ဒီမိုကရေစီဟူသည်မှာ အစိုးရပုံစနစ်တခု မျှသာမကသေးဘဲ လူတဦးချင်းကို ရိုသေလေးစားသည့် အပေါ်၌ အခြေခံထားသော လူမှုရေးနှင့် သဘောတရား ရေးရာတို့အား စုစည်းပေါင်းစပ်ထားသော စနစ်ဖြစ်သည်ဟု မြန်မာပြည်သားတို့က ယူဆထား ကြပါသည်။ ၎င်းတို့ကို မည်သည့်အတွက် ဒီမိုကရေစီကို လိုလားကြပါသနည်းဟု မေးသောအခါ၌ နိုင်ငံရေးတွင် စိတ်ဝင်စားမှု အနည်းဆုံးသူတို့ကပင် "ကျနော်တို့အနေနဲ့ကတော့ ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ်၊ အေးအေးချမ်းချမ်း ကိုယ့်အလုပ်ကိုယ် လုပ်ချင်တာပါပဲ။ ဘယ်သူ့ကိုမှ ဒုက္ခမပေးချင်ပါဘူး။ မကြောက်မရွံ့ မစိုးရိမ်ရပဲ အသင့်အတင့် စားသောက်နေထိုင်နိုင်အောင် အသက်မွေး ၀မ်းကျောင်းကလေး တခုလောက်သာ လိုချင်တာပါ" လို့ ဖြေကြားမှာ ဖြစ်ပါသည်။
တနည်းအားဖြင့်ဆိုသော် ချို့တဲ့မှု၊ ကြောက်ရွံ့ရမှု ကင်းဝေး၍ အေးချမ်းတည်ငြိမ် သိက္ခာရှိသော ဘ၀မျိုးကို အာမခံနိုင်မည့် အခြေခံ လူ့အခွင့်အရေးများကို မြန်မာပြည်သားတို့က လိုလားခြင်း ဖြစ်ပါသည်။ ဒီမိုကရေစီသီချင်းများတွင်လည်းယင်းသို့သော ပြင်းပြသည့် တမ်းတချက်များကို ဖော်ပြထားပါသည်။ "ထမင်းစားသော စက်ရုပ်များထဲမှာ စိုးစဉ်းမျှတောင် တို့မပါ၊ လူတိုင်း လူတိုင်း လူ့အခွင့်အရေး ရှိသင့်တယ်" "ရိုင်းစိုင်းတဲ့ တောတိရစ္ဆာန်များလည်း မဟုတ်၊ အားလုံးက အသိနဲ့ လူတွေ၊ လက်နက်ပြ ခြိမ်းခြောက်ကာ အုပ်ချုပ်မှု ရပ်တန်းက ရပ်သင့်ပြီလေ၊ အရေးအခင်းတိုင်း သေနတ်နဲ့ ဖြေရှင်းလို့တော့ မြန်မာပြည်မှာ လူသာကုန်မလေ။"
လူ့အခွင့်အရေး ပြဿနာသည် ဒီမိုကရေစီ လှုပ်ရှားမှု၏ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်လာသောအခါ၌ အစိုးရ သတင်းဌာနများက လူ့အခွင့်အရေး အယူအဆ တခုလုံးကို ပြက်ရယ်ပြု ရှုတ်ချ၍ ဓလေ့ထုံးတမ်းစဉ်လာ တန်ဖိုးထားမှုများနှင့် မကိုက်ညီသော အနောက်တိုင်း အသုံးအဆောင်မျှသာ ဖြစ်သည်ဟု စတင် သမုတ်လာကြသည်မှာလည်း ကြိုတင်ခန့်မှန်းနိုင်သော အချက်ပင် ဖြစ်ပါသည်။ သတ္တ၀ါများအနက် လူသားစင်စစ်သာလျှင် အဆင့်အမြင့်ဆုံး အခြေအနေဖြစ်သော ဘုရားအဖြစ်ကို ရရှိနိုင်သဖြင့် လူသားအား အလွန်တန်ဖိုးထားသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အခြေခံဖြစ်သော ဗုဒ္ဓ၀ါဒကို အရွဲ့တိုက်ကာ ပြောင်းပြန်လုပ်နေသကဲ့သို့ပင် ဖြစ်နေပါသည်။ လူတိုင်းတွင် မိမိဆန္ဒအရ ကြိုးပမ်းအားထုတ်ခြင်းဖြင့် သစ္စာတရားကို သိရှိနိုင်စွမ်းရှိပြီး သူတပါးကို သိစေရန် အတွက်လည်း ကူညီနိုင်သော အလားအလာရှိပါသည်။ ထို့ကြောင့် လူ့အသက်၏ တန်ဖိုးသည် အဆုံးအစမရှိပါ။ ဗြဟ္မာဘုံမှ ကျလာသော အပ်တချောင်းနှင့် ကမ္ဘာမြေကြီးပေါ်တွင် စိုက်ထားသော အပ်တချောင်းတို့ ထိတွေ့ကြသည်မှာ လူဖြစ်ရသည်ထက် လွယ်ကူပါသည်ဟုပင် ဆိုကြသည် မဟုတ်ပါလော။
