

ပြီးတော့ ညီလာခံကော်မရှင်က ပြဋ္ဌာန်းပေးထားတဲ့ လုပ်ထုံးလုပ်နည်းတွေကိစ္စ။ အဲဒါနှင့်
ပတ်သက်ပြီး ကျနော် ကြည့်ကြည့်တယ်။ အမျိုးသားညီလာခံကျင်းပရေးဆိုင်ရာ လုပ်ထုံး
လုပ်နည်းများရဲ့ အခန်း (၄) ပိုဒ်ခွဲ (၄၃) မှာ ဒီလို ဆိုထားပါတယ်။
“ဆွေးနွေးမည့် ညီလာခံကိုယ်စားလှယ်များသည် ဦးတည်ချက် (၆) ချက် ဘောင်အတွင်းမှ မိမိတို့ တင်ပြလိုသော ဆန္ဒသဘောထားများနှင့် အကြံပြုချက်များကို ဆွေးနွေးတင်ပြခွင့်ရှိသည်။ သို့သော် ယင်းသို့ဆွေးနွေးရာတွင် ဤလုပ်ထုံးလုပ်နည်းများတွင် ဖော်ပြထားသော တားမြစ်ချက်များကို ချိုးဖောက်ခြင်းမပြုရ။”
ကျနော်တို့ကို နအဖရဲ့ဦးတည်ချက် (၆) ရပ်က ခြေရော လက်ရောချုပ်ထားပြီးသားပါ။
သူ ခွင့်ပြုထားတဲ့ မူထဲ ဘောင်ထဲကပဲပြော။ နည်းနည်းလေးမှ စည်းကျော်မလာနဲ့ဆိုတာက ရှိပြီးသားပါ။ ပြီးတော့ အခန်း (၄) ပိုဒ်ခွဲ (၄၅ - စ) မှာလည်း …
“ညီလာခံ၌ ဆွေးနွေးပြီးပြတ်ပြီးဖြစ်သော ကိစ္စတရပ်ရပ်ကို ထပ်မံတင်ပြခြင်းမပြုရ” တဲ့။
အခုလို ထပ်ပြီး ကန့်ထားပြန်တယ်။ ထွက်ပြီးသားဆင်စွယ် ၀င်တယ်လို့မရှိစေရဆိုတဲ့သဘော။ အပြတ်တွေပါ။
အဲဒီလို အကန့်အသတ် အဖုံးအဖိတွေနှင့် ညီလာခံဟာ ဒီမိုကရေစီလုပ်ဟန် လုံးလုံးချို့တဲ့နေလို့ မွန်ပြည်သစ်ပါတီ ဆက်မတက်တော့တာ။ လေ့လာသူအဆင့်သာ လွှတ်တော့တာ အားလုံး တွေ့ကြမှာပါ။
အားလုံးလည်းမှတ်မိကြမယ် ထင်ပါတယ်။ အပစ်အခတ်ရပ်စဲထားတဲ့ တော်လှန်ရေး အင်အားစု တွေထဲက နိုင်ငံရေးကြီးသူများဟာ သူတို့လုပ်စရာရှိတာတွေကို တောက်လျှောက်လုပ်ခဲ့ကြပါတယ်။
တင်ပြစရာရှိတာတိုင်းကို တောက်လျှောက်တင်ပြခဲ့ကြပါတယ်။
ညီလာခံမစခင်မှာလည်း တင်တယ်။
ညီလာခံထဲမှာလည်း တင်တယ်။
အပစ်ရပ် (၆) ဖွဲ့ စုဖွဲ့ပြီးတင်တယ်။ (၇) ဖွဲ့ စုဖွဲ့ပြီး တင်တယ်။ (၁၃) ဖွဲ့စုဖွဲ့ပြီး တင်တယ်။
အမျိုးသားညီလာခံရဲ့ အဓိပ္ပာယ်ပြည့်စုံဖို့အတွက် အင်အားစုအားလုံး ပါဝင်သင့်တယ်။ အထူးသဖြင့် ရွေးကောက်ပွဲအနိုင်ရပါတီတွေ ပါဝင်သင့်တယ်။ အပစ်အခတ် မရပ်စဲသေးသူများကိုပင်လျှင် ဖိတ်ကြားသင့်တယ်လို့ တင်ပြခဲ့ကြတယ်။

အဲဒီတင်ပြချက်တွေ ဘာဖြစ်ခဲ့သလဲ။
ဘာမှမဖြစ်ခဲ့ဘူး။ ကျနော်တို့ရဲ့ တင်ပြချက်တိုင်းကို စစ်အုပ်စုက ဘယ်လိုတုံ့ပြန်ခဲ့သလဲ။
အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေအတွက် တောက်လျှောက် တင်ခဲ့ကြတယ်။
ဘယ်လောက် ဘာတွေရခဲ့ကြသလဲ။
ဒါတွေဟာ ကျနော်တို့ တကယ်လက်တွေ့ကြုံခဲ့၊ တကယ်ဖြတ်ခဲ့ရတဲ့ တကယ့်ဖြစ်ရပ်တွေပါ။
ဒီလိုအနေအထားအောက်မှာ၊ ဒီလက်တွေ့တွေအောက်မှာ ကျနော်တို့ ဘာကိုစိတ်ကူးသွားယဉ်လို့ရမှာလဲ။
ဘာကို မျှော်လင့်ကြည့်လို့ ရမှာလဲ။
စဉ်းစားကြည့်စေချင်တာပါ။

(၆)

NLD က ပြောပြီးပြီ။
ခုမှ မဟုတ်ဘူး။ ၂၀၀၄ ခုနှစ် မေလ (၁၄) ရက်နေ့ကတည်းက ပြောပြီးပြီ။
၂၀၀၄ မေ (၁၇) ရက်မှာ ညီလာခံကို ပြန်စမယ်လုပ်တော့…
အဲဒီညီလာခံဆိုတာကလည်း ၂၀၀၃ သြဂုတ်လ (၃၀) မှာ သွားလေသူ ဗိုလ်ခင်ညွန့်ကိုယ်တိုင် စတင်ပြီး ဟန်နဲ့ပန်နဲ့ ကြေညာထားတဲ့ လမ်းပြမြေပုံ (၇) ချက်ရဲ့ နံပါတ်စဉ် (၁)၊
၁၉၉၅ နှစ်ကုန် ၁၉၉၆ နှစ်ဆန်းကတည်းက ဘယ်လိုမှ ပြန်စမရတော့လောက်အောင် အင်ဂျင်မရှိတော့တဲ့ ကားတစီး ထိုးရပ်သွားသလို ထိုးရပ်သွားတဲ့ ညီလာခံ။

ဒီညီလာခံကို အပြကောင်းအောင်။
အထူးသဖြင့် နိုင်ငံတကာမှာ အပြကောင်းအောင်။
စစ်အုပ်စုဟာ NLD ကိုလည်း ပြန်ပြီးတက်စေချင်တယ်။ SNLD ကိုလည်း ပြန်ပြီးတက်စေချင်တယ်။
တက်သာ တက်စေချင်တာ စစ်အာဏာရှင်စနစ် တည်မြဲရေးဆိုတဲ့ သူ့ရည်မှန်းချက်ကတော့ ငါးပြားတစေ့မှ အပွန်းမခံဘူး။

အဲဒီလိုအနေအထားမှာ…
တချို့ မသိသား ဆိုးဝါးသူများကလည်း NLD က ခေါင်းမမာသင့်ပါဘူး။
တက်ကြည့်သင့်ပါတယ်။ အနိမ့်ဆုံးတက်တော့ တက်ကြည့်ပေါ့ ဆိုတာမျိုးတွေ။
ခလေးဆိုး ပူဆာသလို ပူဆာနေကြတဲ့အချိန် …
NLD ဘာလုပ်ခဲ့သလဲ …
မူပေါ်မှာအခိုင်အမာရပ်ပြီး အပျော့ပြောင်းဆုံးလုပ်ဟန်နှင့် တုံ့ပြန်ခဲ့တယ်။
အဲဒါကတော့…
“၂၀၀၄ ခုနှစ် မေလ (၁၄) ရက်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေညာချက်” ဖြစ်ပါတယ်။
အဲဒီကြေညာချက်မှာ …
“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဒီမိုကရေစီပြည်ထောင်စု မြန်မာနိုင်ငံတော်တည်ဆောက်
ရေးကို ရည်ရွယ်မျှော်မှန်းပြီး နိုင်ငံတော်အေးချမ်းသာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ကျင်းပသော အမျိုးသားညီလာခံနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိခဲ့သည်။ ထို့ကြောင့် အဖွဲ့ချုပ်အနေဖြင့် အမျိုးသားညီလာခံတွင် ပါဝင်ဆွေးနွေးလာနိုင်ရေးအတွက် အောက်ပါအနည်းဆုံးလိုအပ်ချက်
များကို အာဏာပိုင်တို့အား အသိပေးခဲ့သည်။ ၎င်းလိုအပ်ချက်များမှာ …
(၁) ညီလာခံဦးတည်ချက် (၆) ချက်သည် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲခြင်းနှင့် ပတ်သက်၍ စဉ်းစားရန်အချက်များသာ ဖြစ်ရမည်။
(၂) အခြေခံ (၁၀၄) ချက်သည်လည်း ဆွေးနွေးစဉ်းစားရန်သာဖြစ်ပြီး နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို ချည်နှောင်ထားသည့် အခြေခံမူများ မဖြစ်စေရပေ။
(၃) ယခင်ညီလာခံကျင်းပခဲ့စဉ်ကကဲ့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် နိုင်ငံရေးပါတီ များသည် ညီလာခံသို့ တက်ကြမည့် မိမိတို့၏ပါတီကိုယ်စားလှယ်များနှင့် ရွေးကောက်ပွဲတွင် ရွေးချယ်ခံထားရသော လွှတ်တော်ကိုယ်စားလှယ်များကို သက်ဆိုင်ရာပါတီများက လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိရမည်။
(၄) ၂၀၀၃ ခုနှစ် မေလ (၃၀) နောက်ပိုင်းတွင် အာဏာပိုင်များက ချိတ်ပိတ်ထားခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးများကို ပြန်လည်ဖွင့်လှစ်ပြီး ဆိုင်းဘုတ်များဖြုတ်ချခြင်း ခံခဲ့ရသည့် ရုံးများ၏ ဆိုင်းဘုတ်များပြန်လည်တင်ရန်။
(၅) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့အား ထိန်းသိမ်းထားခြင်းမှ လွှတ်ပေးရန်၊” ဆိုပြီး အတိအလင်း တင်ပြတောင်းဆိုခဲ့တယ်။
နအဖသာ သဘောရိုးနဲ့ဆိုရင် လူထုအကျိုး၊ တိုင်းပြည်အကျိုးကိုသာ တည့်တည့်ကြည့်သူ ဖြစ်မယ်ဆိုရင် …
ဒီတင်ပြချက် (၅) ချက်ဟာ ဘာမှ ညှိလို့မရနိုင်စရာမရှိဘူး။ အကုန်ညှိလို့ရနိုင်တယ်။
ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်း စစ်အကျိုးစီးပွား ငါးပြားတစေ့အပွန်းမခံချင်တဲ့ စစ်ဗိုလ်ချုပ်ကြီးများဟာ လက်ခံဖို့နေနေသာသာ လက်ပိုက်တောင်မဖြည်ခဲ့ပါဘူး။
ဒီအနေအထားအောက်မှာ။ ငါ့မြင်းငါစိုင်း ရိုင်းချင်တိုင်းရိုင်းနေတဲ့ နအဖရဲ့ ဒီမိုကရေစီကင်းမဲ့မှုတွေအောက်မှာ NLD ဟာ …
“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဤအခြေအနေအရ အမျိုးသားညီလာခံတွင် ပါဝင်ခြင်း
အားဖြင့် တိုင်းပြည်ကို အကျိုးပြုနိုင်မည်ဟု မယုံကြည်သောကြောင့် အမျိုးသားညီလာခံသို့ မတက်ရောက်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။” လို့ မိမိတို့ရဲ့ သဘောထားကို ပြတ်ပြတ်သားသား ကြေညာခဲ့ပါတယ်။
ဒီ ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်နိုင်မှုကပဲ NLD ကို NLD အဖြစ် ယနေ့အထိ ဂုဏ်ရောင်
ပြောင်စွာ ရပ်တည်နိုင်စေခဲ့တယ်လို့ ကျနော် သဘောရတယ်။

(၇)

အမြင်တွေ အမျိုးမျိုးကွဲနိုင်ပါတယ်။
ဒါပေမယ့် …
ဘယ်အရာဟာ ယုံကြည်အပ်တဲ့စကား။ ဘယ်အရာဟာ မယုံကြည်အပ်တဲ့စကား။
ဘယ်အရာဟာ လုပ်အပ်တဲ့အလုပ်။ ဘယ်အရာဟာ မလုပ်အပ်တဲ့အလုပ် ဆိုတာကိုတော့ ရွေးချယ်တတ်ကြရပါလိမ့်မယ်။
အနှစ် (၄၀ - ၅၀) ကျောကော့အောင် ခံလာပြီးကာမှတော့ …
ကရေကရာနဲ့ ဘာညာကို သဲကွဲဖို့ သင့်ပါတယ်။
မမျှော်လင့်ကောင်းတာကို မမျှော်လင့်ကြတာ ကောင်းလိမ့်မယ်။
စိတ်ကူးမယဉ်သင့်တာကို စိတ်ကူးမယဉ်ကြတာ ကောင်းလိမ့်မယ်။
စမ်းကြည့်ကြည့်လိုက်ပါလား သိရတာပေါ့ ဆိုတာမျိုးဟာ အရာကိစ္စတိုင်းအတွက်တော့ မတိုက်တွန်းကောင်းဘူးလို့ အောင့်မေ့ပါတယ်။
ငရဲတွင်းကိုဆင်းကြည့်ပါ ယပ်တောင်တချောင်းပေးလိုက်မယ် ဆိုတဲ့စေတနာမျိုးကလည်း မဖြစ်သင့်ပေဘူးလို့ ထင်ပါတယ်။
မတိုက်တွန်းကောင်း မတိုက်တွန်းအပ်တဲ့ ကိစ္စတွေကို မတိုက်တွန်းခြင်းဖြင့် မိတ်ကောင်း
ဆွေကောင်း ပီသကြောင်းကို ပြသသင့်ပါတယ်။

စစ်အုပ်စုရဲ့ မာယာတောကို ဖြတ်ဖို့ဆိုရင် NLD မှာ သို့မဟုတ် လူထုမှာ မှန်ကန်တိကျတဲ့ အဆုံး အဖြတ်နှင့် ရဲရင့်တည်ကြည်တဲ့ ပိုင်းဖြတ်မှုတွေ အမှန် ပိုင်ဆိုင်ကြရပါလိမ့်မယ်။ ကျနော်တော့ အဲဒီလိုပဲ သဘောရတယ်။

မြွေမှန်သူတိုင်း တွင်းဝင်ဖြောင့်နိုင်ကြပါစေ။ ။

Read More...

Saturday, July 21, 2007

ဦးဝင်းတင်အား လိမ်လည်ဖမ်းဆီးထားရာမှ လွှတ်ပေးလော့


မြန်မာနိုင်ငံစစ်အစိုးရက (၁၈) နှစ်တိုင် မတရားဖမ်းဆီးထားသော မန္တလေးမြို့ ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ် ဦးဝင်းတင်အား ချက်ချင်းအမြန်လွှတ်ပေးပါဟု ကုလသမဂ္ဂ ပညာရေး သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကိုအဖွဲ့ကြီး) ၏ ညွှန်ကြားရေးမှူးချုပ် မစ္စတာမတ်ဆူရာက ရန်ကုန် န၀တစစ်အစိုးရအား လေးနက်စွာ တောင်းဆိုလိုက်လေသည်။

မြန်မာစစ်အစိုးရအပါအ၀င် ကမ္ဘာ့နိုင်ငံသားအားလုံးတို့ပါဝင်သော ကမ္ဘာ့အသင်းချုပ်ကြီးမှ တောင်းဆိုသည်မှာ အဓိပ္ပယ်လေးနက်သည်။ ကမ္ဘာသားတဦးကို လွန်မင်းစွာ ဖမ်းဆီးနှိပ်စက်နေကြောင်း သိသာထင်ရှားသည်။ ထို့ကြောင့် ခေတ်ပြိုင်ကလည်း ဦးဝင်းတင်အား ချက်ချင်း လွှတ်ပေးရမည်ဟု တောင်းဆိုအပ်ပေသည်။

ဦးဝင်းတင်သည် အနိုင်မခံ အရှုံးမပေးသော သတ္တိခဲဖြစ်ပါသည်။ သူသည် ဇွဲသတ္တိကြီးမားသော လူသားတဦး ဖြစ်သောကြောင့် သူရသတ္တိနှင့် ဆိုင်သောဆုအမျိုးမျိုးကို ကမ္ဘာအရပ်ရပ်နိုင်ငံများက ပေးဆက် ချီးမြှင့်သည်ကို ရရှိခဲ့ပါသည်။ ၂၀၀၁ ခုနှစ်က ယူနက်စကို အဖွဲ့ကြီး၏ သတင်းစာ လွတ်လပ်ခွင့် တိုက်ရဲသူ သူရဲကောင်းဆုကို ရွေးချယ်ချီးမြှင့်ခဲ့ပါသည်။

ယခုအခါ အသက် (၇၈) နှစ် ရှိပြီဖြစ်သောကြောင့်တကြောင်း၊ မြန်မာပြည်ရှိ ထောင်များမှာ အကျဉ်းသားတို့ ကျန်းမာရေးကို လျစ်လျူရှုကာ ဖိနှိပ်ညှင်းဆဲနေခြင်း အကြောင်းတို့ကြောင့် အမျိုးမျိုးသော ဝေဒနာ ရောဂါများကို ခံစားနေရသဖြင့် လွှတ်ပေးသင့်ပါသည်ဟု ယူနက်စကို အရာရှိကြီးက တောင်းဆိုခဲ့လေသည်။

ယခုအခါ မြန်မာစစ်တပ်အစိုးရက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ကြီးက အကျဉ်းထောင်များသို့ သွားရောက်ကာ အကျဉ်းသားတို့၏သက်သာချောင်ချိမှု လုပ်ငန်းများ လုပ်ဆောင်ခွင့်ကို တားမြစ်ပိတ်ပင် ထားသဖြင့် ဦးဝင်းတင်နှင့်တကွ မြန်မာစစ်အကျဉ်းထောင်များမှ အကျဉ်းသားများတို့မှာ ပိုမိုဒုက္ခရောက်ေ နကြရရှာသည်ကိုလည်း ထုတ်ဖော်၍ တင်ပြခဲ့ပါ၏။

လွန်ခဲ့သော ရက်သတ္တပတ်အတွင်းက အကျဉ်းကျသက် (၁၈) နှစ်ပြည့်သောနေ့က ထောင်အရာရှိ နှစ်ဦးက ကျဉ်းမြောင်းသော ဦးဝင်းတင်၏အခန်းတွင်းသို့ ၀င်ရောက်စစ်ဆေးသည်ဟုလည်း သတင်းတရပ် ထွက်လာခဲ့သည်။ ထောင်မှူးတို့က အကယ်၍ ဦးဝင်တင်အား လွှတ်ပေးခဲ့ပါလျှင် နိုင်ငံရေး လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်ပါမည်လားဟု မေးမြန်းကြကြောင်း၊ ဦးဝင်းတင်က “မိမိသည် နိုင်ငံသားတဦးဖြစ်သဖြင့် ဒီမိုကရေစီရရှိရေးကို လုပ်ဆောင်ရန်တာဝန်ရှိသည့်အတိုင်း မုချ နိုင်ငံရေးလုပ်မည်မှာ သေချာသည်” ဟု အဖြေပေးခဲ့သည်ဟု သိကြရသည်။

ယင်းသို့မေးမြန်းခြင်းအရ စစ်တပ်အစိုးရ၏ ယုတ်ညံ့မှုကြီးကို နိုင်ငံသားတို့က ကောင်းစွာ သိရှိ လိုက်ကြရသည်ကို ခေတ်ပြိုင်ကတင်ပြရပေမည်။ ၁၉၈၉ ခုနှစ်က ဦးဝင်းတင်အား ဖမ်းဆီးသည်မှာ နိုင်ငံရေးလုပ်ဆောင်မှုအတွက် ဖမ်းဆီးသည်မဟုတ်ပေ။ ဦးဝင်းတင်၏ တပည့်လူငယ်တယောက်၏ ကိုယ်ရေးကိုယ်တာအမှုတွင် ဦးဝင်းတင်က အကြံပေးသဖြင့် ထိုလူငယ်က ကျူးလွန်ခဲ့သည်ဟု မဆီ မဆိုင် ဖမ်းဆီးကာ ယင်းလူငယ်၏အမှုကို အားပေးကူညီမှုအဖြစ် ဖမ်းဆီးကာ ထောင်ဒဏ်အနည်း ငယ် စီရင်ခဲ့၏။ နောက်ပိုင်းတွင်မှ ထောင်သက်ကိုဆန့်ကာ (၁၈) နှစ်တိုင် မတရားချုပ်နှောင်ထားခဲ့ သည်။ ဖမ်းစဉ်က လူမှုရေးအမှုနှင့်စီရင်ခဲ့ပြီး (၁၈) နှစ်ကြာမှ နိုင်ငံရေးအမှု ကျူးလွန်ခဲ့လေဟန် စစ်အစိုးရက ဖန်တီးခြင်းသည် စစ်ဗိုလ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ကလိန်ဥာဏ်ဖြစ်
သည်ကို လူထုကသိလာကြသည်။ သူသည် ရှက်ဖွယ်ကောင်းပြီး စက်ဆုတ်ဖွယ်ကောင်းသူ ဖြစ် ကြောင်း လူထုသိကြသည်။

အချုပ်အားဖြင့် ခေတ်ပြိုင်ကဆိုရလျှင် နိုင်ငံသားတဦးအား သူနှင့်မဆိုင်သောအမှုဖြင့် ဖမ်းဆီးပြီး (၁၈) နှစ်ကြာမှ နိုင်ငံရေးမလုပ်လျှင် လွှတ်ပေးလေယောင် လုပ်ဆောင်ခြင်းသည် ထိုအစိုးရ၏ ဦးစီးခေါင်းဆောင် ဗိုလ်ချုပ်ကြီးသန်းရွှေ သိမ်ဖျင်းလှသည်ကို ပေါ်လွင်စေပေ၏။ သူခေါင်းဆောင် သော နအဖအစိုးရသည် ဦးဝင်းတင်၏အမှုကဲ့သို့သော ယုတ်ညံ့သောအမှုများစွာရှိသည်။

အားလုံးကို လွှတ်ပေးပါ။ ဦးဝင်းတင်အား လွှတ်ပေးပေးပါဟု ခေတ်ပြိုင်က ကျယ်လောင်စွာ တောင်းဆို အပ်ပေကြောင်း။ ။

Read More...

