Thursday, January 03, 2008

ခရီးသွားကြသူများ

သန်းမြင့်အောင်

လူ့ဘ၀ ဖြစ်တည်ခြင်းမှအစပြု၍ လူသားမျိုးနွယ်စုအားလုံးတို့တွင် လူမျိုးဘာသာမရွေး တညီတညွတ်တည်း တူညီသော စိတ်ခံစားမှုများနှင့် ထိုစိတ်ခံစားမှုတို့မှ လွန်ကဲထင်ဟပ်လာသော အမှတ်အသားသင်္ကေတအဖြစ် အမူအကျင့် နှစ်မျိုးရှိလေသည်။

၎င်းတို့ကား ၀မ်းသာကြည်နူးခြင်းနှင့် ၀မ်းနည်းကြေကွဲခြင်း၊ ၀မ်းသာကြည်နူးမှုကြောင့် ရယ်မောပျော်ရွှင်ခြင်းနှင့် ၀မ်းနည်းကြေကွဲ မှုကြောင့် တမ်းတငိုကြွေးခြင်းတို့ပင်။

တခါတရံတွင် ၀မ်းနည်းကြေကွဲမှုကြောင့် တမ်းတငိုကြွေးနေသူတို့၏ နောက်ကွယ်မှာပင် 'စိုးရိမ်ကြောင့်ကြခြင်း' နှင့် 'ပူပင်သောက ဗျာပါဒ' ဟူသော နှောင်ကြိုးများက ရစ်ပတ်တုပ်နှောင်လျက်ရှိကြသည်။

ထိုနှောင်ကြိုးများကို ဖြေလျှော့ဖြတ်တောက ဖယ်ရှားပေးနေကြသူတို့သည်ကား . . . . . . ။

+ + + + + + +


' ဘဘ ဆေးရုံတက်တုန်းက သေအံ့ဆဲဆဲ လူမမာအဘွားအိုတစ်ယောက်နဲ့ ၀ိုင်းပြုစုနေကြတဲ့ သားသမီးတွေကို တွေ့ရတယ်။ အမယ်အိုကို မျှော်လင့်ချက်မရှိတော့လို့ ဆရာဝန်က အိမ်ပြန်သယ်ကြဖို့ ပြောတဲ့အခါကျတော့ သားသမီးတွေက အိမ်မှာ နေရာထိုင်ခင်း ပြန်စီစဉ်ပါရစေဦး။ ပြီးတော့ လာခေါ်ပါ့မယ်လို့ပြောပြီး ထွက်သွားလိုက်ကြတာ အမယ်အိုသာ ကွယ်လွန်ပြီး သုံးရက်ကျော်တဲ့အထိ လာမခေါ်ကြလို့ ဆေးရုံကနေ သင်္ဂြိုဟ်လိုက်ရတယ်ကွယ်။ သားသမီးတွေက သင်္ဂြိုဟ်စရိတ်မတတ်နိုင်လို့ ထွက်ပြေးကြတာပါကလားလို့ သိလိုက်ရတော့ ဘဘ ရင်ထဲ မကောင်းလိုက်တာ . . . '

၁၉၉၈ ခုနှစ်၊ ဒီဇင်ဘာလနှောင်းပိုင်းတွင် ဆရာကြီး ဦးသုခက ကျမကို ပြောပြခဲ့ခြင်းဖြစ်သည်။

' တချို့ကလည်း သားသမီးတွေကို အပြစ်တင်ကြတာပေါ့ကွယ်။ ကိုယ့်မွေးသမိခင်ကြီးကို ဒီလို လုပ်ပစ်ခဲ့ရပါ့မလားလို့။ ဘဘ ကတော့ အပြစ်မတင်ရက်ပါဘူးကွယ်။ ခမျာများ ဘယ့်ကလောက် ဆင်းရဲကျပ်တည်းပြီး သင်္ဂြိုဟ်စရိတ်ကလေးမှ မတတ်နိုင်ကြလို့ ရှိမှာပေါ့ဆိုပြီး ဒင်းတို့ကလေးတွေနေရာကနေ ကိုယ်ချင်းစာကြည့်မိတယ်။ ကိုယ့်မအေအလောင်းလေးတောင် ရဲရဲလာမကြည့်ဝံ့ကြ၊ မသင်္ဂြိုဟ်ပေးကြရတဲ့ သူတို့ရင်ထဲ ဘယ်လောက်များ ကြေကွဲနေရှာကြပါ့မလဲလို့ '