သို့သော်လည်း အာဏာရှင် အစိုးရတို့သည် လူသားကို နိုင်ငံတော်၏ အဖိုးတန်အစိတ်အပိုင်းအဖြစ် အသိအမှတ် မပြုကြပဲ နိုင်ငံသူ နိုင်ငံသား ဟူသည်မှာ ထင်သလို ကိုင်တွယ်၍ရသော၊ မည်သူမည်ဝါမှန်း မသိသော၊ အသိဥာဏ်မရှိသော၊ အကူအညီကင်းမဲ့သော လူထုကြီးသာ ဖြစ်သည်ဟု ယူဆကြပါသည်။ ပြည်သူတို့အား တိုင်းပြည်၏ အသက်သွေးခဲဟု မှတ်ယူမည့်အစား အကြောင်းအားလျော်စွာ ရောက်ရှိနေသော အရေးမပါသူများဟု ယူဆထားသကဲ့သို့ပင် ဖြစ်ပါသည်။ မိမိ၏တိုင်းပြည်ကို ချစ်ခင်မြတ်နိုးစွာ စောင့်ရှောက်ခြင်း ဖြစ်သော ပြည်ချစ်စိတ်အား အာဏာရှင်တို့၏ မတရားမှုများကို သွေးရူးသွေးတမ်း ဖုံးကွယ်ရာတွင် အသုံးပြုခြင်းဖြင့် တန်ဖိုး ကျဆင်းစေပါသည်။ အာဏာရှင်တို့သည် ၎င်းတို့၏ ကျဉ်းမြောင်းသော ကိုယ်ပိုင်အကျိုးစီးပွားအပေါ်တွင် မူတည်၍ ပြည်ချစ်စိတ်ကို အဓိပ္ပာယ်ဖော်ကြပါသည်။ အစိုးရ၏ အယူဝါဒကို စောဒကမတက်ဘဲ လက်ခံယုံကြည်ရမည်ဆိုသည်မှာ ပြည့်ဝသော ဗုဒ္ဓဘာသာ သဘောတရားများနှင့် ကိုက်ညီသည်ထက် အနောက်တိုင်းတွင် ကြီးစိုးခဲ့သည့် တင်းကြပ်သည့် ခရစ်ယာန် ရှေးဟောင်းဘာသာရေး သဘောတရားတို့နှင့် ပိုမို ကိုက်ညီနေသကဲ့သို့ ဖြစ်ပါသည်။
"ယုံမှားသင့်သည်ကို ယုံမှားရာ၏ … ထပ်ခါတလဲ ပြောသံ ကြားရုံနှင့် … ဟုတ်ပြီ မှန်ပြီဟု မယုံလေနှင့်၊ အစဉ်အဆက်က ကြားဘူးရုံနှင့်၊ သတင်းစကား ကြားဖူးရုံနှင့် မယုံလေနှင့်၊ မိမိကိုယ်တိုင် မကောင်းသောအရာ ဖြစ်သည်၊ မှားယွင်းသည်ဟု သိရှိသောအခါ စွန့်လွှတ်၍ မိမိကိုယ်တိုင် ကောင်းသောအရာကို သိရှိလာသောအခါတွင်မှ လက်ခံပါလေ" (အင်္ဂုတ္တရ နိကာယ် သုတ္တန်ပိဋကတ်တော်လာ၊ ကေသမုတ္တိသုတ်)
လူသား၏ သန္ဓေပါဂုဏ်သိက္ခာနှင့် လူသားနှင့် ခွဲခွာ၍မရသော ညီမျှသော အခွင့်အရေးများကို အသိအမှတ်ပြုထားသည့် အယူအဆ၊ လူတိုင်းတွင် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်သော အသိဥာဏ်နှင့် ဆင်ခြင်တုံတရားရှိသည်ကို လက်ခံထားသော အယူအဆ၊ လူအချင်းချင်း ညီအကိုမောင်နှမသဖွယ် မေတ္တာထားရှိရန် အကြံပြုထားသော အယူအဆ စသည့် အတွေးအခေါ် အယူအဆတို့သည် မိမိတို့၏ တန်ဖိုးထားမှုများနှင့် မည်ကဲ့သို့ ဆန့်ကျင်ဖက် ဖြစ်နိုင်မည်ကို မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့် နားမလည်နိုင်အောင် ဖြစ်နေရပါသည်။
ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း၏ စာပိုဒ် (၃၀) တို့တွင် ပါရှိသော အခွင့်အရေးများကို ကုသိုလ်တရားနှင့် ညီသည်၊ ကောင်းမွန်သည်ဟု မသုံးသပ်ပါက မည်ကဲ့သို့ သုံးသပ်ရမည်ကို မြန်မာပြည်သူတို့အဖို့ စဉ်းစားရခက်လှပါသည်။
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ယင်းကြေညာစာတမ်းကို အတည်ပြုရန် ထောက်ခံ မဲပေးခဲ့သော နိုင်ငံတနိုင်ငံ ဖြစ်နေသည့် အလျောက် ဤကြေညာစာတမ်းကို မြန်မာပြည်သားတို့က မြန်မာနိုင်ငံတွင် ရေးဆွဲခဲ့ခြင်းမဟုတ်သဖြင့် ပယ်ချရမည် ဆိုခြင်းမှာ မလုံလောက်သော အကြောင်းပြချက်ဟု အနည်းဆုံး ပြောဆိုနိုင်ပါသည်။ အယူအဆ၊ အတွေးအခေါ်၊ ယုံကြည်ချက်များသည် စတင်ပေါ်ပေါက်ရာ နေရာဒေသ၏ ပထ၀ီနှင့် ယဉ်ကျေးမှုဆိုင်ရာ နယ်နမိတ်ပြင်ပတွင် တရားမ၀င်ဟု ငြင်းဆိုနေပါက ဗုဒ္ဓဘာသာသည် အိန္ဒိယပြည် မြောက်ပိုင်း၌သာ ထွန်းကားနိုင်မည်ဖြစ်ပြီး ခရစ်ယာန်ဘာသာသည် အရှေ့အလယ်ပိုင်းဒေသရှိ ကျဉ်းမြောင်းသော နယ်မြေလေး၌သာ၎င်း၊ အစ္စလမ်ဘာသာသည်လည်း အာရေးဗီးယားဒေသ၌ သာ၎င်း၊ ထွန်းကားနိုင်ကြမည် ဖြစ်ပါသည်။
ဒီမိုကရေစီနိုင်ငံများမှ နိုင်ငံသူနိုင်ငံသားများ ရရှိသော အခွင့်အရေးများ ခံစားပိုင်ခွင့်များကို မြန်မာပြည်သားတို့ မခံစားထိုက် ဟူသော စကားသည် စော်ကားရာရောက်ပါသည်။ တချိန်တည်းတွင် မြန်မာနိုင်ငံအစိုးရကမူ ဒီမိုကရေစီနိုင်ငံ အစိုးရများထက် ပိုမို၍ အခွင့်အရေးများ ခံစားပိုင်ခွင့် ရှိသည်ဟု ယူဆထားခြင်းမျာ ယုတ္တိတန်ပါသလားဟု မေးစရာ ဖြစ်ပါသည်။ ဤသို့ ရှေ့နောက် စကားမညီမှုကို မှန်ကန်ကြောင်း ပြဆိုနိုင်ခြင်း မရှိသော်လည်း ရှင်းလင်းဖော်ပြနိုင်ပါသည်။ အစိုးရနှင့် ပြည်သူလူထုအကြား ကွာဟမှု အင်မတန် ကြီးမားနေသဖြင့် ယင်းကဲ့သို့ သီးခြားခွဲ၍ စံသတ်မှတ်ကာ ဆုံးဖြတ်ရခြင်း ဖြစ်သည်ဟု ဆိုရမည် ဖြစ်ပါသည်။ ဤကဲ့သို့ ကြီးမားသော ကွာဟမှု ရှိနေလေရာ အစိုးရသည်သာလျှင် နိုင်ငံတနိုင်ငံလုံး၏ တန်ဖိုးထားမှုများကို ခြုံငုံကိုယ်စားပြုနိုင်သည် ဟူသော ၀ါဒအပေါ်၌ပင် သံသယဖြစ်ရပါသည်။