Friday, July 20, 2007

အံကြိတ်ပြီး အလေးပြုခဲ့ရသော . . . . .


၈၈ မျိုးဆက်ကျောင်းသားများ သ၀ဏ်လွှာ


အာဇာနည်နေ့သည် နိုင်ငံရေးအကြမ်းဖက်မှု၏ ရလဒ်ဆိုးဖြစ်သည်။ ထိုစဉ်က လုပ်ကြံခံခဲ့ရသူများမှာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ပြည်သူတို့ ယုံကြည်အားထားရသော ခေါင်းဆောင်များ ဖြစ်၍ သူတို့ အသက်ပေးသွားသော ကြောင့် အာဇာနည်များအနေဖြင့် နိုင်ငံ့သမိုင်းတွင် မှတ်တမ်းတင်ခဲ့ ကြသည်။ ဤနမူနာကောင်းများသည် မည်သည့်ခေတ်တွင်မဆို ယဉ်ကျေးသည့် လူ့အဖွဲ့အစည်း၏ ဖြစ်စဉ်များ၊ အမျိုးသား နိုင်ငံရေး လုပ်ငန်းစဉ်များပင် ဖြစ်သည်။ ဤဖြစ်စဉ်များကို ဆန့်ကျင်သော အင်အားသုံး ခြိမ်းခြောက် အကြပ်ကိုင်သော တဖက်သတ် ဖြေရှင်းမှု မှန်သမျှကို .....

ကျွန်ုပ်တို့ လုံးဝ လက်မခံသလို ငုံ့လဲ ခံမည် မဟုတ်ကြောင်း ရှင်းလင်းစွာ အသိပေးလိုက်သည်။



ဇူလိုင် (၁၉) အာဇာနည်နေ့ မနက် (၉) နာရီခွဲခန့်တွင် အဖွဲ့ချုပ် (ဗဟို) ရုံးရှေ့သို့ ကျနော် ရောက်ခဲ့သည်။ ရုံးရှေ့တွင် ဖြန့်ကြက်လျက် ရှိသော အင်အားစုနှင့် ရုံးတွင်းအင်အားစုများ ပေါင်းလျှင် အင်အား (၃၀၀) မှ (၄၀၀) ခန့်ရှိမည် ထင်သည်။

ရုံးရှေ့ ကားလမ်းတဖက်တွင်ကား ထောက်လှမ်းရေးများ၊ သတင်းပေးများ၊ အလိုတော်ရိများကား အင်အား အပြည့်။ အာဇာနည်ကုန်းသွားရာ လမ်းဘက်တွင် စွမ်းအားရှင်ဟုခေါ်သော အချက်ပြလျှင် ရမ်းကားတော့မည့် လူစု၏ အင်အားကား မသေးလှ။ ရေတာရှည်လမ်းသစ်ထိပ် ဓမ္မာရုံတွင်လည်း အင်အားအပြည့်။ သူတို့ အားလုံးပေါင်းလျှင် အင်အား (၁၀၀၀) အောက်တော့ လျော့မည်မထင်ပေ။ လိုအပ်လျှင်လည်း နောက်ထပ် အားဖြည့်မည့် အင်အားများကိုလည်း အသင့်ပြင်ထားပြီး ဖြစ်ပေလိမ့်မည်။

မနက် (၁၀း၃၀) ခန့်တွင် အလေးပြုခြင်း အစီအစဉ်ကို ကြေညာသည်။ အစီအစဉ်မှာ ကျဆုံးလေပြီးသော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား သူတို့ ကျဆုံးခဲ့သော မနက် (၁၀း၃၇) မိနစ်တွင် အာဇာနည်ကုန်းဘက်သို့ မျက်နှာမူ၍ အလေးပြုခြင်း၊ တမိနစ် ဥသြဆွဲခြင်း၊ ပြီးနောက် ဒေါ်မေလှမြိုင်၏ အာဇာနည်နေ့ ဂုဏ်ပြုတေးဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများ အတွက် ငြိမ်သက်စွာ ဆုတောင်း မေတ္တာပို့သခြင်း တို့ဖြစ်သည်။


ကျဆုံးလေပြီးသော
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ
အာဇာနည်ခေါင်းဆောင်ကြီးများအား
အလေး………. ပြု

(ဥသြဆွဲသံ ……..)

(ဒေါ်မေလှမြိုင်၏ အာဇာနည်နေ့ ဂုဏ်ပြုတေး)

အလေး..ပြု

နှစ်လနာရီ ခါရာသီရွေ့ပေမယ့်
အာဇာနည်နေ့ကိုဖြင့် မမေ့သင့်ပါသလေ
ယနေ့ခေတ် သတိတရားထားဖို့ အခြေ
(အများပြည်သူတွေ)၂
အာဇာနည်နေ့ကိုလေ
တွေးရှုကာပဲ အလေးပြုပါမယ်လေ…

စနစ်အခြေပြောင်းခဲ့ပေမယ့်
အဖြစ်ဟောင်းများတော့ ဖြေသော်မပြေ
လွမ်းမျက်ရည် မြေခပြီမို့
ဆွေးတသသ တွေးဆမရွှင်ပေ
ရွှေရင်ဆို့ကဲ
ကြေကွဲဝမ်းနည်းရပုံတွေ

ယနေ့ထက်တိုင်အခြေ. ဩော် မမေ့တဲ့နိုင်ပါပေ..
(အာဇာနည်ခေါင်းဆောင်ကြီးတွေ)၂
ကောင်းရာသုဂတိ ရောက်ရှိကြပြီလေ
တေးကဗျာ အနုစာခွေ
ရေးကာအလေးပြု
တွေးရှုပါတယ်လေ



(ကျနော်တို့အပေါ် ဗိုလ်ချုပ်တို့ထားခဲ့သော မေတ္တာစေတနာ တို့အား အလေးအမြတ်ပြုသောအားဖြင့် ကျနော်သည် လူမှန်းသိတတ်စ အရွယ်မှစ၍ ယနေ့ ယခုအထိ နှစ်စဉ်နှစ်တိုင်း အလေးအမြတ်ပြု ဦးညွတ်ခဲ့ပါ၏။ ကျနော်ပြုခဲ့သော ကောင်းမှုကုသိုလ် အစုစုတို့ကို အမျှ .. အမျှ .. အမျှ .. ပေးဝေပါ၏။ ဗိုလ်ချုပ်တို့ ရောက်ရာဘ၀မှ သာဓုခေါ်နိုင်ကြပါစေ။

ဗိုလ်ချုပ် ကြိုးပမ်းပေးခဲ့သော ပြည်သူများ လွတ်လပ်ရေးကို စစ်အာဏာရှင်များ လက်အောက်မှ ပြန်လည် ရယူရေး ဒီမိုကရေစီရေး လှုပ်ရှားမှုကြီးတွင် အုတ်တချပ်၊ သဲတပွင့်အနေဖြင့် ပါဝင်ကြိုးပမ်းသွားပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုပါသည်။)

Read More...

Saturday, July 14, 2007

အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိအကျဉ်း



ကျဆုံးလေပြီးသော...
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ၊
အာဇာနည်ခေါင်းဆောင်ကြီးများအား
ဦးညွတ်အလေးပြုပါ၏





ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-၁၉၄၇)

၁၉၁၅ ခု၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မကွေးတိုင်း၊ နတ်မောက်မြို့၌ အမိန့်တော်ရ ရှေ့နေ ဦးဖာ၊ ဒေါ်စုတို့မှ နောင်တခောတ်တွင် ဗိုလ်ချုပ်အောင်ဆန်း ဟူ၍ ဗမာ့နိုင်ငံသမိုင်း၌ တွင်စေမည့် သားရတနာကို ဖွားမြင်ခဲ့သည်။ ဇာတာအမည်မှာ မောင်ထိန်လင်း ဖြစ်သော်လည်း ငယ်စဉ်ကပင် မောင်အောင်ဆန်းဟု တွင်သည်။ ငယ်စဉ်က နတ်မောက်မြို့ ဆရာတော် ဦးသောဘိတ ကျောင်း၌ နေခဲ့သည်။ ၁၉၂၈ ခုနှစ်တွင် ရေနံချောင်း အမျိုးသား အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်ယူခဲ့ပြီး ယင်းကျောင်းမှ မြန်မာ၊ ပါဠိ (၂) ဘာသာ ဂုဏ်ထူးဖြင့် (၁၀) တန်းအောင်မြင်ခဲ့သည်။ ပညာထူးချွန်သူဖြစ်၍ အထက်တန်း စကောလားရှစ်နှင့် ဦးရွှေခိုဆု ရရှိခဲ့ဖူးသည်။ ထို့နောက် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ပြီး ဆက်လက် ပညာဆည်းပူးခဲ့သည်။ ၁၉၃၅-၁၉၃၆ ပညာသင်နှစ်မှစ၍ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အမူဆောင်အဖွဲ့ဝင် ဖြစ်လာခဲ့ပြီး သမဂ္ဂ၏ အာဘော် အိုးဝေမဂ္ဂဇင်း အယ်ဒီတာလည်း ဖြစ်လာခဲ့သည်။ ကိုအောင်ဆန်း အယ်ဒီတာအဖြစ် ဆောင်ရွက်သော အိုးဝေမဂ္ဂဇင်းတွင် ယမမင်း အမည်ဖြင့် အိုးဝေညိုမြ ရေးသားသော "ငရဲခွေးကြီး လွတ်ပြီး သရမ်းနေသည် (The Hell Hound At Large)" ခေါင်းစဉ်ဖြင့် ပေးစာတစ်စောင် ဖော်ပြခဲ့မှုသည်လည်း ၁၉၃၆ ဒုတိယ ကျောင်းသားသပိတ် ဖြစ်ပွားစေခဲ့သော အဓိက အကြောင်းရင်းတချက်ဖြစ်သည်။ ၁၉၃၆ ဒုတိယ ကျောင်းသားသပိတ်၏ သပိတ်မှောက်ကောင်စီ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ခဲ့သည်။

ကုလား-ဗမာ အဓိကရုဏ်း ပေါ်ပေါက်ခဲ့သည်။ သမဂ္ဂသည် အဓိကရုဏ်းကြောင့် ဒုက္ခရောက်သူများအား ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ၁၉၃၆ ခု သပိတ်အရေးတော်ပုံတွင် ဖွဲ့စည်းပေးခဲ့သော ဆာမြဘူး ကော်မတီ အစီရင်ခံစာထွက်လာသည်။ အစီရင်ခံစာကို တကသမှ ကန့်ကွက်ခဲ့သည်။ ဒေါက်တာဘမော် အစိုးရ တက္ကသိုလ် အက်ဥပဒေကြမ်း ပြုလုပ်ရန် စီစဉ်သည်ကိုလည်း လက်မခံခဲ့ပေ။ ၁၉၃၆-၁၉၃၇ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်လာပြီး ၁၉၃၈-၁၉၃၉ တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၃၆ တက္ကသိုလ် သပိတ်အပြီးတွင် ပေါ်ပေါက်လာသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂကြီးကို ဦးစီးတည်ထောင်သူ တစ်ဦးလည်းဖြစ်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂတွင် ပထမဆုံး အတွင်းရေးမှူး ဖြစ်လေသည်။ ၁၉၃၇-၁၉၃၈ တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ၀ိဇ္ဖာတန်းကို အောင်ပြီး၊ ဥပဒေ ၀ိဇ္ဖာတန်းသို့ ဆက်တက်ခဲ့သည်။ ၁၉၃၈-၁၉၃၉ တွင် တကသ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ တက္ကသိုလ် အက်ဥပဒေပြင်ဆင်ရေး ကော်မတီတွင် အဖွဲ့ဝင်အဖြစ်လည်း တာဝန်ယူခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဖြစ်သည့် တက္ကသိုလ်ကောင်စီတွင် ပထမဆုံး ကျောင်းသားကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တကသ ဥက္ကဋ္ဌအဖြစ် သက်တမ်းကုန်သည်အထိ မနေခဲ့ပေ။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ်မှ ထွက်ပြီး သခင် ကိုယ်တော်မှိုင်း ကြီးမှူးသော တို့ဗမာအစည်းအရုံးသို့ ၀င်ရောက်၍ သခင်အောင်ဆန်းအဖြစ် နိုင်ငံရေးနယ်ပယ်သို့ ခြေစုံပစ် ၀င်ခဲ့သည်။ ၁၉၃၉ တွင် တို့ဗမာအစည်းအရုံး၏ အတွင်းရေးမှူးအဖြစ် တင်မြှောက်ခြင်းခံရသည်။

သခင်အောင်ဆန်းသည် ဒုတိယကမ္ဘာစစ် ဖြစ်လာ၍ ဗမာ့လွတ်လပ်ရေးအတွက် စည်းစည်းလုံးလုံး ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းခဲ့သော ဗမာ့ထွက်ရပ်ဂိုဏ်းတွင် အတွင်းရေးမှူးအဖြစ်လည်း တာဝန်ယူခဲ့သည်။ ဗမာ့လွတ်လပ်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရန် ပေါ်ပေါက်ခဲ့သော ပြည်သူ့အရေးတော်ပုံပါတီ (နောင် ဆိုရှယ်လစ်ပါတီ) ၏ ပြည်ပဆက်သွယ်ရေးခေါင်းဆောင် တာဝန်ကိုလည်း ယူခဲ့သည်။ ၁၉၄၀ မတ်လအတွင်း အိန္ဒိယနိုင်ငံ ရမ်းဂါးမြို့၌ ကျင်းပသော အိန္ဒိယအမျိုးသား ကွန်ဂရက် ညီလာခံသို့ တက်ရောက်ခဲ့သည်။ သခင်အောင်ဆန်းအား အင်္ဂလိပ်နယ်ချဲ့အစိုးရကို ဆန့်ကျင်ဟောပြောမှုဖြင့် ဖမ်းဆီးရန် ဟင်္သာတခရိုင် ရာဇ၀တ်ဝန်က ဆုငွေ ၅ ကျပ်ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့သည်။ ၁၉၄၀ သြဂုတ်လအတွင်း ဗမာ့လွတ်လပ်ရေးအတွက် အင်္ဂလိပ်နယ်ချဲ့အစိုးရအား ဗမာ့မြေပေါ်မှ လက်နက်အားဖြင့် မောင်းထုတ်နိုင်ရန်အတွက် နိုင်ငံခြားမှ အကူအညီရယူရန် တရုတ်နိုင်ငံသို့ စွန့်စားထွက်ခွာခဲ့သည်။ တရုတ်ပြည် အမွိုင်၌ သောင်တင်နေစဉ် ဗမာနိုင်ငံမှ ရဲဘော်များ၏ စီစဉ်ဆောင်ရွက်ပေးမှုကြောင့် ဂျပန်အရာရှိ စူဖူကိကေအိချိနှင့် အဆက်အသွယ်ရကာ ဂျပန်နိုင်ငံသို့ ရောက်သွားသည်။ ဂျပန်ပြည်တွင် ဗမာ့လွတ်လပ်ရေး စီမံကိန်း စာတမ်းတရပ်ကို ရေးဆွဲကာ ဂျပန်စစ်အာဏာပိုင်များနှင့် ညှိနှိုင်းခဲ့သည်။ ယင်းစီမံကိန်းအရ ဗမာပြည်အတွင်းမှ မျိုးချစ်လူငယ်များကို စုစည်းကာ အလီလီခွဲလျက် ဂျပန်ပြည်သို့ ပို့ပေးခဲ့သည်။ ဤမျိုးချစ် လူငယ်တစုသည်ပင်လျှင် နောင်သောအခါတွင် ဗိုလ်တေဇ (ခ) ဗိုလ်အောင်ဆန်း ခေါင်းဆောင်သည့် ရဲဘော်သုံးကျိပ် ဖြစ်လာခဲ့သည်။ ဤမျိုးချစ်လူငယ်များသည် ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ကို ယိုးဒယား (ယခု ထိုင်း) နိုင်ငံ ဘန်ကောက်တွင် ဖွဲ့စည်းတည်ထောင်ကာ ဗမာနိုင်ငံအတွင်းသို့ ဂျပန်များနှင့်အတူ ၀င်ရောက် တိုက်ခိုက်ခဲ့သည်။

ဂျပန် တပ်မတော်က ဗမာနိုင်ငံကို သိမ်းပြီးသောအခါ အင်အားကြီးထွားလာပြီး ပရမ်းပတာ ဖြစ်လာသော ဗမာ့လွတ်လပ်ရေး တပ်မတော်ကို အင်အားလျော့ချပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) အဖြစ် ပြန်လည်ဖွဲ့စည်းသည့်အခါ ဗိုလ်ချုပ်အောင်ဆန်း သည်ဘ စစ်သေနာပတိ ဖြစ်လာသည်။ ၁၉၄၂ ခု စက်တင်ဘာလတွင် သူနာပြုဆရာမ ဒေါ်ခင်ကြည်နှင့် လက်ထပ်သည်။ ဗမာနိုင်ငံကို ဂျပန်က ရွှေရည်စိမ်လွတ်လပ်ရေး ပေးသောအခါ ဗိုလ်ချုပ်အောင်ဆန်းသည် စစ်ဝန်ကြီးနှင့် စစ်သေနာပတိ ဖြစ်လာသည်။ ဖက်ဆစ်ဂျပန် စစ်အုပ်ချုပ်ရေးသမားများသည် ဗမာနိုင်ငံနှင့် ပြည်သူတို့အား ဖက်ဆစ်နိုင်ငံ၏ လက်အောက်ခံနိုင်ငံ တစ်နိုင်ငံသဖွယ် သဘောထား လာကြသည်။ ထို့ကြောင့် ၁၉၄၄ ခုနှစ်၊ သြဂုတ်လအတွင်းတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်စိုးတို့ ဦးဆောင်ပြီး ဖက်ဆက်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖတပလ) [ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ)] ကို ဖွဲ့စည်းတည်ထောင်က ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဗမာ့ကာကွယ်ရေး တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်း၏ တိုက်ရိုက်ကွပ်ကဲ ညွှန်ကြားမှုဖြင့် ဖက်ဆစ်ဂျပန်တို့ကို အတိအလင်း စစ်ကြေညာက ဖက်ဆစ်တော်လှန်ရေးကို ဆင်နွှဲခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးနောက်တွင် ဗမာ့တပ်မတော်ကို ဂန္ဒီစာချုပ်အရ ဆက်လက်ဖွဲ့စည်း တည်ထောင်ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းသည် တပ်မတော်မှ နှုတ်ထွက်ကာ နိုင်ငံရေးခေါင်းဆောင် ဖဆပလ ဥက္ကဋ္ဌအဖြစ် တိုင်းပြည်တာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့သည်။

ဒုတိယကမ္ဘာစစ်အပြီးတွင် ဗမာနိုင်ငံ ဘုရင်ခံ ဆာဒေါ်မန်စမစ်က ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ဖဆပလ ခေါင်းဆောင်များအား ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ရာထူးလက်ခံရန် စကားကမ်းလှမ်းသော်လည်း ဖဆပလမှ ချမှတ်ထားသော စည်းကမ်းချက်များ အတိုင်း မရ၍ ဗိုလ်ချုပ်အောင်ဆန်းတို့က လက်မခံခဲ့ဘဲ၊ ဘုရင်ခံ၏ စက္ကူဖြူစီမံကိန်း တိုက်ဖျက်ရေးကိုသာ ပြည်သူလူထုအား စည်းရုံးကာ အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သဖြင့် ပုလိပ်သပိတ်အပါအ၀င် အထွေထွေ အမှုထမ်းပေါင်းစုံ သပိတ်ကြီး ပေါ်ပေါက်လာပြီး၊ နယ်ချဲ့ အင်္ဂလိပ်တို့၏ အုပ်ချုပ်ရေး ရပ်တန့်သွားခဲ့ရသည်။ ဗြိတိန်အစိုးရလည်း ဘုရင်ခံ ဆာဒေါ်မန်စမစ်ကို အင်္ဂလန်သို့ ပြန်ခေါ်ပြီး ဘုရင်ခံအသစ် အဖြစ် ဆာဟူးဘတ်ရန့်စ်ကို ခန့်အပ်လိုက်သည်။ ဘုရင်ခံသစ် ဆာဟူးဘတ်ရန့်စ်က ဗိုလ်ချုပ်တို့ အလိုကျ အစိုးရဖွဲ့စည်းရန် စကား ကမ်းလှမ်းလာတော့သည်။ ထိုကမ်းလှမ်းချက်များကို ဖဆပလနှင့် ဆွေးဗနွးညှိနှိုင်းကြပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလ ခေါင်းဆောင်များသည် ဘုရင်ခံ၏ အမှုဆောင်ကောင်စီဝင် ရာထူးများကို လက်ခံယူလိုက်ကြသည်။ ထို့ကြောင့် ၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့မှ စ၍ ဗိုလ်ချုပ်အောင်ဆန်းသည် ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဖြစ်လာသည်။ ထိုနောက် တစ်နှစ်အတွင်း လုံးဝ လွတ်လပ်ရေးရရှိရေး ဆောင်ပုဒ်အရ ဗမာ့လွတ်လပ်ရေးကိစ္စ ဆွေးနွေးရန် ဗြိတိသျှ လေဘာအစိုးရ၏ ဖိတ်ကြားချက်အရ ဗမာ့ကိုယ်စားလှယ်အဖွဲ့ကို ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ၁၉၄၇ ခု၊ ဇန်န၀ါရီလတွင် လန်ဒန်သို့ သွားရောက်ခဲ့သည်။ ထိုဆွေးနွေးပွဲမှ ဗမာနိုင်ငံအား တစ်နှစ်အတွင်း လွတ်လပ်ရေးပေးမည့် အောင်ဆန်း-အက်တလီ စာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။