ဘဘဦးသုခ၏ ကိုယ်တွေ့ဖြစ်ရပ်နှင့် အကြောင်းအရာက ကျမ၏ နှလုံးသားသို့ပါ ကူးစက်တောက်လောင်တော့သည်။ အကယ်၍သာ ထိုသားသမီး၊ မိသားစုတို့က သင်္ဂြိုဟ်စရိတ်ကို ချေးငှားရှာဖွေ၍ သင်္ဂြိုဟ်သည်ထား၊ လိုအပ်သည့်ငွေကို လိုအပ်သည့် အချိန်အတိုင်းအတာအတွင်း ရနိုင်ပါမည်လား။ သက်မဲ့ခန္ဓာအိမ်ဆိုသည်ကား အချိန်နှင့်အမျှ ဖောက်ပြန်လေတော့မည်။ လိုအပ်သည့် ငွေကို ချေးငှားရှာဖွေ၍ ရသည်ဆိုပြန်တော့ ထိုငွေကို ပြန်မဆပ်နိုင်မချင်း စိတ်သောကရောက်ရမည်၊ စိုးရိမ်ကြောင့်ကြ ဖြစ်ရမည်၊ သောကမီး တောက်လောင်ရမည်။ ထိုဒဏ်ကို ခံနိုင်ရည်မရှိကြသူများနှင့် ဘဘ ဦးသုခတို့ ထိပ်တိုက်တွေ့လာ ကြခြင်းသည် ကျမတို့ ၀န်းကျင်အတွက် စေ့ဆော်မှုတစ်ခုကို ဖြစ်တည်စေသည်။

'တခြားဘာသာတွေမှာ နာရေးဖြစ်လာရင် သင်္ဂြိုဟ်မှုကို အကူအညီပေးတဲ့ အဖွဲ့အစည်းတွေ ရှိကြတယ်။ ဘဘတို့ ဗုဒ္ဓဘာသာမှာ ဒါမျိုးမရှိသေးဘူး။ မန္တလေးမှာတော့ ဗြဟ္မာစိုရ်အသင်းဆိုပြီး နာရေးကိစ္စတွေ အကူအညီပေးနေတာ တော်တော်လေး အောင်မြင်နေပြီ။ ဘဘတို့ ရန်ကုန်မှာလည်း ရှိသင့်တယ်။ တစ်နေ့နေ့မှာ တို့များ နာရေးကူညီမှုအသင်းကို ဖွဲ့ကြရအောင်။ အဲဒီကျရင် အများအကျိုးကို ဆောင်ရွက်လိုတဲ့သူမျိုးတွေ အများကြီးလိုလာပြီ သမီးရေ'

ဘဘဦးသုခသည် ကျမကိုပြောပြသော ထိုစကားစုတွေကိုပဲ မမောနိုင်မပန်းနိုင် ထပ်တလဲလဲနှင့် လူပေါင်းများစွာကို ပြောနေ လိမ့်ဦးမည်ဟု ကျွန်မ အသေအချာယုံကြည်သည်။

+ + + + + + +


'လူဆိုတာ ကိုယ်ကျိုးစွန့်တဲ့စိတ်နဲ့ အများအတွက် အနစ်နာခံနိုင်တဲ့စိတ်ကလေးမှ မရှိရင် အခြားသတ္တ၀ါတွေနဲ့ ဘာများထူးဦးမှာလဲ' ဟူသည့် သဘောတရား စကားစုတစ်ခုကို ဆရာမကြီး ဒေါ်ခင်နှင်းယု၏ 'မွှေး' ၀တ္ထုကို ဖတ်ဖြစ်သည့် လွန်ခဲ့သော နှစ်ပေါင်း များစွာကပင် ကျမ စွဲနစ်ခဲ့ပါသည်။

