Monday, August 27, 2007

တွဲလက်တွေ မဖြုတ်စတမ်း


လောင်စာဆီဈေးနှုန်းမြင့်တက်မှုကို အခြေခံ၍ ပေါ်ပေါက်လာခဲ့ရသော လူထုဆန္ဒဖော်ထုတ်ပွဲများကို နအဖသည် အာဏာရှင်တို့၏ ထုံးစံအတိုင်း လက်နက်အင်အား၊ လူအင်အားတို့ဖြင့် ကြောက်ရွံ့စေမှုများအား ဖန်တီး၍ သူတို့၏ လမ်းကြောင်းကို မမှိတ်မသုန် ဆောင်ရွက် အကြမ်းဖက်လျက်ရှိသောကြောင့် သူတို့၏ လုပ်ရပ်သည် လတ်တလော ပစ္စက္ခအခြေအနေတွင် အသာစီး ရသယောင် ရှိနေပေသည်။

ဆန္ဒထုတ်ဖော်ပွဲတွေရဲ့နောက်ကွယ်က နအဖရဲ့ ရည်ရွယ်ချက်ဟာ ဘာလဲ။ ဘယ်ကို ဦးတည်နေတာလဲ။ သူ့ရဲ့ ဦးတည်ချက် ကတော့ လယ်ပြင်ဆင်သွားသလို ရှင်းနေတာပါပဲ။

ဘယ်သူမှ အဖက်မလုပ်တဲ့ ညီလာခံဆိုတာကြီးကို သူခိုးရွှေရတပြပြ လုပ်ချင်တယ်။ နိုင်ငံ့အရေးကို အသက်တွေ၊ ဘ၀တွေ ပေးပြီး တိုက်ပွဲဝင်နေတဲ့သူတွေ လုံးလုံး အရေးမစိုက်တဲ့ ၅/၉၆ ဆိုတာကြီးကို နေရာပေး ခြိမ်းခြောက်ချင်တယ်။ ကြောက်စေချင်တယ်။

စားပြီးရင်းစားပြီး စားပိုးမနင်နိုင်သေးတဲ့ နအဖ စစ်အုပ်စုဟာ စီးပွားရေးပိတ်ဆို့မှုကြောင့် သူတို့ရဲ့ အဆီတ၀င်းဝင်း စားခွက်တွေ ပျောက်သွားတော့ ဦးသူစားစတမ်း၊ နိုင်သူစားစတမ်းဆိုပြီး ဇာတ်တူသား စားတော့တာ အားလုံးအသိ။ ထပ်စားရင် တပ်ပျက်တော့မယ့် ကိန်းဆိုက်တော့ လူထုဆီက ရသမျှညှစ်ဖို့ အကြံကုန်ဂဠုန်ဆားချက် လုပ်ရတော့တာပါပဲ။

နအဖဟာ တချက်ခုတ် နှစ်ချက်၊ သုံးချက်ပြတ်ဖို့ အကွက်ဆင်လိုက်တာပါပဲ။ မှန်းချက်နဲ့ နှမ်းထွက်ရော နအဖ ကိုက်ရဲ့လား။

တစ်ကောင်ကျွေးပြီး သုံးလေးကောင် စားချင်တဲ့ နအဖ …. ကိုယ်တိုင်ရော …… ပွဲသိမ်းတိုက်ကွက် မမိဖို့ ကြိုတင် ပြင်ဆင်ထားပြီးပြီလား။ ငါလိုလူ ဇမ္ဗူမှာ ရှိလို့လား ဆိုပြီးတော့ ဘ၀င်လေဟပ်နေရင်တော့ ၀မ်းမြောက်ဝမ်းသာ သြဘာ ပေးလိုက်ပါတယ်။ ဆက်သာလုပ် … နအဖရေ …….

သူဆင်တဲ့ အကွက်ထဲမှာ ကျနော်တို့ အသာစီးရလိုက်တာကတော့ ကျနော်တို့ချစ်တဲ့နိုင်ငံက ပြည်သူတွေရဲ့ မီးခဲပြာဖုံးဖြစ်နေတဲ့ တရားမျှတမှု၊ လွတ်လပ်မှု၊ ငြိမ်းချမ်းရေးကို အာမခံနိုင်တဲ့ ဒီမိုကရေစီစနစ်ကိုလိုလားတဲ့ စိတ်ဓာတ်တွေ တငွေ့ငွေ့ တောက်လောင် လာနေတာကို ထင်ထင်ရှားရှား တွေ့မြင်လိုက်ရတာပဲ။ ကျောင်းသားမျိုးဆက်တွေဟာ နှိမ်နင်းဖျောက်ဖျက်လို့မရ ရှင်သန်နေဆဲ၊ မျိုးဆက်တာဝန်တွေကို လက်ဆင့်ကမ်း သယ်ဆောင်နေဆဲ ဆိုတာကို ဂုဏ်ယူဝမ်းမြောက်စဖွယ် တွေ့မြင်ရတာ ဟာလည်း ကျနော်တို့ရဲ့ အောင်ပွဲပါပဲ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈ မျိုးဆက် နောင်တော်များ၊ ကိုထင်ကျော်တို့ ဦးဆောင်သည့်အဖွဲ့များ၊ အစရှိသည့် အားလုံးသော ဒီမိုကရေစီအင်အားစုများ ရှေးရှုရာသည် လူကို လူလိုသိသည့် လူလိုဆက်ဆံသည့် စနစ် ပေါ်ထွန်းရေးပင်။

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရပ်တည်ချက်၊ ၈၈ မျိုးဆက် နောင်တော်များ၏ ရဲရဲတောက် တိုက်ပွဲခေါ်သံ၊ ကိုထင်ကျော်တို့၏ ဘာမထီ စိန်ခေါ်မှုများ ............. ။

အားလုံးသော ဒီမိုကရေစီအင်အားစုများသည် အန္တိမရည်မှန်းချက်ဖြစ်သော ဒီမိုကရေစီပန်းတိုင်ဆီသို့ အဂ္ဂမဟာဗျူဟာ၊ မဟာဗျူဟာ၊ နည်းဗျူဟာ အစ အစ ရှိသည်တို့ကို သက်ဆိုင်ရာ၊ ပိုင်နိုင်ရာ၊ အားသန်ရာ တာဝန်များဖြင့် ချဉ်းကပ်ရာတွင် .....................

ဒီမိုကရေစီ၏ အခြေခံဖြစ်သော အပြန်အလှန်လေးစားမှုကို ရင်ဝယ်ပိုက်၍ အမြင်မတူညီမှုများကို ဆွေးနွေးငြင်းခုံခြင်း၊ ဝေဖန်ခြင်းတို့ဖြင့် တဖြည်းဖြည်း ရင့်ကျက်ရှင်သန်၍ ဆက်လက် ချီတက်ရပေဦးမည်မှာ ကျနော်တို့၏ သမိုင်းပေးတာဝန်များပင် ဖြစ်ပေသည်။

တော်လှန်ရေး လှုပ်ရှားမှုများတွင် လတ်တလော အရေးကြီးသည့် အရေးပေါ် နိုင်ငံရေးကိစ္စများသည် စိတ်ဓာတ်ရေးရာ အဓိက ရည်မှန်းချက်များကို ဖုံးအုပ်သွားဖွယ်ရာ သို့မဟုတ် ပျက်ပြယ်သွားဖွယ်ရာရှိသော အန္တရာယ်နှင့် အမြဲတမ်း ကြုံတွေ့နေရပါသည်။ စိတ်ဓာတ်ရေးရာ ရည်မှန်းချက်များကို ပထမ ဦးစားပေးရမည်။ မပျက်စီးအောင် လုပ်ရမည်ဟု ခိုင်မာစွာ တိုက်တွန်းနေရသည်မှာ ..................... (ဒီမိုကရေစီရှာပုံတော် ၄)

Read More...

Saturday, August 25, 2007

We are prisoners!



"We want the world and international community
to know that the people of Burma remain prisoners in their own country"


..... PLEASE USE YOUR LIBERTY TO PROMOTE OURS .....
by Aung San Suu Kyi, Burma National Leader, 1991 Nobel Peace laureate

Read More...

Wednesday, August 22, 2007

ဒီမိုကရေစီရှာပုံတော် (၄)


တော်လှန်ရေးဆိုသည်မှာ အစိုးရလမ်းစဉ်များ သို့မဟုတ် လူမှုရေး လျစ်လျူရှုမှုများကြောင့် ရပ်တန့်နေရသည့် လိုအပ်သော ပြောင်းလဲမှု များကို အကောင်အထည်ဖော်ရန် မျိုသိပ်မထားနိုင်အောင် နှိုးဆွတိုက်တွန်းသော စိတ်ဓာတ်ကို ယေဘုယျအားဖြင့် ရောင်ပြန်ဟပ်ခြင်းပင် ဖြစ်ပါသည်။ ဤသို့သော ပြောင်းလဲမှုများကို အကြမ်းမဖက်ဘဲ ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ရန် ဒီမိုကရေစီ အဖွဲ့အစည်းများနှင့် လုပ်ထုံးလုပ်နည်းများတွင် နည်းလမ်းများ ပေးထားပါသည်။ သို့သော်လည်း တင်းကြပ်သော လမ်းစဉ်များမှ သွေဖီမှု မှန်သမျှကို ခွင့်မပြုသော အာဏာရှင်စနစ်သည် ပြောင်းလဲမှုကို ရွံ့မုန်းပါသည်။ သဘောထား ကွဲလွဲပိုင်ခွင့်ကို၎င်း၊ သဘောထားကွဲလွဲမှုကို ငြိမ်းချမ်းစွာ ဖြေရှင်းရမည့် တာဝန်ကို၎င်း၊ ဒီမိုကရေစီက အသိအမှတ် ပြုထားပါသည်။

အာဏာရှင်အစိုးရတို့ကမူ ၎င်းတို့၏ ၀ါဒသဘောတရားနှင့် လုပ်ရပ်များအား ဝေဖန်သည်ကို တိုက်ပွဲဝင်ရန် စိန်ခေါ်နေခြင်း ဖြစ်သည်ဟု ယူဆကြပါသည်။ အတိုက်အခံလုပ်ခြင်းမှာ ထိပ်တိုက်ရင်ဆိုင်တွေ့မှုကို လိုလားခြင်းသာ ဖြစ်သည်ဟု မြင်၍ ရင်ဆိုင်တွေ့မှုကို အကြမ်းဖက်သော ပဋိပက္ခဟု အဓိပ္ပာယ် ဖွင့်ဆိုထားကြပါသည်။ စစ်မှန်သော ဆွေးနွေးမှုဖြင့် ဖြေရှင်းနိုင်ရန် ဦးတည်၍ အဓိက သဘောထား ကွဲလွဲချက်များကို ပွင့်လင်းစွာ အပြန်အလှန် စေ့စပ်ခြင်းသည် ရင်ဆိုင်တွေ့မှုပင် ဖြစ်သည်ဟူသော သဘောကို ချုပ်ချယ်လိုစိတ် ရှိသူတို့က နားမလည်နိုင်ကြပါ။ အတင်းအဓမ္မ လုပ်ခိုင်းသည့်စနစ်အပေါ်တွင် တည်ဆောက်ထားသော အာဏာဟူသည်မှာ မလုံခြုံ မခိုင်မြဲသောကြောင့် သဘောထား ကွဲလွဲသူအားလုံးကို ချေမှုန်းရန် လိုအပ်သောအဖြစ်သို့ ရောက်ရှိသွားရပါသည်။

ပြည့်ဝသော ဒီမိုကရေစီ ဘောင်အတွင်း၌မူ ဆန့်ကျင်ကန့်ကွက်မှု၊ သဘောထားကွဲလွဲမှု စသည်တို့သည် အပြောင်းအလဲ မလိုလားသောဝါဒ ရှေးဟောင်းအယူအဆ စသည်တို့နှင့် အကျိုးရှိစွာ ယှဉ်တွဲ၍ ရှင်သန်နိုင်ပါသည်။ ဤကဲ့သို့ အတူရှင်သန်နိုင်ရန် ဥပဒေ၊ စည်းကမ်းရိုသေလေးစားမှုနှင့် ပုဂ္ဂလိက အခွင့်အရေး လေးစားမှုတို့ကို မျှတအောင် လုပ်ပေးရသည့် လိုအပ်ချက်ကို ယေဘုယျအားဖြင့် အသိအမှတ်ပြုရမည် ဖြစ်ပါသည်။

"ငြိမ်ဝပ်ပိပြားရေး" ဟူသော စကားကို ဖိနှိပ်ချုပ်ချယ်ရာတွင် ဆင်ခြေပေးသည့်အနေဖြင့် မကြာခဏ အလွဲသုံးစား လုပ်ကြသဖြင့် အာဏာရှင်စနစ် ကြီးစိုးသော နိုင်ငံများတွင် ဤစကားအသုံးအနှုန်းကို မယုံသင်္ကာ ဖြစ်လာကြပါသည်။ ထင်ရှားသော မြန်မာစာရေးဆရာကြီး တစ်ဦးသည် လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က "ငြိမ်ဝပ်ပိပြားရေး" နှင့် ပတ်သက်သော ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ပါသည်။ စကားတလုံးချင်း ခွဲခြမ်းစိတ်ဖြာ ကြည့်သောအခါတွင် ငြိမ်နေရမည်၊ ၀ပ်တွားနေရမည်၊ ပိစေရမည်၊ ပြားစေရမည်ဟု အဓိပ္ပာယ်ရသဖြင့် နိုးကြားတက်ကြွ တိုးတက်သော နိုင်ငံသားတို့ ပေါ်ပေါက်လာခြင်းကို ဟန့်တားသည့် မလိုလားအပ်သော အခြေအနေ ဖြစ်လာစေမည်ဟု မှတ်ချက်ချခဲ့ပါသည်။

"ဥပဒေ" ဟူသည် တရားမျှတမှုနှင့် ထပ်တူထပ်မျှဖြစ်ပြီး တရားမျှတမှု ရှိခြင်းကြောင့် ပြည်သူပြည်သားများ ကျေကျေနပ်နပ်နှင့် ငြိမ်သက်နေကြသော "ငြိမ်ဝပ်ပိပြားမှု" မျိုးသာလျှင် မွန်မြတ်ပါသည်။ ဥပဒေကို အစိုးရ၏ ဖိနှိပ်ချုပ်ချယ်သော ကိရိယာအဖြစ် အသုံးပြုခြင်းသည် အာဏာရှင်စနစ်၏ အများသိကြန်အင် လက္ခဏာတရပ်ပင် ဖြစ်ပါသည်။ ဥပဒေ လုပ်ထုံးလုပ်နည်းအတိုင်း ဖြစ်စေရန် အာမခံပေးမည့် အများသဘောတူ ရွေးချယ်တင်မြှောက်ထားသည့် ဥပဒေပြုလွှတ်တော်နှင့် သီးခြားလွတ်လပ်သော တရားစီရင်ရေးမဏ္ဍိုင် မရှိပါက အာဏာပိုင်တို့သည် ၎င်းတို့ထင်သလို ထုတ်ပြန်ထား၍ လက်ခံနိုင်လောက်သော တရားမျှတမှု စံသတ်မှတ်ချက် အားလုံးနှင့် ပြောင်ပြောင်ကြီး ဆန့်ကျင်သည့် အမိန့်များကို "ဥပဒေ" သဘောဖြင့် ကျင့်သုံးနိုင်ပါသည်။ တိုင်းနိုင်ငံ တနိုင်ငံတွင် အာဏာရှိသူများ အဆင်ပြေစေရန် ဥပဒေသစ်များကို ပြဋ္ဌာန်းနိုင်ပါက၎င်း၊ ဥပဒေဟောင်းများကို ပြောင်းလဲနိုင်ပါက ၎င်း၊ နိုင်ငံသူနိုင်ငံသားများ လုံခြုံမှု ရရှိနိုင်မည် မဟုတ်ပါ။