သို့သော် ဗမာနိုင်ငံကို လွတ်လပ်ရေးပေးရာတွင် ဗြိတိသျှတို့က တောင်တန်းဒေသများကို ချန်ထားလိုသောကြောင့် ဗိုလ်ချုပ် အောင်ဆန်း က တောင်တန်းဒေသကိုပါ တပါတည်း လွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့ပြီး တောင်တန်းဒေသနှင့် ဗမာပြည်မ ပေါင်းစည်းရေးအတွက် အားသွန် ကြိုးပမ်းခဲ့ပြန်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ကြိုးစားရိုးသားမှုကြောင့် တောင်တန်းဒေသ တိုင်းရင်းသားခေါင်းဆောင်များ၏ ယုံကြည်ကိုးစားမှုကိုပါ ရရှိခဲ့ပြီး၊ ဗမာနိုင်ငံသမိုင်းတွင် အရေးပါသော တိုင်းရင်းသားပေါင်းစုံ သွေးစည်းညီညွတ်ရေး သင်္ကေတဖြစ်သည့် ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ ထိုလုပ်ငန်းများ ပြီးစီး၍ လွတ်လပ်ရေးရရန် သေချာသော အခြေအနေသို့ ရောက်သောအခါ လွတ်လပ်သော ဗမာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲကြမည့် တိုင်းပြုပြည်ပြုလွှတ်တော်အတွက် ရွေးကောက်ပွဲကြီးကို ၁၉၄၇ ခု၊ ဧပြီလတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ ယင်းသို့ ဗမာ့လွတ်လပ်ရေး ဗိမာန်ကြီး ပြီးခါနီးအချိန် လွတ်လပ်သော ဗမာနိုင်ငံ တည်ထောင်ရေး အားသွန်ကြိုးပမ်းနေဆဲတွင် နယ်ချဲ့လက်ပါးစေ ဦးစောနှင့် အပေါင်းအပါတို့၏ ရက်စက်ယုတ်မာစွာ လုပ်ကြံသတ်ဖြတ်မှု ကြောင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် အခြားသော လုပ်ဖော်ကိုင်ဖက် တိုင်းပြည်ခေါင်းဆောင် အာဇာနည်ကြီးများနှင့်အတူ ကျဆုံးခဲ့ရပေသည်။




သခင် မြ (၁၈၉၇-၁၉၄၇)

သခင်မြသည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ၀န်ကြီးအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ကွယ်လွန်သူ အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး သခင်မြသည် ပြည်မြို့နယ် ထုံးဘိုရွာဇာတိဖြစ်သည်။ အဖ ဦးဘိုးချွန်နှင့် အမိ ဒေါ်သက်လယ်တို့မှ ၁၈၉၇ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့တွင် ဖွားမြင့်သည်။ ငယ်နာမည် မောင်ဘရွှေဖြစ်သည်။ နှမ မမြငွေ တစ်ဦးသာရှိ၍ နောင်အခါ သီလရှင်ဝတ်သွားပြီး ဒေါ်ခေမာဝတီ ဖြစ်လာခဲ့သည်။ သာယာဝတီ အေဘီအမ်ကျောင်းမှ သတ္တမတန်း အောင်ပြီး ဆယ်တန်းကို ရန်ကုန်ဘက်ပတစ် အထက်တန်းကျောင်းမှ အောင်မြင်ခဲ့သည်။ ၁၉၁၈ ခုနှစ်တွင် ရန်ကုန်ကောလိပ်နှင့် ကိုးလ်ကတ္တားတက္ကသိုလ်တို့မှ အိုင်အက်စီတန်းကို ဓာတုဗေဒဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ၁၉၂၀ ပြည့်နှင့် တက္ကသိုလ် သပိတ်မှောက် ကောင်စီတွင် ဒုတိယဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ ယင်း သပိတ်နောက် ပေါ်လာသော အမျိုးသားပညာရေး ကောင်စီတွင်လည်း အဖွဲ့ဝင်တစ်ဦး ဖြစ်ရုံမက ကြည့်မြင်တိုင် အမျိုးသား အထက်တန်းကျောင်းအုပ်လည်း လုပ်ခဲ့ဖူးသည်။ ၁၉၂၄ ခုနှစ်တွင် ဘီအက်စ်စီတန်းကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အမျိုးသားကောလိပ်မှပင် အောင်မြင်ခဲ့သည်။ ၁၉၂၆ ခုနှစ်တွင် ဒေါ်ခင်ညွန့်နှင့် လက်ထပ်သည်။
၁၉၂၇ ခုနှစ်တွင် ဥပဒေ ၀ိဇ္ဖာဘွဲ့အောင်ပြီးသောအခါ သာယာဝတီသို့ ပြန်၍ ရှေ့နေအလုပ်ဖြင့် အသက်မွေးသည်။ ၁၉၃၀ ပြည့်နှစ် တောင်သူလယ်သမား အရေးတော်ပုံတွင် အရေးတော်ပုံသားများဘက်မှ ရှေ့နေလိုက်ရာမှ ထင်ရှားလာသည်။ ၁၉၃၆ ခုနှစ် ရောက်သော် တို့ဗမာအစည်းအရုံးဝင်ရာမှ သခင်ဖြစ်လာပြီး သခင်မြဟု ထင်ရှားလာခဲ့သည်။ ထို့နောက် တို့ဗမာအစည်းအရုံး၏ ကိုယ်ပွားဖြစ်သော "ကိုယ်မင်းကိုယ်ချင်းအဖွဲ့" ၏ ဥက္ကဋ္ဌဖြစ်လာသည်။ ကိုယ်မင်းကိုယ်ချင်းအဖွဲ့၏ တာဝန်ပေးချက်အရ သာယာဝတီတောင်ပိုင်းမှ အမတ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရာ အရွေးခံရ၍ ၉၁ ဌာနခေတ် ဥပဒေပြုလွှတ်တော်အမတ် ဖြစ်လာသည်။ ထို့ကြောင့် ဥပဒေပြု လွှတ်တော်အတွက် ပထမဆုံး အရွေးခံရသော သခင်အမတ် သုံးဦးအနက် တစ်ဦးအပါအ၀င် ဖြစ်ခဲ့သည်။ ထိုသို့ အမတ်အဖြစ် အရွေးခံရ သော်လည်း အင်္ဂလိပ် နယ်ချဲ့အုပ်စိုးမှုကို ဆန့်ကျင်သည့်အနေဖြင့် အမတ်လစာမယူသည့် သခင်အမတ်တစ်ဦးလည်း ဖြစ်သည်။

ပြည်သူ့အရေးတော်ပုံပါတီ ဖွဲ့သောအခါတွင် ဗိုလ်ချုပ်အောင်ဆန်းက ပြည်ပဆက်သွယ်ရေး တာဝန်ယူပြီး သခင်မြက ပြည်တွင်း ခေါင်းဆောင် တာဝန်ယူခဲ့သည်။ ၁၉၄၁ ခုနှစ်တွင်မူ တို့ဗမာအစည်းအရုံး ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံရသည်။ ရဲဘော်သုံးကျိပ် ဂျပန်နိုင်ငံသို့ စစ်ပညာသင် သွားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ရသူ တစ်ဦးလည်းဖြစ်သည်။ ဒေါက်တာ ဘမော် ဦးဆောင်သော ဂျပန်ခေတ် လွတ်လပ်ရေး အစိုးရအဖွဲ့တွင် ဒုတိယ၀န်ကြီးချုပ် ဖြစ်ခဲ့သည်။ ဖက်ဆက်တော်လှန်ရေးအတွက် ဖတပလကို ဖွဲ့သောအခါ ပြည်သူ့အရေးတော်ပုံပါတီကို ကိုယ်စားပြု၍ သခင်မြလည်း ပါဝင်ခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ပြည်သူ့အရေးတော်ပုံပါတီကို မြန်မာပြည် ဆိုရှယ်လစ်ပါတီဟု ပြင်ဆင်ဖွဲ့စည်းသောအခါ သခင်မြပင် ဥက္ကဋ္ဌ ဖြစ်လာသည်။ စစ်ပြီးစ ဖဆပလ အဖွဲ့၏ ဗဟိုအလုပ်အမှုဆောင် တစ်ဦးလည်း ဖြစ်သည်။ စစ်ပြီးခေတ် ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသော ကြားဖြတ်အစိုးရအဖွဲ့တွင် ဘဏ္ဍာရေးနှင့် အခွန်တော်ဌာန ၀န်ကြီး တာဝန်များ ယူခဲ့ရသူလည်း ဖြစ်သည်။ ထို့နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးကော်မတီ ဥက္ကဋ္ဌနှင့် တိုင်းပြုပြည်ပြုလွှတ်တော် ယာယီသဘာပတိ တာဝန်များ အပေးခံရသည်။ အောင်ဆန်း-အက်တလီ စာချုပ်ချုပ်ဆိုရန် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် လန်ဒန်သွား ဗမာကိုယ်စားလှယ်အဖွဲ့တွင်လည်း ပါဝင်ခဲ့သည်။ လယ်သီးစား ဥပဒေဋီကာ ကိုလည်း ရေးသားခဲ့သေးသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြားခေါင်းောဆင်ကြီးများနှင့်အတူ မသမာသူတို့ လက်ချက်ဖြင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် အသက်ဆုံးရှုံးခဲ့ရရှာသည်။




ဦးဘချို (၁၈၉၃-၁၉၄၇)

ဒီးဒုတ် ဦးဘချိုမှာ မြောင်းမြဇာတိ ဖြစ်သည်။ အဖ ဗမာ ဆေးဆရာကြီး ဦးဘိုးစာနှင့် အမိ ဒေါ်မြစ်တို့မှ ၁၈၉၃ ခု၊ ဧပြီလ ၂၄ ရက်နေ့တွင် ဖွားမြင်သည်။ အသက် ၁၄ နှစ်တွင် မြောင်းမြမြို့ ဆရာ ဦးမောင်မောင် ကျောင်းမှ သတ္တမတန်းကို အထူးအောင်၍ စကောလားရှစ် ပညာသင်ဆု ရရှိခဲ့သည်။ ထိုနောက် ရန်ကုန်မြို့ရှိ စိန်ပေါကျောင်းတွင် ဆက်လက်ပညာသင်ယူရာ ၁၀ တန်းကို အထူးအောင်သော ကြောင့် ပညာသင်ဆု ထပ်ရသည်။ ရန်ကုန်တက္ကသိုလ်တွင် ဘီအေအထက်တန်းကျောင်း တက်နေဆဲ မျက်စိရောဂါကြောင့် တက္ကသိုလ်မှ ထွက်ခဲ့ရသည်။ ပေါင်းတည်နှင့် ဟင်္သာတမြို့များတွင် အစိုးရ ကျောင်းဆရာအဖြစ် အမှုထမ်းခဲ့သည်။ ပညာအုပ်လည်း လုပ်ခဲ့ဖူးသည်။ ၁၉၂၀ တွင် ဒေါ်လှမေနှင့် လက်ထပ်သည်။ အမျိုးသားကျောင်းများ ဖွင့်လာသောအခါ အစိုးရ၀န်ထမ်းမှ ထွက်ပြီး အမျိုးသားကောလိပ် တွင် မြန်မာစာဆရာ ၀င်လုပ်သည်။ အစိုးရအထောက်အပံ့ မယူသော အမျိုးသားကျောင်းဆရာလည်း လုပ်ခဲ့ဖူးသည်။ တစ်ပတ် တစ်ကြိမ် ထုတ် "မြန်မာ့ ရီဗျူးဂျာနယ်" ကို အယ်ဒီတာချုပ်အဖြစ် ဦးစီးထုတ်ဝေခဲ့သည်။ ထိုနောက် "ဒီးဒုတ်ဂျာနယ်" ကို ၁၉၂၅ ခုနှစ်တွင် ဦးစီးထုတ်ဝေရာတွင် ဒီးဒုတ်ဦးဘချိုဟု ထင်ရှားလာသည်။

ဆရာကြီးသည် အင်္ဂလိပ်-မြန်မာနှင့် ပါဠိစာပေများတွင် နှံ့စပ်ပြီး ဆေးကျမ်း၊ ဗေဒင်၊ နက္ခတ်နှင့် အဂ္ဂိရတ်ပညာများကိုလည်း လိုက်စားခဲ့ သည်။ ဗမာသီချင်းကြီးကိုလည်း စည်းစနစ်ကျစွာ တတ်မြောက်သူတစ်ဦး ဖြစ်သည်။ တူရိယာ၊ ကဗျာ၊ ဂီတာကို မြတ်နိုးပြီး စောင်းကောက် ကိုလည်း ပိုင်နိုင်စွာ တီးတတ်သည်။ ဗမာ သီချင်းကြီး၊ သီချင်းခန့်များကို မူမှန်အတိုင်း ဖြစ်စေရန် "ဂီတ၀ိသော ဓနိ" ကျမ်းကိုလည်း တည်းဖြတ်ခဲ့သည်။ ၁၉၃၈ ခုနှစ်အတွင်း ဒီးဒုတ် နေ့စဉ်သတင်းစာကို ထုတ်ဝေခဲ့သည်။ ဆရာကြီးသည် သတင်းစာဆရာ၊ အယ်ဒီတာ၊ စာရေးဆရာ စသည့် စာပေသမားတစ်ဦး အနေဖြင့် ပြည်သူလူထု နိုင်ငံရေး အသိတရား နိုးကြားစေသည့် စာပေများကိုလည်း ရေးသားခဲ့သည်။ အင်္ဂလိပ်တို့ပေးသော ဒိုင်အာခီအုပ်ချုပ်ရေးနှင့် ၉၁ ဌာန အုပ်ချုပ်ရေးတို့ကို ဆန့်ကျင်ခဲ့သည်။ ဖေဘီယန် (Fabian) ပါတီကိုလည်း တည်ထောင်ခဲ့ပြီး ဥက္ကဋ္ဌအစြဖ် တာဝန်ယူခဲ့သည်။ ဗမာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌလည်း ဖြစ်ခဲ့သေးသည်။ ၁၉၃၆ ခုနှစ်၊ တက္ကသိုလ် သပိတ်မှောက် ကျောင်းသားများ စောင့်ရှောက်ရေးအဖွဲ့ဝင် တစ်ဦးအဖြစ်လည်း တာဝန်ယူခဲ့သည်။ ဂျပန်ခေတ် အဓိပတိ ဒေါက်တာဘမော် အစိုးရလက်ထက်တွင် အတိုင်ပင်ခံ လွှတ်တော်အမတ်အဖြစ် ထမ်းဆောင်ခဲ့သည်။ စာရေးဆရာအသင်း နာယကလည်း ဖြစ်သည်။ ဗမာနိုင်ငံ လုံးဝလွတ်လပ်ရေး ရရှိ ကြိုးပမ်းရန်အတွက် ဖဆပလ အဖွဲ့ချုပ် ဖွဲ့စည်းသောအခါ ၀င်ရောက် ဆောင်ရွက်သည်။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖဆပလ ကြားဖြတ်အစိုးရအဖွဲ့တွင် ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။ တိုင်းပြုပြည်ပြု လွှတ်တော်တွင် ဗမာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီအဖွဲ့ဝင်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြတို့နှင့်အတူ အထူးအပင်ပန်းခံ၍ ဆောင်ရွက်ခဲ့သည်။ ချင်းပြည်နယ် ထီးလင်းမြို့တွင် ကျင်းပသော ချင်း-ဗမာ ချစ်ကြည်ရေး ကျောက်တိုင်ဖွင့်ပွဲ အခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်စားအဖြစ် လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီး အနေဖြင့် လည်းကောင်း တက်ရောက်ခဲ့သည်။

၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် အခြား ခေါင်းဆောင်ကြီးများနှင့်အတူ လုပ်ကြံခံရပြီး မွန်းလွဲ ၁ နာရီ ၄၅ မိနစ် အချိန်တွင် ကွယ်လွန်သည်။




ဦးရာဇတ် (၁၈၉၈-၁၉၄၇)

အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး ဦးရာဇတ်သည် အငြိမ်းစား တိုက်ပိုင် အင်စပက်တော် မစ္စတာ အေရာမန်နှင့် ဒေါ်ညိမ်းလှ တို့၏ သားဖြစ်သည်။ ဆရာကြီးကို မိတ္ထီလာ၌ ၁၈၉၈ ခုနှစ် ဇန်န၀ါရီ ၁၉ ရက်နေ့တွင် ဖွားမြင်သည်။ မန္တလေး စက်စလီ ယောက်ျားကလေး ကျောင်းမှ ဆယ်တန်းကို ပါဠိ၊ အင်္ဂလိပ်စာ ဂုဏ်ထူးတို့ဖြင့် အောင်မြင်ခဲ့သည်။ တက္ကသိုလ်တွင် ပညာသင်နေစဉ် ၁၉၂၀ ပြည့်နှစ် တက္ကသိုလ် သပိတ်တွင် ပါဝင်ခဲ့သည်။

၁၉၂၁ ခုတွင် မန္တလေး ဗဟို အမျိုးသား အထက်တန်း ကျောင်းကြီကို ဦးစီးဖွင့်လှစ်ခဲ့ပြီး ထိုကျောင်း၌ အထက်တန်းပြ ဆရာ လုပ်သည်။ ၁၉၂၂ ခုတွင် အမျိုးသား ပညာရေးအဖွဲ့ကြီး၏ ဘီအေစာမေးပွဲကြီးကို အောင်မြင်ခဲ့၍ အေရာဇတ် ဘီအေ (နယ်ရှင်နယ်) အမည်ခံခဲ့သည်။ ၁၉၂၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်တိုင် ဗဟိုအမျိုးသား အထက်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာကြီးအဖြစ် ထမ်းရွက်ခဲ့သည်။ ဗဟို အမျိုးသား အထက်တန်းကျောင်းအုပ်အဖြစ် ဆောင်ရွက်စဉ် ရဲညွန့်တပ်ဖွဲ့စည်းပြီး ကျောင်းသားလူငယ်များကို စစ်ပညာသင်ပေးရုံမက မျိုးချစ်စိတ်လည်း သွင်းပေးသည်။ ၁၉၃၈ ခုတွင် ရွှေဘိုသူ ဒေါ်ခင်ခင်နှင့် လက်ထပ်သည်။ ၁၉၄၅ တွင် စစ်အတွင်းက ပိတ်ထားခဲ့ရသော အမျိုးသားကျောင်းကြီးကို ပြန်လည်ဖွင့်လှစ်သောအခါ အမျိုးသားကျောင်းတွင် ဆရာပြန်လုပ်သည်။ အထက်ဗမာနိုင်ငံလုံးဆိုင်ရာ ဖဆပလ အဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်လာသည်။ ဗမာ-မွတ်စလင် အသင်းဥက္ကဋ္ဌလည်း ဖြစ်ခဲ့သည်။ ဗမာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီဝင်တစ်ဦးလည်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ်အစိုးရအဖွဲ့တွင် ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန ၀န်ကြီးအဖြစ် တာဝန်ယူနေစဉ် အခြားခေါင်းဆောင်ကြီးများနှင့်အတူ မသမာသူတို့၏ လက်ချက်ဖြင့် ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် လုပ်ကြံခံရပြီး အသက်ဆုံးရှုံးခဲ့သည်။




မန်းဘခိုင် (၁၉၀၃-၁၉၄၇)

ကရင်အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး မန်းဘခိုင်သည် ဟင်္သာတမြို့နယ် ယုန်တလင်းရွာဇာတိဖြစ်သည်။ အဖ ယုန်တလင်း ရွာသူကြီး မန်းပေကုန်းနှင့် အမိဒေါ်ပုဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉၀၃ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက် ဖြစ်သည်။ ဟင်္သတာမြို့၊ အေဘီအမ်ကျောင်းတွင် ပညာသင်ယူခဲ့ရာ ၁၉၂၀ ပြည့်နှစ်တွင် သတ္တမတန်းအောင်သည်။ ကရင်ဘာသာသင် ကျောင်းတစ်ကျောင်းကို ဦးစီးဖွင့်လှစ်ခဲ့သူ တစ်ဦးဖြစ်သည်။ ၁၉၃၇ ခုတွင် ပုသိမ်မြောက်ပိုင်းမှ အမတ်အဖြစ် အရွေးခံရသည်။ ၁၉၃၈ ခုတွင် ပဲခူးသူ ဒေါ်ခင်နီနှင့် လက်ထပ်သည်။ ၁၉၄၁ ခုတွင် တရားရေးဌာန အတွင်းဝန်ဖြစ်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးတွင်လည်း ပါဝင်ခဲ့ရုံမက ကရင်-ဗမာ ချစ်ကြည်ရေးကို အထူးဆောင်ရွက်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။ စစ်ပြီးခေတ်တွင် ဖဆပလ ဗဟိုအလုပ်အမှုဆောင် လူကြီးတစ်ဦး ဖြစ်လာသည်။ ကရင်လူငယ်များ အစည်းအရုံး ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံရသည်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ကြားဖြတ်အစိုးရ အဖွဲ့တွင် စက်မှုလက်မှုနှင့် အလုပ်သမားဝန်ကြီးဌာန ၀န်ကြီးလည်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ လုပ်ကြံခံရ၍ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်တွင် ကွယ်လွန်ခဲ့သည်။




မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း (၁၉၀၇-၁၉၄၇)

မိုင်းပွန်စော်ဘွားကြီး စ၀်ခွန်ထီးနှင့် မြောက်နန်းဆောင် မဟာဒေ၀ီ နန်းစိန်ဥတို့၏ သား စ၀်စံထွန်းသည် ၁၉၀၇ မေလ ၃၁ ရက်နေ့ဖွား ဖြစ်သည်။ တောင်ကြီးမြို့ ရှမ်းစော်ဘွား သားများ အထက်တန်းကျောင်းမှ ဆယ်တန်းအောင်သည်။ မန္တလေး ပုလိပ်အတတ်သင်ကျောင်း လည်း တက်ခဲ့ဖူးသည်။ ထို့နောက် ပုလိပ်အရာရှိအဖြစ် ခေတ္တ အမှုထမ်းခဲ့သည်။ ၁၉၂၈ ခုတွင် စော်ဘွားအဖြစ် ခံယူလိုက်၍ မိုင်းပွန် စော်ဘွားကြီး ဖြစ်လာသည်။ ၁၉၃၂ ခုတွင် မိုးမိတ် စော်ဘွားကြိး၏ သမီး စ၀်ခင်သောင်းနှင့် လက်ထပ်သည်။ ရှမ်းပြည်နယ်တွင် သိပ္ပံနည်းကျ စိုက်ပျိုးရေးလုပ်ငန်းများ ထွန်းကားလာစေရန် ကြိုးပမ်းခဲ့သူတစ်ဦးလည်း ဖြစ်သည်။ အင်္ဂလန်နိုင်ငံမှ စိုက်ပျိုးရေးဆိုင်ရာ ခေတ်မီစာအုပ်များ၊ ကိရိယာ တန်ဆာပလာများနှင့် သီးနှံမျိုးစေ့များကိုပင် မှာယူခဲ့ဖူးသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီး၍ အင်္ဂလိပ်များ ဗမာနိုင်ငံသို့ ပြန်ဝင်လာသော ယင်းနှင့်အတူ ပါလာသော စက္ကူဖြူအုပ်ချုပ်ရေးကို ဆန့်ကျင်ခဲ့သူဖြစ်သည်။ တောင်တန်းနှင့် မြေပြန့် သွေးခွဲ၍ အုပ်ချုပ်သည်ကို မလိုလား၍ မြေပြန့်နှင့် တောင်တန်းစည်းလုံးညီညွတ်ရေးအတွက် လုံးပမ်းခဲ့သူ ဖြစ်သည်။ ထို့ကြောင့်လည်း ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့် စော်ဘွားလည်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ်အစိုးရ အဖွဲ့တွင် အတိုင်ပင်ခံ တောင်တန်းဒေသရေးရာ ၀န်ကြီးဖြစ်လာသည်။ ထို့ပြင် တိုင်းပြုပြည်ပြုလွှတ်တော်၏ ပြည်ထောင်စုနှင့် ပြည်နယ်ဆိုင်ရာ ဆပ်ကော်မတီ၊ လူနည်းစုဆိုင်ရာ ဆပ်ကော်မတီ၏ ဖွဲ့စည်းပု့ အခြေခံဥပဒေ ရေးဆွဲရေးကော်မတီများတွင် အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့်အတူ လုပ်ကြံခံရပြီး ဇူလိုင်လ (၂၀) ရက်၊ မွန်းတည့် ၁၂ နာရီတွင် ကွယ်လွန်ခဲ့သည်။




ဦးဘ၀င်း (၁၉၀၁-၁၉၄၇)

နတ်မောက်မြို့ ရှေ့နေ ဦးဖာ၊ ဒေါ်စုတို့၏ သားသမီး ၉ ယောက်အနက် ဦးဘ၀င်းသည် အကြီးဆုံးသားဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အကိုအကြီးဆုံးဖြစ်ပြီး ၁၉၀၁ ခု၊ ဇွန်လ ၁၁ ရက်နေ့တွင် ဖွားမြင်သည်။ ၁၉၁၄ ခုတွင် နတ်မောက် အလယ်တန်းကျောင်းမှ သတ္တမတန်း အောင်သည်။ ဗမာ ကိုးတန်း အောင်ပြီးနောက် အလယ်တန်းဆရာဖြစ် စာမေးပွဲ အောင်သောအခါ နတ်မောက်၌ပင် ကျောင်းအုပ် ခေတ္တ လုပ်သည်။ ထို့နောက် ရေနံချောင်း၌ ကျောင်းဆရာ၊ ဘီအိုစီ စာရေးဘ၀ဖြင့် ကျင်လည်ရင်း အင်္ဂလိပ်စာ အလွတ်ပညာသင်ကျောင်း တက်သည်။ ၁၉၂၄ ခုတွင် ရေနံချောင်း အမျိုးသား အထက်တန်းကျောင်းမှ ဆယ်တန်းကို သုံးဘာသာ ဂုဏ်ထူးဖြင့် အောင်ရုံမက ပထမလည်း ရသည်။ ၁၉၂၉ ခုတွင် ရန်ကုန်တက္ကသိုလ်မှ သင်္ချာဂုဏ်ထူးတန်း အောင်၍ ဘီအက်စ်စီ ဘွဲ့ရသည်။ ပထမဆုံး တက္ကသိုလ် ဘွဲ့ရ နတ်မောက်သားလည်းဖြစ်သည်။ ဘွဲ့ရပြီးနောက် ရေနံချောင်း အမျိုးသားအထက်တန်းကျောင်းတွင် အထက်တန်းပြ ဆရာအဖြစ် လည်းကောင်း၊ ဖြူးမြို့ အမျိုးသားအထက်တန်းကျောင်းတွင် အထက်တန်းကျောင်းအုပ်အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ၁၉၃၅ ခုတွင် တောင်တွင်းကြီးမြို့မှ ဦးစံ၊ ဒေါ်ရွှေမေတို့၏ သမီး ဒေါ်ခင်စောနှင့် လက်ထပ်သည်။ စစ်ပြီးခေတ်တွင် ရေနံချောင်းမြို့နယ် ဖဆပလ ဥက္ကဋ္ဌဖြစ်လာသည်။ ၁၉၄၇ ခုနှစ်တွင် ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်သည်။ တိုင်းပြုပြည်ပြု လွှတ်တော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီတွင်လည်း ပါဝင်ခဲ့သည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ် အချိန်တွင် လုပ်ကြံခံရပြီး ကွယ်လွန်သည်။




ဦးအုန်းမောင် (၁၉၁၃-၁၉၄၇)

ဦးအုန်းမောင်သည် မင်းဘူးမြို့၊ မစ္စတာ အိပ်ခ်ျဒဗလျူတရပ်(တ်)၀န်း၊ ဒေါ်ရွှေမြင့်တို့၏ ဒုတိယသားဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉၁၃ ခု၊ ဖေဖော်ဝါရီလ ၂ ရက် ဖြစ်သည်။ တက္ကသိုလ်ကျောင်းသားဘ၀က ရန်ကုန်တက္ကသိုလ် တပ်ရင်းတွင် တပ်ခွဲ တပ်ထောက် အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် ၀ိဇ္ဖာတန်း အောင်သည်။ ၁၉၃၇ ခုတွင် အိုင်စီအက်(စ်) စာမေးပွဲဖြေသူ ၃ ဦးအနက် ပထမရသည်။ ၁၉၃၉ ခုတွင် မန္တလေးမြို့၊ အရှေ့နယ်ပိုင် ၀န်ထောက်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် မြစ်ကြီးနား အရေးပိုင်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ထို့နောက် လမ်းပန်းဆက်သွယ်ရေး အတွင်းဝန်အဖြစ် ခန့်အပ်ခြင်းခံရသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့၊ စနေနေ့၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် လုပ်ကြံခံရသည်။




ရဲဘော် ကိုထွေး (၁၉၂၉-၁၉၄၇)

မန္တလေးမြို့ တောင်ပြင် သိပ္ပံရပ် ပင်စင်စား လယ်ယာစိုက်ပျိုးရေး ၀န်ထောက် ဦးကိုကိုလေး၊ ဒေါ်မင်းရီတို့၏ ဆဋ္ဌမမြောက် သားဖြစ်သည်။ န၀မတန်းအထိ ပညာသင်ကြားခဲ့သည်။ အသက် ၁၈ နှစ် အရွယ်တွင် ပညာရေးဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် အာဇာနည် ခေါင်းဆောင်ကြီးများကို လုပ်ကြံသော မသမာသူတို့၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရသည်။

(ဤအကြောင်းအရာပါ စာသားများကို www.myanmarisp.com မှ ထပ်ဆင့်ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်။)

Read More...

Tuesday, July 10, 2007

ပြည်သူတွေရဲ့ ဆန္ဒ




"ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊"


ဒေါ်အောင်ဆန်းစုကြည် သွားလေရာ ရောက်လေရာတိုင်းတွင် ပြည်သူတွေ ဒီလို ဆန္ဒပြု ကြတယ်။ ဒီအသံဟာ ပြည်သူတွေရဲ့ စစ်မှန်တဲ့ ရင်ထဲက ဆန္ဒမဟုတ်ပါဘူးလို့ ဘယ်လိုလူများက ဘယ်လိုစိတ်အခံတွေနဲ့ ငြင်းရဲပါသလဲ။ ဒါဟာ တအိမ် တယောက် မလာမနေရ၊ မအော်မနေရ ခြိမ်းခြောက်ထားလို့ မဟုတ်ပါဘူး။

အချိန်၊ စစ်ဗိုလ်ချုပ်များနှင့် ဒေါ်အောင်ဆန်းစုကြည်
သီရီ ဖဲလစ်

အမျိုးသမီးတယောက်ကို မြန်မာစစ်ခေါင်းဆောင်တွေ ဘာကြောင့် ကြောက်လန့်နေကြ တာလဲ။ သူမသြဇာကျလာအောင် နှစ်ပေါင်း ၂၀ နီးပါး ဘာကြောင့် လုပ်နေကြတာလဲ။ ပြီးတော့ ဘာကြောင့် အကျဉ်းချထားတာလဲ။ ဒီမေးခွန်းတွေကို နားလည်ဖို့ မခက်ခဲလှပါဘူး။


ငြိမ်းချမ်းရေးနိုဗယ်ဆုရရှိခဲ့တာနဲ့ ၆ နှစ်ကြာ နေအိမ်အကျယ်ချုပ် ချခံခဲ့ရတာတွေက ဒေါ်အောင်ဆန်း စုကြည်ကို အကြမ်းမဖက်တဲ့နည်းနဲ့ တိုက်ပွဲဝင်တဲ့ ကမ္ဘာ့ခေါင်းဆောင် တဦးအဖြစ် ရောက်ရှိစေခဲ့ပါတယ်။ ဒါပေမယ့် ၁၉၉၅ ခုနှစ် ပထမအကြိမ် အကျယ်ချုပ် ဘ၀ကလွတ်မြောက်ပြီး မကြာခင်မှာပဲ သူမဟာ အကြမ်းဖက်မှုတွေရဲ့သားကောင် ဖြစ်သွားခဲ့ရတယ်။

ခေါင်းမာတယ်၊ “ဘ၀င်မြင့်နေတဲ့ ဗြိတိသျှအလိုတော်ရိ” စတဲ့ အဆက်မပြတ် ဝေဖန် ပုတ်ခက်မှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွင်းမှာဆို အာဏာရှင်လိုပဲလို့လည်း စွပ်စွဲပြောဆိုတာ ခံခဲ့ရတယ်။

ဒီလိုဝေဖန်ပုတ်ခတ်မှုတွေ စပြီးလုပ်ခဲ့တာ စစ်အစိုးရပါ။ နောက်ပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အရင်က ချီးကျူး ခဲ့ကြတဲ့ အနောက်တိုင်း သတင်းမီဒီယာတချို့ကလည်း လူတွေအာရုံစိုက်လာအောင် အခြေအမြစ်မရှိဘဲ ဝေဖန်တိုက်ခိုက် လာခဲ့ကြတယ်။

တချို့ဝေဖန်ချက်တွေက တရားနည်းလမ်းကျကောင်းကျနိုင်ပါတယ်။ မြန်မာနိုင်ငံကို လူသားချင်း စာနာ ထောက်ထားတဲ့ အကူအညီပေးရေးနဲ့ပတ်သက်ပြီး သူမရဲ့ရပ်တည်ချက်ကို ဝေဖန်တာတွေ၊ ၁၉၉၉ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့ကို သူမဝေဖန်ပြောဆိုခဲ့တာတွေ စတဲ့ကိစ္စရပ်မျိုးတွေ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ကို ဝေဖန်ပြောဆိုခဲ့တာ မှားသွားကြောင်း သူမ၀န်ခံပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ဝေဖန်တိုက်ခိုက်မှု အများစုက သူမရဲ့ ကိုယ်ရေးလက်ထောက်ဟောင်းလည်းဖြစ် မိတ်ဆွေလည်းဖြစ်ခဲ့သူ မသိင်္ဂီနဲ့ ပုဂ္ဂိုလ်ရေး ပဋိပက္ခတွေကနေ ဖြစ်ပေါ်လာတဲ့ အလွန်အမင်း ချဲ့ကားပြောဆိုချက်တွေ၊ လုပ်ကြံဖန်တီးမှုတွေပါ။

အပြင်းထန်ဆုံး ထိုးနှက်ချက်ကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ခင်ပွန်းသည်နဲ့ သူမရဲ့သားနှစ်ယောက်ကို ဝေဖန်တိုက်ခိုက်မှုပါပဲ။ “မီးမရှိဘဲနဲ့ မီးခိုးမထွက်ဘူး”ဆိုတဲ့ အယူအဆကိုလက်ကိုင်ထားတဲ့ စစ်ဗိုလ်ချုပ်တွေဟာ မိုက်ကယ်၊ အလက်ဇန္ဒရားနဲ့ ကင်မ် အဲရစ်တို့ကို မဟုတ်မမှန်တာတွေနဲ့ အသရေဖျက်တယ်။ ဒေါ်စုက အောက်ကျို့မှ မိသားစုကို အလည်အပတ်လာခွင့် ပေးမယ်ဆိုတဲ့ ယုတ်ညံ့တဲ့နည်းလမ်းသုံးပြီးတော့လည်း ပြည်ဝင်ခွင့်ဗီဇာမပေးဘဲ အကြပ်ကိုင်တယ်။

ကိုယ်ကျင့်တရားကို စွဲစွဲမြဲမြဲလိုက်နာတတ်ပြီး ယဉ်ကျေးသိမ်မွေ့သူတဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုယ်ရေး ကိုယ်တာကိစ္စတွေကို အလုပ်နဲ့ ဘယ်တော့မှ ရောထွေးမခံခဲ့ပါဘူး။ ပေးရမယ့်တန်ဖိုးကို ဒေါ်စုသိတယ်။ ပြည်သူလူထုဆိုတဲ့ မိသားစုကြီးတခုလုံးရဲ့အကျိုးအတွက် ပုဂ္ဂိုလ်ရေးမိသားစုအကျိုးကို အနစ်နာခံဖို့ သူရွေးချယ်ခဲ့ရတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နှိုင်းယှဉ်ပြောဆိုကြတဲ့ ထင်ရှားတဲ့တော်လှန်ရေးခေါင်းဆောင်အများစုဟာ မဟတ္တမ္မဂန္ဒီ၊ နယ်လ်ဆင်မင်ဒယ်လာနဲ့ လိခ်ျ ဝေါလဆာတို့လို အမျိုးသားတွေပါ။ သူတို့ အားလုံးဟာ စိတ်ဓာတ်အင်အား ကြီးမားကြသူတွေ၊ ရပ်တည်ချက် ခိုင်မာပြတ်သားသူတွေ ဖြစ်ပါတယ်။ သူတို့ ကျရာနေရာကနေ ယုံကြည်ချက်အတွက် အလျော့မပေး ကြံ့ကြံ့ခံသူတွေ ဖြစ်ပါတယ်။ ဒါကိုက ခေါင်းဆောင် တို့ရဲ့ အရည်အသွေးပါ။

ဝေဖန်တိုက်ခိုက်ချက်မှိုင်းလုံးတွေကသာ တွေ့ဆုံဆွေးနွေးဖို့ အမြဲတမ်းတံခါးဖွင့်ထားတဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ သန္နိဌာန် နဲ့ အမှားကိုပြင်ဆင်တတ်တဲ့ အရည်အချင်းအပေါ် မကြာခဏ ဖုံးလွှမ်းသွားခဲ့တယ်။

စီးပွားရေးနဲ့ပတ်သက်ပြီး တရားသေ၀ါဒကို ဆုပ်ကိုင်ထားသူအဖြစ်လည်း စွပ်စွဲခဲ့ကြသေးတယ်။ ဒါပေမယ့် စီးပွားရေးအသိုင်းအ၀န်းနဲ့ တွေ့ဆုံဖို့ ဒေါ်စု ဘယ်တော့မှ မငြင်းဆန်ခဲ့ပါဘူး။ ဥပမာပြောရရင် ၂၀၀၂ ခုနှစ် ဩဂုတ်လမှာ “အင်္ဂါအသင်း”လို့ ရန်ကုန်မှာ နာမည်ကြီးတဲ့ ထိပ်တန်းစီးပွားရေးသမားတွေက သူမကို နေ့လယ်စာစားဖို့ ဖိတ်ကြားခဲ့ဖူးပါတယ်။ အဲ့ဒီမှာ သီးသန့်ရွေးချယ် ဖိတ်ကြားထားတဲ့ နိုင်ငံခြားသား စီးပွားရေးသမားတစုကို ခရီးသွားလုပ်ငန်းနဲ့ အခြားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ပတ်သက်လို့ တိုင်းပြည်သယံဇာတ အရင်းအမြစ်တွေနဲ့ နိုင်ငံ့ယဉ်ကျေးမှုတွေကိုပါ ထည့်သွင်းစဉ်စားထားတဲ့ သူမရဲ့သဘောထားအမြင်တွေကို ရှင်းပြခွင့်ရခဲ့တယ်။

နေ့လယ်စာစားပွဲကို တက်ကြသူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆိုရှယ်ဒီမိုကရက် ဈေးကွက် သဘောတရားတွေကို စာနာထောက်ခံဖို့ တင်းခံခဲ့ကြပေမယ့် တိုင်းပြည်အနာဂတ် ကောင်းစားရေးအတွက်ဆို သူမ ခေါင်းဆောင်မှရမယ်လို့ လက်ခံသွားကြပါတယ်။

ရေနံနဲ့ဓာတ်ငွေ့ကုမ္ပဏီကြီးတွေဖြစ်တဲ့ တိုတဲလ်နဲ့ ယူနိုကယ်တို့က အမှုဆောင်အရာရှိတွေဆို အငြင်းပွားနေတဲ့ ရဲတံခွန်ရေနံ ပိုက်လိုင်းရှိရာဒေသကို သွားရောက်ကြည့်ရှုဖို့ ဖိတ်ကြားခဲ့ကြတယ်။ အဲ့ဒီခရီးစဉ်ကို တားမြစ်ခဲ့တာတော့ စစ်အစိုးရပါပဲ။

အမေရိကန် စီအိုင်အေ ဒါမှမဟုတ် ဗြိတိသျှထောက်လှမ်းရေးအမှတ် ၆ အတွက် အလုပ်လုပ်ပေးနေတယ်၊ အိမ်နီးချင်းနိုင်ငံ တွေကို ဂရုမစိုက်ဘူး၊ အနောက်နိုင်ငံတွေကိုပဲ ဦးစားပေးဆက်ဆံတယ် စတဲ့ စွပ်စွဲချက်တွေထွက်လာချိန်မှာ အာဆီယံ ကိုယ်စားလှယ်တွေနဲ့ ပိုတွေ့ဖို့ သူမ သဘောတူခဲ့တယ်။ အဆုံးမှာတော့ နောက်ဆုတ်သွားကြသူတွေက အာဆီယံကိုယ်စား လှယ်တွေပဲ ဖြစ်ပါတယ်။ သူမကို နေ့လယ်စာစားဖို့ ဖိတ်ကြားခဲ့လို့ သူ့အစိုးရရဲ့ အပြင်းအထန်ကန့်ကွက်တာကို မလေးရှား သံအမတ် ခံခဲ့ရတယ်။

တိုင်းပြည်မှာ အဓိကကျပြီး ရှုပ်ထွေးတဲ့ တိုင်းရင်းသားပြဿနာနဲ့ ပတ်သက်ပြီးလည်း တိကျတဲ့အမြင်မရှိဘူးလို့ ဝေဖန်ခံခဲ့ ရတယ်။ ဒီလိုနဲ့ လူများစုမြေပြန့်သားတွေနဲ့ တောင်တန်းသားတွေအကြား မယုံကြည်မှုတွေ ပိုဖြစ်လာစေခဲ့တယ်။ ဒါပေမယ့် ၁၉၉၇ ခုနှစ်မှာ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးမယူထားတဲ့ တိုင်းရင်းသား အဖွဲ့တွေစုစည်းပြီး ထုတ်ပြန်ခဲ့တဲ့ သုံးပွင့်ဆိုင်တွေ့ဆုံ ညှိနှိုင်းရေးအစီအစဉ် ကြေညာချက်ကို သူမ ထောက်ခံ ခဲ့တဲ့အတွက် တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုကို ရရှိခဲ့တယ်။