ထိုအချိန်ကာလမှစတင်၍ 'ကိုယ်ကျိုးစွန့်၍ အများအတွက် အနစ်နာခံသူ' ဟူသည့် လူတန်းစားတစ်ရပ်ကို ကျမ စိတ်ပါဝင်စားစွာ ရှာဖွေနေမိခဲ့သည်မှာ ယခုအချိန်တွင်တော့ ပြည့်ဝစွာ အဓိပ္ပာယ်ရှိနေခဲ့ပြီဟု ဆိုရမည်ထင်သည်။

ကျမ၏ စိတ်အာဟာရကို ဖြည့်ဆည်းပေးနိုင်ကြသော ထိုလူနည်းစုထဲတွင် ပြည်သူအများ လေးစားအားထားသော နာရေးကူညီမှု လုပ်ဖော်ကိုင်ဖက်များလည်း အပါအ၀င်ဖြစ်ပေသည်။

' ရန်ကုန်မြို့ နာရေးကူညီမှုအသင်း ဖြစ်မြောက်ရေးကော်မတီကို ၂၀၀၁ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင် ဖွဲ့စည်းတည်ထောင်ပြီး ပထမဦးဆုံး နာရေးကူညီမှုပြုခြင်း အထိမ်းအမှတ်အဖြစ် မြန်မာ့ပန်းပုပညာရှင် ဆရာကြီး ဦးဟန်တင်၏ ဈာပနကို မြန်မာအနုပညာရှင် ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ အကယ်ဒမီ ကိုကျော်သူက နာရေးယာဉ်ကို ကိုယ်တိုင်မောင်းနှင်၍ ပို့ဆောင်ပေးခဲ့သည်။ '

ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာ မရွေး အခမဲ့ အကူအညီပေးမည်ဟူသော အသင်း၏ ဆုံးဖြတ်ချက်အတိုင်း ဆရာကြီးဦးဟန်တင် ကဲ့သို့သော ချမ်းသာကြွယ်ဝသူ၊ ငွေကြေးတတ်နိုင်သူတို့၏ တဖန်ပြန်လည်လှူဒါန်းငွေများဖြင့်လည်း ငွေကြေးချို့တဲ့နွမ်းပါးသူတို့၏ နာရေးကိစ္စများတွင် အားဖြည့်သုံးစွဲခွင့် ရခဲ့သည်။

ဆရာကြီး ဦးသုခ၏ အိပ်မက်နှင့် မန္တလေး ဗြဟ္မာစိုရ်အသင်းကြီး၏ လမ်းပြမှုမှ အကောင်အထည်ပေါ်လာသော 'ရန်ကုန်မြို့ နာရေးကူညီမှုအသင်း' ဖြစ်မြောက်ရေးကော်မတီတွင် လူတန်းစားမျိုးစုံ ပါဝင်သည်။ နိုင်ငံကျော် အနုပညာရှင်များ၊ စာရေးဆရာကြီးများ၊ မဂ္ဂဇင်းထုတ်ဝေသူများ၊ ကုန်သည်စီးပွားရေးလုပ်ငန်းရှင်များ၊ ၀န်ထမ်းများ၊ လက်လုပ်လက်စားများ၊ စသည့် လူတန်းစား အမျိုးအမည် မညီမျှကြသော်လည်း တခဲနက်ညီညွတ်ခြင်းကား 'ကိုယ်ကျိုးစွန့်' သည့် စိတ်ဓာတ်များပင်ဖြစ်သည်။ အဓိကလိုအပ်ချက်သည်ကား ထို 'တန်ဖိုး' သာဖြစ်ပေသည်။