ဤအချက်ကို ရှေးထုံးတမ်းစဉ်လာအရ အသိအမှတ်ပြုထားခြင်း ဖြစ်ကြောင်းကို အပရိဟာနိယတရားများက ထင်ရှားစေပါသည်။ ၎င်းတရားတပါးအရ အညီအညွတ် ပညတ်ထားသော ဥပဒေများကို အလွယ်တကူ ပယ်ဖျက်ခြင်း၊ အညီအညွတ် ပညတ်ထားခြင်း မရှိသော ဥပဒေများကို အလွယ်တကူ ပြဋ္ဌာန်းခြင်းတို့မှ ရှောင်ကြဉ်ရမည် ဖြစ်ပါသည်။

ဗုဒ္ဓဘာသာ အယူအဆတွင် ဥပဒေသည် တရားဓမ္မအပေါ်တွင် အခြေခံပါသည်။ အကာအကွယ်ကင်းမဲ့သော ပြည်သူလူထု အပေါ်တွင် ကြမ်းတမ်းခက်ထန် တင်းမာသော စည်းမျဉ်းများ ပြဋ္ဌာန်းနိုင်သော အာဏာအပေါ်တွင် အခြေခံခြင်း မဟုတ်ပါ။ စနစ်တခု၏ တရားမျှတမှုကို မှန်ကန်စွာ တိုင်းတာရာတွင် အင်အားအနည်းဆုံးဖြစ်သူတို့အား ကာကွယ်ရန် မည်မျှ အာမခံ ထားသည်ကို ကြည့်၍ တိုင်းတာရမည် ဖြစ်ပါသည်။

တရားမျှတမှုမရှိသော နေရာဒေသတွင် စိတ်ချရသော ငြိမ်းချမ်းမှုလည်း မရှိနိုင်ပါ။ အာဏာရှင်စနစ်နှင့် ဖိနှိပ်ချုပ်ချယ်မှုများကို နောက်ဆုံး မခံနိုင်တော့သည့် အဆုံးတွင် အားကိုးစရာဟူ၍ သူပုန်ထရန်သာ ရှိတော့သည့်အဖြစ်အထိ ရောက်မလာစေရန်အတွက် လူ့အခွင့်အရေးများကို တရားဥပဒေစိုးမိုးမှုဖြင့် ကာကွယ်ထားရမည်ဟု ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းက အသိအမှတ် ပြုထားပါသည်။ ငြိမ်းချမ်းရေးဟူသည်မှာ အတိုက်အခံအားလုံး နှုတ်ဆိတ်နေခြင်း ဖြစ်သည်ဟူ၍၎င်း၊ လုံခြုံရေးဟူသည်မှာ မိမိတို့ အာဏာ တည်မြဲရေးကို သေချာအောင် ပြုလုပ်ခြင်း ဖြစ်သည်ဟူ၍၎င်း အဓိပ္ပာယ်ကောက်ယူကြသော သဘောထားကျဉ်းမြောင်းသူ တို့ကသာလျှင် လူ့အခွင့်အရေးသည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့၏ လိုအပ်သော အခြေခံဖြစ်သည်ဟူသော အချက်ကို ငြင်းဆိုကြမည် ဖြစ်ပါသည်။ မြန်မာတို့သည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသဘောကို အေးမြသောအရိပ်နှင့် တွဲဖက်ထားကြပါသည်။

သစ်ပင်၏အရိပ်သည် အေးမြပေသည်
ထိုထက် မိဘ၏အရိပ်သည် ပို အေးမြ၏
ထိုထက် ဆရာသမား၏အရိပ်သည် ပို၍ပင် အေးမြ၏
ထိုတက် မင်း၏အရိပ်မှာ ပို၍ပင်သာ အေးမြပေသည်။
သို့သော် အအေးမြဆုံးမှာ ဗုဒ္ဓမြတ်စွာဘုရား၏အရိပ်ပင် ဖြစ်ပေသည်။


ထို့ကြောင့် ပြည်သူလူထုကို ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဟူသည့် အေးမြသောအရိပ်အာဝါသ ပေးနိုင်ရန်အတွက် အုပ်ချုပ်သူတို့သည် ဗုဒ္ဓရှင်တော်၏ အဆုံးအမသြ၀ါဒများကို လိုက်နာရမည် ဖြစ်ပါသည်။ ယင်းသြ၀ါဒများထဲတွင် သစ္စာရှိခြင်း၊ ကရုဏာထားခြင်းနှင့် တရားဓမ္မ စောင့်စည်းခြင်းတို့သည် အဓိက ဖြစ်ပါသည်။ ဤသို့သော အရည်အချင်းများ အပေါ်တွင် အခြေပြုသော အစိုးရကို ရရှိရန် ရည်ရွယ်၍ မြန်မာပြည်သားတို့က ဒီမိုကရေစီ တိုက်ပွဲဝင်နေခြင်းပင် ဖြစ်ပါသည်။

တော်လှန်ရေး လှုပ်ရှားမှုများတွင် လတ်တလော အရေးကြီးသည့် အရေးပေါ် နိုင်ငံရေးကိစ္စများသည် စိတ်ဓာတ်ရေးရာ အဓိက ရည်မှန်းချက်များကို ဖုံးအုပ်သွားဖွယ်ရာ သို့မဟုတ် ပျက်ပြယ်သွားဖွယ်ရာရှိသော အန္တရာယ်နှင့် အမြဲတန်း ကြုံတွေ့နေရပါသည်။ စိတ်ဓာတ်ရေးရာ ရည်မှန်းချက်များကို ပထမ ဦးစားပေးရမည်။ မပျက်စီးအောင် လုပ်ရမည်ဟု ခိုင်မာစွာ တိုက်တွန်းနေရသည်မှာ စိတ်ကူးယဉ်ဝါဒကိုသာ ထုတ်ဖော်နေခြင်း မဟုတ်ဘဲ တိရစ္ဆာန်ဥယျာဉ် ၀တ္ထုထဲမှ အဖြစ်မျိုး ပေါ်ပေါက်မလာနိုင်အောင် အကာအကွယ်ပေးရန် လိုအပ်သောကြောင့် ဖြစ်ပါသည်။ (ဗြိတိသျှ စာရေးဆရာကြီး ဂျော့အိုဝဲလ် ရေးသားသော) တိရစ္ဆာန်ဥယျာဉ် ၀တ္ထုတွင် စနစ်သစ်ကို တည်ထောင်သူတို့သည် အစပထမတွင် စိတ်အားထက်သန်စွာ တက်တက်ကြွကြွ ပြုပြင်ရေးများ ပြုလုပ်ကြသော်လည်း နောက်ပိုင်းတွင်မူ ၎င်းတို့ အစားထိုးလိုက်သော စနစ်ဟောင်း၏ မနှစ်မြို့ဖွယ်ရာ အကျင့်စရိုက်များကို လက်ခံ ကျင့်သုံးလာကြပါသည်။ မြန်မာပြည်သားတို့သည် အစိုးရစနစ်ကိုသာ ပြောင်းလဲလိုသည် မဟုတ်ဘဲ နိုင်ငံရေး တန်ဖိုးထားမှုများကိုပါ ပြောင်းလဲလိုပါသည်။

"အစိုးရ၏ အခြေခံအုတ်မြစ်သည် အကြွင်းမဲ့အာဏာဖြစ်သည်" ဟူသော အယူအဆကို အယုံအကြည်ရှိခြင်းသည် နိုင်ငံရေးအာဏာ၏ အရင်းခံ အင်အားဖြစ်သည်ဟူသော အယူအဆဖြင့် အစားထိုးမှသာလျှင် အာဏာရှင်စနစ်၏ စိတ်မချမ်းမြေ့စရာ အမွေအနှစ်များကို ဖယ်ရှားနိုင်မည် ဖြစ်ပါသည်။

တိုင်းပြည်၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်သော ပြည်သူတို့၏ အခွင့်အရေးနှင့် စွမ်းရည်များအပေါ်တွင် အယုံအကြည်ရှိခြင်း၊ အစိုးရနှင့် ပြည်သူအကြား အပြန်အလှန် ယုံကြည်ခြင်း၊ လွတ်လပ်မှုနှင့် လူ့အခွင့်အရေး သဘောတရား မူဝါဒများအပေါ်တွင် အယုံအကြည်ရှိခြင်း စသည်တို့ လိုအပ်ပါသည်။ ဗုဒ္ဓဘာသာ အယူအဆများအရ မွန်မြတ်သော အကျင့်သီလ သဘောတရားများတွင် အယုံအကြည်ရှိသော သဒ္ဓါစိတ်သည် လောကီချမ်းသာမှုထက်သာသော လောကုတ္တရာချမ်းသာမှု ရရှိရန်အတွက် ပထမဆုံးသော လိုအပ်ချက်ပင် ဖြစ်ပါသည်။ အယုံအကြည်ကင်းမဲ့မှုနှင့် မသေချာမှုတို့ကို ကြာရှည်ခံစားနေရသော လူ့အဖွဲ့အစည်းအတွင်းသို့ ဤသို့သော ယုံကြည်မှုမျိုးကို သွတ်သွင်းရာ၌ ဆန္ဒအာရုံကို အားကိုးခြင်းမပြုဘဲ အသိဥာဏ်အရ သဘောပေါက် လက်ခံလာစေရန် ဆောင်ရွက်ခြင်းသည် မြန်မာ့ဒီမိုကရေစီ တော်လှန်ရေး၏ အနှစ်သာရ ဖြစ်ပါသည်။ ကိုယ်ကျင့်တရားဆိုင်ရာ ကမ္ဘာ့စံ သတ်မှတ်ချက် များနှင့်အညီဖြစ်သော အပြောင်းအလဲများကို ဦးတည်သည့် တော်လှန်ရေးပင် ဖြစ်ပါသည်။

ဒီမိုကရေစီ ရှာပုံတော်ဖွင့်ရာတွင် မြန်မာပြည်သားတို့သည် ၎င်းတို့တိုင်းပြည် ပြင်ပတွင်ရှိသော နိုင်ငံရေးသီအိုရီ အယူအဆနှင့် လက်တွေ့ ကျင့်စဉ်များကို လေ့လာရုံမျှသာမက ၎င်းတို့၏ ပတ်ဝန်းကျင် အခြေအနေ အသွင်အပြင်ကို ဖြစ်ပေါ်လာစေမည့် စိတ်ပိုင်းဆိုင်ရာနှင့် အသိဥာဏ် အတွေးအခေါ်ပိုင်းဆိုင်ရာ တန်ဖိုးထားမှုများကိုလည်း လေ့လာကြပါသည်။
တိုင်းပြည်တပြည်၏ ယဉ်ကျေးမှု၊ လူမှုရေးနှင့် နိုင်ငံရေး တိုးတက်ဖွံ့ဖြိုးမှုသည် အစဉ်အမြဲ လှုပ်ရှားပြောင်းလဲနေသောဖြစ်စဉ် ဖြစ်ကြောင်း မြန်မာပြည်သားတို့ ပင်ကိုယ်သဘာဝစိတ်က နားလည် သဘောပေါက်ကြပါသည်။ ထို့ကြောင့် တိုးတက်ဖွံ့ဖြိုးနိုင်ရန်အတွက် ထုံးတမ်းစဉ်လာများ၊ တီထွင်စမ်းသပ်မှုများ၊ အယူအဆ အဟောင်းများနှင့် အသစ်များကို ဓမ္မဓိဋ္ဌာန်ကျကျ တန်ဖိုးဖြတ်မှုများကို အသုံးပြုကြရမည်ကို သဘောပေါက်ကြပါသည်။ အတိတ်ကာလကို တည်ကြည် ဖြောင့်မတ်သိမ်မွေ့စွာ အကဲဖြတ်မှုနှင့် ပစ္စုပ္ပန်ကာလကို လိမ္မာပါးနပ်စွာ အကဲဖြတ်မှုတို့အား ညီညွတ်စေ (သဟဇက်) ရန် လိုအပ်သည့် အသိတရားအတိုင်း ဒီမိုကရေစီ လိုလားသူအားလုံးက လှုပ်ရှားနေသည်ဟု ဆိုလိုခြင်းမဟုတ်ပါ။

သို့သော် ဤလှုပ်ရှားမှုသည် အသိဥာဏ်ဆိုင်ရာ အခက်အခဲများကို အမြော်အမြင်ရှိရှိ ရဲရဲရင့်ရင့်နှင့် ရင်ဆိုင်နိုင်စွမ်းကို ရှိစေသည့် သဘောထား ပြည့်ဝမှုဖြင့် ကြွယ်ဝလျက်ရှိပါသည်။ အဆက်မပြတ် စိတ်ဓာတ်ရေးရာတိုက်ပွဲများ ဆင်နွှဲရန်အတွက် ခံနိုင်ရည် ရှိပါသည်။ မုန်းတီးမှု၊ တယူသန်ဖြစ်မှု၊ မျှော်လင့်ချက်ကင်းမဲ့မှုစသည့် အင်အားစုများကို ကြံ့ကြံ့ခံနိုင်ရန် လိုအပ်သော ရုပ်ပိုင်းဆိုင်ရာ ခံနိုင်ရည်လည်း ရှိပါသည်။

အားရှိဖွယ်ရာ အကောင်းဆုံးအချက်မှာ ဒီမိုကရေစီတိုက်ပွဲ၏ အဓိကတွန်းအားသည် အာဏာရရန်၊ လက်စားချေရန်၊ ဖျက်ဆီးရန် အာသာပြင်းပြမှု မဟုတ်ဘဲ လွတ်လပ်မှု၊ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးကို တကယ်တမ်း ရိုသေလေးစားရေးပင် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီရှာပုံတော်သည် ပြည်သူတို့က ကမ္ဘာ့အဖွဲ့အစည်းတွင် လွတ်လပ်သော၊ တန်းတူညီတူ အဖွဲ့အ၀င်များအဖြစ် ပြည့်ဝစွာ အဓိပ္ပာယ်ရှိရှိ နေထိုင်နိုင်ရန် ရုန်းကန်မှုကြီးပင် ဖြစ်ပါသည်။ ဤသည်မှာ မိမိတို့၏ စိတ်ဓာတ်သည် မိမိတို့သဘာဝ၏ ချွတ်ယွင်းချက်များအား ကျော်လွန်နိုင်ကြောင်းကို ထင်ရှားစေရန် လူသားတို့ အဆက်မပြတ် ကြိုးပမ်းအားထုတ်နေမှု၏ အစိတ်အပိုင်း တခုပင်ဖြစ်ပါသည်။

................ END ...............

Read More...

Saturday, August 18, 2007

နိုးထကြလော့





Read More...