စစ်ဗိုလ်ချုပ်တွေနဲ့ပတ်သက်လာရင် တွေ့ဆုံဆွေးနွေးရေးကို သူမ အမြဲတမ်းတောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် မြန်မာစစ်တပ် ခေါင်းဆောင်တွေက တွေ့တယ်ဆိုရုံပဲ တွေ့ခဲ့ပါတယ်။ ဒါကိုကြည့်ရင် တွေ့ဆုံဆွေးနွေးရေးကို အလေးအနက်မထားတဲ့ လက္ခဏာပါပဲ။

အဆိုးဆုံးအခြေအနေတွေမှာတောင် သူမဟာ တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိနေပါတယ်။ ၂၀၀၃ ခုနှစ် ဇွန်လမှာ ဒီပဲယင်းမြို့အနီးမှာ စစ်အစိုးရက သူမကိုထောက်ခံသူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပါတယ်။ အဲ့ဒီနောက် သူမကို အင်းစိန်အကျဉ်းထောင်ထဲမှာ ချုပ်နှောင်လိုက်တယ်။ ရက်အနည်းငယ်အကြာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရာဇာလီ အစ္စမေးလ်ကို သူမ အကျဉ်းကျခံနေရတဲ့ တဲငယ်လေးတခုထဲမှာ လာရောက်တွေ့ဆုံခွင့်ပြုလိုက်တယ်။ မစ္စတာ ရာဇာလီကို ဒေါ်စု ပထမဆုံးပြောတာက “ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ တွေ့ဆုံဆွေးနွေးဖို့ ကျမဘက်က အသင့်ရှိနေတုန်းဆိုတာ အစိုးရကို ပြောလိုက်ပါ”တဲ့။

၂၀၀၄ ခုနှစ် မတ်လမှာ စစ်အစိုးရရဲ့ နိုင်ငံရေးလမ်းပြမြေပုံကို ဆွေးနွေးဖို့ကမ်းလှမ်းတဲ့ စာတစောင်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ဒေါ်အောင်ဆန်းစုကြည် ရေးသားပေးပို့ခဲ့တယ်။ ကျွန်တော်တို့သိရသလောက်တော့ စစ်ခေါင်းဆောင်ကြီးက ဘာမှအကြောင်းမပြန်ကြားခဲ့သလို တွေ့ဆုံဆွေးနွေးမှုလည်း မဖြစ်ခဲ့တာ သေချာပါတယ်။

ဝန်ကြီးချုပ်ဟောင်းနဲ့ ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်ကတော့ နားလည်ရခက်တဲ့သူ တယောက် အဖြစ် ရှိနေဆဲပါ။ သက္ကရာဇ်၂၀၀၀ မှာ အတိုက်အခံပါတီနဲ့ တွေ့ဆုံဆွေးနွေးမှုတွေစတင်ဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့ကို တာဝန်ပေးလိုက်တော့ မျှော်လင့်ချက်တွေ အခိုက်အတန့် မြင့်မားသွားခဲ့ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ချက်ချင်းပဲ အန္တရာယ်ကို တွက်ဆနိုင်ခဲ့တယ်။ အဲ့ဒီဖြစ်စဉ်ထဲ ပါဝင်ပတ်သက်နေတဲ့ သံတမန်တွေကို ဗိုလ်ချုပ်ကြီးခင်ညွန့်ကို သိပ်မတင်ပေးဖို့ အကြံပေးခဲ့တယ်။

သူလုပ်နိုင်တဲ့ တိုးတက်မှုမှန်သမျှ ပျက်ဆီးသွားမှာ စိုးရိမ်လို့ဖြစ်ပါတယ်။ နောက်ဆုံးတော့ ဗိုလ်ချုပ် ခင်ညွန့်ကိုယ်တိုင် သူ့ကိုယ်သူထင်ပေါ်အောင် အလွန်အကျွံလုပ်လာခဲ့တယ်။ ပေးထားတဲ့တာဝန်ကိုအသုံးချပြီး သူ့ရဲ့နိုင်ငံရေး အနေအထားကို ပိုပြီးကောင်းအောင် လုပ်တယ်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ အာဏာကို ခြိမ်းခြောက် နေတယ်လို့ ရှင်းရှင်းလင်းလင်းဖြစ်လာတဲ့အချိန်မှာတော့ ရာထူးကဖယ်ရှားခြင်း ခံလိုက်ရတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့နှစ်ဦးစလုံး နေအိမ်မှာ အကျယ်ချုပ်ဘ၀နဲ့ နေထိုင်နေရတာ သမိုင်း သက်သေပါ။ ဒါပေမယ့် တနေ့ ဗိုလ်ချုပ်ခင်ညွန့် လွတ်မြောက်လာခဲ့ရင် ဘယ်သူတွေက သူ့ကို သတိရကြဦးမှာလဲ။

ဒေါ်အောင်ဆန်းစုကြည် ရေပန်းစားချက်ကတော့ အမြဲတမ်းခိုင်မာလျက်ပါ။ ရန်ကုန်မြို့က အငှား ယာဉ်မောင်းသမားတဦးကို ဖြစ်ဖြစ်၊ ယွန်းဆိုင်ပိုင်ရှင်တဦးကိုဖြစ်ဖြစ်၊ မော်လမြိုင် မြို့က စားသောက်ဆိုင် မန်နေဂျာတဦးကိုဖြစ်ဖြစ်၊ ဒါမှမဟုတ် ဘားအံမြို့က သံဃာတပါး ကိုပဲဖြစ်ဖြစ် သူမနာမည်ကိုပြောလိုက်တာနဲ့ သူတို့ဆီက ချစ်ခင်မြတ်နိုးခြင်းတွေ၊ မျှော်လင့်ချက် အရိပ်အယောင်တွေ အမြဲလို ယှက်သန်းလာစမြဲပါ။

(သီရီ ဖဲလိစ်သည် အရှေ့တောင်အာရှ အခြေစိုက် ဘယ်လ်ဂျီယံနိုင်ငံသား ဓါတ်ပုံ သတင်းထောက်တဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အကြောင်း ပြင်သစ်ဘာသာနှင့် စာအုပ်တအုပ်ကို မကြာခင်ကမှ ရေးသား ထုတ်ဝေထားသည်။)

၂၀၀၇ ခုနှစ် ဧပြီလထုတ် ဧရာဝတီ မဂ္ဂဇင်းမှ Time, the Generals and Aung San Suu Kyi By Thierry Falise ကို ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြပါသည်။

Read More...

Monday, July 09, 2007

တာဝန်သိသော နိုင်ငံသားကောင်းများ ဖြစ်ဖို့ …..


နိုင်ငံ + ပြည်သူ = နိုင်ငံ့အရေး = နိုင်ငံရေး

ကလိုစေးထူး

လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဖြစ်ပါတယ်။
ဖို့ဝိန်းမှာကျင်းပသွားတဲ့ တင့်တင့်ထွန်း စတိတ်ရှိုးပွဲကိုသွားတော့ ခန်းမရဲ့အ၀င်ဝမှာ မတွေ့ရတာ ကြာပြီဖြစ်တဲ့ အန်တီကြီးနှစ်ယောက်နဲ့ ဆုံပါတယ်။ `အန်တီတို့၊ စတိတ်ရှိုးပွဲလာကြည့်တာလား´ လို့ နှုတ်ဆက်မေးမိပါတယ်။ ဒါပေမယ့် အဲဒီအန်တီကြီးတွေက မျက်နှာထားမသာမယာနဲ့ တယောက်စီ ဒီလိုပြန်ဖြေပါတယ်။

`မဟုတ်ဘူး၊ ကလေးမလေးတွေကို လိုက်ပို့တာ၊ တို့တွေက ပြန်မှာ´
`ကြည့်စမ်းပါဦးကွာ၊ တခုခုလုပ်ကြမယ်ဟေ့ဆိုပြီး လူစုရင်၊ အစည်းအဝေးတို့ ဘာတို့ဆိုရင် လူတွေက ဒီလို မတက်ကြွဘူး´
`မင်းလည်း တို့နဲ့တွေ့ရအောင်၊ တို့နဲ့တွေ့ချင်လို့ ဖို့ဝိန်းလာတာမှ မဟုတ်တာ၊ တင့်တင့်ထွန်းစတိတ်ရှိုးပွဲ လာတာ မဟုတ်လား´
`အန်တီတို့ကတော့ ၀မ်းနည်းတယ်၊ ကဲ.. သွားမယ်ဟေ့´

လွန်ခဲ့တဲ့ လအနည်းငယ်က ဖြစ်ပါတယ်။
ဂျပန်မှာ ပညာလာသင်နေတဲ့ အမျိုးသမီးတယောက်နဲ့ စကားပြောဖြစ်တော့ သူက ဒီလိုပြောပါတယ်။
`ကျမတို့က မိဘတွေက ချမ်းသာကြတာ မဟုတ်ဘူး၊ ရှိတဲ့ငွေလေးကို ခြစ်ခြုတ်ပြီး ဒီမှာ ပညာ လာသင်နေရတာ၊ နိုင်ငံရေးတွေဘာတွေ စိတ်ဝင်စားဖို့ အချိန်မရှိဘူး။ အဲဒါတွေလုပ်လို့လည်း တခုခု အထိခိုက်မခံနိုင်ဘူး´

လွန်ခဲ့တဲ့ တနှစ်ကျော်ကျော်က ဖြစ်ပါတယ်။
မြန်မာပြည်တွင်းက နာမည်ကြီး ၀က်ဘ်ဆိုက်တခုရဲ့ တာဝန်ရှိသူ လူငယ်တယောက်က ဒီလိုပြောတာကို တွေ့ဖူးပါတယ်။
`ဒီထဲမှာ နိုင်ငံရေးတွေ မပြောကြပါနဲ့ဗျာ၊ ကျနော်တို့ အရေးယူခံရပါလိမ့်မယ်။ ကျနော်က မိဘကို လုပ်ကျွေးနေရတာ၊ အဲဒါတွေအတွက်နဲ့ ကျနော့်ဘ၀ အနစ်မွန်းမခံနိုင်ဘူး´

အထက်ပါဖြစ်ရပ်တွေကိုကြည့်ရင် `နိုင်ငံရေး´ ဆိုတဲ့ စကားရပ်လေးတခုကို လူတွေ နားလည်လက်ခံကြ တာဟာ မတူညီဘူးဆိုတာ သိလာစေပါတယ်။ အဲဒီလို မတူညီမှုနဲ့အတူ လူတန်းစားတွေ တစတစနဲ့ ကွဲပြားနေလေ မလားလို့ တွေးမိတော့ ဒီစာကို ရေးမိပါတယ်။

တကယ်တော့ ကျနော်တို့နိုင်ငံမှာ `နိုင်ငံရေး´ လို့ ပြောလိုက်တာနဲ့ လူတော်တော်များများက တွန့်ခနဲ ဖြစ်သွားတတ်တာ အစဉ်အလာတခုလို ဖြစ်နေပါပြီ။ နိုင်ငံရေးသမားများဆိုတာနဲ့ လက်ရှိအုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်တွေကို ဆန့်ကျင်သူများလို့ မျက်လုံးထဲမှာ အရင်ဆုံး မြင်ယောင်ပစ်လိုက်ကြတာ များနေပါပြီ။ သူတို့သည်သာလျှင် နိုင်ငံရေးသမား၊ အဲဒီတော့ အချိန်မရွေး ဖမ်းဆီးထောင်ချခံရနိုင်တယ်။ ယုတ်စွ အဆုံး ဘ၀ပျက်သွားနိုင်တယ်..၊ အဲဒီလို တွေးပစ်လိုက်တာများပါတယ်။

တကယ်တော့ နိုင်ငံရေးဆိုတာ နိုင်ငံရဲ့အရေး၊ ပြည်သူရဲ့အရေးဆိုတာ ရှင်းနေပါတယ်။ ခေါင်းဆောင်ကြီး တွေကလည်း ဒီလိုပဲ အနက်ဖွင့်ဆိုပါတယ်။ ပါတီထောင်မှ နိုင်ငံရေးမဟုတ်သလို ပါတီအဖွဲ့အစည်း
ဝင်ဖြစ်မှ နိုင်ငံရေးသမား မဟုတ်ပါဘူး။ အခုတော့ နိုင်ငံရေးသမားနဲ့ ပြည်သူဆိုပြီး လူတန်းစားနှစ်ရပ်က ကွဲပြားမှန်းမသိ ကွဲပြားလာနေပါပြီ။

ခြိမ်းခြောက်မှုအောက်မှာ ဆယ်စုနှစ်ပေါင်းများစွာ အသားကျလာတဲ့ ပြည်သူတွေမှာလည်း သူတို့ရဲ့ ရပိုင်ခွင့်၊ ရပ်တည်ပိုင်ခွင့်ကိုတောင်မှ (အုပ်ချုပ်သူကို ဆန့်ကျင်ရမယ်ဆိုရင်) လွတ်လပ်ပွင့်လင်းစွာ ထုတ်ဖော် မပြောရဲတော့ပါဘူး။ ပြောတဲ့လူတွေကိုလည်း `သူတို့က နိုင်ငံရေးသမားတွေ´ လို့ သတ်မှတ် ပစ်လိုက်ကြပါတယ်။ သတ်မှတ်ရလောက်အောင်လည်း အခြေအနေတွေက ဖန်တီးပေးနေပါတယ်။ အဲဒီလိုနဲ့ နိုင်ငံရေးသမားလို့ သတ်မှတ်ခံရသူတွေကလည်း သူတို့လိုမလုပ်၊ မပြောတဲ့ ပြည်သူကို အားမရ၊ ပြည်သူကလည်း သူတို့နဲ့ အသားမကျ၊ တဖြည်းဖြည်းနဲ့ ဝေးသထက် ဝေးသွားပါတော့တယ်။

တနေ့လုပ်မှ တနေ့စား၊ ၀မ်းရေးတောင် အနိုင်နိုင်ရုန်းကန်နေရတဲ့ သာမန်ပြည်သူတယောက်က

`စစ်အာဏာရှင် ပြုတ်ကျရေး´ ဆိုတာကို ထည့်မစဉ်းစားအားသလို အစိုးရစရိတ်နဲ့ ပညာတော်သင် ထွက်လာရတဲ့ လူငယ်တယောက်ကလည်း သူ မြန်မာပြည်ပြန်ရောက်ရင် ရမယ့်အခွင့်အရေးကို အုပ်ချုပ်နေသူကိုဆန့်ကျင်လို့ ရလာမယ့် လတ်တလောရလဒ်နဲ့ မလဲလှယ်ရဲပါဘူး။ အဲဒီတော့ သူတို့ အတွေးတွေ၊ သူတို့စဉ်းစားချက်တွေထဲမှာ အုပ်ချုပ်သူတွေကို ဆန့်ကျင်နေတဲ့လူတွေဟာ သူတို့နဲ့ တသားတည်း မကျတော့ပါဘူး။ တခါတရံမှာဆိုရင် `ဒီလူတွေနဲ့ပတ်သက်မိရင် ငါ့ကိုပါ ထိခိုက်လာ နိုင်တယ်´ လို့တောင် တွေးပစ်လိုက်ပါတယ်။

တကယ်တမ်း သေချာစဉ်းစားကြည့်ရင် လူတိုင်းဟာ နိုင်ငံရေးသမားတွေလို့ ပြောလို့ရပါတယ်။ ပညာသင်နေတဲ့ ကျောင်းသားတယောက်ဟာလည်း ပညာသင်ခြင်းအားဖြင့် နိုင်ငံ့အရေးကို ပါဝင်နေ သလို လုပ်ငန်းခွင်ဝင်နေတဲ့ လုပ်သားတွေကလည်း အလုပ်လုပ်ခြင်းအားဖြင့် နိုင်ငံ့အရေးကို ဆောင်ရွက် နေပါတယ်။

Seminar တခုမှာ ဆွေးနွေးသူ အမျိုးသမီးတယောက်က `လူတွေရဲ့ နေ့စဉ်ရှင်သန် သွားလာလှုပ်ရှားမှု တိုင်းဟာ နိုင်ငံရေးနဲ့ ဆက်စပ်နေတယ်´ လို့ အဆိုပြု ဆွေးနွေးဖူးပါတယ်။ အဲဒီတော့ တခြားသော ဆွေးနွေးသူ အမျိုးသားတယောက်က `အိမ်သာတက်တာကရော နိုင်ငံရေးနဲ့ ဆိုင်ပါသလား´ လို့ မေးလိုက်ပါတယ်။ အဲဒီအမျိုးသမီးငယ် ပြန်ဖြေတာကတော့ …

`အိမ်သာတက်ခြင်းဟာလည်း နိုင်ငံရေးနဲ့ ဆက်စပ်ပါတယ်။ အိမ်သာတက်သူဟာ အိမ်သာတက်ပြီးရင် လက်ဆေးဖို့ အရေးကြီးသလို အိမ်သာကိုလည်း သန့်ရှင်းအောင်၊ ယင်လုံအောင် ထားဖို့လိုပါတယ်။ မသန့်ရှင်းတဲ့ အိမ်သာကိုတက်ပြီး လက်ကို စင်ကြယ်စွာမဆေးတဲ့ အိမ်သာတက်သူဟာ ၀မ်းရောဂါလို ရောဂါမျိုးတွေရနိုင်ပြီး သူကမှတဆင့် သူ့မိသားစုကို ရောဂါကူးစေနိုင်ပါတယ်။ အဲဒီလို မိသားစုတွေ များလာရင် တဖြည်းဖြည်းနဲ့ နိုင်ငံကိုပါ ထိခိုက်စေနိုင်လို့ အိမ်သာတက်ခြင်းဟာလည်း နိုင်ငံရေးနဲ့ ဆိုင်ပါတယ်´

တကယ်တော့ လူတွေအားလုံး နေ့စဉ် ရှင်သန်သွားလာလှုပ်ရှား ရုန်းကန်မှုတိုင်းဟာ နိုင်ငံရေးပါ။ ပါတီထောင်မှ၊ အုပ်ချုပ်သူကိုဆန့်ကျင်မှ နိုင်ငံရေးမဟုတ်ပါဘူး။ ဆင်းရဲချို့ငဲ့သူတယောက်ကို မိမိတတ်နိုင်သလောက်လေး ဝေငှပေးလိုက်တာနဲ့ အဲဒီပေးလိုက်တဲ့ ခဏမှာတင် နိုင်ငံရေးလုပ်ပြီးသား ဖြစ်သွားပါတယ်။ မိမိသိထားတာကို မသိသေးတဲ့လူတွေကို ဝေငှပေးလိုက်တာဟာလည်း နိုင်ငံရေး လုပ်နည်းတမျိုးပါပဲ။ အဲဒီတော့ `ကျနော်/ကျမ နိုင်ငံရေးမလုပ်ပါဘူး´ ဆိုတာ မရှိပါဘူး။ လူတိုင်း နိုင်ငံရေးလုပ်နေကြပါတယ်။ နိုင်ငံရဲ့အရေးကို ဆောင်ရွက်နေကြပါတယ်။ ကောင်းသော ဆောင်ရွက်ခြင်းနဲ့ ဆိုးသော ဆောင်ရွက်ခြင်း ကတော့ မိမိရဲ့ ရွေးချယ်ယုံကြည်မှုပါပဲ။

လက်ရှိအုပ်ချုပ်သူတွေကို ဆန့်ကျင်ပြီး သူတို့ရဲ့ မတရားမှုတွေကို ထုတ်ဖော်ပြောနေတဲ့ လူတွေကလည်း မိမိပြောနေသလို တခြားလူတွေက မပြောရကောင်းလားလို့ အားမလို အားမရဖြစ်နေလို့ မဖြစ်ပါဘူး။ အဲဒီလို အားမလိုအားမရ ဖြစ်လေလေ လူထုနဲ့ဝေးသွားလေလေ ဖြစ်တော့မှာပါ။

`နိုင်ငံရေး´ ဆိုတဲ့ စကားလုံးရဲ့ ကန့်သတ်မှုအောက်မှာ အဖိနှိပ်ခံ ပြည်သူချင်းအတူတူ အစုမကွဲစေချင် ပါ။ `နိုင်ငံရေး´ ဆိုတာဟာ ပါတီတွေထောင်၊ သာမန် တော်ရုံတန်ရုံလူတွေ နားမလည်နိုင်တဲ့ ဟိုစနစ်၊ ဒီစနစ်တွေ ပြောတဲ့အလုပ်၊ လက်ရှိအုပ်ချုပ်နေသူတွေကို ဆန့်ကျင်တဲ့အလုပ်လို့ မြင်လာနေတာက တစတစနဲ့ များလာနေပါပြီ။

တကယ်တော့လည်း အုပ်ချုပ်သူကို ဆန့်ကျင်တဲ့လူနဲ့ ပြည်သူတွေနဲ့က တဖြည်းဖြည်းနဲ့ ဝေးလာသလိုလို ဖြစ်လာနေပါတယ်။ ဒီခေတ်မှာ မိဘက အုပ်ချုပ်သူတွေကိုဆန့်ကျင်တဲ့ သားသမီးကို `နင်ဒါမျိုးတွေ လုပ်တာနဲ့ ငါတို့ပါရောပြီး ဒုက္ခမရောက်ချင်ဘူး၊ ငါတို့ အသက်ကြီးပြီ´ လို့ ဆိုဆုံးမနေတဲ့ခေတ်ကို ရောက်နေပါပြီ။ ဒါဟာ ပြည်သူနဲ့ နိုင်ငံရေးကို တသီးတခြားစီလုပ်ခဲ့တဲ့၊ လုပ်နေဆဲဖြစ်တဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ လက်ရှိအုပ်ချုပ်သူတွေရဲ့ မကောင်းတဲ့ အောင်မြင်မှုပါပဲ။ နိုင်ငံခြားကိုရောက်နေတဲ့ လူတွေရဲ့ တ၀က်ဝန်းကျင်လောက်မှာကိုက `ငါသူတို့ကို ဆန့်ကျင်ရင် ငါ့နိုင်ငံပြန်ခွင့်ရပါ့မလား´ ဆိုတဲ့ စိုးရိမ် စိတ်က ကြီးစိုးနေပါပြီ။ ဒါကြောင့်လည်း `ကျနော်/ကျမတော့ဖြင့် နိုင်ငံရေးမလုပ်ပါ´ လို့ ဖွင့်ဟ ပြောဆိုလာသူတွေ များလာနေပါတယ်။ နေရပ်ကို ပြန်ခွင့်မရမှာကို စိုးရိမ်စိတ်တခုတည်းနဲ့ ခံစားတတ်တဲ့နှလုံးသား မဲ့နေလေရော့သလားလို့ တွေးထင်ရလောက်အောင်ကို လျစ်လျူရှုနိုင်စွမ်းတွေ ရှိနေကြပါပြီ။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့ (အုပ်ချုပ်သူလူတန်းစား) တွေသည်လည်း ပြည်သူတွေထဲကပြည်သူ၊ ကျနော်တို့ (သူတို့ကိုဆန့်ကျင်နေသူ) တွေသည်လည်း ပြည်သူတွေထဲက ပြည်သူချင်းအတူတူ ကျနော်တို့တတွေ ပြည်သူနှင့် မဝေးလိုပါ။

`နိုင်ငံရေး´ ဆိုသည်မှာ နိုင်ငံအတွင်းတွင် နေထိုင်ကြကုန်သော ပြည်သူများ၏အရေး၊ နိုင်ငံ့အရေး ဖြစ်တာကြောင့် ပြည်သူနှင့်နိုင်ငံရေး တသီးတခြားစီ မဖြစ်စေလိုပါ။ ဒါကြောင့်..