+ + + + + + +


မိမိကိုယ်တိုင် ဒဏ်ရာမရဖူးပါဘဲနှင့် သူတစ်ပါး၏ အမာရွတ်ကို စုတ်သပ်ရကောင်းမှန်းသိသော နှလုံးစိတ်ဝမ်း ကျယ်ပြန့်သူတို့ကား စွန့်လွှတ်နိုင်စွမ်းအား ကြီးမားလှသည်။ ထိုသူများ၏ လှူဒါန်းငွေဖြင့် အသင်းကို ခိုင်ခိုင်မာမာ ရပ်တည်ပြီး လူပေါင်းများစွာ၏ နာရေးကိစ္စတို့ကို အကူအညီပေးနိုင်ခဲ့သည်မှာ သက်တမ်းအားဖြင့် နှစ်နှစ်တာကာလသို့ပင် ချဉ်းကပ်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်နှင့် အမျှ အကူအညီတောင်းခံလာသူများလည်း တစ်နေ့ထက်တစ်နေ့ များပြားလာကြပြီဖြစ်သည်။

စွန့်လွှတ်ကြသူများတွင် ငွေအင်အား၊ လူအင်အားတင်မက ဓာတ်ဆီလှူသူ၊ မြေကွက်လှူသူများပင် ရှိလာ၍ မုဒိတာပွားနေခိုက်တွင် လုံးဝ မျှော်လင့်မထားသော စိတ်လှုပ်ရှားကြည်နူးဖွယ်ရာ စံပြပုဂ္ဂိုလ်အချို့ကိုလည်း တွေ့ကြုံကြရသေးသည်။ ၎င်းတို့သည်ကား ညောင်ပင်လေးဈေးမှ ဈေးသူဈေးသားများပင်။

ကျမတို့အသင်းအနေဖြင့် တစ်နေရာတည်းမှ တစ်စုတစ်စည်းတည်း ထိုမျှငွေကိုသော်လည်းကောင်း၊ မော်တော်ယာဉ် အစီးလိုက်ကိုသော်လည်းကောင်း လက်ခံရယူဖူးခြင်းမရှိသဖြင့် ထိုအတွေ့အကြုံကား အစွမ်းကုန် ၀မ်းမြောက်ဖွယ်ရာ ဖြစ်တော့သည်။ လှူဒါန်းပွဲ အခမ်းအနားတွင် ဈေးသာယာရေးဥက္ကဋ္ဌ ဦးတင်ထွန်း၏ . .

' အများပြည်သူတွေရဲ့ နာရေးကိစ္စကို အကူအညီပေးဖို့ နာရေးကူညီမှုအသင်းကို မော်တော်ယာဉ်လှူဒါန်းရခြင်းဟာ ကျနော်တို့ ဈေးကို လာရောက် ၀ယ်ယူအားပေးနေကြတဲ့ ကျနော်တို့ရဲ့ ထမင်းရှင်လုပ်သားပြည်သူတွေရဲ့ ကျေးဇူးကိုဆပ်တယ်လို့လည်း ခံယူပါတယ် '