Wednesday, August 15, 2007

သုညတွေရဲ့ မြင်းခွာသံများ


ဓာတ်ဆီ ၂၅၀၀ိ/-၊ ဒီဇယ်ဆီ ၃၀၀၀ိ/-၊ CNG ၉၀၀၀ိ/-၊ ဟုတ်ကဲ့ အပြင်မှောင်ခိုဈေးကွက်က လောင်စာဆီဈေးနှုန်းတွေ ချရေးနေခြင်း မဟုတ်ပါ။ ဘယ်သူဘယ်ဝါ၊ ဘယ်ဌာနကမှ တိတိပပ တာဝန်မခံထားဘဲ အရေးပေါ် ထုတ်ပြန်လိုက်တဲ့ … ဒီကနေ့ ၂၀၀၇ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့ကစပြီး ဈေးနှုန်းတက်သွားတဲ့ …

အဆိုးဆုံးက CNG ဈေးပါပဲ။ တခါထည့် ၁၈၀၀ိ/- ကနေ အခု ၉၀၀၀ိ/- ဖြစ်သွားတော့ ငါးဆတောင် ခုန်တက်ပစ်လိုက်တာ ….. နဂိုထဲက တမေ့တမော တန်းစီရလို့ ညစ်နေကြတဲ့ လိုင်းကားတွေခမျာ မတက်ချင်တက်ချင်နဲ့ တက်လိုက်တာ အရင် ၄၀ိ/- ခရီးကို ၁၀၀ိ/- (ဘယ်စီးစီး ၁၀၀ိ/-) ခရီးဝေးရင် ဂိတ်စ၊ ဂိတ်ဆုံးဆိုရင် ၃၀၀ိ/- တဲ့ဗျား။

အထိနာဆုံးက လက်လုပ်လက်စားတွေ၊ ၀န်ထမ်းတွေပါပဲ။ အသွားအပြန် ၆၀၀ိ/ ဆိုတာနဲ့ပဲ ကျန်တဲ့ပိုက်ဆံနဲ့ ဘယ်လို သမုဒ္ဒရာ ၀မ်းတထွာ ဖြည့်ရမှာလဲ။

ကုန်သည်၊ စီးပွားရေးလုပ်ငန်းရှင်၊ အခု လိုင်းကားပိုင်ရှင်တွေကတော့ အထိနာလှတယ်လို့ မဆိုနိုင်ပါဘူး။ အခုပဲ အစိုးရက လောင်စာဆီဈေး တက်လို့ သူတို့လည်း လိုက်တက်ရတာပါဆို ပြဿနာတ၀က် ဖြေရှင်းပြီးသား ဖြစ်သွားပါပြီ။ ကျန်တဲ့ ၀ယ်လိုအား ကျသွားနိုင်မှုကိုတော့ ကိုယ့်နည်းကိုယ်ဟန်နဲ့ လိုက်လျောညီထွေ ဖြေရှင်းနိုင်ရင် ပြီးပြီ။ အကွက်မြင်တတ်ရင် ကွက်ကျော်ရိုက်ပြီး တွက်ရေးနဲ့ စက်သူဌေးဖြစ်ကိန်းပါပဲ။

ဘယ်နိုင်ငံမှာမဆို တိုင်းပြည်မှာ တစ်ခုခုပြဿနာဖြစ်ရင် ပြည်သူတွေကတော့ အစိုးရခေါင်း ပုံချကြတာချည်းပဲ။ ကျနော်တို့ နိုင်ငံ မှာတော့ အစိုးရလုပ်ချင်တာမှန်သမျှ လုပ်လိုက်တာမှန်သမျှရဲ့ အကျိုးဆက်ဆိုးတွေကို ပြည်သူတွေချည်းပဲ လှိမ့်ခံနေရတာပါပဲ။

စစ်မှန်တဲ့အစိုးရဆိုရင် လုပ်ကိုလုပ်ရမယ့် အချက်တွေ ရှိပါတယ်။

ပထမ - ပြည်သူလူထုကို ကြိုတင်အသိပေး ကြေညာပေးရမယ်။
ဒုတိယ - ဘာကြောင့် ဒီလိုလုပ်ဖို့ ဆုံးဖြတ်ရတာလဲ။ အဲဒီမှာ အကြောင်းအကျိုး ခိုင်လုံရမယ်။ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍအသီးသီးကို အားလုံး ဆီလျော်စွာ ချိတ်ဆက်ပြနိုင်တဲ့ အကြောင်းပြချက် ဖြစ်ရမယ်။

အခုပြန်ကြည့်ရင် ပထမအချက်ကို လုံးဝပျက်ကွက်တယ်။ ဒုတိယအချက်ကလည်း ထိုနည်းလည်းကောင်း။ နောက် ဘယ်အချိန် မှာမှ ရှင်းလင်းမှာလဲ။

နိုင်ငံတကာရဲ့ ဈေးနှုန်းနဲ့ ယှဉ်ပြီးတော့ ကမ္ဘာ့နိုင်ငံတွေမှာ ၁ ဂါလံ ဒေါ်လာဘယ်လောက်နဲ့ ရောင်းနေပါတယ်။ ကျနော်တို့နိုင်ငံမှာ ဈေးနှုန်း ထပ်မြှင့်တာတောင်မှ သူတို့ရဲ့ ပေါက်ဈေးအောက်မှာပဲ ရှိပါတယ် ဆိုတဲ့အပြောမျိုးတော့ ငါ့စကားနွားရ ပြောလို့မရပါဘူး။

လိုရင်းကတော့ ပြည်သူကို လူလိုသူလို / တိုင်းပြည်ရဲ့ ရင်နှစ်သည်းချာတွေလို သဘောမထားဘဲ ကျွန်သဘောက်လို ဆက်ဆံ နေတာပဲ။ ဖိနှိပ်နေတာပဲ။

Bus Line တွေရဲ့ ဒီကနေ့ သတ်မှတ်လိုက်တဲ့ ယာဉ်စီးခဟာ သာမန်လက်လုပ်လက်စား / ၀န်ထမ်းတွေ တောင့်ခံနိုင်တဲ့ အင်အား မရှိတော့ပါဘူး။

ငြိမ်ခံနိုင်ဖို့ အားလေးတောင် မချန်ပေးနိုင်တော့ဘူးဆိုတော့ ကျနော်တို့အတွက် ရွေးစရာတလမ်းပဲရှိတယ်။ ဘယ်လို ဆန့်ကျင်မလဲ။

ကျနော်တို့

ကိုယ်ပိုင်တဲ့ ခြေထောက်ကိုပဲ အားကိုးရမယ်။

အလုပ်ရှိရာကို ခြေလျင်လျှောက်သွားရမယ်။

ခြေလျင်လျှောက်ပြီး ရုံးတက်ရမယ်။

ကျနော်တို့အားလုံး စုစုစည်းစည်းနဲ့ ခြေလျင်ချီတက်ပွဲ လှုပ်ရှားမှုများဖြင့် လက်ရှိအနေအထားကို တွန်းလှန်ဆန့်ကျင်ကြပါစို့။

Read More...

Tuesday, August 14, 2007

ဝိရောဓိများနှင့် စကားစမြည် (၂)


(ကျနော်)
"ကိုဇော် အန်တီစုနဲ့ ကျန်တဲ့သူတွေရော ဘာအကြောင်းများ ထပ်ကြားရသေးလဲ။"

(ကိုဇော်)
"အေးကွာ ဘာမှထပ်မကြားရသေးဘူး။ စိတ်ပူစရာပဲကွ။"

(ကျနော်)
"ဒါနဲ့ ရုံးခန်းတွေ ပိတ်တာကရော အနေအထား ဘယ်လိုရှိလဲ။"

(ကိုဇော်)
"အဖွဲ့ချုပ် မြို့နယ် ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေကို အကြောင်းကြားတယ်ကွာ။ ဒီအချိန်လေးမှာပဲ ရုံးခန်းကိုသွား အရေးကြီး စာရွက်စာတမ်းတွေ အမြန်ရွှေ့ပြောင်း၊ သူတို့ ရောက်လာတော့ ချိတ်ပိတ်တယ်ပေါ့ကွာ။"

(ကျနော်)
"နောက်ပြီးတော့ရော"

(ကိုဇော်)
"ထုံးစံအတိုင်းပေါ့ကွာ။ ကျနော်တို့ကို စိတ်မရှိပါနဲ့။ အထက်က ခိုင်းလို့ လုပ်ရတာပါတဲ့။ သူတို့လက်ခုပ်ထဲက ဆိုတော့လည်း မချိပြုံးပဲ ပြုံးနေရတာပေါ့။"

(………)
"ဟေး ကိုဇော် ဘယ်လဲ"

(ကိုဇော်)
"သြော် .. ကိုအေးကို ပါလား။ ဟိုနား ဒီနားပါပဲ။"

(ကိုအေးကို)
"ဒါနဲ့ ရုံးခန်းတွေ ပိတ်ခံလိုက်ရတယ်ဆို။ ဘယ်လိုဖြစ်တာလဲ ကိုဇော်ရဲ့။ ဒီကောင်တွေ ပိတ်ချင်တိုင်းပိတ် ဖွင့်ချင်တဲ့အခါ ဖွင့်နဲ့ သူတို့လုပ်တိုင်း ငြိမ်ခံနေရလားဗျ။"

(ကိုဇော်)
"ကိုအေးကိုရေ .. ဒီလို ငြိမ်ခံချင်လို့ ခံနေတယ်တော့ ဘယ်ဟုတ်မလဲ။ အနေအထားတစ်ခုမှာ ……

(ကိုအေးကို)
"ဟာ … သူတို့ ခွင့်ပေးမှ ဖွင့်ရမှာလားဗျ။ ကိုယ့်ဘာသာကိုယ် သော့ပြန်ဖွင့်ပြီး ကိုယ့်ရုံးခန်းကိုယ် တက်နေတာပဲ။"

(ကျနော်)
"အကိုက ကိုအေးကိုနော် … ကိုဇော် ….. ကိုအေးကို ပြောတာဟုတ်တယ်ဗျ။ ကိုအေးကိုက ဒီလိုဆန္ဒတွေ ပြင်းပြနေတော့ ကိုအေးကိုပါ လိုက်ခဲ့လေ။ ကိုဇော် … ကျနော်တို့ ကိုအေးကို ပြောတဲ့အတိုင်း လုပ်ရအောင်ဗျာ။"

(ကိုအေးကို)
"နေပါအုံး မင်းက ဘယ်သူလဲ။ ငါ အခု ပြောနေတာက ကိုဇော်တို့ ဘာလုပ်ရမလဲ ပြောနေတာ။ ငါ လုပ်ရမယ့်ဟာ ပြောနေတာ မဟုတ်ဘူး။"

(ကျနော်)
"ကျနော်က ဘယ်သူဘယ်ဝါမှ မဟုတ်ပါဘူး။ ကိုဇော်တို့က ဘာလုပ်လို့ လုပ်ရမယ်မှန်းမသိတော့ အကောင်းဆုံးဖြစ်နိုင်မယ့် အခြေအနေစောင့်ကြည့်တာကို လုပ်ထားလိုက်တာလေ။ အခု ကိုအေးကို ပေးတဲ့ အကြံဥာဏ်ကို ကျနော်လဲ ကြိုက်တယ်ဗျ။ ဒီတော့ ကျနော်တို့တွေ ၀ိုင်းကူရအောင်ဗျာ။ ကျနော့်မှာ တူတွေ၊ ပလာယာတွေ၊ ဆောက်တွေ ရှိတယ်။ သွားယူလိုက်အုံးမယ်။ ကိုဇော်တို့နှစ်ယောက် ဒီမှာ ခဏ စောင့်နေအုန်းနော်။"

(ကိုအေးကို)
"မင်း .. မင်း .."

(ကိုဇော်)
"နေကြပါအုန်းကွာ …."

(ကိုအေးကို)
"ဟေ့ကောင် မင်းက ဘာကောင်လဲကွ။ ငါ့ကို ရွဲ့တာလား။"

(ကျနော်)
"ဟာ ကိုအေးကိုကလည်း ကျနော် ဘာရွဲ့လို့လဲ။ ကိုဇော် .. လုပ်ပါအုံး။ ကျနော်ဘာရွဲ့လို့လဲ။"

(ကိုအေးကို)
"ဟ .. မင်းပဲ တူတွေ၊ ပလာယာတွေ၊ ဆောက်တွေ သွားယူမယ်ဆို ……."

(ကျနော်)
"ဟုတ်တယ်လေ … အကို အကြံဥာဏ်ပေးတဲ့အတိုင်းလုပ်မှာလေ။ ဒါကြောင့် အကို့ကိုပါ ခဏစောင့်ခိုင်းထားတာ။ ပို့မယ့်ပို့ ကူးတို့ရောက်အောင်ပို့ပေးပေါ့။ ရုံးခန်းရောက်ရင် …"

(ကိုအေးကို)
"တောက် .. ကိုဇော် ကျနော်သွားမယ်။ ဒီလိုကောင်မျိုးတွေနဲ့ စကားပြောရတာ လက်ပေါက်ကပ်တယ်။"

(ကိုဇော်)
"ဟာ .. နေပါအုံး ….."

(ကိုဇော်)
"မင်းကွာ … မျက်နှာပူစရာကြီးကွာ"

(ကိုဇော်)
"မင်းလို အပြင်လူတစ်ယောက်က ၀င်ပြောတော့ ရှက်သွားတာပေါ့ကွ"

(ကျနော်)
"ကိုဇော် အခုအချိန်မှာ အပြင်လူမှ၊ အဖွဲ့ဝင်မှ ခွဲနေရမယ့်အချိန် မဟုတ်ဘူးဗျ။ တလှေတည်းစီး တခရီးတည်း အတူသွားနေကြတာလေ။

(ကိုဇော်)
"ငါပြောတဲ့ အပြင်လူဆိုတာ မင်းပြောတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူးကွာ။ မင်းက သူနဲ့မှ မသိဘဲ ဘလိုင်းကြီး ၀င်ကစ်တော့ ရှက်သွားတာပေါ့ကွ။"

(ကျနော်)
"ကိုဇော်နဲ့ အဲဒီ ကိုအေးကိုနဲ့က တော်တော်ရင်းနှီးလား။"

(ကိုဇော်)
"သူက အရင်တုန်းကတော့ အဖွဲ့ချုပ် အဖွဲ့ဝင်ပဲ။"

(ကျနော်)
"သြော် ဒီလိုလား။ ဘာပဲဖြစ်ဖြစ် ကျနော်ကတော့ မိုးလားကဲလား သင်္ကြန်အမြောက်သံတွေ ကြားရတာ နားကြားပြင်း ကပ်တယ်ဗျ။"

(ကိုဇော်)
"ကဲ .. ငါလည်း အိမ်ကကိစ္စလေး တစ်ခုရှိလို့ သွားလိုက်အုန်းမယ်။"

(ကျနော်)
"အိုကေ … ဒါဆို ညမှပြန်ဆုံကြမယ်။ ကျနော်တို့ ဒီပဲယင်းနောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်မလဲ။ အမြင်ချင်းဖလှယ်ကြမယ်။"

………………………………………………

Read More...