ကျိုးကြောင်းဆင်ခြင်မှု မခိုင်လုံခြင်း၊ ရှေ့နောက်စကား မညီခြင်း၊ ပြည်သူလူထုနှင့် ကင်းကွာခြင်းတို့သည် အာဏာရှင်စနစ်၏ ကြန်အင် လက္ခဏာများပင် ဖြစ်ပါသည်။ အာဏာရှင် အစိုးရတို့သည် လွတ်လပ်စွာ တွေးခေါ်မှုနှင့် အယူအဆသစ်များကို ပိတ်ပင်တားမြစ်ရန် မနားမနေ ကြိုးစားအားထုတ်၍ ၎င်းတို့သာ မှန်ကန်သည်ဟု ထပ်ခါတလဲလဲ တင်းမာစွာ ပြောဆိုနေခြင်းကြောင့် ၎င်းတို့၌ အသိဥာဏ် ဗဟုသုတ မတိုးတက်ဘဲ ရပ်တန့်သွားရပြီး ပြည်သူလူထု တို့သည်လည်း ၎င်းတို့နည်းတူ အသိဥာဏ် ဗဟုသုတ ရပ်တန့်သွားပြီဟု ယူဆကြပါသည်။
ခြိမ်းခြောက်မှုများနှင့် ၀ါဒဖြန့်မှုကို ဖိနှိပ်ချုပ်ချယ်ရာတွင် တက်ညီလက်ညီ အသုံးပြုနေ၍ နေရာတကာတွင် ကြောက်ရွံ့မှု၊ သင်္ကာမကင်း ဖြစ်မှုများ ပေါ်ပေါက်နေရာ ပြည်သူလူထုသည် ခံစားချက်ကို ဖုံးကွယ်၍ ဆိတ်ဆိတ် နေတတ်လာပါသည်။ တချိန်တည်းမှာပင် ၎င်းတို့အား "ထမင်းစားသော စက်ရုပ်" အဆင့်မှ မိမိတို့ အခွင့်အရေးများကို ပြည့်ဝစွာ ခံစားပိုင်ခွင့် ရှိ၍ ခေါင်းထောင်လာနိုင်ကာ လွတ်လပ်စွာ တွေးခေါ်ပြောဆိုနိုင်သော လူသားအဆင့်သို့ တိုးမြှင့်ပေးမည့်စနစ်ကို တောင့်တသည့် ဆန္ဒများမှာလည်း အစဉ်တစိုက် ကြီးထားလျက် ရှိပါသည်။
မြန်မာပြည်၏ ဒီမိုကရေစီတိုက်ပွဲသည် ကနဦးကပင် အန္တရာယ်များလှပါသည်။ မိမိတို့ ပိုင်ဆိုင်သမျှကို ဖြစ်သည့်နည်းဖြင့် ဆက်လက်ကိုင်ထားမည်ဟု သန္ဓိဌာန် ချထားသော အခွင့်ထူးခံ လူနည်းစု၏ လက်တွင်း၌ ကြာရှည်စွာ တည်ရှိခဲ့သော အခွင့်အရေးနှင့် အာဏာကို မှန်ကန်တရားမျှတစွာ ခွဲဝေရန် ကြိုးစားသော လှုပ်ရှားမှုသည် ကာလကြာရှည်၍ ခက်ခဲနိုင်ပါသည်။ မျှော်လင့်စိတ်နှင့် အကောင်းဘက်မှချည်း မြင်လိုစိတ်တို့ကို ချုပ်တည်း၍ မရသော်လည်း ပြောင်းလဲမှုကို ဆန့်ကျင်သူတို့သည် ရက်စက်ယုတ်မာစါာ လုပ်ဖွယ်ရာရှိသည်ဟု တင်ကြိုသတိပြုမိကြပါသည်။ ဤမျှ ဖိနှိပ်ချုပ်ချယ်သော အစိုးရက ဒီမိုကရေစီ တကယ်ပေးမည်လားဟု စိုးရိမ်ကြောင့်ကြစွာ မကြာခဏ မေးခွန်းထုတ်ကြပါသည်။
အဖြေသည်ကား အခြားသော လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေး၊ တရားမျှတရေး၊ လွတ်လပ်ရေးများကဲ့သို့ပင် ဒီမိုကရေစီကို ပေးသည်ဟူ၍ မရှိတတ်၊ စွမ်းရည်သတ္တိ ကြံ့ခိုင်မှု၊ အနစ်နာခံမှုတို့ဖြင့် ရင်း၍ ရယူရမည် ဖြစ်ပါသည်။
အပိုင်း (၄) သို့
Saturday, August 11, 2007
ဒီမိုကရေစီရှာပုံတော် (၃)
Posted by freeburma at 2:06 PM
Labels: In Quest of Democracy
Subscribe to:
Post Comments (Atom)
No comments:
Post a Comment