ဆိုသည့် စကားကလည်း လေးစားမှတ်သားဖွယ် ကောင်းလှပါသည်။

ထိုကဲ့သို့ စေတနာသဒ္ဓါတရား ထက်သန်ကြလေသော အလှူရှင်များ ပေါ်ပေါက်လာလေလေ ကျမတို့အသင်းကြီး၏ ရပ်တည်ရှင်သန်မှု ဖွံ့ထွားလာလေလေ၊ အသင်းအပေါ် အကူအညီတောင်းခံသူ များပြားလာလေလေ၊၊ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်သူတို့ အတွက် တာဝန်ကြီးလာလေလေပင်ဖြစ်သည်။ အသင်းအနေဖြင့် နာရေးကိစ္စရပ် များအတွက် အလှူရှင်များ၏ လှူဒါန်းငွေများကို နာရေးကိစ္စဆောင်ရွက်သည့် နေရာတို့မှအပ အခြားနေရာတွင် တစ်ပြားတစ်ချပ်မှ သုံးရန် အခွင့်အလမ်းမရှိအောင် တင်းကျပ်သော စည်းကမ်းများဖြင့် ဘောင်ခတ်ထားသည်။ ပရဟိတစိတ်ဖြင့် ကိုယ်ကျိုးစွန့်ကာ လာရောက်လုပ်ဆောင်ကြသော လုပ်ဖော်ကိုင်ဖက် ကော်မတီဝင်များအားလုံးသည် မိမိ၏ တကိုယ်ရေ ၀န်ဆောင်စရိတ်တွင်မက အသင်းမှ အခါအားလျော်စွာ ကျင်းပပြုလုပ်သော အလှူအတန်း၊ အခမ်းအနားများနှင့် လိုအပ်သော အသုံးအဆောင်များ ၀ယ်ယူရာတွင်ပင် အချိုးကျထည့်ဝင်ခြင်းဖြင့် မိမိ၏ ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထူထောင်နိုင်စွမ်းရှိကြသည်။ အများနှင့်စပ်ဆိုင်သော အဖွဲ့အစည်း အသင်းအပင်းများတွင် အဓိက လိုအပ်ချက်သည်ကား အများပိုင်ငွေကို အလွဲသုံးစားပြုမူခြင်း ကင်းရန်နှင့် လူမှုရေးရှုပ်ထွေးဖောက်ပြန်မှု ကင်းရှင်းခြင်းပင် ဖြစ်သည်။

+ + + + + + +


ဂုဏ်သိက္ခာရှိသော အသင်းအပေါ် အထင်ကြီး၊ လေးစားစွာ စိတ်ပါဝင်စား လေ့လာသူများထဲတွင် အထူးဂရုပြုမိသူအချို့ကိုလည်း တွေ့ကြုံရသည်။

တစ်နေ့တွင် ကလျာမဂ္ဂဇင်းတိုက်တွင် ဆရာမ (ဒေါ်) ကလျာ (၀ိဇ္ဖာ/သိပ္ပံ) ၏ ချိန်းဆိုပေးမှုကြောင့် ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှ ပရော်ဖက်ဆာ ဘာသာပြန်ဆရာမ Mirori Inouye Minamida (မြန်မာအမည် မပန်းခက်) နှင့် တွေ့ဆုံဖြစ်သည်။ ဆရာမ မပန်းခက်နှင့်အတူ Ruriko Unno နှင့် Yo Natsu Ki အမည်ရှိ ဂျပန်စာရေးဆရာမတစ်ဦးနှင့် ပန်းချီဆရာမလည်း ပါလာခဲ့သည်။ စကားဝိုင်းအစမှာပင် မပန်းခက်က . . .

' ဆရာမရေ . . ဟောဒီ စာရေးဆရာမက မကြာခင်ကမှ သူ့ယောက်ျား ကွယ်လွန်သွားလို့ သိပ်ပြီးခံစားနေရတယ်။ အခုတော့ သူဟာ သေခြင်းတရားတွေနဲ့ ပတ်သက်ပြီး လေ့လာချင်လို့ နာရေးကိစ္စတွေ အကူအညီပေးနေတဲ့ ဆရာမတို့နဲ့ တွေ့ရအောင် ခေါ်လာတာပါ။ '

ဆိုတော့ ကျမရော မမ၀င်း (ဒေါ်ကလျာ) ပါ အံ့သြသွားသည်။ ပြီးတော့မှ ကျမက . .

'သေခြင်းတရားဆိုတာက လူသားအားလုံးအတွက် တစ်နေ့မဟုတ်တစ်နေ့ မလွဲမသွေ ရင်ဆိုင်ကြရမယ့် အကြောင်းတရား တစ်ခုပဲလေ။ အဲဒီကိစ္စအတွက် ဆရာမတို့က ဘာကို လေ့လာချင်တာပါလဲ'

လို့မေးတော့ . . .