Saturday, August 11, 2007

ဒီမိုကရေစီရှာပုံတော် (၃)


ဒီမိုကရေစီဟူသည်မှာ အစိုးရပုံစနစ်တခု မျှသာမကသေးဘဲ လူတဦးချင်းကို ရိုသေလေးစားသည့် အပေါ်၌ အခြေခံထားသော လူမှုရေးနှင့် သဘောတရား ရေးရာတို့အား စုစည်းပေါင်းစပ်ထားသော စနစ်ဖြစ်သည်ဟု မြန်မာပြည်သားတို့က ယူဆထား ကြပါသည်။ ၎င်းတို့ကို မည်သည့်အတွက် ဒီမိုကရေစီကို လိုလားကြပါသနည်းဟု မေးသောအခါ၌ နိုင်ငံရေးတွင် စိတ်ဝင်စားမှု အနည်းဆုံးသူတို့ကပင် "ကျနော်တို့အနေနဲ့ကတော့ ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ်၊ အေးအေးချမ်းချမ်း ကိုယ့်အလုပ်ကိုယ် လုပ်ချင်တာပါပဲ။ ဘယ်သူ့ကိုမှ ဒုက္ခမပေးချင်ပါဘူး။ မကြောက်မရွံ့ မစိုးရိမ်ရပဲ အသင့်အတင့် စားသောက်နေထိုင်နိုင်အောင် အသက်မွေး ၀မ်းကျောင်းကလေး တခုလောက်သာ လိုချင်တာပါ" လို့ ဖြေကြားမှာ ဖြစ်ပါသည်။

တနည်းအားဖြင့်ဆိုသော် ချို့တဲ့မှု၊ ကြောက်ရွံ့ရမှု ကင်းဝေး၍ အေးချမ်းတည်ငြိမ် သိက္ခာရှိသော ဘ၀မျိုးကို အာမခံနိုင်မည့် အခြေခံ လူ့အခွင့်အရေးများကို မြန်မာပြည်သားတို့က လိုလားခြင်း ဖြစ်ပါသည်။ ဒီမိုကရေစီသီချင်းများတွင်လည်းယင်းသို့သော ပြင်းပြသည့် တမ်းတချက်များကို ဖော်ပြထားပါသည်။ "ထမင်းစားသော စက်ရုပ်များထဲမှာ စိုးစဉ်းမျှတောင် တို့မပါ၊ လူတိုင်း လူတိုင်း လူ့အခွင့်အရေး ရှိသင့်တယ်" "ရိုင်းစိုင်းတဲ့ တောတိရစ္ဆာန်များလည်း မဟုတ်၊ အားလုံးက အသိနဲ့ လူတွေ၊ လက်နက်ပြ ခြိမ်းခြောက်ကာ အုပ်ချုပ်မှု ရပ်တန်းက ရပ်သင့်ပြီလေ၊ အရေးအခင်းတိုင်း သေနတ်နဲ့ ဖြေရှင်းလို့တော့ မြန်မာပြည်မှာ လူသာကုန်မလေ။"

လူ့အခွင့်အရေး ပြဿနာသည် ဒီမိုကရေစီ လှုပ်ရှားမှု၏ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်လာသောအခါ၌ အစိုးရ သတင်းဌာနများက လူ့အခွင့်အရေး အယူအဆ တခုလုံးကို ပြက်ရယ်ပြု ရှုတ်ချ၍ ဓလေ့ထုံးတမ်းစဉ်လာ တန်ဖိုးထားမှုများနှင့် မကိုက်ညီသော အနောက်တိုင်း အသုံးအဆောင်မျှသာ ဖြစ်သည်ဟု စတင် သမုတ်လာကြသည်မှာလည်း ကြိုတင်ခန့်မှန်းနိုင်သော အချက်ပင် ဖြစ်ပါသည်။ သတ္တ၀ါများအနက် လူသားစင်စစ်သာလျှင် အဆင့်အမြင့်ဆုံး အခြေအနေဖြစ်သော ဘုရားအဖြစ်ကို ရရှိနိုင်သဖြင့် လူသားအား အလွန်တန်ဖိုးထားသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အခြေခံဖြစ်သော ဗုဒ္ဓ၀ါဒကို အရွဲ့တိုက်ကာ ပြောင်းပြန်လုပ်နေသကဲ့သို့ပင် ဖြစ်နေပါသည်။ လူတိုင်းတွင် မိမိဆန္ဒအရ ကြိုးပမ်းအားထုတ်ခြင်းဖြင့် သစ္စာတရားကို သိရှိနိုင်စွမ်းရှိပြီး သူတပါးကို သိစေရန် အတွက်လည်း ကူညီနိုင်သော အလားအလာရှိပါသည်။ ထို့ကြောင့် လူ့အသက်၏ တန်ဖိုးသည် အဆုံးအစမရှိပါ။ ဗြဟ္မာဘုံမှ ကျလာသော အပ်တချောင်းနှင့် ကမ္ဘာမြေကြီးပေါ်တွင် စိုက်ထားသော အပ်တချောင်းတို့ ထိတွေ့ကြသည်မှာ လူဖြစ်ရသည်ထက် လွယ်ကူပါသည်ဟုပင် ဆိုကြသည် မဟုတ်ပါလော။

သို့သော်လည်း အာဏာရှင် အစိုးရတို့သည် လူသားကို နိုင်ငံတော်၏ အဖိုးတန်အစိတ်အပိုင်းအဖြစ် အသိအမှတ် မပြုကြပဲ နိုင်ငံသူ နိုင်ငံသား ဟူသည်မှာ ထင်သလို ကိုင်တွယ်၍ရသော၊ မည်သူမည်ဝါမှန်း မသိသော၊ အသိဥာဏ်မရှိသော၊ အကူအညီကင်းမဲ့သော လူထုကြီးသာ ဖြစ်သည်ဟု ယူဆကြပါသည်။ ပြည်သူတို့အား တိုင်းပြည်၏ အသက်သွေးခဲဟု မှတ်ယူမည့်အစား အကြောင်းအားလျော်စွာ ရောက်ရှိနေသော အရေးမပါသူများဟု ယူဆထားသကဲ့သို့ပင် ဖြစ်ပါသည်။ မိမိ၏တိုင်းပြည်ကို ချစ်ခင်မြတ်နိုးစွာ စောင့်ရှောက်ခြင်း ဖြစ်သော ပြည်ချစ်စိတ်အား အာဏာရှင်တို့၏ မတရားမှုများကို သွေးရူးသွေးတမ်း ဖုံးကွယ်ရာတွင် အသုံးပြုခြင်းဖြင့် တန်ဖိုး ကျဆင်းစေပါသည်။ အာဏာရှင်တို့သည် ၎င်းတို့၏ ကျဉ်းမြောင်းသော ကိုယ်ပိုင်အကျိုးစီးပွားအပေါ်တွင် မူတည်၍ ပြည်ချစ်စိတ်ကို အဓိပ္ပာယ်ဖော်ကြပါသည်။ အစိုးရ၏ အယူဝါဒကို စောဒကမတက်ဘဲ လက်ခံယုံကြည်ရမည်ဆိုသည်မှာ ပြည့်ဝသော ဗုဒ္ဓဘာသာ သဘောတရားများနှင့် ကိုက်ညီသည်ထက် အနောက်တိုင်းတွင် ကြီးစိုးခဲ့သည့် တင်းကြပ်သည့် ခရစ်ယာန် ရှေးဟောင်းဘာသာရေး သဘောတရားတို့နှင့် ပိုမို ကိုက်ညီနေသကဲ့သို့ ဖြစ်ပါသည်။

"ယုံမှားသင့်သည်ကို ယုံမှားရာ၏ … ထပ်ခါတလဲ ပြောသံ ကြားရုံနှင့် … ဟုတ်ပြီ မှန်ပြီဟု မယုံလေနှင့်၊ အစဉ်အဆက်က ကြားဘူးရုံနှင့်၊ သတင်းစကား ကြားဖူးရုံနှင့် မယုံလေနှင့်၊ မိမိကိုယ်တိုင် မကောင်းသောအရာ ဖြစ်သည်၊ မှားယွင်းသည်ဟု သိရှိသောအခါ စွန့်လွှတ်၍ မိမိကိုယ်တိုင် ကောင်းသောအရာကို သိရှိလာသောအခါတွင်မှ လက်ခံပါလေ" (အင်္ဂုတ္တရ နိကာယ် သုတ္တန်ပိဋကတ်တော်လာ၊ ကေသမုတ္တိသုတ်)

လူသား၏ သန္ဓေပါဂုဏ်သိက္ခာနှင့် လူသားနှင့် ခွဲခွာ၍မရသော ညီမျှသော အခွင့်အရေးများကို အသိအမှတ်ပြုထားသည့် အယူအဆ၊ လူတိုင်းတွင် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်သော အသိဥာဏ်နှင့် ဆင်ခြင်တုံတရားရှိသည်ကို လက်ခံထားသော အယူအဆ၊ လူအချင်းချင်း ညီအကိုမောင်နှမသဖွယ် မေတ္တာထားရှိရန် အကြံပြုထားသော အယူအဆ စသည့် အတွေးအခေါ် အယူအဆတို့သည် မိမိတို့၏ တန်ဖိုးထားမှုများနှင့် မည်ကဲ့သို့ ဆန့်ကျင်ဖက် ဖြစ်နိုင်မည်ကို မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့် နားမလည်နိုင်အောင် ဖြစ်နေရပါသည်။

ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း၏ စာပိုဒ် (၃၀) တို့တွင် ပါရှိသော အခွင့်အရေးများကို ကုသိုလ်တရားနှင့် ညီသည်၊ ကောင်းမွန်သည်ဟု မသုံးသပ်ပါက မည်ကဲ့သို့ သုံးသပ်ရမည်ကို မြန်မာပြည်သူတို့အဖို့ စဉ်းစားရခက်လှပါသည်။
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ယင်းကြေညာစာတမ်းကို အတည်ပြုရန် ထောက်ခံ မဲပေးခဲ့သော နိုင်ငံတနိုင်ငံ ဖြစ်နေသည့် အလျောက် ဤကြေညာစာတမ်းကို မြန်မာပြည်သားတို့က မြန်မာနိုင်ငံတွင် ရေးဆွဲခဲ့ခြင်းမဟုတ်သဖြင့် ပယ်ချရမည် ဆိုခြင်းမှာ မလုံလောက်သော အကြောင်းပြချက်ဟု အနည်းဆုံး ပြောဆိုနိုင်ပါသည်။ အယူအဆ၊ အတွေးအခေါ်၊ ယုံကြည်ချက်များသည် စတင်ပေါ်ပေါက်ရာ နေရာဒေသ၏ ပထ၀ီနှင့် ယဉ်ကျေးမှုဆိုင်ရာ နယ်နမိတ်ပြင်ပတွင် တရားမ၀င်ဟု ငြင်းဆိုနေပါက ဗုဒ္ဓဘာသာသည် အိန္ဒိယပြည် မြောက်ပိုင်း၌သာ ထွန်းကားနိုင်မည်ဖြစ်ပြီး ခရစ်ယာန်ဘာသာသည် အရှေ့အလယ်ပိုင်းဒေသရှိ ကျဉ်းမြောင်းသော နယ်မြေလေး၌သာ၎င်း၊ အစ္စလမ်ဘာသာသည်လည်း အာရေးဗီးယားဒေသ၌ သာ၎င်း၊ ထွန်းကားနိုင်ကြမည် ဖြစ်ပါသည်။

ဒီမိုကရေစီနိုင်ငံများမှ နိုင်ငံသူနိုင်ငံသားများ ရရှိသော အခွင့်အရေးများ ခံစားပိုင်ခွင့်များကို မြန်မာပြည်သားတို့ မခံစားထိုက် ဟူသော စကားသည် စော်ကားရာရောက်ပါသည်။ တချိန်တည်းတွင် မြန်မာနိုင်ငံအစိုးရကမူ ဒီမိုကရေစီနိုင်ငံ အစိုးရများထက် ပိုမို၍ အခွင့်အရေးများ ခံစားပိုင်ခွင့် ရှိသည်ဟု ယူဆထားခြင်းမျာ ယုတ္တိတန်ပါသလားဟု မေးစရာ ဖြစ်ပါသည်။ ဤသို့ ရှေ့နောက် စကားမညီမှုကို မှန်ကန်ကြောင်း ပြဆိုနိုင်ခြင်း မရှိသော်လည်း ရှင်းလင်းဖော်ပြနိုင်ပါသည်။ အစိုးရနှင့် ပြည်သူလူထုအကြား ကွာဟမှု အင်မတန် ကြီးမားနေသဖြင့် ယင်းကဲ့သို့ သီးခြားခွဲ၍ စံသတ်မှတ်ကာ ဆုံးဖြတ်ရခြင်း ဖြစ်သည်ဟု ဆိုရမည် ဖြစ်ပါသည်။ ဤကဲ့သို့ ကြီးမားသော ကွာဟမှု ရှိနေလေရာ အစိုးရသည်သာလျှင် နိုင်ငံတနိုင်ငံလုံး၏ တန်ဖိုးထားမှုများကို ခြုံငုံကိုယ်စားပြုနိုင်သည် ဟူသော ၀ါဒအပေါ်၌ပင် သံသယဖြစ်ရပါသည်။

ကျိုးကြောင်းဆင်ခြင်မှု မခိုင်လုံခြင်း၊ ရှေ့နောက်စကား မညီခြင်း၊ ပြည်သူလူထုနှင့် ကင်းကွာခြင်းတို့သည် အာဏာရှင်စနစ်၏ ကြန်အင် လက္ခဏာများပင် ဖြစ်ပါသည်။ အာဏာရှင် အစိုးရတို့သည် လွတ်လပ်စွာ တွေးခေါ်မှုနှင့် အယူအဆသစ်များကို ပိတ်ပင်တားမြစ်ရန် မနားမနေ ကြိုးစားအားထုတ်၍ ၎င်းတို့သာ မှန်ကန်သည်ဟု ထပ်ခါတလဲလဲ တင်းမာစွာ ပြောဆိုနေခြင်းကြောင့် ၎င်းတို့၌ အသိဥာဏ် ဗဟုသုတ မတိုးတက်ဘဲ ရပ်တန့်သွားရပြီး ပြည်သူလူထု တို့သည်လည်း ၎င်းတို့နည်းတူ အသိဥာဏ် ဗဟုသုတ ရပ်တန့်သွားပြီဟု ယူဆကြပါသည်။

ခြိမ်းခြောက်မှုများနှင့် ၀ါဒဖြန့်မှုကို ဖိနှိပ်ချုပ်ချယ်ရာတွင် တက်ညီလက်ညီ အသုံးပြုနေ၍ နေရာတကာတွင် ကြောက်ရွံ့မှု၊ သင်္ကာမကင်း ဖြစ်မှုများ ပေါ်ပေါက်နေရာ ပြည်သူလူထုသည် ခံစားချက်ကို ဖုံးကွယ်၍ ဆိတ်ဆိတ် နေတတ်လာပါသည်။ တချိန်တည်းမှာပင် ၎င်းတို့အား "ထမင်းစားသော စက်ရုပ်" အဆင့်မှ မိမိတို့ အခွင့်အရေးများကို ပြည့်ဝစွာ ခံစားပိုင်ခွင့် ရှိ၍ ခေါင်းထောင်လာနိုင်ကာ လွတ်လပ်စွာ တွေးခေါ်ပြောဆိုနိုင်သော လူသားအဆင့်သို့ တိုးမြှင့်ပေးမည့်စနစ်ကို တောင့်တသည့် ဆန္ဒများမှာလည်း အစဉ်တစိုက် ကြီးထားလျက် ရှိပါသည်။

မြန်မာပြည်၏ ဒီမိုကရေစီတိုက်ပွဲသည် ကနဦးကပင် အန္တရာယ်များလှပါသည်။ မိမိတို့ ပိုင်ဆိုင်သမျှကို ဖြစ်သည့်နည်းဖြင့် ဆက်လက်ကိုင်ထားမည်ဟု သန္ဓိဌာန် ချထားသော အခွင့်ထူးခံ လူနည်းစု၏ လက်တွင်း၌ ကြာရှည်စွာ တည်ရှိခဲ့သော အခွင့်အရေးနှင့် အာဏာကို မှန်ကန်တရားမျှတစွာ ခွဲဝေရန် ကြိုးစားသော လှုပ်ရှားမှုသည် ကာလကြာရှည်၍ ခက်ခဲနိုင်ပါသည်။ မျှော်လင့်စိတ်နှင့် အကောင်းဘက်မှချည်း မြင်လိုစိတ်တို့ကို ချုပ်တည်း၍ မရသော်လည်း ပြောင်းလဲမှုကို ဆန့်ကျင်သူတို့သည် ရက်စက်ယုတ်မာစါာ လုပ်ဖွယ်ရာရှိသည်ဟု တင်ကြိုသတိပြုမိကြပါသည်။ ဤမျှ ဖိနှိပ်ချုပ်ချယ်သော အစိုးရက ဒီမိုကရေစီ တကယ်ပေးမည်လားဟု စိုးရိမ်ကြောင့်ကြစွာ မကြာခဏ မေးခွန်းထုတ်ကြပါသည်။

အဖြေသည်ကား အခြားသော လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေး၊ တရားမျှတရေး၊ လွတ်လပ်ရေးများကဲ့သို့ပင် ဒီမိုကရေစီကို ပေးသည်ဟူ၍ မရှိတတ်၊ စွမ်းရည်သတ္တိ ကြံ့ခိုင်မှု၊ အနစ်နာခံမှုတို့ဖြင့် ရင်း၍ ရယူရမည် ဖြစ်ပါသည်။

အပိုင်း (၄) သို့

Read More...

Thursday, August 09, 2007

လူတိုင်း လူတိုင်း လူ့အခွင့်အရေး ရှိရမယ်


ထမင်းစားသော စက်ရုပ်များထဲမှာ
စိုးစဉ်းမျှတောင် တို့မပါ
သံပတ်ပေး စေခိုင်းလို့မရ
ဆုံးရှုံးခဲ့တဲ့ လူ့အခွင့်အရေးတွေ
တရားမျှတမှုရဲ့ဘက်က
အရနဲ့ အမိနဲ့ ပြိုင်တူနိုင်ဖို့အရေးအတွက်
ငါသည် တော်လှန်ရေး လုပ်ရမယ်လေ …..

(လူတိုင်း လူတိုင်း လူ့အခွင့်အရေး ရှိရမယ်။
လူတိုင်း လူတိုင်း လူ့အခွင့်အရေး ရသင့်ပါတယ်။)

မတရားမှန်းတော့ အားလုံးအသိပဲလေ
ပြောခွင့်မရတဲ့ ဘ၀တွေ
လူဖြစ်ရှုံးနေတဲ့ တိုင်းပြည်
သေနတ်ပြောင်းဝနဲ့ ဓားအမိုးအောက်မှာ
အတုံးအရုံးနဲ့ အသက်စွန့်သွားတဲ့
လက်နက်မဲ့တဲ့ သံဃာတော်အရှင်များနဲ့
ညီအကိုတော်တွေအတွက် ၀မ်းနည်းတယ်လေ …..

(လူတိုင်း လူတိုင်း လူ့အခွင့်အရေး ရှိရမယ်။
လူတိုင်း လူတိုင်း လူ့အခွင့်အရေး ရသင့်ပါတယ်။)

အားလုံးရဲ့ လွတ်မြောက်ရေးအတွက်ဆို
အားလုံး ၀ိုင်းလို့ချမယ်
မဆိုင်သလို လုပ်မနေကြနဲ့လေ
ကြောက်စိတ်နဲ့ပဲ အမြဲရပ်လို့တော့
တသက်လုံးပဲ ကြောက်သွားရမယ်
ခေတ်ရဲ့အဆိုးနဲ့ အာဏာရှင်ကျွန်ဘ၀က
ပြည်သူတွေကိုကွယ် အဆုံးမသတ်နိုင်ဘူး …..

(လူတိုင်း လူတိုင်း လူ့အခွင့်အရေး ရှိရမယ်။
လူတိုင်း လူတိုင်း လူ့အခွင့်အရေး ရသင့်ပါတယ်။)၂

Click Here To Download This Song.

၈၈၈၈ ကစပြီး လူတိုင်း ရင်ထဲကို ရောက်ခဲ့တဲ့ သီချင်းပေါ့။ အခုထိတောင် နားထောင်တိုင်း နားထောင်တိုင်း ရင်ထဲကို စူးစူးရှရှ ၀င်လာခဲ့တာ……. သြော် .. စဉ်းစားမိလေ ရင်နာလေ ……. ရင်နာလေ ပိုချစ်လေ ……… ဆိုသလိုပါပဲ။


ဟေ့ . . ဒီမှာ

မင်းတို့

အာဏာရှင်တွေကို ဘယ်တော့မှ ဒူးမထောက်ဘူး

စနစ်ဆိုးကို တို့မျိုးဆက်မှာ ရအောင် ဖျက်ပြမယ်

မျိုးဆက်သစ်တို့ ကောင်းမွေတွေ စံစားရဖို့ ငါတို့တွေ ဘယ်တော့မှ ဦးမညွတ်ဘူး

အရေးတော်ပုံ အောင်ရမည်

အရေးတော်ပုံ အောင်ရမည်

အရေးတော်ပုံ အောင်ရမည်

Read More...

Wednesday, August 08, 2007

၈၈၈၈ အောက်မေ့ဖွယ်


“ ကြယ်ကြွေ သတို့သား ”

ကြယ် ကြွေလို့လား

သူငယ်ချင်း မင်းဟာ
ယုံကြည်ရာကို ရင်သွေးလိုလဲ မွေးခဲ့တယ်။

သူငယ်ချင်း မင်းဟာ
ဒဏ်ရာတွေကို ဆီမီးလိုလဲ ထွန်းခဲ့တယ်။

သူငယ်ချင်း မင်းဟာ
ကိုယ့်အနာ ကိုယ့်လျှာနဲ့သပ် ရှင်တတ်ခဲ့ပြီးပြီ။

သူငယ်ချင်း မင်းဟာ
ကိုယ့်အရေပြား ကိုယ်လွှာ
ကိုယ့်အရိုး ကိုယ် အပ်လိုသွေး၊
ကိုယ့်ဝတ်စုံ ကိုယ် ချုပ်လို့
ကျကျနန လှခဲ့ပြီးပြီ။

သူငယ်ချင်း
သွားနှင့် သူငယ်ချင်း
ကြယ်အစင်းစင်းကြွေတဲ့
ဟောဒီကမ္ဘာမြေရဲ့ အနာတရတွေကို
ဒီကနေ့ နေ အပြင်းပြင်းပူတဲ့ ကမ္ဘာမြေရဲ့ဒဏ်ရာကို
လက်ဖ၀ါးတွေနဲ့ ကာကွယ်ဖို့ ငါတို့ နေရစ်ခဲ့အုံးမယ်။

သွားနှင့် သူငယ်ချင်း
ကမ္ဘာမြေရဲ့ ကြေကွဲခြင်း ဓာတ်ပြားထဲ
မင်းရဲ့ ကဗျာတွေ မာတိကာ စီဖို့
ငါတို့ နေရစ်ခဲ့အုံးမယ်။

သွားနှင့် သူငယ်ချင်း
ကျောင်းနံရံတ၀ိုက်
ဒေါင်း အလံ ပြန်စိုက်တဲ့ တနေ့
ငါတို့ … … ။

ကျောင်းသားခေါင်းဆောင်ဟောင်း၊ နိုင်ငံရေးအကျဉ်းသမားဟောင်း၊ နာမည်ကျော် စာရေးဆရာ တာရာမင်းဝေရဲ့ ဈာပနတွင် (၈၈) မျိုးဆက်ကျောင်းသားများကိုယ်စား ကိုမင်းကိုနိုင်မှ ဤကဗျာအား ရွတ်ဖတ် ဂုဏ်ပြုခဲ့ပါသည်။

တိုက်တိုက်ဆိုင်ဆိုင် (၈၈) နှစ်ပတ်လည် အောက်မေ့ဖွယ် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတို့အတွက် အသက်ပေးခဲ့ကြရတဲ့ ရဟန်းရှင်လူ ကျောင်းသား ပြည်သူများအား ဂုဏ်ပြုခြင်းဟုလည်း ထပ်တူ ပြုနိုင်ပါသည်။

Read More...

Monday, August 06, 2007

ဒီမိုကရေစီရှာပုံတော် (၂)


ဗုဒ္ဓဘာသာအမြင်တွင် အစိုးရမင်းတို့၌ တိုင်းပြည်ကို ထင်သလို အုပ်ချုပ်နိုင်သည့် ထာဝရ ဘုရားသခင်ပေးထားသော လုပ်ပိုင်ခွင့်မျိုးမရှိပါ။ အစိုးရမင်းတို့သည် မင်းကျင့်တရားဆယ်ပါး ဆုတ်ယုတ်မှုကို ဟန့်တားသည့် အပရိဟာနိယတရား (၇) ပါး၊ သင်္ဂဟတရား (၄) ပါး၊ စသည်တို့ကို စောင့်ထိန်းရမည် ဖြစ်ပါသည်။ ထို့အပြင် မင်းတို့ကျင့်ရသောတရား (၁၂) ပါး၊ နာယကဂုဏ် (၆) ပါး၊ ရာဇဂုဏ် (၈) ပါး၊ ရန်အောင်ကြောင်းတရား (၄) စသည့် များပြားလှသော အကျင့်စာရိတ္တ လမ်းညွှန်စည်းကမ်းအတိုင်း ပြုမူရမည် ဖြစ်ပါသည်။

တဖက်က မင်းအား ရန်သူမျိုး (၅) ပါးထဲတွင် ထည့်သွင်းထားပြီး တဖက်က အာဏာရှိသူတို့ အကျင့်စာရိတ္တ ကောင်းမွန်စေရန် သွန်သင်ဆုံးမပေးခြင်းကို အားပေးကျင့်သုံးသော ထုံးတမ်းစဉ်လာသည် ကျိုးကြောင်းဆင်ခြင်နှင့် ပြည့်စုံပါသည်။ မြန်မာပြည်သား များသည် အာဏာရှင် အုပ်ချုပ်ရေး အတွေ့အကြုံ များစွာရှိခဲ့သဖြင့် အစိုးရနှင့် ပတ်သက်လာလျှင် သဘောတရား သီအိုရီနှင့် လက်တွေ့ကျင့်သုံးမှုတို့၌ စိတ်မချမ်းမြေ့စရာ ကွာဟချက်ကြီး ရှိသည်ကို ကောင်းစွာ သိရှိနားလည်ထားကြပါသည်။

လူသိများသော မင်းကျင့်တရားဆယ်ပါးကို ကမ္ဘာပေါ်တွင် ပထမဆုံး ပေါ်ပေါက်သော အစိုးရမင်းအား တိုင်းတာရာတွင်၎င်း၊ ခေတ်သစ် အစိုးရအား တိုင်းတာရာတွင်၎င်း၊ ကိုက်တံအဖြစ် အသုံးပြုနိုင်သည်ကို ယေဘုယျအားဖြင့် လက်ခံထားကြပါသည်။ မင်းကျင့်တရားများမှာ ပေးကမ်းစွန့်ကြဲခြင်း (ဒါန)၊ ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း (သီလ)၊ ကိုယ်ကျိုးစွန့်ခြင်း (ပရိစ္စာဂ)၊ စိတ်ထားဖြောင့်မတ်ခြင်း (အဇ္ဖ၀)၊ ကြင်နာခြင်း (မဒ္ဒ၀)၊ ခြိုးခြံခြင်း (တပ)၊ အမျက်မထွက်ခြင်း (အက္ကောဓ)၊ အကြမ်းမဖက်ခြင်း (အ၀ိဟေသ)၊ သည်းခံခြင်း (ခန္တီ) နှင့် ပြည်သူ့အလိုကို မဆန့်ကျင်ခြင်း (အ၀ိရောဓ) စသည်တို့ ဖြစ်ပါသည်။

ပေးကမ်းစွန့်ကြဲခြင်း (ဒါန) ဟူသော မင်းကျင့်တရားအရ အုပ်ချုပ်မင်းလုပ်သူသည် ပြည်သူလူထု သာယာဝပြောရေးအတွက် ရက်ရောစွာ ပေးကမ်းရမည် ဖြစ်သဖြင့် အစိုးရဟူသည် နိုင်ငံသူနိုင်ငံသားများကို အလုံအလောက် ပေးကမ်းနိုင်စွမ်း ရှိရမည်ဟု အဓိပ္ပာယ် သက်ရောက်ပါသည်။ ခေတ်သစ်နိုင်ငံရေး အခြေအနေနှင့် ဆိုပါက တာဝန်သိသော အုပ်ချုပ်ရေးစနစ်တရပ်၏ အခြေခံ တာဝန်တစ်ခုမှာ နိုင်ငံတော်၏ စီးပွားရေး ခိုင်မာမှုကို သေချာအောင် ပြုလုပ်ခြင်းပင် ဖြစ်ပါသည်။

ကိုယ်ကျင့်တရား (သီလ) ဟူသည်မှာ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ ငါးပါးသီလ စောင့်ထိန်းသည့်အပေါ်တွင် အခြေခံထားပါသည်။ ငါးပါးသီလဟူသည်မှာ အသက်မသတ်ခြင်း၊ မခိုးခြင်း၊ မုသားမသုံးခြင်း၊ အရက်သေစာ မသုံးဆောင်ခြင်း၊ သူတပါး သားမယားအား မပြစ်မှားခြင်း စသည်တို့ပင် ဖြစ်ပါသည်။ ပြည်သူတို့၏ ယုံကြည်မှုနှင့် ရိုသေလေးစားမှုကို ရရှိရန်၎င်း၊ ပြည်သူတို့ကို ပျော်ရွှင်ချမ်းသာ ကြွယ်ဝမှု ပေးနိုင်ရန်၎င်း၊ စံနမူနာကောင်း ပြသရန်၎င်း၊ အုပ်ချုပ်မင်းလုပ်သူသည် ကိုယ်ကျင့်တရား ကောင်းမွန်ရမည် ဖြစ်ပါသည်။ ဘုရင်က ဓမ္မကို စောင့်ထိန်းခြင်း မရှိသောအခါတွင် ပြည်သူပြည်သားတို့ ဒုက္ခဝေဒနာ များစွာ ခံစားကြရပါသည်။ ထို့အပြင် သီလမရှိသော မင်းသည် တိုင်းပြည်၌ ဘေးဒုက္ခဆိုးကြီး ကျရောက်စေသည်ဟုလည်း ယုံကြည်ကြပါသည်။ တိုင်းပြည်တပြည် ကံကြမ္မာဆိုး ကြုံရသည့် အခြေခံ အရင်းအမြစ်ကို အစိုးရ၏ ကိုယ်ကျင့်တရား ပျက်ပြားမှုများတွင် တွေ့ရှိနိုင်မည် ဖြစ်ပါသည်။

တတိယ မင်းကျင့်တရားမှာ ပရိစ္စာဂ ဖြစ်ပြီး ပေးကမ်းစွန့်ကြဲခြင်း ဟူ၍၎င်း၊ ကိုယ်ကျိုးစွန့်ခြင်း ဟူ၍၎င်း၊ အဓိပ္ပာယ် ဖွင့်ဆိုကြပါသည်။ ပေးကမ်းရက်ရောခြင်းသည် ပထမ မင်းကျင့်တရား (ဒါန) နှင့် ထပ်တူဖြစ်နေသဖြင့် ပြည်သူပြည်သားတို့ အကျိုးအတွက် အုပ်ချုပ်မင်းလုပ်သူက ရက်ရောသည့်နေရာတွင် အဆုံးစွန်သော ရက်ရောခြင်း ဖြစ်ပါသည်။ ကိုယ်ကျိုးကိုပင် စွန့်လွှတ်ခြင်းဟူ၍ အဓိပ္ပာယ် ဖွင့်ဆိုက ပို၍ ကျေနပ်ဖွယ် ဖြစ်ပါမည်။ အများအကျိုး သယ်ပိုးနိုင်ရန် ကိုယ်ကျိုးစွန့်လွှတ်သည့် သဘောတရားကို ပြသရာ၌ အလောင်းတော် သုမေဓာ ရှင်ရသေ့အား စံနမူအဖြစ် အချို့က ထောက်ပြပါသည်။ အလောင်းတော် ရှင်ရသေ့သည် တဘ၀တွင် နိဗ္ဗာန်မဂ်ဖိုလ်ကို မျက်မှောက်ပြုနိုင်ပါလျက်နှင့် သတ္တ၀ါအများ သံသရာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်စေရန် အလို့ငှာ ဘုရားဆုပန်ကာ မရေမတွက်နိုင်လောက်အောင် များပြားသော ဘ၀အပေါင်းတွင် ကျင်လည်ရမည့်အဖြစ်ကို လက်ခံခဲ့ပါသည်။ ယင်းကဲ့သို့ပင် လူကြိုက်များသော ပုံပြင်တစ်ခုမှာ မိမိ၏ အသက်ကို စတေး၍ လက်အောက်ငယ်သားများကို ကယ်ဆယ်ခဲ့သော ဘုရားအလောင်း မျောက်မင်းဝတ္ထုပင် ဖြစ်ပါသည်။ မျောက်မင်း ကယ်ဆယ်လိုက်သူများထဲတွင် ၎င်းအား ပျက်စီးရန် အစဉ်တစိုက် လိုလားခဲ့ပြီး နောက်ဆုံး ၎င်း၏ အသက်ကိုပါ ဆုံးရှုံးအောင် ပြုလုပ်ခဲ့သူ (ဒေ၀ဒတ်) လည်း ပါဝင်ပါသည်။

စိတ်ထားဖြောင့်မတ်ခြင်း (အဇ္ဖ၀) ဆိုသည်မှာ ပြည်သူ့ဝန်ကို ထမ်းဆောင်ရာတွင် ဖောက်ပြန်မှု ကင်းရှင်းရမည်ဟု သဘောရပြီး ပုဂ္ဂိုလ်ရေး ဆက်ဆံမှုများတွင်လည်း ဖြောင့်မတ်ရိုးသားရမည် ဖြစ်ပါသည်။ "မင်းမှာသစ္စာ လူမှာကတိ" ဟူသော ဆိုရိုးစကားအရ သာမန် ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ၎င်းပေးခဲ့သော ကတိအတိုင်းသာ လုပ်ဆောင်ရုံမျှသာ လိုသော်လည်း အုပ်ချုပ်သူတို့မှာမူ ကာယကံ၊ ၀စီကံ၊ မနောကံအရ သစ္စာတရားကို အစဉ်ထိန်းသိမ်း ထားရပါသည်။ သစ္စာတရားသည် ဗုဒ္ဓဘုရား အဆုံးအမ သြ၀ါဒများ၏ အနှစ်သာရပင် ဖြစ်ပါသည်။ ဗုဒ္ဓရှင်တော်သည် မိမိကိုယ်မိမိ တထာဂတ သို့မဟုတ် သစ္စာတရားသို့ ရောက်ရှိလာသူဟု ရည်ညွှန်းပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မင်းတို့သည် "သူ့အမည်သညာနှင့် သူ့သဘာဝ အစဉ်ထာဝရ ညီညွတ်ဖြောင့်မှန်ခြင်း" တည်းဟူသော သစ္စာတရားနှင့်အညီ နေထိုင်အုပ်ချုပ်ရမည်ပင် ဖြစ်ပါသည်။ ပြည်သူလူထုကို လိမ်လည်လှည့်ဖြားမှု၊ အထင်မှား အမြင်မှား ဖြစ်စေမှု စသည်တို့သည် အလုပ်တာဝန် ၀တ္တရား ပျက်ကွက်ချွတ်ယွင်း၍ ကိုယ်ကျင့်တရားကို ဖောက်ဖျက်ခြင်းပင် ဖြစ်ပါသည်။ "မြားနှယ်စင်း၍၊ ၀မ်းတွင်းဖြောင့်တန်း၊ မကောက်ယွင်းတည့်၊ တစွန်းဟက၊ နှစ်ခွမသွေ" (စတုဓမ္မသာရ ကိုးခန်းပျို့)။

အုပ်ချုပ်ရာ၌ စိတ်ထားနူးညံ့မှု (မဒ္ဒ၀) ဟူသည်မှာ ပြည်သူလူထု အကျိုးအတွက် စိုးရိမ်ပူပန်ကြောင့်ကြမှုကို ခံစားနိုင်သော သတ္တိပင် ဖြစ်ပါသည်။ မိမိတို့၏ အခွင့်အရေးကို တောင်းဆိုနိုင်စွမ်း အလွန်နည်းပါးသူတို့၏ ဆင်းရဲဒုက္ခကို လျစ်လျူရှုခြင်းသည် ၎င်းတို့၏ လိုအပ်ချက်ကို ထိရောက်စွာ တုံ့ပြန် အရေးယူ ဆောင်ရွက်ပေးခြင်းထက် ပို၍လွယ်ကူသည်မှာ မငြင်းနိုင်သော အချက်ပင် ဖြစ်ပါသည်။ သူတပါးကို ဂရုစိုက်ခြင်းသည် တာဝန်ယူခြင်းပင်ဖြစ်၍ အားနည်းသူတို့၏ အားသည် မင်းဖြစ်သည် ဟူသော အဆိုအတိုင်း လုပ်ရဲခြင်းပင် ဖြစ်ပါသည်။ လူသိများပြီးဖြစ်သော မဟာဝံသ၀တ္ထုတွင် အခြေခံသည့် ၁၉ ရာစုခေတ် ၀ိဇယပြဇာတ်၌ ပြည်သူတို့ကို သောကဒုက္ခများစွာ ရောက်စေသည့် ဆိုးသွမ်းသော သားတော်ကြီးအား ဖခင်ဘုရင်က ပြည်နှင်ဒဏ် ပေးလိုက်ရပါသည်။ "မင်းတို့ဓမ္မာ၊ ပြည်သူနှင့်သား၊ အချစ်အားဖြင့် မခြားရာ၊ မေတ္တာညီမျှ၊ ကောင်းပေသည်"

ခြိုးခြံရေးတာဝန် (တပ) အရ ဘုရင်သည် ရိုးသားသော အကျင့်များကို လိုက်နာရမည်။ မိမိကိုယ်မိမိ ထိန်းသိမ်းကွပ်ကဲတတ်ရမည်။ ကောင်းမြတ်သော စိတ်ဓာတ်ရှိအောင် လေ့ကျင့်ပေးရမည် ဖြစ်ပါသည်။ ခြိုးခြံမှုကို ဂရုမပြုဘဲ စိတ်အလိုလိုက်၍ အလွန်အကျွံ ဖြုန်းတီးနေသော အုပ်ချုပ်မင်းလုပ်သူကို မဟာသမ္မတမင်းခေတ်က လက်မခံနိုင်သကဲ့သို့ ယနေ့မြန်မာနိုင်ငံတွင်လည်း လက်ခံနိုင်လိမ့်မည် မဟုတ်ပါ။

သတ္တမ၊ အဋ္ဌမနှင့် န၀မ မင်းကျင့်တရားတို့ဖြစ်သော ဒေါသကင်းခြင်း (အက္ကောဓ)၊ အကြမ်းမဖက်ခြင်း (အ၀ိဟေသ) နှင့် သည်းခံခြင်း (ခန္တီ) တို့သည် တခုနှင့်တခု ဆက်စပ်နေသည်ဟု ဆိုနိုင်ပါသည်။ အင်အားကြီးသူတို့၏ ဒေါသကြောင့် စိတ်မချမ်းမြေ့စရာ အကျိုးဆက်များ ကျယ်ပြန့်စွာ ပေါ်ထွက်လာနိုင်သဖြင့် မင်းတို့သည် ၎င်းတို့၏ မလိုမုန်းတီးစိတ်များကို ကာယကံမြောက်ဖြစ်သည့် ဒေါသနှင့် အကြမ်းဖက်မှု အဖြစ်သို့ မပေါက်ကွဲသွားစေရန် ထိန်းသိမ်းရမည် ဖြစ်ပါသည်။ မိမိကထင်သလို ချေမှုန်းနိုင်သူများ၏ လှုံ့ဆော်ရန်စမှုနှင့် ချို့ယွင်းချက်များကို ပညာရှိပီသ၍ သဘောထားကြီးစွာ ကိုယ်တွယ်နိုင်စေမည့် စစ်မှန်သော သည်းခံခြင်းတရား (ခန္တီ) ကို အုပ်ချုပ်မင်းလုပ်သူတို့ ကျင့်ကြံရမည် ဖြစ်ပါသည်။ အကြမ်းဖက်မှုသည် ဗုဒ္ဓ၀ါဒ အဆုံးအမနှင့် ဆန့်ကျင်ဘက် ဖြစ်ပါသည်။ ရာဇောဝါဒ ဇာတ်တော်အရ မင်းကောင်းမင်းမြတ်တို့သည် ဒေါသကြီးသူကို မေတ္တာနှင့် အောင်နိုင်၏၊ မကောင်းမှုကို ကောင်းမှုဖြင့် အောင်နိုင်၏၊ စေးနှဲသူကို ပေးကမ်းခြင်းဖြင့် အောင်နိုင်ရာ၏၊ မမှန်စကားဆိုသူကို အမှန်ဆိုခြင်းဖြင့် အောင်နိုင်ရာ၏။ အကြမ်းမဖက်ဘဲ ဂရုဏာတရားဖြင့် တိုင်းပြည်ကို အုပ်ချုပ်သူ အာသောကဘုရင်ကြီးကို စံပြဗုဒ္ဓဘာသာ ဘုရင်အဖြစ် အမြဲတမ်း နမူနာပြကြပါသည်။ အစိုးရသည် ကြမ်းတမ်းခက်ထန်ခြင်း၊ သီလနှင့် မညီသော အင်အားသုံးခြင်းတို့ဖြင့် နာခံမှုရအောင် ကြိုးစားအားထုတ်ခြင်း မပြုဘဲ အမှန်တရားဖြင့် အောင်နိုင်ရန် (ဓမ္မ၀ိဇရ) ကိုသာ ဦးတည်ရမည် ဖြစ်ပါသည်။

ဒဿမ မင်းကျင့်တရားမှာ ပြည်သူ့အလိုဆန္ဒကို မဆန့်ကျင်ရဟု ဆိုထားသဖြင့် ဒီမိုကရေစီကို ဗုဒ္ဓဘာသာက ထောက်ခံလိုက်သည့် သဘော သက်ရောက်ပါသည်။ လူသိများသော ဗုဒ္ဓ၀င်ပုံပြင်များကလည်း ဤသဘောကို ထောက်ခံထားပါသည်။ လူသားအရသာကို ကြိုက်နှစ်သက်သွားသော ပေါရိသာဒဘုရင်သည် ဇာတ်တူသားစားသည့် အကျင့်ကို စွန့်လွှတ်ရန် ပြည်သူလူထုက တောင်းဆိုသည်ကို ဂရုမပြုသဖြင့် တိုင်းပြည်မှ ထွက်ခွာခဲ့ရပါသည်။ ဘုရားတရား အလွန်ကြည်ညိုသော ဝေသန္တရာမင်းကြီးသည်လည်း ဒါနပါရမီ ဖြည့်ဆည်းရန် ကြိုးစားအားထုတ်စဉ်အတွင်း ပြည်သူ့ သဘောတူညီချက် မပါဘဲ နိုင်ငံပိုင် ဆင်ဖြူတော်ကို လှူဒါန်းလိုက်သဖြင့် ပြည်နှင်ဒဏ်ပေးခြင်း ခံရပါသည်။

ပြည်သူ့အလိုဆန္ဒကို မဆန့်ကျင်ရဟူသော တာဝန်ဝတ္တရား၏ အနှစ်သာရအရ ပြည်သူလူထု၏ သဘောတူညီချက် ရရှိမှသာလျှင် အစိုးရသည် တရားဝင်၍ ဥပဒေနှင့်အညီ ဖြစ်နိုင်ပါသည်။ အုပ်ချုပ်မင်းလုပ်သူသည် ပြည်သူ့အကျိုးစီးပွားကို သယ်ပိုနိုင်စွမ်း မရှိဟု ပြည်သူက ယူဆလာပါက အစိုးရအား အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ပြည်သူလူထုက အချိန်မရွေး ပြန်လည်ရုပ်သိမ်းပိုင်ခွင့် ရှိရပါမည်။ စည်းကမ်းတာဝန်နှင့်အညီဖြစ်သော၊ ပြည်သူ့အလိုဆန္ဒကို လေးစားသော၊ တရားမျှတသည့် ဥပဒေစိုးမိုးရေးကို အဓိကထားသော အစိုးရတို့သည် ပြည်သူ့ဆန္ဒကို လေးစားရန် မလိုသော အာဏာရ လူတန်းစား သို့မဟုတ် အာဏာရှင်တစ်ဦး၏ အုပ်ချုပ်မှုထက် ပို၍ ဗုဒ္ဓဘာသာ ဘုရင်စနစ်၏ ထုံးတမ်းစဉ်လာ တာဝန်ဝတ္တရားများကို လိုက်နာဆောင်ရွက်နိုင်မည် ဟူသည်ကို ဒီမိုကရေစီဘက်မှ အခိုင်အမာ ပြောဆိုထားပါသည်။

အများပြည်သူက ဒီမိုကရေစီအစိုးရစနစ်ကို မျှော်မှန်းခြင်းသည် မှန်ကန်ကြောင်း၊ အဓိပ္ပာယ်ရှိကြောင်း ထုံးတမ်းစဉ်လာ တန်ဖိုးထားမှုများက ပြသနေပါသည်။

အပိုင်း (၃) သို့

Read More...

Saturday, August 04, 2007

ဒီမိုကရေစီရှာပုံတော် (၁)


ဒေါ်အောင်ဆန်းစုကြည် ရေးသားသော ကြောက်ရွံ့ခြင်းမှလွတ်ကင်းရေးစာစုမှ ကောက်နှုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ လှုပ်ရှားမှုကို ဆန့်ကျင်ကြသူများက ယင်းလှုပ်ရှားမှုကို ပျက်ပြားစေရန် အလို့ငှာ တိုင်းပြည်အတွက် မည်သည့်အရာက အကောင်းဆုံး ဖြစ်သည်ကို ပြည်သူလူထု အနေဖြင့် သိရှိနိုင်စွမ်း မရှိဟူ၍၎င်း၊ ဒီမိုကရေစီ အခြေခံ သဘောတရား တို့သည် မြန်မာမဆန်ဟူ၍၎င်း ပြောဆိုနေကြပါသည်။ တတိယကမ္ဘာမှ အစိုးရတို့သည် အာဏာရှင်စနစ်ကို မှန်ကန်ကြောင်း ပြဆို၍ ဆက်လက် တည်မြဲစေရန် ကြိုးပမ်းရာတွင် သဘောထား ပြည့်ဝသော ဒီမိုကရေစီ မူသဘောတို့သည် နိုင်ငံခြားနှင့်သာ ဆိုင်သည်ဟုဆို၍ ပယ်ချကြသည်မှာ အသစ်အဆန်း မဟုတ်ပါ။ တိုင်းရင်းသား ယဉ်ကျေးမှု၊ ဓလေ့ ထုံးတမ်းစဉ်လာ စံသတ်မှတ်ချက်များနှင့် မည်သည့်အရာက ကိုက်ညီသည်၊ မကိုက်ညီသည်ကို ၎င်းတို့သည်သာလျှင် တရားဝင် ဆုံးဖြတ်ပိုင်ခွင့် ရှိသည်ဟု သွယ်ဝိုက်သော နည်းဖြင့် ပြောဆိုနေကြခြင်း ဖြစ်ပါသည်။ အစိုးရ၏ အာဏာကို စုစည်းခိုင်မာအောင် ပြုလုပ်ရန် ရည်ရွယ်သည့် ဤသို့သော လုပ်ရိုးလုပ်စဉ် ၀ါဒဖြန့်မှုများကို နိုင်ငံရေး သိပ္ပံပညာရှင်များ၊ ဥပဒေ ပညာကျော်များနှင့် လူမှုရေး ပညာရှင်များက ခွဲခြမ်းစိတ်ဖြာ လေ့လာဆန်းစစ်၍ မမှန်ကန်ကြောင်း သက်သေပြခဲ့ပြီး ဖြစ်ပါသည်။

သို့သော်လည်း ပြင်ပကမ္ဘာ၏ နိုင်ငံရေး၊ အသိဥာဏ် တိုးတက်မှုတို့နှင့် နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့ရသော မြန်မာပြည်၌မူ ပြည်သူလူထုကို နိုင်ငံရေး တာဝန်ပေးရန် မသင့်လျော်ဟူ၍၎င်း၊ ဒီမိုကရေစီနှင့် မသင့်လျော်ဟူ၍၎င်း၊ ပြောဆိုလာခဲ့သော ယုံတမ်းစကား နှစ်ရပ်ကို ချေဖျက်ရာတွင် ပြည်သူတို့သည် မိမိကိုယ်ကိုသာ မိမိ အားကိုးကြရပါသည်။ ဒီမိုကရေစီ လှုပ်ရှားမှု မြန်မာတပြည်လုံးသို့ ပျံ့နှံ့သွားသည်နှင့် တပြိုင်နက် ဒီမိုကရေစီဟူသော စကားလုံး၏ အဓိပ္ပာယ်၊ သမိုင်းကြောင်းနှင့် လက်တွေ့ သဘောတရားတို့ကို အပြင်းအထန် စိတ်ဝင်စားလာကြပါသည်။