နိုင်ငံရေး= ပြည်သူ + နိုင်ငံ = နိုင်ငံ့အရေး = နိုင်ငံရေး …….။

Read More...

Saturday, July 07, 2007

ဒေါင်းမာန်ချီ


ခွပ်ဒေါင်းသွေး
ရာဇ၀င်မှာ ဘယ်အခါမညှိုး
ရာဇ၀င်မှာ စံတင်ထား။

ဒီပြည်က ဖြစ်တဲ့သွေး
မိစ္ဆာတွေ ဖောက်ရဲခဲ့ပြီ
ဓား .. ဓားချင်း၊ လှံ .. လှံချင်း၊
စိန်ခေါ်ပြီးမှ ဘွာမခတ်နဲ့။

မျိုးဆက်တွေ လက်ကမ်းလို့
တဆက်ပြီး တဆက်ပြောင်း

နောင်တော်တွေ ပြခဲ့တဲ့
ရဲရဲတောက် သစ္စာတရား
မျက်ရည်တွေ စီးကျပစေ
ဘယ်တော့မှ မသုတ်ဘူး။

နောင်တော်တွေ လက်ဆင့်ကမ်း
တိုက်ပွဲခေါ်သံ
နောင်လာနောက်သား
ကောင်းစားဖို့ငှာ .....

ခွပ်ဒေါင်းဘ၀ တာဝန်ကျေမှ
စည်ဗြောသံဝေ တညံညံနဲ့
အသင်တို့ကို အမျှဝေမယ်။

Read More...

Wednesday, July 04, 2007

စိတ်ရှည်ရန်လိုအပ်သည်


(ဗမာနိုင်ငံ၏ နိုင်ငံရေးနှိပ်ကွပ်မှုများကို ဖြေရှင်းရန်အတွက် သမာဓိစွမ်းအားများ ဆထက်ထမ်းပိုး လိုအပ်သည် ဟု ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံထုတ် ၀ါရှင်တန်ပို့(စ်)သတင်းစာ၌ ရေးသားခဲ့သည်။)


နိုင်ငံခြား ဧည့်သည်များနှင့် သတင်းစာဆရာများက ယနေ့ ဗမာနိုင်ငံ၌ ကြုံတွေ့ရင်ဆိုင်နေရသည့် "ရှေ့မတိုးသာ နောက်မဆုတ်သာ" နိုင်ငံရေးကိစ္စနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် မည်သို့သဘောထားသနည်းဟု မကြာခဏ မေးမြန်းလေ့ ရှိသည်။ ထွက်ပေါက်ပိတ်နေသော အခြေအနေ မဟုတ်သဖြင့် "ရှေ့မတိုးသာ နောက်မဆုတ်သာ" ဟူ၍ မရှုမြင် မသုံးသပ်သင့်ကြောင်း ကျမ ပြန်လည် ရှင်းပြခဲ့ရသည်။ ဗမာနိုင်ငံတွင် နိုင်ငံရေးလှုပ်ရှားမှုများ စဉ်ဆက်မပြတ် ပြုလုပ်နေသော်ငြားလည်း ပြင်ပ ဆန်းစစ်လေ့လာသူများ အနေဖြင့် လုံးဝဥဿုံ သိရှိနားလည်နိုင်မည် မဟုတ်ဟုလည်း ဖြည့်စွက်ပြောကြား ခဲ့ရသည်။

တနည်း ပြောရလျှင် နိုင်ငံရေး စကားဝိုင်း၏ သမာဓိစွမ်းအားဟူသည် ဟဒယရွှင်ဆေး တရပ်တော့ မဟုတ်ပေ။ ကျမတို့၏ အဓိကရည်ရွယ်ချက်သည် ကျမတို့ နိုင်ငံ၏ အဓိက နိုင်ငံရေးအင်အားစုများ လက်ခံနိုင်လောက်သည့် နိုင်ငံရေးဆန်သော ဖြေရှင်းမှုတရပ်ပင်။ ထို့ကြောင့် ထွက်ပေါက်ပိတ်အောင် ပြုမူ ဆောင်ရွက်ခြင်းမည်သည် ပဲ့ကိုင်တစ်ယောက်၏ လက်ကို ရိုက်ချိုးပစ်ခြင်း သို့တည်းမဟုတ် အသက်ရှင်ရပ်တည်ခွင့် မပေးခြင်းဟု ပြန်ဆိုနိုင်ပေမည်။ ဤနည်းဖြင့် ငြိမ်းချမ်းရေးလမ်းစကို မဖော်ထုတ်နိုင်ရာ။ နအဖ (န၀တ) မှ ကျမတို့၏ အမြင်ရှုထောင့်ကို လက်မခံ နိုင်သည်က အချက်တစ်ချက်။ စစ်အုပ်စု အဖွဲ့ဝင်များ ထုတ်ပြန်သည့် ကြေညာချက်များအရ သူတို့ ပြောဆိုနေသော ငြိမ်းချမ်းရေးဟူသည် ဒီမိုကရေစီ အတိုက်အခံများ ကွယ်ပျောက်သွားစေရေး ဖြစ်နေသည်။ ကျမတို့ကို ဤကဲ့သို့ ချောင်ပိတ်ထားခြင်းအားဖြင့် ရရှိလာသည် ကတော့ အဖြေနတ္ထိ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ထံ ဦးတည် ပစ်မှတ်ထားသော စစ်အုပ်စု၏ သရုပ်သကန်သည် ဘေဆောရပ်(စ်) အဘိဓာန်က အနက်အဓိပ္ပာယ် ဖွင့်ဆိုထားသော အပြီးသတ် ချေမှုန်းမှု၊ အမှုန့်ကြိတ်ချေခြင်းနှင့် ပွဲသိမ်းဖျာလိပ်ခြင်းတို့နှင့်အတူ ထပ်တူ ထပ်မျှပင်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် အဖွဲ့ချုပ် ထောက်ခံသူတို့သည် နအဖ စစ်အုပ်စု၏ အကြမ်းပတမ်း ခေါ်ယူစစ်ဆေး ခြင်းကို ခံရ၊ မတရား ဖမ်းဆီးချုပ်နှောင်ခြင်း၊ ထောင်ချ ခြင်းများကို နေ့စဉ်နှင့်အမျှ ခံနေကြရသည်။ ထို့ပြင် စစ်အာဏာပိုင်တို့သည် အစည်းအဝေများကို ကျင်းပပြီး လူထုကို အဓမ္မ တက်ရောက်ခိုင်းခြင်း၊ ရွေးချယ်တင်မြှောက်ခံထားရသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ နှုတ်ထွက်ပေးရန် အဓမ္မ တောင်းဆို ခိုင်းခြင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အား ဖျက်သိမ်းပေးရန် တောင်းဆိုခိုင်းခြင်းများ ပြုလုပ်နေကြသည်။

ထို့အပြင် စစ်အုပ်စု ကြိုးကိုင်ထားသော သတင်းစာ၊ ရေဒီယိုများမှလည်း ကျမတို့ ပါတီကိုယ်စားလှယ်များ နှုတ်ထွက်နေကြကြောင်း နေ့စဉ်နှင့်အမျှ ရေးသားထုတ်လွှင့်နေကြသည်။ မြောက်မြားစွာသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များသည် အဖွဲ့ချုပ်မှ ရာသက်ပန် နှုတ်ထွက်ကြောင်း လက်မှတ်ရေးထိုးရန် အဓမ္မ အမိန့်ပေး စေခိုင်းခြင်းကို ခံနေကြရသည်။ စစ်အုပ်စု၏ ဥပါဒါန်အစွဲ ဖြစ်နေသော ကျမတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖျက်ဆီးပစ်ရန် ကြိုးစားမှုသည် ကျမတို့၏ ယုံကြည်မှု သံန္နိဋ္ဌာန်ကို ပိုမို အားကောင်းလာစေသည်။ အကြမ်းမဖက်သည့် နိုင်ငံရေးလှုပ်ရှားမှုများသည်သာ ကျန်းမာသန်စွမ်းသော ဒီမိုကရေစီနိုင်ငံ အခြေခံအုတ်မြစ် ချပေးနိုင်မည်ဟု ကျမတို့ နှစ်နှစ်ကာကာ ယုံကြည်ပြီး ထိုကဲ့သို့သာ လှုပ်ရှားဆောင်ရွက်မည်ဟု စိတ်ပိုင်းဖြတ်ထားခဲ့ပြီး ဖြစ်သည်။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အမျိုးသားရေး ပြဿနာများကို ပြေလည်အောင် ဖြေရှင်းနိုင်လိမ့်မည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ယုံကြည်သည်။ ကျိုးကြောင်းခိုင်လုံသော သဘောတူညီချက်များကို လက်ခံရန် ကျမတို့ အဆင်သင့် ဖြစ်နေသည်။ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုဆီ ဦးတည်သော ဘောင်သတ်မှတ်ချက်များအတွက် ကျမတို့ လက်ခံရန် အသင့်ဖြစ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။

သို့ရာတွင် စစ်အုပ်စုဘက်ကမူ တုပ်တုပ်မျှ မလှုပ်ခဲ့ပေ။ ၁၉၈၈ ခုနှစ် စစ်အုပ်စုမှ အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီလှုပ်ရှားမှု (၁၂) နှစ်တာ ကာလအတွင်း နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးကိစ္စ အ၀၀သည် ဆထက်ထမ်းပိုး ဆိုးရွား၍သာ နေတော့သည်။ စစ်အုပ်စုအနေဖြင့် ပုဂ္ဂလိကလုပ်ငန်းများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုခဲ့သော်လည်း ကျန်းမာသန်စွမ်းသည့် လူ့အဖွဲ့အစည်းတရပ် ပေါ်ထွန်း လာနိုင်စေမည့် အုပ်ချုပ်ရေးစနစ်၊ နိုင်ငံရေးစနစ်များကို မဖော်ဆောင်နိုင်ခဲ့ပေ။

အမှန်တကယ်၌မူ ခေတ်နှင့်ဆီလျော်သော စီးပွားရေးပေါ်လစီများကို မဖော်ဆောင်နိုင်ခဲ့၍ တိုင်းပြည်သည် စီးပွားရေးနွံ၊ လူမှုရေးနွံများထဲ နစ်မွန်းနေရတော့သည်။ ယမန်နှစ် ကမ္ဘာဘဏ်၏ အစီရင်ခံစာအရ သော်လည်းကောင်း၊ မကြာသေးမီက ပြုလုပ်သော အပြည်ပြည် ဆိုင်ရာ အလုပ်သမားအဖွဲ့၊ ကမ္ဘာကျန်းမာရေးအဖွဲ့တို့၏ သုတေသနပြုချက်များအရ လည်းကောင်း ကျမတို့၏ အဓိက ပြဿနာ အခြေအမြစ်သည် ကောင်းမွန်သော အစိုးရစနစ် ချို့တဲ့ခြင်းအပေါ် မူတည်သည်ဟု သိရသည်။ မူးယစ်ဆေးဝါး ထုတ်လုပ်မှု ကိစ္စအတွက် စိုးရိမ်နေကြသူများ၊ မူးယစ်ဆေးဝါး မှောင်ခိုမှုကိစ္စအတွက် စိုးရိမ်နေကြသူများ၊ အိတ်(ခ်ျ) အိုင်ဗွီ ပျံ့ပွားမှုကိစ္စအတွက်၊ နိုင်ငံရေး ဒုက္ခသည် ကိစ္စအတွက်၊ တရားမ၀င် အလုပ်သမားများ ကိစ္စအတွက်၊ လူသားလိုအပ်ချက်များနှင့် အခြားပြဿနာများတွက် စိုးရိမ်ပူပန်နေကြသူများ အားလုံး အထက်ပါ အချက်များ မှန်ကန်ကြောင်း သိကြပေမည်။

နိုင်ငံရေးပြောင်းလဲမှုများကို စနစ်တကျ တဆင့်ပြီးတဆင့် မပြုလုပ်ပါက အုပ်ချုပ်ရေးကိစ္စများ အထူးသဖြင့် အစိုးရကောင်းတစ်ခု၏ အခြေခံလိုအပ်ချက်များကို မဖော်ဆိုင်နိုင်ပါက အနာဂတ်ကာလ၏ လူမှုရေး ကိစ္စများ၊ စီးပွားရေး ကိစ္စများ ပြေလည်ဖြေရှင်းသွားနိုင်မည် မဟုတ်ပေ။

ပြောစရာတစ်ခုတော့ ရှိသည်။ အုပ်ချုပ်ရေးလုပ်ငန်း မကျွမ်းကျင်မှု၊ လူမှုရေးမတည်ငြိမ်မှုတို့ကို အခြေခံ၍ ယနေ့ အုပ်ချုပ်နေသော အာဏာပိုင်များ ခြေကုန်လက်ပန်းကျသွားစေရန်၊ ထိုမှတဆင့် ဖယ်ရှားပစ်ရန် ဆောင်ရွက်နိုင်သည်။

Read More...

Tuesday, July 03, 2007

စံနမူနာ





"ဘာမထီ ငါ"
ဝင်းတင် (ဟံသာဝတီ)

ရှစ်လေးလုံးက ပေါက်ဖွား
ခြောက်ဆယ့်ငါးနှစ်သား ငါ။
ဘာမထီ အံခဲ၊
အာဏာပါးကွက်သားတွေရဲ့
ထောင်ဆွေးဆွေး လူဆွေးဆွေး
အရေးတော်ပုံ သွေးမပျက်
တိုက်ပွဲပြီး တိုက်ပွဲဆက်မယ်။
လှေခွက်မကျန်တောင်မှ
အလံမလှဲ။



သတင်းစာဆရာကြီး ဦးဝင်းတင်ကို အဖ ဦးပု၊ အမိ ဒေါ်အမာ တို့မှ ၁၉၃၀ ပြည့်၊ မတ်လ ၁၂ ရက် နေ့တွင် ပဲခူးတိုင်း ကြို့ပင်ကောက်မြို့တွင် မွေးဖွားခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်စာပေ၊ ခေတ်သစ် ရာဇ၀င်နှင့် နိုင်ငံရေးသိပ္ပံ ဘာသာတွဲဖြင့် ၀ိဇ္ဖာဘွဲ့ရခဲ့သည်။ မောင်ဝန်ဇင်း၊ ပေါ်သစ်၊ ပြည်စိုး၊ ၀င်းထင်၊ ပုည၊ ၀င်းဆွေ၊ သုတေသီ၊ အယ်ဒီတာတစ်ဦး အစရှိသော ကလောင်အမည်ခွဲများဖြင့် စာများ ရေးသားခဲ့သည်။

ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းများတွင် ၀င်းတင် အမည်ဖြင့် ကဗျာနှင့် ၀တ္ထုတိုများ စတင်ရေးသားခဲ့သည်။ ၁၉၄၃ ခုနှစ်တွင် အကျိုးဆောင် ဂျာနယ်တွင် ၀င်ရောက်လုပ်ကိုင်ခဲ့၍ ၁၉၅၃ ခုနှစ်တွင် AFP နိုင်ငံခြား သတင်းဌာနတွင် ညအယ်ဒီတာအဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့သည်။ စာပေဗိမာန်၌ လက်ထောက် အယ်ဒီတာ အဖြစ် ၁၉၅၀ မှ ၁၉၅၄ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၄ မှ ၁၉၅၇ အထိ နယ်သာလန် (ဟော်လန်) နိုင်ငံ၊ အမ်စတာဒမ်မြို့၊ ဂျမ်ဘာတန် (Jambarton) စာအုပ် ထုတ်ဝေရေး ကုမ္ပဏီတွင် စာအုပ်ထုတ်ဝေမှု ပညာနှင့် စာနယ်ဇင်းပညာ ဆည်းပူးရင်း တဘက်မှလည်း ဗမာဘာသာပြန် စာအုပ်စာတမ်းများ ထုတ်ဝေရေးတွင် အကြံပေး အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။ တဘက်တွင် စာသင်နေရင်း မြန်မာနိုင်ငံ သတင်းများ စုစည်းဖော်ပြသည့် "ဒို့ပြည် သတင်း" သတင်းစာ စောင်ရေ (၅၀၀) ခန့် ထုတ်ဝေ၍ ကမ္ဘာတ၀ှမ်းရှိ ပြည်ပရောက် ဗမာများထံ စာတိုက်မှ အခမဲ့ ပေးပို့ဖြန့်ဝေခြင်းကို ၁၉၅၇ ခုနှစ်၊ ဧပြီလ ဗမာနိုင်ငံသို့ ပြန်လာသည့် အချိန်အထိ လုပ်ဆောင်ခဲ့သည်။

၁၉၅၇ ခုနှစ်၊ ကြေးမုံသတင်းစာ စတင် ထူထောင်သူများတွင် ပါဝင်ခဲ့ပြီး ကြေးမုံသတင်းစာ ဦးစီး အယ်ဒီတာအဖြစ် ၀င်ရောက် လုပ်ကိုင်ခဲ့ပြီး ကြေးမုံသတင်းစာ ချိတ်ပိတ်ခံရသည့် အချိန်တွင် ပြည်သူ့အိုးဝေသို့ ၀င်ရောက်လုပ်ကိုင် ခဲ့ပြီး၊ ထိုမှ ကြေးမုံသို့ ပြန်ရောက်ခဲ့သည်။ ၁၉၅၉ မှ ၁၉၆၄ အထိ စာနယ်ဇင်းကောင်စီ အတွင်းရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ကြေးမုံသတင်းစာ ပြည်သူပိုင် အသိမ်းခံရသည့် နောက်ပိုင်း ၁၉၆၈ ခုနှစ်မှ ၁၉၇၈ ခုနှစ်ထိ မန္တလေးမြို့ထုတ် ဟံသာဝတီ သတင်းစာ၌ အယ်ဒီတာချုပ် ဖြစ်ခဲ့သည်။

ထိုကာလအတွင်း အနောက်ဥရောပနှင့် အရှေ့အာရှ နိုင်ငံပေါင်း ၂၀ ခန့်သို့ သတင်းစာဆရာ တစ်ယောက်အဖြစ် လေ့လာရေးခရီး သွားရောက်ခဲ့သည်။ ၁၉၇၇-၇၈ ခုတွင်ဗမာစာပေ လှုပ်ရှားမှု၌ အရေးပါသော မန္တလေးမြို့မှ ဟံသာဝတီ စနေ စာပေ၀ိုင်းကို ဦးဆောင်ကျင်းပခဲ့ပြီး စာတမ်းဖတ်ပွဲများ ပြုလုပ်ပေးခဲ့သည်။ ထိုစာတမ်းများကို စာအုပ်အဖြစ်လည်း ရိုက်နှိပ်ထုတ်ဝေခဲ့သည်။ ၁၉၇၈ ခုနှစ်မှာ ဦးဝင်းတင် ကျင်းပတဲ့ စနေ စာပေ၀ိုင်းမှာ မဆလ တစ်ပါတီ လမ်းစဉ်ကို ဝေဖန်တဲ့ စာတမ်းတစ်စောင် တင်သွင်း ဖတ်ကြားခဲ့သည်။
အဲဒီဖြစ်ရပ်ရဲ့ ရလဒ်အဖြစ် အာဏာပိုင်များက ဟံသာဝတီ သတင်းစာကို ပိတ်ပစ်လိုက်ပြီးနောက် ဦးဝင်းတင် ကိုလည်း ရာထူးမှ ထုတ်ပယ်ခဲ့သည်။ စာပေ၊ ပန်းချီ၊ သဘင်၊ ဂီတ စသည်တို့နှင့် ပတ်သက်၍ ဆောင်းပါး၊ စာတမ်းနှင့် ဝေဖန်အကဲဖြတ်ချက်များကို "ပေါ်သစ်" အမည်ဖြင့် ရေးသားခဲ့သည်။ 'ကွိ'၊ 'ဥတ္တရအလင်း' စသည့် ဘာသာပြန် စာအုပ်များကိုလည်း ရေးသားခဲ့သည်။ 'ကမ္ဘာနီတွင် တဒင်္ဂ' အမည်ရှိ ခရီးသွားမှတ်တမ်း စာပေကို ရေးသားခဲ့သည်။

ရှစ်လေးလုံး အရေးတော်ပုံအတွင်း အနုပညာရှင်ပေါင်းစုံတို့ လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည့် ကြေညာချက် ထွက်ပေါ်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ စာနယ်ဇင်း သမဂ္ဂ ဖွဲ့စည်းလှုပ်ရှားကြသည့်အခါ ဒုဥက္ကဋ္ဌ အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ကျောင်းသားသမဂ္ဂမှ ရှစ်စောင်တိတိ ထုတ်ဝေခဲ့သည့် သမဂ္ဂ သတင်းစာတွင် အင်တိုက်အားတိုက် ပါဝင်ရေးသားခဲ့သည်။ ဆန္ဒဖော်သံ သတင်းစာကို ၃၀-၈-၈၈ တွင် ကိုယ်တိုင် ဦးစီးထုတ်ဝေ ခဲ့သည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် စက်တင်ဘာလ ၂၄ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင် ဖွဲ့စည်းသည့်အခါ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သည်။ အမျိုးသားညီညွတ်ရေး တပ်ပေါင်းစု၌လည်း ဒေါ်မြင့်မြင့်ခင်နှင့်အတူ နာယကအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလတွင် အဖွဲ့ချုပ်မှ ဦးအောင်ကြီး နှုတ်ထွက်ခဲ့ပြီးနောက် ပြန်လည်ဖွဲ့စည်းခဲ့သည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီတွင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ နိုင်ငံရေးပါတီများ၏ လွတ်လပ်စွာ ရေးသား ထုတ်ဖော် စည်းရုံးခွင့်ကို ပိတ်ပင်ချုပ်ချယ်ရန် ရည်ရွယ်၍ စစ်အစိုးရ၏ ပြည်ထဲရေးနှင့်သာသနာရေး ၀န်ကြီးဌာနမှ ၆-၆-၈၉ နေ့တွင် ကြေညာချက် အမှတ် ၃၈ ကို ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် အဖွဲ့ချုပ်မှ ဦးဆောင်၍ နိုင်ငံရေးပါတီများမှ ထိုအမိန့်ကို ဆန့်ကျင်ရာ၌ သုံးစွဲခဲ့သည့် "အများပြည်သူ သဘောမတူတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ" ဟူသော ဆောင်ပုဒ်ကို ရေးသားခဲ့သည်။

ဦးဝင်းတင်နှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က "အရေးတော်ပုံ အစပိုင်းကာလမှာကတည်းက ထွက်ပေါ် လာခဲ့တဲ့ စာရေးဆရာသမဂ္ဂရဲ့ လှုပ်ရှားမှုတွေမှာ ဦးဝင်းတင်ဟာ တက်တက်ကြွကြွ ပါဝင်ခဲ့ပါတော့တယ်။ ဒီမိုကရေစီရေးအတွက် သူ့ရဲ့ ယုံမှားဖွယ် မရှိတဲ့ စွမ်းရည်သတ္တိနဲ့ ခွန်အားပြည့် ပါဝင်လှုပ်ရှားမှုတွေဟာ ဒီမိုကရေစီ ဆန့်ကျင်ရေးသမားတွေရဲ့ မျက်စိ စပါးမွေးစူးစရာ ဖြစ်လာခဲ့ပြီး ၁၉၈၉ ခု၊ ဇွန်လထဲမှာ ပထမဆုံး အဖမ်းခံရတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဖြစ်လာခဲ့ရပါတယ်။" သူ့ကို စွဲချက်တင်တာကတော့ ပြစ်မှုက ရှောင်တိမ်းနေတဲ့ တရားခံတစ်ဦးရဲ့ ဖခင်နဲ့ တယ်လီဖုန်းဆက်တယ် ဆိုတဲ့ မရေရာတဲ့ စွပ်စွဲချက်နဲ့ပါပဲ။ တယ်လီဖုန်း စကားတွေဟာ ဘယ်အမှုမှာမဆို ဥပဒေအရ သက်သေအထောက် အထားအဖြစ် လက်ခံရိုး မရှိပေမယ့် ဗမာပြည်မှာတော့ စစ်အုပ်ချုပ်ရေးကို စိန်ခေါ်တဲ့သူကို ဥပဒေက အကာအကွယ် ပေးရိုး ထုံးစံမရှိပါဘူး။ ဦးဝင်းတင်ကို ဖမ်းခေါ်သွားပြီးတဲ့နောက် အစာမကျွေးဘဲ ချက်ချင်း စစ်ဆေးပြီး ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ သူပါဝင် လှုပ်ရှားခဲ့ပုံတွေကို စစ်ကြော မေးမြန်းပါတယ်။ သူ့ကို စစ်ကြော မေးမြန်းသူတွေက သူဟာ ကျမရဲ့ နိုင်ငံရေးဗျူဟာ အကြံပေးသူအဖြစ် ၀န်ခံအောင် အတင်းအဓမ္မ တိုက်တွန်း တာပါပဲ။ တနည်းပြောရရင် သူဟာ ကျမရဲ့ ရုပ်သေးကြိုးဆွဲဆရာပါ ဆိုတာကို ၀န်ခံခိုင်းတာပါပဲ။ ရဲရင့် ကြံ့ခိုင်တဲ့ ဦးဝင်းတင်လို ပုဂ္ဂိုလ်မျိုးကို လိမ်လည် ၀န်ခံခိုင်းလို့ ဘယ်တော့မှ ရမယ် မဟုတ်ပါဘူး။ ၁၉၈၉ ခု၊ အောက်တိုဘာလမှာ ထောင် (၃) နှစ် ကျခံစေလို့ စီရင်ချက် ချလိုက်ပါတယ်။ ၁၉၉၂ ခုမှာ သူ့ရဲ့ အကျဉ်းခံ သက်တမ်း မကုန်ဆုံးခင်မှာပဲ တခြား အဓိပ္ပာယ် မရှိတဲ့ ပုံကြီးချဲ့ စွပ်စွဲမှုတွေနဲ့ ရုံးတင်စစ်ဆေးပြီး နောက်ထပ် (၁၁) နှစ် ထောင်ဒဏ်ကျခံစေဖို့ စီရင်ချက် ချလိုက်ပြန်ပါတယ်။

ဦးဝင်းတင်အား ၁၉၈၉ ခု၊ ဇူလိုင်လ (၄) ရက်နေ့ ဖမ်းဆီးချိန်မှ စ၍ အင်းစိန်ထောင် အထူးတိုက်ဝင်းအတွင်း ထားရှိ၍ ပတ်ဝန်းကျင်နှင့် လုံးဝ အဆက်အသွယ် ဖြတ်တောက်ထားခဲ့သည်။ ၁၉၉၁ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ဦးဝင်းတင်အား အထူးတိုက်မှ အမှတ် (၃) တိုက်သို့ ပြောင်းရွှေ့ထားခဲ့သည်။ အကျဉ်းထောင်အတွင်း အာဏာပိုင်များ၏ မတရားပြုမှုများကို ဆန့်ကျင်တိုက်ပွဲများတွင် အကြံဥာဏ်များ ပေးခဲ့သည်။ ၁၉၉၀ ၌ အင်းစိန် ထောင်တွင်း အစာငတ်ခံတိုက်ပွဲကို ဦးဆောင်ဆင်နွှဲခဲ့သည်။ ထောင်တွင်း လွတ်လပ်မှုကို တိုက်ပွဲဝင်ရင်း အပတ်စဉ် မှတ်တမ်းလွှာတစ်ခုကို တိုက်အတွင်း ထုတ်ဝေနိုင်ခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် Su-Slorc Dialogue Policy ကို ရေးသားထုတ်ဝေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရန်၊ အမျိုးသားညီလာခံကို ဖျက်သိမ်းပေးရန်၊ စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုများ စတင်ရန် သဘောထားစာတမ်းကို ရေးသားခဲ့သည်။ ထိုနောက် သုံးပွင့်ဆိုင် ဆွေးနွေးပွဲ စတင်ရန်၊ ဒေါ်အောင်ဆန်းစုကြည်၊ န၀တ၊ လူမျိုးစု ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးမှသာလျှင် ဗမာနိုင်ငံ၏ အလုံးစုံသော ပြဿနာများ ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း နိုင်ငံရေး ပေါ်လစီ တရပ် ချမှတ် ထုတ်ပြန် ကြေညာခဲ့သည်။

၁၉၉၅ ခုနှစ်၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခဲ့ပြီး စစ်မှန်သော တွေ့ဆုံဆွေးနွေးပွဲများ အရိပ်အယောင် မတွေ့ရသဖြင့် Appeal to the World ကမ္ဘာကြီးသို့ ပန်ကြားချက်တစ်စောင်ကို ရေးသား ထုတ်ဝေခဲ့သည်။ ထိုစာတွင် စစ်အစိုးရ၏ လုပ်ရပ်များသည် မှန်ကန်မှုမရှိ၍ ကမ္ဘာကြီးမှ စစ်အာဏာရှင်တို့အား ပိတ်ဆို့အရေးယူ ပေးပါရန် တောင်းဆိုခဲ့သည်။ ရက်ပိုင်းအတွင်း Appeal to the Public ကမ္ဘာ့ပြည်သူများသို့ ပန်ကြားချက် တစ်စောင်ကို ရေးသားထုတ်ဝေခဲ့သည်။ ထိုပန်ကြားချက်တွင် စစ်အာဏာရှင်တို့သည် ကမ္ဘာ့ပြည်သူများအား အဆိုးဝါးဆုံး လိမ်လည် လှည့်ဖြားနေသည့်အတွက် နည်းမျိုးစုံဖြင့် ဆန့်ကျင်ကန့်ကွက် မှုများ ပြုလုပ်ကြပါရန် တိုက်တွန်းထားသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် အမျိုးသား ညီလာခံမှ နှုတ်ထွက်သင့်ကြောင်း အကြံပြုချက်ကို ထောင်တွင်း နိုင်ငံရေးအကျဉ်းသားများ၊ အင်အားစုများက လက်မှတ်ရေးထိုး၍ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့ခဲ့သည်။ လောလောဆယ် အရေးအကြီးဆုံး အလုပ် (၂) ခု ကို လုပ်ရန် လိုအပ်ကြောင်း တိုက်တွန်းခဲ့သည်။ တစ်ခုမှာ ပါတီပြုပြင်ရေး (Party Reform) နှင့် ညီလာခံ ပြုပြင် ပြောင်းလဲရေး (NC Reform) တို့ဖြစ်သည်။

၁၉၉၅ ခုနှစ်တွင် အဖွဲ့အစည်း အသီးသီး ပါဝင်သော ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ထောင်တွင်း ဖိနှိပ်ညှဉ်းပန်းမှုများ၊ ရဲဘက်စခန်းများ၏ ငရဲခန်းများ၊ လက်ရှိ ဗမာနိုင်ငံ အခြေအနေတို့ ပါဝင်သော ၈၃ မျက်နှာပါ "ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများဆိုင်ရာ အစီရင်ခံစာ" ကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံ လိပ်မူ၍ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယိုဇိုတိုကိုတာထံသို့ လျှို့ဝှက်စာ ရေးသား ပေးပို့ခဲ့မှုကြောင့် ၁၉၉၆ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ပုဒ်မ ၅(ည) ဖြင့် ထပ်တိုး ထောင်ဒဏ် (၇) နှစ် ချမှတ် ခံရပြန်သည်။

ဦးဝင်းတင်သည် ထောင်တွင်းတွင် "ထ" လေးလုံး ပေါ်လစီကိုလည်း ချမှတ် လမ်းညွှန်မှု ပေးခဲ့ပေသည်။ "ထူတောင်ရမယ်၊ ထိန်းသိမ်းရမယ်၊ ထိုင်မနေနဲ့၊ ထိတွေ့ရမယ်" ဆိုသည့် ပေါ်လစီပင် ဖြစ်သည်။

ဦးဝင်းတင် အကျဉ်းထောင်တွင် အကျဉ်းကျခံနေရစဉ်အတွင်း ၂၀၀၁ ခုနှစ်တွင် ယူနက်စကို အဖွဲ့ကြီး၏ ယူနက်စကို၊ ဂွီလာရ်မိုကာနို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆု (UNESCO/Guillermo Cana World Press Freedom Award) ချီးမြှင့်ခြင်း ခံခဲ့ရသည်။ ထိုနှစ်တွင်ပင် ကမ္ဘာ့သတင်းစာများ အသင်းကြီး (World Association of Newspapers, WAN) မှ ချီးမြှင့်သည့် လွတ်လပ်မှု ရွှေကလောင်ဆု (Golden Pen of Freedom Award) အား သာယာဝတီ စမ်းစမ်းနွဲ့နှင့်အတူ ရရှိခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ဦးဝင်းတင်၏ ဆုငွေများနှင့် မတည်ပြီး ဗမာ့သတင်းသမဂ္ဂမှ ဥဒါန်းမဂ္ဂဇင်းကို ထုတ်ဝေခဲ့သည်။

၁၉၉၆ ခုနှစ်၊ အင်းစိန်ထောင် စစ်ခွေးတိုက်အတွင်း ချုပ်နှောင်ခံနေရစဉ် ဘ၀တူ နိုင်ငံရေး အကျဉ်းသားများကို ဦးဝင်းတင်က သူ့ခံယူချက်နှင့် ပတ်သက်ပြီး "ဗမာပြည်မှာ နိုင်ငံရေး လုပ်တော့မယ် ဆိုကတည်းက စစ်အာဏာရှင် တွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ ကျနော်တို့ ကြိုတင်တွက်ဆထားရမယ်။ အာဏာရှင်ကို ပလ္လင်ပေါ်က ဆွဲချတဲ့အခါ အဆင်မသင့်ရင် အသက်တောင် ပေးချင်ပေးရလိမ့်မယ် ဆိုတာလည်း ကျနော်တို့ မြင်ထားဖို့ လိုပါတယ်။ ကျနော်တို့ ခေတ်မှာ ကျနော်တို့ တာဝန်မကျေရင် နောက်လာမယ့် မျိုးဆက်တွေက ကျနော်တို့ကို အပြစ်တင်စရာ ဖြစ်လိမ့်မယ်။ အနည်းဆုံး နောက်တက်လာမယ့် လူငယ်မျိုးဆက်ကို လွတ်လပ်ရေးနှင့် တရားမျှတမှုအတွက် ဘယ်လမ်းကို လျှောက်ရမယ် ဆိုတာလောက်တော့ စံနမူနာ ပြနိုင်ရမယ်။ ကျနော်တို့ကိုယ်တိုင် အလံမလှဲစတမ်း စွန့်လွှတ်စွန့်စား ပြနိုင်မှ နောက် လူငယ်မျိုးဆက်ကလည်း ဒီအလံကို ဆက်လက်စွဲကိုင် ချီတက်ကြမှာ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ စစ်လွှမ်းမိုးရေး ဒဿနကို အမြစ်က လှန်နိုင်ဖို့ ဒီပွဲမှာ အလံမလှဲစတမ်း ယုံကြည်ချက်ကို မြဲမြဲဆုပ်ကိုင်ထားကြဖို့ လိုပါတယ်။" ဟု ပြောကြားခဲ့သည်။

ဦးဝင်းတင်နှင့် ၂၀၀၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းက အကျဉ်းထောင်အတွင်း တွေ့ဆုံခွင့်ရခဲ့သူ ဗမာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးလေ့လာစောင့်ကြည့်သူ ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စတာ ပေါ်လိုဆာဂျီယို ပီညဲရိုးက "ဦးဝင်းတင်ကဲ့သို့ တိုင်းပြည်၏ နား၊ မျက်စိ ဖြစ်သော သတင်းစာဆရာကြီး တစ်ဦးကို ဆယ်စုနှစ် တစ်ခုခွဲ ကြာသည်အထိ စစ်အာဏာပိုင်တို့က အငြိုးတကြီး ထောင်သွင်း ချုပ်နှောင်ထားသည်ကို သူ့အနေဖြင့် နားမလည် နိုင်အောင် ဖြစ်ရကြောင်း၊ ဦးဝင်းတင် တစ်ဦးတည်း တိုက်ပိတ်ခံထားရသဖြင့် သူ့မှတ်ဥာဏ်များ ချွတ်ယွင်းမသွားစေရန် သမံတလင်းနှင့် နံရံများပေါ်တွင် စာများ ရေးလိုက်၊ ဖတ်လိုက် လုပ်နေရပုံကို တွေ့ရှိခဲ့ရ၍ သူ လွန်စွာ စိတ်ထိခိုက်ခဲ့ရသည်" ဟု ဘန်ကောက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလက နအဖ ထောက်လှမ်းရေးမှ မှားယွင်းဖမ်းဆီးထားသော အကျဉ်းသားများကို ပြန်လည် လွှတ်ပေးစဉ်က ဦးဝင်းတင်လည်း ပြန်လည်လွတ်မြောက်လာနိုးဖြင့် သူ့ကို လေးစားချစ်ခင်သူများက မျှော်လင့် ခဲ့သည်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး စာပေအသိုင်းအ၀ိုင်းနှင့် လူထူက လေးစားချစ်ခင်သည့် သတင်းစာ ဆရာမကြီးလည်းဖြစ်၊ စာရေးဆရာမကြီးလည်းဖြစ်တဲ့ လူထု ဒေါ်အမာ ပြောပြခဲ့သည်မှာ

"အမေကလေ ကိုဝင်းတင် လွတ်လာတယ် ကြားတော့ ၀မ်းသာပြီး မျှော်နေတာပေါ့။ နောက်တော့ မပါဘူး ဆိုတော့လဲ အရင်ကတည်းက တွက်ထားပြီးသားပဲလို့ အောက်မေ့ပြီး နေလိုက်တာပါပဲ။ နောက်တော့ ဒုဝန်ကြီး ကိုယ်တိုင်က လွှတ်ပေးမယ့် လူတွေရဲ့စာရင်းထဲမှာ ဦးဝင်းတင် ပါတယ်လို့ ပြောတော့လဲ ပြန်ပြီး မျှော်နေမိတာ ပေါ့ကွယ်။ ဟုတ်တယ်မို့လား။ ဒုဝန်ကြီး ကိုယ်တိုင်က ပြောနေတာကိုး။ နောက်ဆုံးကျတော့လည်း လွတ်မလာဘူး။ အမေ့စိတ်ထဲ ၂ ရက်လောက် စိတ်မကောင်း ဖြစ်သွားတယ်။ စားလို့လဲမကောင်း၊ အိပ်လို့လည်း မကောင်းနဲ့ အတော်နေမကောင်း ဖြစ်သွားရတယ်။"

၂၀၀၇ ခုနှစ်၊ မတ်လ (၁၂) ရက်က အသက် (၇၇) နှစ် ပြည့်မြောက်သည့် ဦးဝင်းတင်က သူ့ရဲ့ နိုင်ငံရေးခံယူချက် များ မပြောင်းလဲသေးကြောင်း၊ သူ့အား ထောင်ဝင်စာ သွားတွေ့သူ ဦးမောင်မောင်ခင်က တဆင့် "သူဟာ ၁၂ ရက်နေ့ဆိုရင် (၇၇) နှစ် ပြည့်ပြီတဲ့၊ အဲဒီ (၇၇) နှစ် ပြည့်တဲ့အချိန်မှာ ငါ့သဘောထားကို ပြောပြချင်တယ်ကွာတဲ့။ လူတွေကလည်း သိချင်မှာပေါ့တဲ့။ အဲဒါ ဘာလဲဆိုတော့ သူဟာ တလျှောက်လုံး သူရပ်တည်ခဲ့တဲ့ သဘောထား ကနေပြီး ရွေ့မသွားပါဘူး။ ဒီအတိုင်းပါပဲတဲ့။ အဲဒါကတော့ သုံးခုပေါ့ဗျာ။ တစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့တကွ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးရေး၊ နှစ်က လွှတ်တော်ခေါ်ပေးရေး၊ သုံးက တွေ့ဆုံဆွေးနွေး ရေး၊ ဒီဟာကလွဲလို့ ငါ ဘာမှ ကိုင်စွဲထားတာ မရှိပါဘူးတဲ့။ ဒီဟာတွေ ကိုင်စွဲထားတဲ့အတွက် ငါ့ကို မလွှတ်လည်း အရေးမကြီးပါဘူးတဲ့။" ဟု ပြောကြားခဲ့သည်။

ဦးဝင်းတင်၏ ကျန်းမာရေးအခြေအနေမှာ အသက်အရွယ် ကြီးရင့်မှု၊ ထောင်သွင်း အကျဉ်းခံကာလ ကြာမြင့်လာမှု တို့ကြောင့် ကျန်းမာရေးမှာ အဖက်ဖက်မှ ချွတ်ယွင်းလျက် ရှိသည်။ အထူးသဖြင့် လည်ပင်းကျီးပေါင်းတက်ရောဂါ၊ အူကျရောဂါ၊ သွေးတိုးရောဂါ၊ ဆီးကျိတ်ရောင်ရောဂါ၊ သွားကိုက်ရောဂါတို့ကို ခံစားနေရသည်။ သို့သော်လည်း စိတ်ဓာတ်ရေးအရ ကြံ့ခိုင်နေဆဲဖြစ်သည်။

Read More...

ရင်ထဲဆို့နင့်လောက်အောင် သမိုင်းကိုရေးတတ်ကြတယ်


၂၀၀၇ ခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့တွင် သတင်းစာဆရာကြီး ဦးဝင်းတင်၏ အကျဉ်းကျခံနေရသော ထောင်သက် ၁၈ နှစ် ပြည့်ပါပြီ။ ၁၈ နှစ်ကြာ အကျဉ်းကျခံ ဘဘ ဦးဝင်းတင်၏ စိတ်ဓာတ်၊ ကိုယ်ကျင့်တရားနှင့် ခိုင်မာပြတ်သားသော ရပ်တည်ချက်များကို လေးစားစွာဖြင့် ဦးညွတ်ဂုဏ်ပြုအပ်ပါသည်။


ရေဆန်ဆိုတာ စုန်ရတာထက်တော့ ခက်တယ်
ဇွန်မှိုင်း

`ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ လွှတ်ပေးရမယ်။ ပြည်သူ့လွှတ်တော် ခေါ်ပေးရမယ်။ တွေ့ဆုံဆွေးနွေးရေး လုပ်ရမယ်။´

၂၀၀၇ ခုနှစ် မတ်လ (၁၁) ရက်နေ့က ထောင်ဝင်စာမှာ ထုတ်ဖော်ပြောကြားလိုက်တဲ့ ဆရာ ဦးဝင်းတင်ရဲ့ သဘောထား ရပ်တည်ချက်တွေ ဖြစ်ပါတယ်။ မတ်လ (၁၂) ရက်နေ့မှာ ဆရာ့အသက် (၇၇) နှစ်တင်းတင်းပြည့်သွားပြီ။ အင်းစိန်အကျဉ်းထောင်ထဲမှာ နအဖစစ်အုပ်စုက ပုဒ်မတွေတခုပြီးတခု ထပ်ထပ်တိုးလိုက်ပြီး ဆရာ့ကို ထောင်ထဲမှာ ထောင်တွေထပ်ထပ်ချလိုက်တာ ဆရာ့ရဲ့ထောင်ထဲနေသားသည် ပင်လျှင် (၁၈) နှစ်တင်းတင်း ပြည့်လုနီးပါးဖြစ်သွားပြီင်္။

အသက်အရွယ်အရရော၊ ထောင်တွင်းဖိနှိပ်မှုသဏ္ဌာန်မျိုးစုံအရရော … ဆရာ့ကျန်းမာရေးအခြေအနေ တော်တော်ဆိုးနေပါပြီ။ စစ်အုပ်စုကတော့ ဆရာ့ကို ထောင်ထဲမှာ အသေသတ်ပစ်ချင်ပုံ ရပါတယ်။ စစ်အုပ်စုဟာ ဆရာ့ကို လူပုဂ္ဂိုလ်အနေနဲ့လည်း သတ်ပစ်ချင်နေပြီး ဆရာ့ရဲ့နိုင်ငံရေး ကိုလည်း သတ်ပစ်ဖို့ကြိုးစားနေတာ အမှန်ပါ။ ဒါကြောင့်ပဲ စစ်အုပ်စုဟာ …ဆရာ့ကိုရော၊ ဆရာ့ရဲ့နိုင်ငံရေးကိုပါ ကန့်သတ်ပိတ်ဆို့တားဆီးဖို့ တောက်လျှောက် အရူးအမူး အားထုတ်ခဲ့တာပါ။ ဒါပေမယ့် စစ်အုပ်စုရဲ့ဆန္ဒနဲ့ ပြောင်းပြန်ပဲ … ဆရာဟာ လိုအပ်ချက်နဲ့ကိုက်ညီတဲ့၊ အံဝင်ကွက်တိဖြစ်တဲ့ အလုပ်ကြွေးကြော်သံနှင့် အလုပ်လမ်းညွှန်တွေကို သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကြားမှာ အမြဲထုတ်ပြန် လမ်းညွှန်ထောက်ပြနိုင်ခဲ့တယ်လို့ ကျနော်ဆိုချင်ပါတယ်။

၁၉၉၀ မေလ (၂၇) ရက်နေ့မှာ ကျနော်တို့ ရွေးကောက်ပွဲကို အပြတ်အသတ်နိုင်လိုက်တယ်။ ရွေးကောက်ပွဲပြီးလို့ (၂) လတိတိ ကြာတဲ့အခါမှာ … ရွေးကောက်ပွဲနိုင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ဂန္ဒီဟောမှာ စုစည်းလိုက်ကြတယ်။ စစ်အုပ်စု မျက်လုံးမျက်ဆံပြူးသွားစေတဲ့ အကွက်ပါ။ ဂန္ဒီဟောထဲမှာက … မြန်မာနိုင်ငံတနံတလျား မဲဆန္ဒနယ်ပေါင်းစုံက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ။ ဂန္ဒီဟောရဲ့ ဘေးဝဲယာမှာက … အဲဒီကိုယ်စားလှယ်တွေကို ရွေးချယ်တင်မြှောက်ပြီး ယုံကြည်စွာ mandate ပေးလိုက်ကြတဲ့ ပြည်သူတွေ။

မြင်ကွင်းဟာ ကြက်သီးဖြန်းဖြန်းထလောက်တဲ့ မြင်ကွင်းပါ။ ၁၉၈၆ ခုနှစ်က ဖိလစ်ပိုင်သမ္မတ ရွေးကောက်ပွဲအပြီး သမ္မတဟောင်း အာဏာရှင်မာကိုးစ်ဆီက နိုင်ငံတော်အာဏာကို ကိုရာဇန် အကွီနိုက လူထုအားနှင့် အရယူလိုက်နိုင်တဲ့ မြင်ကွင်းမျိုးပါ။

ဂန္ဒီဟောကို ၀န်းရံထားတဲ့ လူပင်လယ်ကြီးမှာ … မျှော်လင့်ချက်တွေ၊ ယုံကြည်ချက်တွေ၊ အဲဒီ မျှော်လင့်ချက်၊ ယုံကြည်ချက်တွေကြောင့် စီးကျလာတဲ့ မျက်ရည်တွေ၊ အံကြိတ်တက်ခေါက်သံတွေ။ ဒါပေမယ့် ဒီမှာ ကျနော်တို့ အဆင်သင့်မဖြစ်လိုက်ဘူး။ အခွင့်အခါကောင်းကို အမိအရ မဆုပ်ကိုင်လိုက်နိုင်ဘူး။

နှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ်အောက်မှာ၊ တပါတီအာဏာရှင်စနစ်အောက်မှာ နိုင်ငံရေး ဖြတ်တောက်ခံထားရတာရဲ့ အကျိုးဆက်ပဲလို့ ကျနော်ကောက်ချက်ချမိတယ်။

အစိုးရဖွဲ့ဖို့ အဆင်သင့်မဖြစ်လိုက်နိုင်ပေမယ့် … `နောက်ရက်ပေါင်း (၆၀) အတွင်း စက်တင်ဘာလ ကုန်နောက်ဆုံးထားပြီး ပြည်သူ့လွှတ်တော်ခေါ်ပေးရန်´ ဆိုတဲ့ ဂန္ဒီဟောကြေညာချက်ကိုတော့ အခိုင်အမာ ထုတ်ပြန်နိုင်ခဲ့ပါတယ်။

ဒါဟာ အဲဒီကာလမှာ ပကတိတည်ရှိနေတဲ့၊ အမှန်တကယ်တည်ရှိနေတဲ့ မိမိအနေအထားရဲ့ စုစည်းဖော်ပြချက် ဖြစ်နိုင်ပါတယ်။ ဒီထက် မရနိုင်သေးဘူး။ ဒီထက် မရနိုင်ခဲ့ဘူး။

စစ်အုပ်စုအတွက်တော့ ‘ခုမှပဲ အလုံးကြီးကျသွားတော့တယ်´ ဆိုတဲ့ အခွင့်အလမ်း အသေအချာ ဖြစ်သွားပါတယ်။ သူ့ရင်ထဲက အလုံးကြီးက `ဂန္ဒီဟောမှာ လွှတ်တော်ခေါ်လိုက်မှာလေလား´၊ `ဂန္ဒီဟောမှာ အစိုးရဖွဲ့လိုက်မှာလေလား´ ဆိုတဲ့ အလုံးကြီးပါ။ န၀တဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး စောမောင်ကိုယ်တိုင်က `ရွေးကောက်ပွဲက Free and Fair ဖြစ်ပါတယ်´ လို့ ရွေးကောက်ပွဲမှာ မဲထည့်ရင်း ပြောထားခဲ့တာပါ။

ဒီစကားက … နိုင်ငံတကာနှင့် ပြည်တွင်းသတင်းထောက်တွေရဲ့ရှေ့မှာ … လူသိရှင်ကြား ထုတ်ပြောထားတဲ့ စကားပါ။ သူ့စကားနှင့်သူ ချည်မိတုပ်မိဖြစ်နေတုန်း … အန်အယ်လ်ဒီက ဗြုန်းဆို ဂန္ဒီဟော ကောက်ခေါ်လိုက်တော့ အသက်တောင် ဘယ်ကရှူရမှန်းမသိ ဖြစ်သွားရတဲ့ ကာလပါပဲ။ ဒါကြောင့် လည်း စစ်အုပ်စုဟာ ၁/၉၀ ဆိုတဲ့ အမိန့်ကြေညာချက်ကို ကမန်းကတန်းထုတ်ပြီး ကြိုးစားကာပစ် ပစ်ကြည့်ခဲ့တဲ့ ကာလပါ။ ၁/၉၀ ရဲ့ အနှစ်သဘောက `လွှတ်တော်ကို ကိုယ့်အစီအစဉ်နှင့်ကိုယ် မခေါ်ပါနှင့်၊ န၀တက ကမကထပြုပြီး ခေါ်ပေးပါမယ်´ ဆိုတာပါ။ အဓိကရည်ရွယ်ရင်းကတော့ ဂန္ဒီဟောမှာ အစိုးရမဖွဲ့လိုက်ဖြစ်ဖို့ပါ။ ဂန္ဒီဟောမစခင် တရက်ကြိုပြီး ၁/၉၀ ကိုထုတ်လိုက်ပြီး … အဆုံးအဖြတ်အခန်းမှာရှိတဲ့ ခေါင်းဆောင် (policy maker) တချို့ရဲ့ တိကျမှုကိုေ၀၀ါးသွားစေဖို့ပဲ ဖြစ်ပါတယ်။

ထုံးစံအတိုင်းပါပဲ။ အန်အယ်လ်ဒီခေါင်းဆောင်တွေကြားမှာ … ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တွေကြားမှာ… ဘယ်သူ့ကိုဖမ်းရမယ်၊ ဘယ်သူ့ကို ခြောက်ထုတ်ပစ်ရမယ်။ ဘယ်သူ့ကို မွေးရမယ်၊ ဘယ်သူ့ကို ရောဂါဝင်အောင် လုပ်ရမယ်ဆိုတာတွေကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာပြီး … ၁၉၉၀ လူဖမ်းပွဲနှင့် သူ့ရဲ့ ဗျူဟာမြောက် အော်ပရေးရှင်းကို တရကြမ်း စတင်လိုက်တော့တာပါပဲ။ ဒီလိုနဲ့ ကျနော်တို့ဘက်မှာ ယာယီအရေးနိမ့်မှုတခု ဖြစ်ခဲ့ရတယ်။ ခြေလှမ်းတချို့နောက်ဆုတ်ခဲ့ရတယ်။ အဲဒီ (၂) လ၊ (၃) လ အတွင်းမှာကိုပဲ … စစ်အုပ်စုရဲ့ ဥပဒေမဲ့လုပ်ရပ်တွေနှင့် မူယာမာယာတွေ အောက်မှာ ကျနော်တို့ဘက်မှာ တကယ့်ကို အပြိုပြိုအလဲလဲ။

တချို့ ထောင်ထဲရောက်။
တချို့ တောထဲရောက်။
တချို့ ရှောင်ကြ၊ ရှားကြ။ တချို့ ဖြူကြ၊ ဖျော့ကြ။

လွန်ခဲ့တဲ့ (၂) လ၊ (၃) လက တိကျပြတ်ထင်နေတဲ့ မျဉ်းကြောင်းတချို့ဆိုလည်းေ၀၀ါးဖျော့တော့ အရောင်ပျယ်သွားကြ။

စစ်အုပ်စုဟာ (၂) နှစ်လောက်နားလိုက်ရတော့ အတော်လေး အမောစေ့သွားပုံရတယ်။ စစ်အုပ်စုဟာ အဲဒီလို အရှိန်လေး ရလာတယ်ဆိုရင်ပဲ … ဗိုလ်စောမောင်နေရာမှာ ဗိုလ်သန်းရွှေကို အစားထိုးပြီး ၁၁/၉၂ ကို ထုတ်ပြန်လိုက်ပါတယ်။

လွန်ခဲ့တဲ့ (၂) နှစ်က သူကိုယ်တိုင် ကြောက်အားလန့်အား ကမန်းကတမ်းထုတ်ထားတဲ့ ၁/၉၀ ကို သူကိုယ်တိုင် ဆုတ်ဖြဲပစ်လိုက်တယ်။ ၁၁/၉၂ ရဲ့ အနှစ်ဟာ … `ဘာလွှတ်တော်မှ ခေါ်ပေးစရာ မလိုဘူး၊ ခေါ်လည်းမပေးဘူး၊ အခု ပြည်သူ့လွှတ်တော်အမတ်တွေက သူလုပ်ပေးမယ့် အမျိုးသား ညီလာခံဆိုတာကို တက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခြေခံမူတွေကို ဆွဲကြ၊ ခင်ဗျားတို့ရဲ့ပိုင်ခွင့်က ဒါပဲ၊ လွှတ်တော်တွေ၊ ဘာတွေ ဘာမှ လာပြောမနေနှင့်တော့´ ဆိုတာပဲ။ အဲဒီလို သူက တဆင့်တိုးပြီး ထိုးစစ်ဆင်လာတဲ့အခါ ကျနော်တို့ ဘာလုပ်ခဲ့ကြသလဲ။

အဲဒီကာလဟာ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား အများဆုံးကာလဖြစ်တယ်လို့ ကျနော်မှတ်မိနေတယ်။ ဒီမှာ အင်အားစုတွေ စဉ်းစားကြရပြီ၊ တောင့်ခံမလား၊ မျှောလိုက်မလား။ ဘာပဲပြောပြော ဒါတွေကို ဆုံးဖြတ်ဖို့၊ ၁၁/၉၂ ကို လက်ခံမလား၊ လက်မခံဘူးလားဆိုတာ ဆုံးဖြတ်ဖို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ရေးဟာ ပထမဆုံးလုပ်ရမယ့် အလုပ်ဖြစ်လိမ့်မယ်။ ဒါဟာ သေချာပေါက်ပဲ၊ ကျနော်တော့ ဒီလိုပဲ မြင်တယ်။ တိုင်းပြည်ကို ရိုးရိုးသားသား ချစ်ကြတယ်ဆိုရင် ဒါကို ပထမဆုံးကိုပဲ ဆုံးဖြတ် ချက်ရှိရှိ လုပ်ရပါလိမ့်မယ်။

ဒါကြောင့်ပဲ … ဆရာဦးဝင်းတင်ဟာ အကျဉ်းထောင်ထဲက ရဲဘော်များကြား၊ ခေါင်းဆောင်များကြား … အပြင်က ရဲဘော်များကြား၊ ခေါင်းဆောင်များကြားကို အလုပ်ကြွေးကြော်သံ (သို့မဟုတ်) လုပ်ငန်းလမ်းညွှန်ကို အခုလို ပြတ်ပြတ်သားသားပဲ တင်ပြလိုက်ပါတယ်။ `အခု ကျနော်တို့ လုပ်ရမယ့်အလုပ်ဟာ … စစ်အုပ်စုပြောတဲ့ ၁၁/၉၂ လမ်းကြောင်းမဟုတ်ဘူး။ ကျနော်တို့ တကယ်လုပ်ရမယ့် အလုပ်ဟာ… `စု၊ လွှတ်၊ ပြန်၊ တွေ့´ ဒါမှမဟုတ် `စု၊ တွေ့၊ ပြန်၊ လွှတ်´ ဖြစ်တယ်။´

အကျယ်က ဒီလိုပါ။
ကျနော်တို့ဟာ `ဆန်စင်ရာ၊ ကျည်ပွေ့လိုက်´ ဆိုတာလို စစ်အုပ်စုရွှေ့တဲ့အကွက်တွေကို နောက်ယောင်ခံလိုက်ပြီး ဘာမှ သူ့အလိုကျ ရွှေ့ပေးနေစရာ မလိုဘူး။ ကိုယ်ဟာ လူထုရဲ့ ယုံကြည်စွာ အပ်နှံ ထားတဲ့ mandate ရပါတီဖြစ်တယ်။ လူထုကိုယ်စားလှယ်ဖြစ်တယ်။ လူထုနှင့်အတူ၊ လူထုဝန်းရံထောက်ခံမှုနှင့်အတူ ရပ်တည်နေတဲ့ ပါတီဖြစ်တယ်။ ဒါကြောင့် ကိုယ်ကိုယ်တိုင်က လမ်းကြောင်း ချမှတ်ခွင့်ရှိတယ်။ ဒီအခွင့်အလမ်းကိုလည်း လူထုကို အတိအကျချပြပြီး လူထုနှင့်အတူ ဆောင်ရွက်ရလိမ့်မယ်။

ပထမဆုံးလုပ်ရမှာက ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက် မရှိ အမြန်ဆုံး ပြန်လွှတ်ပါ။ ဒုတိယ … ပြည်သူ့လွှတ်တော်အမြန်ခေါ်ပါ။ တတိယ … အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ရင်း စတုတ္ထ … နိုင်ငံရေးအရ တန်းတူရည်တူ တွေ့ဆုံဆွေးနွေး အဖြေရှာပါ။

ဒါကတနည်း။
နောက်တနည်းက …
ပထမစပြီးလုပ်ရမှာက … ဒေါ်စုနှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ရေးပဲ၊
ဒုတိယက … တွေ့ဆုံဆွေးနွေး၊
တတိယ … အမျိုးသားပြန်လည်သင့်မြတ်ရေးတွေ ဆောင်ရွက်၊
နောက်ဆုံးမှာမှ … ပြည်သူ့လွှတ်တော် ခေါ်ယူ။

လုပ်ငန်းစဉ်တိုင်းဟာ ရှင်းလင်းတယ်၊ ထင်သာမြင်သာရှိတယ်၊ ပြီးတော့ တိကျခိုင်မာတယ်။

ဘယ်လမ်းကြောင်းကိုပဲရွေးရွေး `ဒေါ်စုနှင့် နိုင်ငံရေးအကျဉ်းသားတွေ ချွင်းချက်မရှိလွှတ်ရေး´ နှင့် စတင်ကြရမှာချည်းပဲ။ ဒါကို ဆရာဦးဝင်းတင်ဟာ ထောင်ထဲမှာ ၁၉၉၁- ၁၉၉၂ ကတည်းက စိုက်လိုက်မတ်တပ် တောက်လျှောက်တင်ပြခဲ့တာ ဖြစ်ပါတယ်။ အခုထိလည်း သူ ဒါကိုပဲ ဆက် လက်ရပ်ခံတယ်။ ကျနော်တို့ရဲ့ ၁၉၉၂ ခုနှစ်က ၂၀၀၇ ခုနှစ်ကြား ခါးသည်းတဲ့ အတွေ့အကြုံတွေကို နိဂုံးချုပ်ကြည့်လိုက်တဲ့အခါမှာလည်း ဒီလမ်းညွှန်ဟာ လုံးဝကွက်တိ မှန်နေဆဲပဲ။

ကျနော်တို့နှင့်အတူတူ လူထုရှိနေတယ်လို့ ယုံရင် … ကျနော်တို့ဟာ စစ်အုပ်စုပြောသမျှ၊ သူလမ်း ကြောင်းပေးသမျှ လိုက်လုပ်နေရမယ် ဆိုတာ လုံးလုံးမသင့်လျော်ဘူး။ လူထုနှင့် ကင်းကွာ၊ လူထု တန်ဖိုးလည်း နားမလည်၊ လူထုကိုလည်း မယုံကြည်၊ လူထုကိုယ်တိုင် ကလည်း ဘာတန်ဖိုးမှ အပေးမခံရသူတွေသာ စစ်အုပ်စုနှင့် အလိုက်သင့် အလျားသင့် ဟိုဟာလိုက်လုပ်ရမှာလိုလို ဒီဟာလိုက်လုပ်ရမှာလိုလို ပျာယာခတ်နေကြတာပါ။

လူထုကို ယုံကြည်တယ်ဆိုရင် … ကိုယ့်လမ်းကိုယ်ထွင်ပြီး ရဲရဲလျှောက်နိုင်ရလိမ့်မယ်။ `လူထုကိုချပြ၊ လူထုထောက်ခံမှုကို အရယူပြီး၊ လူထုနှင့်အတူ ချီတက်ဆောင်ရွက်ရေး´ ဆိုတဲ့ အခြေခံတရားကို လက်မလွှတ်ဘူးဆိုရင် … ကျနော်တို့ကို ဘယ်သူမှ တားနိုင် ဆီးနိုင် ပိတ်ဆို့နိုင်မယ်မဟုတ်ဘူးလို့ ကျနော်ရဲရဲယုံကြည်တယ်။

Read More...