' မိသားစုထဲမှာ လူတစ်ယောက်သေသွားရင် ကျန်တဲ့သူတွေက တအားကို ၀မ်းနည်းကြေကွဲပြီး ကျန်ရစ်ရတယ်။ အဲဒါမျိုးက မကြုံဖူးတဲ့သူတွေအတွက် အထူးအဆန်းဖြစ်နေတယ်။ ဆရာမတို့က အသုဘတွေကို လိုက်ပြီး ကူညီနေတယ်ဆိုတော့ ဘယ်အရွယ်လူမျိုးတွေ ဘာရောဂါနဲ့ သေကြသလဲ၊ သူတို့မိသားစုတွေရော ဘယ်လိုရှိကြလဲ၊ ဆရာမတို့ရော အဲဒါတွေကို ခဏခဏ တွေ့နေရတော့ စိတ်မညစ်ဘူးလား၊ ဆရာမရော မငိုချင်ဘူးလား၊ ဆရာမတို့ နာရေးကူညီမှုအသင်းက အဲဒီလူတွေကို ဘာလုပ်ပေးနေတာလဲ '

စသည့် မေးခွန်းများနှင့်တကွ နောက်ဆက်တွဲ မေးခွန်းပေါင်းများစွာကို ကျမတို့ ဖြေရပါတော့သည်။

သေခြင်းတရားဟူသည် အသက်အရွယ် ကြီးငယ်မရွေး တွေ့ဆုံရင်ဆိုင်ရသည့် အကြောင်းအရာတစ်ခုမို့ ကျမတို့ ကူညီနေရမှု အတွေ့အကြုံတွင် တစ်ရက်သားကလေးမှစ၍ သက်ကြီးရွယ်အိုများအထိ ရှိကြောင်း၊ နာရေးကိစ္စကြောင့် ပူဆွေးသောက ရောက်နေကြသော ကျန်ရစ်သူ မိသားစုတို့၏ ပြုဖွယ်တာဝန်များကို ကျမတို့အသင်းမှ ၀င်ရောက်ဆောင်ရွက်ပေးခြင်းဖြင့် ထိုမိသားစုတို့အတွက် ၀န်ထုပ်ဝန်ပိုးများ ပေါ့ပါးသွားကြောင်း၊ နာရေးကိစ္စ ဖြစ်ပေါ်လာ၍ အကြောင်းကြား အကူအညီ တောင်းခံသည်နှင့် နာရေးယာဉ်ပေါ်တွင် အလူမီနီယမ်ခေါင်းပါတင်၍ အအေးခန်းထားလိုသူ၊ မီးသင်္ဂြိုဟ်လိုသူ၊ ပထမရက်များတွင် အအေးခန်းထား၍ နောက်ရက်တွင် မီးသင်္ဂြိုဟ်သူစသည့် ကိစ္စများကို အခမဲ့ ကူညီမှုပေးမှုပြုကြကြောင်း၊ မော်တော်ယာဉ်တစ်စီးတွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက် ၀န်ထမ်းများနှင့်အတူ လုပ်အားပေး ဈာပနကော်မတီဝင် တစ်ဦးပါ လိုက်ပါဆောင်ရွက်ပေးလေ့ရှိကြောင်း ဖြေကြားသည်ကို ခေါင်းတညိတ်ညိတ်နှင့် စိတ်ပါဝင်စားစွာ နားထောင်နေကြပါသည်။

နာရေးကူညီမှုအသင်း၏ လုပ်ကိုင်ဆောင်ရွက်ပေးမှုများကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လေ့လာချင်သော ထိုဆရာမ သုံးယောက်တို့သည် နောက်တစ်နေ့၌ နာရေးကူညီမှုအသင်း ရုံးချုပ်တည်ရှိရာ သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/၂ သုဒဿနလမ်းမရှိ ဆရာတော် ဦးဥတ္တရ၏ ဗြဟ္မာ့ဝိဟာရ စာသင်တိုက် အတွင်းသို့ ရောက်ရှိလာကြပြန်သည်။