အမြင်ကျဉ်းမြောင်းသော အာဏာရှင်စနစ်အောက်တွင် အဓိပ္ပာယ်တိမ်၍ အနှစ်သာရ ကင်းမဲ့သော တရားသေ၀ါဒကို နှစ်ပေါင်း (၂၅) နှစ်ကျော် အာဟာရအဖြစ် ခွံ့ကျွေးခြင်း ခံကြရသော်လည်း မြန်မာပြည်သားတို့၏ နိုင်ငံရေး နိုးကြားမှုသည်၎င်း၊ စိတ်ကူး စိတ်သန်း တို့သည်၎င်း၊ တုံးမသွားပါ။ ပြည်သူတို့၏ စိစစ်ဝေဖန် နှီးနှောလိုစိတ်၊ ငြင်းခုန်ဆွေးနွေးလိုစိတ်၊ မတည်းဖြတ်သော သတင်း အချက်အလက်များကို သိရှိလိုစိတ်နှင့် ယထာဘူတကျစွာ ခွဲခြမ်းစိတ်ဖြာ လေ့လာလိုစိတ် စသည့် စိတ်ဓာတ်တို့သည် တုံးမသွားဘဲ ပို၍ပင် ထက်မြက်လာသည်ဟု မှတ်ထင်ရပါသည်။ ဒီမိုကရေစီ စနစ်နှင့် ပတ်သက်သော အတွေ့အကြုံဟူ၍ ပြည်သူတို့တွင် မရှိသလောက်ပင် ဖြစ်သော်လည်း ယဉ်ကျေးသော လူ့အဖွဲ့အစည်းတွင် ဒီမိုကရေစီ ရှိထိုက်သည်ဟု ၎င်းတို့၏ လက်တွေ့ ဘ၀ပေး အသိဥာဏ်အရ ယုံကြည်လာကြပါသည်။ ထို့အပြင် ခေတ်သစ် နိုင်ငံရေး အယူအဆ စနစ်များနှင့် ဆိုင်သော ဂန္တ၀င်သီအိုရီ သဘောတရားတို့ကို စိတ်ပါဝင်စားစွာ လေ့လာလိုစိတ်များ ထက်သန်လာသည် သာမကပဲ ဒီမိုကရေစီ သဘောအား လူမှုစနစ်တရပ် အနေဖြင့် တွေးတော ဆင်ခြင်မှုများ နိုင်ငံအနှံ့အပြားတွင် ပေါ်ထွက်လာပါသည်။ ပြည်သူ့ကိုယ်စားလှယ်များသာ ပါဝင်သော အစိုးရစနစ်၊ လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေး စသည့် အခြေခံ အယူအဆများကိုလည်း မိမိတို့ အလိုအလျောက် အနက်အဓိပ္ပာယ် ဖော်၍ ဆွေးနွေး လာကြပါသည်။ ဒီမိုကရေစီ စည်းမျဉ်းများ၊ အဖွဲ့အစည်းများက အာမခံမည့် လွတ်လပ်မှုနှင့် ခံစားခွင့်များကို စိတ်အားထက်သန်စွာ ဆင်ခြင်တွေးတော လာကြပါသည်။ တည်မြဲသော ဒီမိုကရေစီစနစ်ကို ထိန်းသိမ်းရန် တာဝန်ယူရမည့် ပုဂ္ဂိုလ်တို့၏ ၀တ္တရားသည်လည်း အတွေးနယ်ချဲ့စေရန် လှုံ့ဆော်ပေးသော အကြောင်းအရာပင် ဖြစ်ပါသည်။ ဆိုးသွမ်းသော အစိုးရ၏ဒဏ်ကို ဆိုးဝါးစွာခံခဲ့ရသော ပြည်သူလူထုသည် ကောင်းမွန်သော အစိုးရနှင့်ဆိုင်သော သီအိုရီ အယူအဆများကို အထူး အာရုံစိုက်နေသည်မှာ သဘာဝပင်ဖြစ်ပါသည်။

ဓလေ့ ထုံးတမ်းစဉ်လာအရ သွန်သင်ဆုံးမသည့် အခန်းကဏ္ဍမှ ပါဝင်သော ဗုဒ္ဓဘာသာ ရဟန်း သံဃာတော်တို့ကလည်း ဗုဒ္ဓ၀င် စာပေများကို ကိုးကား၍ ကာလဒေသမရွေး ပြောင်းလဲခြင်းမရှိနိုင်သော တန်ဖိုးထားမှုများကို ရှင်းလင်းပြသကာ အများပြည်သူ၏ မျှော်လင့်ချက်များကို ထုတ်ဖော် ပြောဆိုရာ၌ ဦးဆောင်လမ်းပြ လုပ်ကြပါသည်။ သို့သော်လည်း ရှေးထုံးစဉ်လာ ပညာဗဟုသုတကို မျက်မှောက်ခေတ် လိုအပ်ချက်များနှင့် ဆီလျော်ရလေအောင် သတိရှိစွာကြိုးပမ်းရာ၌ အထူး သီးသန့် အသိုင်းအ၀ိုင်းတွင်သာ မဟုတ်ဘဲ မြို့နေ ပညာတတ်နှင့် ဈေးသည်ကလေးများမှ စ၍ ကျေးလက်ဒေသက တက်ကြွသော အဖွားအိုများအထိ မြန်မာ့လူ့အဖွဲ့အစည်း တရပ်လုံးတွင် ကြိုးစားအားထုတ် နေခြင်းပင် ဖြစ်ပါသည်။ မြန်မာပြည်တွင် သဘာဝသယံဇာတ ပစ္စည်းများနှင့် လူအင်အားရှိပါလျက် အရှေ့တောင်အာရှတွင် စွမ်းရည်အရှိဆုံးနှင့် တိုးတက်မှုအမြန်ဆုံး နိုင်ငံတနိုင်ငံ ဖြစ်လာရမည်ဟူသော အစောပိုင်းက ထားရှိခဲ့သည့် ကတိအတိုင်း ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည်မှာ အဘယ်ကြောင့်နည်း။ အပြည်ပြည်ဆိုင်ရာ ပညာရှင်များက သမိုင်း၊ ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် စီးပွားရေး အကြောင်းအချက်များကို သေချာစွာ ခွဲခြမ်းစိတ်ဖြာ လေ့လာ၍ အသေးစိတ် အဖြေများကို ပေးထားပြီးဖြစ်ပါသည်။

မြန်မာပြည်သားတို့ကမူ ယင်းသို့သော ခေတ်မီ ပညာရပ်ဆိုင်ရာ အချက်အလက်များကို မရနိုင်သောကြောင့် တိုင်းပြည် ဆုတ်ယုတ်ပျက်စီး ယိုယွင်းရခြင်း အကြောင်း၏ အဓိကအချက်ကို ရှာဖွေလေ့လာရာတွင် ဗုဒ္ဓဘုရား၏ ဆုံးမသြ၀ါဒများကိုသာ အားကိုးအားထား ပြုကြရာ အကြောင်းအရင်း လေးခုကို တွေ့ရပေသည်။ "ပျောက်လျှင်မရှာ၊ ပျက်တာမပြင်၊ ဆင်ခြင်မသုံး၊ အဖြုန်းဟော့ရမ်း၊ လူ့ပေါက်ပန်းကို ရှေ့တန်းမှာတင်၊ ဤလေးအင် - မှန်ပင်ပျက်စီးကြောင်း။" (အင်္ဂုတ္တရ နိကာယ စတုတ္ထ နိပါက ပါဠိတော်။)

မျက်မှောက်ခေတ် အခြေအနေအရ အဓိပ္ပာယ် ဖွင့်ဆိုရမည်ဆိုပါက စစ်အာဏာရှင် စနစ်ကြောင့် ပျောက်ဆုံးသွားရသော ဒီမိုကရေစီ အခွင့်အရေးများကို ပြန်လည်ရရှိရန်အတွက် ကြိုးပမ်းမှု အလုံအလောက်မရှိခြင်း၊ ကိုယ်ကျင့်တရားနှင့် နိုင်ငံရေးဆိုင်ရာ တန်ဖိုးထားမှုများ ယိုယွင်းပျက်စီး လာသည်ကို အပြင်းအထန် ကြိုးစားဟန့်တားမှု မပြုလုပ်ခြင်း၊ စီးပွားရေးကို ဆိုးဝါးစွာ ကြီးကြပ်ကွပ်ကဲခြင်းနှင့် တိုင်းပြည်ကို ပညာအမြော်အမြင်လည်းမရှိ သမာဓိလည်းမရှိသူတို့က အုပ်ချုပ်ခြင်းစသည့်အကြောင်း များပင် ဖြစ်ပါသည်။ ၁၉၆၂ ခုနှစ်မှ စ၍ မြန်မာနိုင်ငံ ယိုယွင်းပျက်စီးလာရသည့် အဓိက အကြောင်းရင်းများကို ရှာဖွေရာတွင် အကျွမ်းကျင်ဆုံး ပညာရှင်က နောက်ဆုံးပေါ် ခေတ်မီ အကောင်းဆုံး သုတေသန နည်းစနစ်များကို သုံး၍ သေချာပြည့်စုံအောင် လေ့လာထားချက်သည်ပင်လျှင် ထိုထက်ပို၍ မှန်ကန်တိကျ ပြတ်သားစွာ ဖော်ပြနိုင်မည် မဟုတ်ပါ။

တပါတီ ဆိုရှယ်လစ် အာဏာရှင် စနစ်အောက်တွင် ချမှတ်သော အစိုးရလမ်းစဉ်များသည် တကယ့် လိုအပ်ချက်များနှင့် ဆီလျော်ခြင်း မရှိ၍ မြန်မာပြည်၌ စီးပွားရေးနှင့် အုပ်ချုပ်ရေး မသေချာ မရေရာမှုများ ဖြစ်ပေါ်လာသဖြင့် နေ့စဉ်ဘ၀ ရပ်တည်ရေးအတွက် လာဘ်ပေးလာဘ်ယူမှုနှင့် စည်းကမ်းဥပဒေ တိမ်းရှောင်မှုများကို မလွဲမသွေ ကျူးလွန်လာကြရပါသည်။ သို့သော်လည်း နှစ်ပေါင်း ကြာမြင့်စွာ ကိုယ်ကျင့်တရား ပျက်ပြားမှုနှင့် စီးပွားရေး ကျဆင်းမှုများ ဖြစ်ပွားနေသည့်ကြားမှ ပြည်သူလူထုနှင့် ခေါင်းဆောင်ပိုင်းတို့ ပူးပေါင်း၍ မူကို အခြေခံပြီး ကြိုးစားလုပ်ကိုင်ပါက ကြီးပွားရေးနှင့် လုံခြုံရေးတို့ကို အောင်မြင်စွာ ရရှိနိုင်မည်ဟူသော စိတ်ကူးအမြင်သည် မြန်မာပြည်တွင် ရှင်သန်လျက် ကျန်ရှိနေပါသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှုသည် ယင်းစိတ်ကူးအမြင်ကို အကောင်အထည် ဖော်နိုင်မည့် မျှော်လင့်ချက်ကို ပေါ်ပေါက်စေပါသည်။ အခြေခံ အကျဆုံးနှင့် ချက်ချင်း လုပ်ဆောင်ရမည့် အဆင့်တွင် သဘောထား ပြည့်ဝသော ဒီမိုကရေစီစနစ် ဟူသည်မှာ အဖွဲ့အစည်းတရပ် အနေဖြင့် ဆိုပါက တရားမျှတ၍ လွတ်လပ်သော ရွေးကောက်ပွဲ စနစ်အရ ရွေးကောက် တင်မြှောက်ထားသော ကိုယ်စားလှယ်များက ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ဖွဲ့စည်းထားသော အစိုးရပင် ဖြစ်ပါသည်။ မြန်မာပြည်သားတို့သည် ၎င်းတို့၏ ခေါင်းဆောင်များအား ၎င်းတို့ဖာသာ ရွေးချယ်ပိုင်ခွင့်ကို တာဝန်ရှိစွာ ကျင့်သုံးခြင်းအားဖြင့် ဆုတ်ယုတ်ကျဆင်းသည့် ဖြစ်စဉ်ကို ထိရောက်စွာ စတင်တွန်းလှန်နိုင်မည်ဟု မျှော်လင့်နေကြပါသည်။ မြန်မာပြည်သားတို့သည် အစိုးရနှင့်ပတ်သက်သော ထုံးတမ်းစဉ်လာ သီအိုရီ အယူအဆများကို ဆန်းစစ်၍ ဒီမိုကရေစီသည် ၎င်းတို့၏ ယဉ်ကျေးမှုဆိုင်ရာ စံသတ်မှတ်ချက်များနှင့် မသင့်လျော်ဟူသော ၀ါဒဖြန့်ချက်ကို တန်ပြန်ဆန့်ကျင်ကြပါသည်။

ဗုဒ္ဓဘာသာ ကမ္ဘာ့သမိုင်းအမြင်အရ လူ့အဖွဲ့အစည်းသည် စင်ကြယ်သော မူလအစ အခြေအနေမှ ဆုတ်ယုတ် ကျဆင်းလာပြီး ကိုယ်ကျင့်တရားနှင့် လူမှုရေး ပျက်ပြားမှုများကို ကြုံတွေ့လာရသော အခါ၌ တရားမျှတရေးနှင့် ငြိမ်းချမ်းရေုးကို ပြန်လည် ရရှိရန်အတွက် အစိုးရမင်းကို ရွေးကောက်တင်မြှောက်လိုက်ခြင်း ဖြစ်ပါသည်။ အုပ်ချုပ်မင်းလုပ်သူသည် ဘွဲ့အမည် သုံးမျိုးဖြင့် ထင်ရှားပါသည်။ မဟာသမ္မတဟု အမည်ရခြင်းမှာ တိုင်းသူပြည်သား အားလုံး၏ သဘောတူညီချက်အရ တင်မြှောက်ခြင်း ခံရ၍ ဖြစ်ပါသည်။ ခတ္တိယဟု အမည်ရခြင်းမှာ လယ်မြေတို့ကို စိုးမိုးပိုင်ဆိုင်၍ ဖြစ်ပါသည်။ ရာဇာဟု အမည်ရခြင်းမှာ သီလတရား စောင့်ထိန်းခြင်းဖြင့် ပြည်သူ့မေတ္တာကို ရယူထား၍ ဖြစ်ပါသည်။ ပထမဆုံးသော မင်းက ၎င်းရယူသည့် ဆန်စပါး ဝေစုဝေပုံအတွက် ဖြောင့်မတ်စွာ အုပ်ချုပ်မည်ဟု တာဝန်ယူသော သဘောတူချက်သည် လူသားအချင်းချင်း အပြန်အလှန် သဘောတူညီမှု ရယူ၍ တည်ထောင်သော အစိုးရ၊ တနည်းအားဖြင့် လူမှုပဋိညာဉ်အရ တည်ထောင်ဖွဲ့စည်းသော အစိုးရစနစ်ကို ဗုဒ္ဓဘာသာအမြင်ဖြင့် ပြသခြင်းပင် ဖြစ်ပါသည်။ မဟာသမ္မတသည် အိန္ဒိယမှ အခြေခံလာသော အရှေ့တောင်အာရှ ဘုရင်စနစ်ပုံစံပင် ဖြစ်ပါသည်။ ဤပုံစံသည် ဘုရင်စနစ်အား ပုဂ္ဂလိက ကိုယ်ပိုင်အဖြစ်သို့ ရောက်အောင် အားပေးရာရောက်သဖြင့် ခေတ်သစ် နိုင်ငံတော်ဆိုင်ရာ အယူအဆနှင့် ဆန့်ကျင်ဘက် ဖြစ်သည်ဟု ဝေဖန်ကြပါသည်။ အနောက်တိုင်း အယူအဆတွင် ဘုရင်ဟူသည် "သဘာဝခန္ဓာ" "နိုင်ငံတော်ခန္ဓာ" ဟူ၍ ခန္ဓာနှစ်ပါးဖြစ်လေရာ တမင်းလွန်၍ နောက်တမင်း ချောမောစွာ ဆက်ခံသည့်စနစ်ကို အားပေးပါသည်။ သို့သော်လည်း မဟာသမ္မတမင်းအား အများပြည်သူ၏ သဘောဖြင့် ရွေးချယ်ခြင်း ဖြစ်ပြီး ၎င်းသည် တရားမျှတသော ဥပဒေများနှင့်အညီ အုပ်ချုပ်ရန်လိုအပ်သောကြောင့် ရွေးကောက်တင်မြှောက်၍ ဥပဒေနှင့်အညီ အုပ်ချုပ်ရသော အစိုးရဟူသည့် အယူအဆသည် မြန်မာ့ ထုံးတမ်းစဉ်လာ အတွေးအခေါ်နှင့် ခြားနားခြင်းမရှိပါ။

အပိုင်း (၂) သို့

Read More...

Friday, August 03, 2007

ဝိရောဓိများနှင့် စကားစမြည် (၁)


" သား … မင်း နိုင်ငံရေးတွေလုပ်နေတယ်ဆို ……. "

" ဟုတ်ပါတယ် အဖေ "

" ထောင်ထဲမှာ အချိန်ကုန်ချင်လို့လား။ ကိုယ့်ဘာသာ အေးအေးနေပါ သားရယ် "

" ဒါကတော့ ကိုယ့်နိုင်ငံရဲ့အရေးမှာ ကိုယ်နဲ့မဆိုင်သလို နေလို့ ဘယ်ဖြစ်မလဲ အဖေရဲ့ ……… နိုင်ငံသားတိုင်းဟာ နိုင်ငံ့အရေးမှာ တာဝန်ရှိတယ်လေ။"

" တော်ပါကွာ ။ စကားလုံးကြီးကြီးတွေ ငါ့ကို လာရွတ်ပြမနေနဲ့။ မင်းလုပ်လို့လည်း ဘာမှဖြစ်လာမှာမဟုတ်ဘူး။
အေး မင်းဘာသာ မင်းယုံကြည်ရာ မင်းလုပ်ပြီး ထောင်ထဲသွားနေလည်း အကြောင်းမဟုတ်ဘူး။ ငါတို့ရဲ့ စီးပွားရေးပါ ထိခိုက်လာလိမ့်မယ်နော် "

" နေပါအုံး အဖေ …… အဖေက သူတို့နဲ့ ပေါင်းပြီး စီးပွားရေးလုပ်စားနေတာလည်းမဟုတ်။ ကိုယ့်ဘာသာ သမ္မာအာဇီဝ အလုပ်လုပ်နေတာ ဘယ်သူက ဘလိုင်းကြီး လာနှောင့်ယှက်လို့ရမှာလဲဗျ။ "

" တကယ်လို့ နှောင့်ယှက်လာရင်ရောကွာ။ မင်းလည်း သူတို့အကြောင်းသိနေတာပဲ။ မင်း နောက်ထပ်မှတ်ထားဖို့က မင်း ကိုယ့်ကိုကိုယ် မငဲ့ရင်နေ။ မင်းမိသားစုကို မင်းပြန်ကြည့်အုံး။ "

" ………………………………….. "

………………………………………………


" ဟေ့ကောင် မင်း နိုင်ငံရေးတွေ လုပ်နေတယ်ဆို ……… "

" ဘာဖြစ်လို့လဲ "

" ဘာဖြစ်ရမှာလဲ။ ဒါတွေလုပ်လို့ မင်း .. အဖမ်းခံရတာကလွဲလို့ ဘာတွေဖြစ်လာမှာမို့လို့လဲ "

" ………………………………….. "

" အေးအေးဆေးဆေးနေပါကွာ ……….. "

" ………………………………….. "

" ဒီလို အရည်မရ အဖတ်မရအလုပ်တွေလုပ်လို့ မင်းအတွက် ဘာအကျိုးရှိမှာလို့လဲ "

" ………………………………….. "

" ကိုယ့်ထမင်းကိုယ်စားပြီး အေးအေးနေစမ်းပါကွာ "

" အိုကေ မင်းတို့ကို ငါ တစ်ခုပဲမေးမယ်။ မင်းတို့ လက်ရှိအုပ်စိုးနေတဲ့သူတွေရဲ့ လက်အောက်မှာ နေရတာ နေပျော်လား။ သူတို့ရဲ့ ဖိနှိပ်ထားတဲ့ စနစ်ဆိုးကြီးကို မင်း လက်ခံလား။ "

" ………………………………….. "

" ဒီမိုကရေစီမလိုချင်ဘူးလား။ "

" ………………………………….. "

" နေပျော်တယ်၊ လက်ခံတယ်၊ မလိုချင်ဘူးဆိုလို့ရှိရင် မင်းတို့ခံယူချက်နဲ့မင်းတို့ပဲ။ ဘာမှကန့်ကွက်စရာမရှိဘူး။ ဘာမှလည်း ဆက်ပြောစရာမလိုတော့ဘူး။ "

" အဲ .. ဒါပေမယ့် မင်းတို့ကိုယ်တိုင် မကြိုက်တဲ့ ဒီအာဏာရှင်စံနစ်ကို ကိုယ်တိုင် မဆန့်ကျင်နိုင်ဘူးဆိုရင်တောင်၊ လုပ်နေတဲ့သူတွေကို ဒီလိုတော့ မပြောပါနဲ့။ မင်းတို့က အဖေ၊ အမေကျွေးထားတဲ့ထမင်းကို အေးအေးဆေးဆေး စားနေရတာနဲ့ …… ကွာ။"

" မင်းတို့ နားလည်မလားတော့မသိဘူး။ ငါကလည်း လူတိုင်း လူတိုင်း ကိုယ့်ထမင်းကိုယ် အေးအေးဆေးဆေး စားနိုင်တဲ့ဘ၀မျိုး လိုချင်လို့ လုပ်နေတာ၊ နိုင်သလောက် ၀င်လှုပ်ရှားနေတာကွ။ "

" မင်းမလုပ်လည်း သူများတွေလုပ်နေမှာပဲကွာ။ ပြီးတော့ ဒေါသတော့မထွက်နဲ့ကွာ။
မင်းလုပ်လို့ ဘာဖြစ်လာမှာလဲ။ "

" မင်းတို့လို ငါလုပ်လို့ဘာဖြစ်လာမှာမို့လဲ ဆိုတဲ့သူတွေများနေလို့ ဒီကောင်တွေ သက်ဆိုးရှည်နေတာပဲ။ ငါလုပ်လို့ ဘာဖြစ်လာမှာလဲ ဟုတ်လား။ ဘာဖြစ်လာမယ် မဖြစ်လာဘူးဆိုတာ အဓိကမဟုတ်ပါဘူး။ မင်းတို့ဟာ ဒီနိုင်ငံမှာ နေပြီး ဒီနိုင်ငံမှာ ကြီးပြင်းလာခဲ့ကြတာပဲ။ မင်းတို့ကို ဘာကဘာ ဘယ်ဟာက ဘယ်ဟာ ငါ ရှည်ရှည်ဝေးဝေး ရှင်းပြနေစရာမလိုပါဘူး။ "

" ငါတို့ကတော့ ထောင်ကျမခံနိုင်ဘူး။ "

" ဟား ဟား .. မင်းတို့က ငါထောင်ကျခံနိုင်လို့၊ ထောင်ထဲမှာ ပျော်ပျော်ကြီးနေနိုင်လို့ လုပ်နေတယ်ထင်လို့လား။ မင်းတို့ ထောင်ကျဖူးတဲ့သူတွေကို တွေ့ရင်မေးကြည့်စမ်းပါ။ ထောင်ထဲမှာ နေရတာ ပျော်လားလို့။ "

" ခံယူချက်တို့၊ ယုံကြည်ချက်တို့ဆိုတာ သူများပြောလို့၊ သူများစည်းရုံးလို့၊ သူများခိုင်းလို့ လုပ်လို့ရတမ်းလားကွာ။ လူတိုင်း ရင်ထဲမှာ အမှန်တရားဆိုတာ ရှိပြီးသားပါ။ ဒါကို မြင်အောင်ကြည့်ရင် မင်းတို့ငါ့ကို ဒီလိုစကားတွေ ပြောစရာကိုမရှိဘူး။"

………………………………………………


" မ .. မောင် နိုင်ငံ့အရေးလုပ်တဲ့အပေါ်မှာ နားလည်ပေးစေချင်ပါတယ်။ "

" မကတော့ ဘာမှနားမလည်ပါဘူး။ မောင် အဖမ်းအဆီးခံရမှာကို စိုးရိမ်တယ်။
မောင် ယုံကြည်လို့ မောင်လုပ်တဲ့အလုပ်အပေါ်မှာ တားလည်း မတားရက်ပါဘူး။
မောင်တခုခုဖြစ်လို့ မ .. တစ်ယောက်တည်းဆိုရင် အကြောင်းမဟုတ်ဘူး။ အခုက သားအတွက်ပါ ပူရတော့မယ်။ "

" ဒီသားအတွက်ကြောင့်ပဲ မောင် နောက်ပြန်လှည့်မကြည့်ဖို့ ဆုံးဖြတ်ချက် ပိုပြီး ခိုင်မာလာတာပါ မ .. ရယ်။
အခုချိန်မှ ဒီမိသားစုအတွက် နောက်ပြန်လှည့်ရင် တချိန်မှာ သားက ဒီအကြောင်းတွေ မေးလာခဲ့ရင် မောင် .. ဘယ်လိုမျက်နှာနဲ့ ပြောပြရမှာလဲ။ "

" နိုင်ငံရေးဆိုတာ မတို့ ထင်သလို လူတိုင်း လူတိုင်း ကိုယ်တိုင် ပါဝင်လှုပ်ရှားရမယ်လို့တော့ မဟုတ်ပါဘူး။ ပါဝင်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ လူတိုင်းမှာ ကိုယ်နိုင်တဲ့ဝန်၊ ကိုယ်ပိုင်တဲ့ အခန်းကဏ္ဍရှိပြီးသားပါ။ အရေးအကြီးဆုံးက အဲဒါကို မျက်နှာလွှဲ ခဲပစ် မလုပ်ကြဖို့ပါ။ အခုပဲ မ .. မောင့်ကို နားလည်မှုပေးလိုက်တာဟာ မ .. နိုင်တဲ့ဝန်ကို မ .. ထမ်းလိုက်တာပါပဲ။ "

" မတို့သားအမိအတွက် မောင် .. က မျက်နှာလွှဲခဲပစ်လုပ်တာမဟုတ်ပါဘူး။ ဘယ်တော့မှလည်း မလုပ်ပါဘူး။ မောင် အကုန်လုံးအတွက် ကြိုတင်ပြင်ဆင်ထားပြီးသားပါ။ "

" အင်းလေ …… မောင်က မောင့်ယုံကြည်ချက်ကို မစွန့်လွှတ်နိုင်ပါဘူးဆိုတော့ မ .. ပါရမီဖြည့်ရုံကလွဲလို့ ………. "

" တော်ပြီ … တော်ပြီ … မ .. ခံစားချက်ကို နားလည်တယ်။ ဆက်ပြီး မပြောနဲ့တော့။ မောင် .. မ .. ကို အားလုံးအတွက် ကျေးဇူးတင်ပါတယ်။ "
………………………………………………

Read More...

Wednesday, August 01, 2007

၈၈၈၈ တုန်းက ကျနော်


၁၉၈၀ ၀န်းကျင်ခန့်တွင် မွေးဖွားခဲ့သော ကျနော်သည် ၈၈၈၈ အရေးတော်ပုံကာလတွင် နယ်မြို့လေးတမြို့တွင် နေထိုင်လျက်ရှိရာ တစ်ရက်တွင် (ထိုနေ့သည် ၈.၈.၈၈ ဖြစ်မည်ထင်ပါသည်။) အိမ်ရှေ့လမ်းမတလျောက် ကြွေးကြော်သံများဖြင့် လူတန်းရှည်ကြီး ချီတက်လာသည်ကို တွေ့လိုက်ရပါသည်။

"ဒီမိုကရေစီရရှိရေး တို့အရေး တို့အရေး"


လူတန်းရှည်ကြီးကား မျှော်မဆုံးနိုင်ပေ။ အိမ်ရှေ့တွင်ကား တမိသားစုလုံး ရပ်ကြည့်နေကြသည်။ အဖေကား ကျေနပ်သော အကြည့်တို့ဖြင့် လက်ခုပ်တီးကာ အားပေးထောက်ခံနေသည်။ ကျနော်ကတော့ နားမလည်ပါ။ ဘာလဲ ဒီမိုကရေစီ ……… ။ လူတွေ တမြို့လုံးနီးပါးကို လမ်းပေါ်ပြည့်လျှံလောက်အောင် ထွက်လာပြီး တောင်းဆိုနေတဲ့ ဒီမိုကရေစီ ……….။ ကျနော်ရဲ့ အားကိုးရာ အဖေပါ အားပေးထောက်ခံနေတဲ့ ဒီမိုကရေစီ ………..။

ရက်တွေ တရက်ပြီးတရက် ပြီးတော့ တရက်မှာတော့ ပစ်ကုန်ပြီတဲ့။ ကျနော့်အမတို့ရဲ့ ကျောင်းအုပ်ဆရာကြီး အပစ်ခံရလို့ သေပြီတဲ့။ အမတို့ ငိုနေတော့ ကျနော်လည်း စိတ်မကောင်းဘူး။ ဘာလဲ ဒီမိုကရေစီ ………. ။ ဘာဖြစ်လို့ အသက် အသေ ခံရလောက်အောင် လိုချင်နေရတာလဲ။ ဘာဖြစ်လို့ လူတွေသေရလောက်အောင်၊ လူတွေကို ပစ်ခတ်သတ်ဖြတ်ရဲလောက်အောင် ဒီမိုကရေစီကို ဟန့်တားချင်ရတာလဲ။

"အဖေ …. ဒီမိုကရေစီဆိုတာဘာလဲ။ ဘာဖြစ်လို့ ဒီ .. ဒီမိုကရေစီအတွက် လူတွေ သေရတာလဲ။ အသတ်ခံရတာလဲ။"

"ဒီမိုကရေစီရရင် အဖေတို့ သားတို့ နေတဲ့ ဒီတိုင်းပြည်ကြီးဟာ ပိုပြီးဖွံ့ဖြိုးတိုးတက်လာမှာပေါ့။ ဒီထက် အဆင့်အတန်းမြင့်မြင့် နေနိုင်မှာပေါ့ သားရယ် …."

"အဖေရယ် အဖေတို့ တိုင်းပြည်ပိုကောင်းဖို့လုပ်တာကလည်း လူတွေတရုံးရုံးသေနေကြပါလား။ လူတွေ ဒီလောက်သေပြီးမှ ဒီမိုကရေစီရမယ် ဆိုရင် ကျနော်ကတော့ မလိုချင်ပါဘူး"

ရန်ကုန်မှာ ခေါင်းဖြတ်ပြီး သတ်ဖြတ်ရမ်းကားနေပြီတဲ့
တပ်မတော်က အခြေအနေအရပ်ရပ်ကို ဒီထက်ပိုမဆိုးသွားအောင်၊ တိုင်းပြည် ချောက်ထဲမကျအောင် ကယ်တင်လိုက်ပြီတဲ့။
သတင်းစာကို ဖတ်တော့ တွေ့လိုက်ရတာကတော့ တပ်မတော်ရဲ့မွန်မြတ်သောဆန္ဒ ………..

"နိုင်ငံတော် အချုပ်အခြာအာဏာကို မလွှဲမရှောင်သာ၍ တာဝန်ယူဆောင်ရွက်ခဲ့သည့်တိုင် နိုင်ငံတော်အာဏာကို မူလပိုင်ရှင် ဖြစ်သော ပြည်သူများလက်ဝယ်သို့ ဒီမိုကရေစီနည်းလမ်းနှင့်အညီ မြန်နိုင်သမျှ မြန်မြန် ပြန်လည်အပ်နှင်းချင်သည်။"

"အဖေ ….. တပ်မတော်က တိုင်းပြည်ကို ကယ်တင်လိုက်တာပေါ့နော် ……. "

အဖေ .. ကျနော့်ကို ကြည့်ပြီး ပြုံးတဲ့ အပြုံးကို အဲဒီတုန်းက ကျနော်နားမလည်ခဲ့ပါ။

Read More...