Sunday, August 08, 2010

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းများ (စုစည်းမှု-၂)

၁၉၈၉ ခုနှစ်၊ ဇန်န၀ါရီလအတွင် ဧရာဝတီတိုင်း မအူပင်မြို့တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော မိန့်ခွန်း

အမှန်ကိုလုပ်ရတာဟာ အမှားကိုလုပ်ရတာထက် အင်မတန်မှ ခက်ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးကျတော့ အမှန်လုပ်တဲ့သူကသာ အောင်မြင်ရမှာပါ။ အမှန်တရားလုပ်တဲ့သူတွေကသာ ရှုံးရင်လည်း နိုင်ရမယ်။ နိုင်ရင်လည်း နိုင်ရမယ်ဆိုတာ ပြောလို့ရပါတယ်။ အမှန်တရားအရ မလုပ်တဲ့သူတွေကတော့ ရှုံးရင်လည်း ရှုံးရမယ်။ နိုင်ရင်လည်း ရှုံးမှာပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ အခွင့်အရေး လိုချင်တယ်ဆိုတာ ဘယ်သူ့ကိုမှ တိုက်ခိုက်ချင်လို့ မဟုတ်ဘူး။ ဘယ်သူ့ကိုမှ ဆွဲဖြုတ်ချင်လို့ မဟုတ်ဘူး။ ပြည်သူလူထုဟာ စိုးရိမ်ကြောင့်ကြမှု ကင်းဝေးစွာနဲ့ ကိုယ့်အသက်မွေးဝမ်းကျောင်း ကိုယ် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်အောင်လို့ဆိုတဲ့ စိတ်မျိုးနဲ့ ဒီမိုကရေစီအတွက် တိုက်နေကြတာပဲ။ အားလုံးက ဒီအခွင့်အရေးလိုချင်ရင် အားလုံးက ၀င်ပြီးတော့ လှုပ်ရှားရမှာပဲ။ ကျမတို့ခေတ်မှာ ကျမတို့ ကုသိုလ်ကံကြောင့်မို့လို့ ဒီတိုင်းပြည် ပြည်သူလူထုကို အကြောက်တရားကနေပြီးတော့ လွတ်မြောက်အောင် လုပ်ပေးနိုင်တဲ့ အခွင့်အရေးတွေ ရလာတယ်။ ဒီအခွင့်အရေးကို လက်လွတ်အဆုံးရှုံးမခံပါနဲ့။ ဒီလို ပြည်ထောင်စု အသစ်တည်ထောင်ဖို့ အခွင့်အရေးတွေကို လက်လွှတ်လိုက်ရင် ကျမတို့ဟာ သမိုင်းပေးတာဝန် မကျေပွန်သူတွေအဖြစ် သမိုင်းမှာ အင်မတန်မှ အပြစ်တင်စရာဖြစ်မှာပါပဲ။ ကျမတို့က ပြည်သူလူထုကို အားကိုးတယ်။ ပြည်သူလူထုကလည်း ကိုယ့်ကိုကိုယ် အားကိုးကြပါ။ ကိုယ့်ကိုကိုယ် အထင်မသေးကြပါနဲ့။ လူထုရဲ့ အင်အားဆိုတာ အင်မတန်မှ ကြီးပါတယ်။ လူထုရဲ့အင်အားကို မလေးစားဘဲ မနေနိုင်ပါဘူး။ ကျမတို့ကလည်း လေးစားတယ်၊ နောင်လည်း အစိုးရအဆက်ဆက်က လေးစားသင့်တယ်။ ပြည်သူလူထုကို လေးစားတဲ့ အစိုးရမျိုးကို ကျမတို့က ဖြစ်စေချင်ပါတယ်။ ဒါမှ တိုင်းပြည်လည်း အကျိုးရှိမယ်။ ပြည်သူလူထုလည်း စိတ်ချမ်းသာပါမယ်။

Read More...