ထိုအချိန်တွင် ကျမတို့အသင်းတွင် တာဝန်ကျ ဈာပနကော်မတီဝင်များနှင့်အတူ အသင်းဒုတိယဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် နာရေးမော်တော်ယာဉ်ကို ကိုယ်တိုင်မောင်းနှင်ရန် အသင့်ရှိနေသော ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ အကယ်ဒမီ ကိုကျော်သူ၊ ၎င်း၏ဇနီး ဒေါ်ရွှေဇီးကွက်တို့နှင့် တွေ့ဆုံကြပြီး ဈာပနသယ်မည့်လမ်းကြောင်းတွင် လေ့လာရန် ၎င်းတို့၏ ကိုယ်ပိုင်ကားကလေးနှင့် ကိုကျော်သူမောင်းနှင်ပြီး ဈာပနကော်မတီဝင် ကျမ လိုက်ပါလာသော နာရေးကူညီမှုအသင်း အမှတ်တံဆိပ်ပါ မော်တော်ယာဉ်၏ နောက်မှ လိုက်ပါလာခဲ့ကြသည်။

ထိုနေ့တွင် ကျမတို့ သွားရောက်သယ်ယူရမည့် ပထမဆုံးလမ်းကြောင်းက တောင်ဒဂုံမြို့နယ်၊ (၁၄၀) ရပ်ကွက်အတွင်းမှ အသက် (၃၁) နှစ် အရွယ်ရှိ ကိုတင်မောင်ဝင်းဆိုသူ၏ ရုပ်ကလာပ်ကို ဖြစ်သည်။

နာရေးကူညီမှုအသင်း ရုံးတည်ရှိရာ သင်္ဃန်းကျွန်းမြို့နယ်အတွင်းမှ တောင်ဒဂုံမြို့နယ်ရှိ အမှတ် (၁၄၀) ရပ်ကွက်သို့ နာရီဝက်ခန့် မောင်းနှင်ပြီးသောအခါ ဆိုးဝါးသော လမ်းပန်းအခြေအနေကြောင့် ကိုကျော်သူမှာ ကားကို ဆက်၍ မောင်းနှင်ရန် မတတ်နိုင်တော့သဖြင့် ရပ်ကွက်အ၀င် မြေနီလမ်းဘေးမှ ချိုင့်နှုတ်ခမ်းတစ်ခုတွင် ကားကို ထိုးရပ်လိုက်ရသည်။ ကားရှေ့ခန်းမှ ကျမဆင်းပြီး နောက်ဘက်သို့ မျှော်ကြည့်သောအခါ မပန်းခက်တို့ကားလည်း ဆက်ဝင်၍မရတော့သဖြင့် ခပ်လှမ်းလှမ်းမှာပင် ရပ်တန့်ပြီး ကျမတို့ကားရှိရာသို့ ဆင်းလာကြသည်ကို တွေ့ရသည်။

' ကျနော်တို့ရပ်ကွက်က ကားဝင်လို့မရဘူး။ ဟိုးရှေ့က မြင်နေရတဲ့ သစ်ပင်အုပ်အုပ်ကလေး ရှိတဲ့နေရာအထိ သွားရမှာမို့ အရမ်းဝေးနေသေးတယ်။ ဆိုက်ကားနဲ့သွားမှရမယ်။ '

နာရေးယာဉ်အား လာရောက်ကြိုဆိုနေသော ရပ်ကွက်အတွင်းမှ လူတစ်ယောက်ယောက်၏ သတင်းပေးမှုဖြင့် ဆိုက်ကားများငှား၍ ခရီးဆက်ခဲ့ကြသည်။ မော်တော်ယာဉ်ပေါ်မှ ရုပ်ကလာပ်ထည့်ရန် ခေါင်းအလွတ်ကိုပါ ယူချ၍ ဆိုက်ကားပေါ်တင်ခဲ့ကြသည်။ အပြန်ခရီးတွင်တော့ ထိုအခေါင်းတွင် ရုပ်ကလာပ်ထည့်သွင်းပြီး လူအင်အားများများဖြင့် မော်တော်ယာဉ်ရှိရာသို့ အရောက်ထမ်း၍ လမ်းလျှောက်သယ်ကြရမည်ဖြစ်သည်။ သို့မဟုတ်ပါက လမ်းကြမ်းကြမ်းတွင် အဆမတန် လှုပ်ရှားဗြောင်းဆန်သည့်ဒဏ်ကို ခံနိုင်မည် မဟုတ်။

ခနော်ခနောနဲ့ ချိုင့်ခွက်များစွာကို ဖြတ်သန်းပြီး လမ်းကျဉ်းကျဉ်းကလေးတစ်ခု၏ ဘေးမှ ၁၀ ပေ ပတ်လည်ခန့်သာ အများဆုံးရှိမည်ဟု ထင်ရသော ခပ်ယိုင်ယိုင် အိမ်ကလေးတစ်လုံးဆီ အရောက်တွင် ခေါင်းကို အိမ်ရှေ့မှာ ခဏချပြီး ကျမတို့ အိမ်ပေါ်တက်ခဲ့ကြသည်။

ကွယ်လွန်သူ၏ဘေးတွင် ကြေကွဲဝမ်းနည်းနေရှာသော အသက်နှစ်ဆယ့်သုံးနှစ်အရွယ် မိန်းကလေးကား နာရေးရှင်ဖြစ်သည်။ ကျမက တာဝန်ရှိသည့်အတိုင်း သင်္ချိုင်းလက်မှတ် စာရွက်စာတမ်းကို လက်ခံရယူပြီး အသက်သုံးဆယ့်တစ်နှစ် အရွယ်သာရှိသေးသော ကိုတင်မောင်ဝင်းဆိုသူ၏ ပိန်လှီဖျော့တော့နေသော ရုပ်ကလာပ်နှင့် နာရေးရှင်မိန်းကလေးကို ဆက်စပ်မေးမြန်းတော့ ကျန်လူများပါ စိတ်ဝင်စားစွာ ခံစားကြေကွဲနေကြသည်။

' သူက ကျမရဲ့ယောက်ျားပါ။ နှလုံးရောဂါလည်းရှိပါတယ်။ အခုတော့ နဂိုရောဂါအခံရော အာဟာရပြတ်တာပါ ပေါင်းပြီး ဖြစ်သွားတာပါ '

' သားသမီးရော မရှိဘူးလား '

' သမီးလေးတစ်ယောက်ရှိပါတယ်။ မနှစ်ကပဲ ဆုံးသွားပါတယ်။ အခုတော့ ဖအေရော သမီးရောက ကျမကို လူ့လောကမှာ တစ်ယောက်တည်း ထားခဲ့ပါပြီ။ သူတို့ သားအဖတွေ သိပ်ရက်စက်တယ် '

ပြောပြောငိုငိုနှင့် ဖြစ်နေသော မိန်းကလေးကို . . .

' ဖြစ်မှဖြစ်ရလေကွယ် ' ဟူသော မှတ်ချက်တစ်ခုမှလွဲ၍ ရုတ်တရက် ဘာမှပြန်မပြောနိုင်။ ပြုဖွယ်ကိစ္စများဖြစ်သော အခေါင်းကို အိမ်ပေါ်တင်၍ ယာဉ်နောက်လိုက်ဝန်ထမ်းနှင့် အရပ်ထဲမှ လူငယ်များ အကူအညီဖြင့် ရုပ်ကလာပ်ကို ခေါင်းထဲထည့်ခြင်း၊ သယ်ယူရန် အသင့်ပြင်ဆင်ခြင်းတို့ကို ကိစ္စ ပြီးမြောက်အောင် ဆောင်ရွက်ရသည်။

အလောင်းကို မြေနီလမ်းကလေးပေါ်သို့ သယ်ယူကြပြီး ထွက်ခွာရန် ပြင်သောအခါကျမှ ကျမ သတိတရဖြင့် ပါလာသော ဧည့်သည် ဂျပန်အမျိုးသမီးများကို လှည့်ကြည့်ဖြစ်တော့သည်။

ထိုသောအခါဝယ် ဂျပန်အမျိုးသမီး စာရေးဆရာမကြီးသည် နာရေးရှင် မုဆိုးမငယ်ငယ်ကလေးအား ပုခုံးကိုဖက်ကာ တရှုံ့ရှုံ့ ငိုကြွေးနေသည်ကို တွေ့ရပါလေသည် ။ ။

No comments: