Saturday, August 04, 2007

ဒီမိုကရေစီရှာပုံတော် (၁)


ဒေါ်အောင်ဆန်းစုကြည် ရေးသားသော ကြောက်ရွံ့ခြင်းမှလွတ်ကင်းရေးစာစုမှ ကောက်နှုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ လှုပ်ရှားမှုကို ဆန့်ကျင်ကြသူများက ယင်းလှုပ်ရှားမှုကို ပျက်ပြားစေရန် အလို့ငှာ တိုင်းပြည်အတွက် မည်သည့်အရာက အကောင်းဆုံး ဖြစ်သည်ကို ပြည်သူလူထု အနေဖြင့် သိရှိနိုင်စွမ်း မရှိဟူ၍၎င်း၊ ဒီမိုကရေစီ အခြေခံ သဘောတရား တို့သည် မြန်မာမဆန်ဟူ၍၎င်း ပြောဆိုနေကြပါသည်။ တတိယကမ္ဘာမှ အစိုးရတို့သည် အာဏာရှင်စနစ်ကို မှန်ကန်ကြောင်း ပြဆို၍ ဆက်လက် တည်မြဲစေရန် ကြိုးပမ်းရာတွင် သဘောထား ပြည့်ဝသော ဒီမိုကရေစီ မူသဘောတို့သည် နိုင်ငံခြားနှင့်သာ ဆိုင်သည်ဟုဆို၍ ပယ်ချကြသည်မှာ အသစ်အဆန်း မဟုတ်ပါ။ တိုင်းရင်းသား ယဉ်ကျေးမှု၊ ဓလေ့ ထုံးတမ်းစဉ်လာ စံသတ်မှတ်ချက်များနှင့် မည်သည့်အရာက ကိုက်ညီသည်၊ မကိုက်ညီသည်ကို ၎င်းတို့သည်သာလျှင် တရားဝင် ဆုံးဖြတ်ပိုင်ခွင့် ရှိသည်ဟု သွယ်ဝိုက်သော နည်းဖြင့် ပြောဆိုနေကြခြင်း ဖြစ်ပါသည်။ အစိုးရ၏ အာဏာကို စုစည်းခိုင်မာအောင် ပြုလုပ်ရန် ရည်ရွယ်သည့် ဤသို့သော လုပ်ရိုးလုပ်စဉ် ၀ါဒဖြန့်မှုများကို နိုင်ငံရေး သိပ္ပံပညာရှင်များ၊ ဥပဒေ ပညာကျော်များနှင့် လူမှုရေး ပညာရှင်များက ခွဲခြမ်းစိတ်ဖြာ လေ့လာဆန်းစစ်၍ မမှန်ကန်ကြောင်း သက်သေပြခဲ့ပြီး ဖြစ်ပါသည်။

သို့သော်လည်း ပြင်ပကမ္ဘာ၏ နိုင်ငံရေး၊ အသိဥာဏ် တိုးတက်မှုတို့နှင့် နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့ရသော မြန်မာပြည်၌မူ ပြည်သူလူထုကို နိုင်ငံရေး တာဝန်ပေးရန် မသင့်လျော်ဟူ၍၎င်း၊ ဒီမိုကရေစီနှင့် မသင့်လျော်ဟူ၍၎င်း၊ ပြောဆိုလာခဲ့သော ယုံတမ်းစကား နှစ်ရပ်ကို ချေဖျက်ရာတွင် ပြည်သူတို့သည် မိမိကိုယ်ကိုသာ မိမိ အားကိုးကြရပါသည်။ ဒီမိုကရေစီ လှုပ်ရှားမှု မြန်မာတပြည်လုံးသို့ ပျံ့နှံ့သွားသည်နှင့် တပြိုင်နက် ဒီမိုကရေစီဟူသော စကားလုံး၏ အဓိပ္ပာယ်၊ သမိုင်းကြောင်းနှင့် လက်တွေ့ သဘောတရားတို့ကို အပြင်းအထန် စိတ်ဝင်စားလာကြပါသည်။

အမြင်ကျဉ်းမြောင်းသော အာဏာရှင်စနစ်အောက်တွင် အဓိပ္ပာယ်တိမ်၍ အနှစ်သာရ ကင်းမဲ့သော တရားသေ၀ါဒကို နှစ်ပေါင်း (၂၅) နှစ်ကျော် အာဟာရအဖြစ် ခွံ့ကျွေးခြင်း ခံကြရသော်လည်း မြန်မာပြည်သားတို့၏ နိုင်ငံရေး နိုးကြားမှုသည်၎င်း၊ စိတ်ကူး စိတ်သန်း တို့သည်၎င်း၊ တုံးမသွားပါ။ ပြည်သူတို့၏ စိစစ်ဝေဖန် နှီးနှောလိုစိတ်၊ ငြင်းခုန်ဆွေးနွေးလိုစိတ်၊ မတည်းဖြတ်သော သတင်း အချက်အလက်များကို သိရှိလိုစိတ်နှင့် ယထာဘူတကျစွာ ခွဲခြမ်းစိတ်ဖြာ လေ့လာလိုစိတ် စသည့် စိတ်ဓာတ်တို့သည် တုံးမသွားဘဲ ပို၍ပင် ထက်မြက်လာသည်ဟု မှတ်ထင်ရပါသည်။ ဒီမိုကရေစီ စနစ်နှင့် ပတ်သက်သော အတွေ့အကြုံဟူ၍ ပြည်သူတို့တွင် မရှိသလောက်ပင် ဖြစ်သော်လည်း ယဉ်ကျေးသော လူ့အဖွဲ့အစည်းတွင် ဒီမိုကရေစီ ရှိထိုက်သည်ဟု ၎င်းတို့၏ လက်တွေ့ ဘ၀ပေး အသိဥာဏ်အရ ယုံကြည်လာကြပါသည်။ ထို့အပြင် ခေတ်သစ် နိုင်ငံရေး အယူအဆ စနစ်များနှင့် ဆိုင်သော ဂန္တ၀င်သီအိုရီ သဘောတရားတို့ကို စိတ်ပါဝင်စားစွာ လေ့လာလိုစိတ်များ ထက်သန်လာသည် သာမကပဲ ဒီမိုကရေစီ သဘောအား လူမှုစနစ်တရပ် အနေဖြင့် တွေးတော ဆင်ခြင်မှုများ နိုင်ငံအနှံ့အပြားတွင် ပေါ်ထွက်လာပါသည်။ ပြည်သူ့ကိုယ်စားလှယ်များသာ ပါဝင်သော အစိုးရစနစ်၊ လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေး စသည့် အခြေခံ အယူအဆများကိုလည်း မိမိတို့ အလိုအလျောက် အနက်အဓိပ္ပာယ် ဖော်၍ ဆွေးနွေး လာကြပါသည်။ ဒီမိုကရေစီ စည်းမျဉ်းများ၊ အဖွဲ့အစည်းများက အာမခံမည့် လွတ်လပ်မှုနှင့် ခံစားခွင့်များကို စိတ်အားထက်သန်စွာ ဆင်ခြင်တွေးတော လာကြပါသည်။ တည်မြဲသော ဒီမိုကရေစီစနစ်ကို ထိန်းသိမ်းရန် တာဝန်ယူရမည့် ပုဂ္ဂိုလ်တို့၏ ၀တ္တရားသည်လည်း အတွေးနယ်ချဲ့စေရန် လှုံ့ဆော်ပေးသော အကြောင်းအရာပင် ဖြစ်ပါသည်။ ဆိုးသွမ်းသော အစိုးရ၏ဒဏ်ကို ဆိုးဝါးစွာခံခဲ့ရသော ပြည်သူလူထုသည် ကောင်းမွန်သော အစိုးရနှင့်ဆိုင်သော သီအိုရီ အယူအဆများကို အထူး အာရုံစိုက်နေသည်မှာ သဘာဝပင်ဖြစ်ပါသည်။

ဓလေ့ ထုံးတမ်းစဉ်လာအရ သွန်သင်ဆုံးမသည့် အခန်းကဏ္ဍမှ ပါဝင်သော ဗုဒ္ဓဘာသာ ရဟန်း သံဃာတော်တို့ကလည်း ဗုဒ္ဓ၀င် စာပေများကို ကိုးကား၍ ကာလဒေသမရွေး ပြောင်းလဲခြင်းမရှိနိုင်သော တန်ဖိုးထားမှုများကို ရှင်းလင်းပြသကာ အများပြည်သူ၏ မျှော်လင့်ချက်များကို ထုတ်ဖော် ပြောဆိုရာ၌ ဦးဆောင်လမ်းပြ လုပ်ကြပါသည်။ သို့သော်လည်း ရှေးထုံးစဉ်လာ ပညာဗဟုသုတကို မျက်မှောက်ခေတ် လိုအပ်ချက်များနှင့် ဆီလျော်ရလေအောင် သတိရှိစွာကြိုးပမ်းရာ၌ အထူး သီးသန့် အသိုင်းအ၀ိုင်းတွင်သာ မဟုတ်ဘဲ မြို့နေ ပညာတတ်နှင့် ဈေးသည်ကလေးများမှ စ၍ ကျေးလက်ဒေသက တက်ကြွသော အဖွားအိုများအထိ မြန်မာ့လူ့အဖွဲ့အစည်း တရပ်လုံးတွင် ကြိုးစားအားထုတ် နေခြင်းပင် ဖြစ်ပါသည်။ မြန်မာပြည်တွင် သဘာဝသယံဇာတ ပစ္စည်းများနှင့် လူအင်အားရှိပါလျက် အရှေ့တောင်အာရှတွင် စွမ်းရည်အရှိဆုံးနှင့် တိုးတက်မှုအမြန်ဆုံး နိုင်ငံတနိုင်ငံ ဖြစ်လာရမည်ဟူသော အစောပိုင်းက ထားရှိခဲ့သည့် ကတိအတိုင်း ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည်မှာ အဘယ်ကြောင့်နည်း။ အပြည်ပြည်ဆိုင်ရာ ပညာရှင်များက သမိုင်း၊ ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် စီးပွားရေး အကြောင်းအချက်များကို သေချာစွာ ခွဲခြမ်းစိတ်ဖြာ လေ့လာ၍ အသေးစိတ် အဖြေများကို ပေးထားပြီးဖြစ်ပါသည်။

မြန်မာပြည်သားတို့ကမူ ယင်းသို့သော ခေတ်မီ ပညာရပ်ဆိုင်ရာ အချက်အလက်များကို မရနိုင်သောကြောင့် တိုင်းပြည် ဆုတ်ယုတ်ပျက်စီး ယိုယွင်းရခြင်း အကြောင်း၏ အဓိကအချက်ကို ရှာဖွေလေ့လာရာတွင် ဗုဒ္ဓဘုရား၏ ဆုံးမသြ၀ါဒများကိုသာ အားကိုးအားထား ပြုကြရာ အကြောင်းအရင်း လေးခုကို တွေ့ရပေသည်။ "ပျောက်လျှင်မရှာ၊ ပျက်တာမပြင်၊ ဆင်ခြင်မသုံး၊ အဖြုန်းဟော့ရမ်း၊ လူ့ပေါက်ပန်းကို ရှေ့တန်းမှာတင်၊ ဤလေးအင် - မှန်ပင်ပျက်စီးကြောင်း။" (အင်္ဂုတ္တရ နိကာယ စတုတ္ထ နိပါက ပါဠိတော်။)

မျက်မှောက်ခေတ် အခြေအနေအရ အဓိပ္ပာယ် ဖွင့်ဆိုရမည်ဆိုပါက စစ်အာဏာရှင် စနစ်ကြောင့် ပျောက်ဆုံးသွားရသော ဒီမိုကရေစီ အခွင့်အရေးများကို ပြန်လည်ရရှိရန်အတွက် ကြိုးပမ်းမှု အလုံအလောက်မရှိခြင်း၊ ကိုယ်ကျင့်တရားနှင့် နိုင်ငံရေးဆိုင်ရာ တန်ဖိုးထားမှုများ ယိုယွင်းပျက်စီး လာသည်ကို အပြင်းအထန် ကြိုးစားဟန့်တားမှု မပြုလုပ်ခြင်း၊ စီးပွားရေးကို ဆိုးဝါးစွာ ကြီးကြပ်ကွပ်ကဲခြင်းနှင့် တိုင်းပြည်ကို ပညာအမြော်အမြင်လည်းမရှိ သမာဓိလည်းမရှိသူတို့က အုပ်ချုပ်ခြင်းစသည့်အကြောင်း များပင် ဖြစ်ပါသည်။ ၁၉၆၂ ခုနှစ်မှ စ၍ မြန်မာနိုင်ငံ ယိုယွင်းပျက်စီးလာရသည့် အဓိက အကြောင်းရင်းများကို ရှာဖွေရာတွင် အကျွမ်းကျင်ဆုံး ပညာရှင်က နောက်ဆုံးပေါ် ခေတ်မီ အကောင်းဆုံး သုတေသန နည်းစနစ်များကို သုံး၍ သေချာပြည့်စုံအောင် လေ့လာထားချက်သည်ပင်လျှင် ထိုထက်ပို၍ မှန်ကန်တိကျ ပြတ်သားစွာ ဖော်ပြနိုင်မည် မဟုတ်ပါ။

တပါတီ ဆိုရှယ်လစ် အာဏာရှင် စနစ်အောက်တွင် ချမှတ်သော အစိုးရလမ်းစဉ်များသည် တကယ့် လိုအပ်ချက်များနှင့် ဆီလျော်ခြင်း မရှိ၍ မြန်မာပြည်၌ စီးပွားရေးနှင့် အုပ်ချုပ်ရေး မသေချာ မရေရာမှုများ ဖြစ်ပေါ်လာသဖြင့် နေ့စဉ်ဘ၀ ရပ်တည်ရေးအတွက် လာဘ်ပေးလာဘ်ယူမှုနှင့် စည်းကမ်းဥပဒေ တိမ်းရှောင်မှုများကို မလွဲမသွေ ကျူးလွန်လာကြရပါသည်။ သို့သော်လည်း နှစ်ပေါင်း ကြာမြင့်စွာ ကိုယ်ကျင့်တရား ပျက်ပြားမှုနှင့် စီးပွားရေး ကျဆင်းမှုများ ဖြစ်ပွားနေသည့်ကြားမှ ပြည်သူလူထုနှင့် ခေါင်းဆောင်ပိုင်းတို့ ပူးပေါင်း၍ မူကို အခြေခံပြီး ကြိုးစားလုပ်ကိုင်ပါက ကြီးပွားရေးနှင့် လုံခြုံရေးတို့ကို အောင်မြင်စွာ ရရှိနိုင်မည်ဟူသော စိတ်ကူးအမြင်သည် မြန်မာပြည်တွင် ရှင်သန်လျက် ကျန်ရှိနေပါသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှုသည် ယင်းစိတ်ကူးအမြင်ကို အကောင်အထည် ဖော်နိုင်မည့် မျှော်လင့်ချက်ကို ပေါ်ပေါက်စေပါသည်။ အခြေခံ အကျဆုံးနှင့် ချက်ချင်း လုပ်ဆောင်ရမည့် အဆင့်တွင် သဘောထား ပြည့်ဝသော ဒီမိုကရေစီစနစ် ဟူသည်မှာ အဖွဲ့အစည်းတရပ် အနေဖြင့် ဆိုပါက တရားမျှတ၍ လွတ်လပ်သော ရွေးကောက်ပွဲ စနစ်အရ ရွေးကောက် တင်မြှောက်ထားသော ကိုယ်စားလှယ်များက ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ဖွဲ့စည်းထားသော အစိုးရပင် ဖြစ်ပါသည်။ မြန်မာပြည်သားတို့သည် ၎င်းတို့၏ ခေါင်းဆောင်များအား ၎င်းတို့ဖာသာ ရွေးချယ်ပိုင်ခွင့်ကို တာဝန်ရှိစွာ ကျင့်သုံးခြင်းအားဖြင့် ဆုတ်ယုတ်ကျဆင်းသည့် ဖြစ်စဉ်ကို ထိရောက်စွာ စတင်တွန်းလှန်နိုင်မည်ဟု မျှော်လင့်နေကြပါသည်။ မြန်မာပြည်သားတို့သည် အစိုးရနှင့်ပတ်သက်သော ထုံးတမ်းစဉ်လာ သီအိုရီ အယူအဆများကို ဆန်းစစ်၍ ဒီမိုကရေစီသည် ၎င်းတို့၏ ယဉ်ကျေးမှုဆိုင်ရာ စံသတ်မှတ်ချက်များနှင့် မသင့်လျော်ဟူသော ၀ါဒဖြန့်ချက်ကို တန်ပြန်ဆန့်ကျင်ကြပါသည်။

ဗုဒ္ဓဘာသာ ကမ္ဘာ့သမိုင်းအမြင်အရ လူ့အဖွဲ့အစည်းသည် စင်ကြယ်သော မူလအစ အခြေအနေမှ ဆုတ်ယုတ် ကျဆင်းလာပြီး ကိုယ်ကျင့်တရားနှင့် လူမှုရေး ပျက်ပြားမှုများကို ကြုံတွေ့လာရသော အခါ၌ တရားမျှတရေးနှင့် ငြိမ်းချမ်းရေုးကို ပြန်လည် ရရှိရန်အတွက် အစိုးရမင်းကို ရွေးကောက်တင်မြှောက်လိုက်ခြင်း ဖြစ်ပါသည်။ အုပ်ချုပ်မင်းလုပ်သူသည် ဘွဲ့အမည် သုံးမျိုးဖြင့် ထင်ရှားပါသည်။ မဟာသမ္မတဟု အမည်ရခြင်းမှာ တိုင်းသူပြည်သား အားလုံး၏ သဘောတူညီချက်အရ တင်မြှောက်ခြင်း ခံရ၍ ဖြစ်ပါသည်။ ခတ္တိယဟု အမည်ရခြင်းမှာ လယ်မြေတို့ကို စိုးမိုးပိုင်ဆိုင်၍ ဖြစ်ပါသည်။ ရာဇာဟု အမည်ရခြင်းမှာ သီလတရား စောင့်ထိန်းခြင်းဖြင့် ပြည်သူ့မေတ္တာကို ရယူထား၍ ဖြစ်ပါသည်။ ပထမဆုံးသော မင်းက ၎င်းရယူသည့် ဆန်စပါး ဝေစုဝေပုံအတွက် ဖြောင့်မတ်စွာ အုပ်ချုပ်မည်ဟု တာဝန်ယူသော သဘောတူချက်သည် လူသားအချင်းချင်း အပြန်အလှန် သဘောတူညီမှု ရယူ၍ တည်ထောင်သော အစိုးရ၊ တနည်းအားဖြင့် လူမှုပဋိညာဉ်အရ တည်ထောင်ဖွဲ့စည်းသော အစိုးရစနစ်ကို ဗုဒ္ဓဘာသာအမြင်ဖြင့် ပြသခြင်းပင် ဖြစ်ပါသည်။ မဟာသမ္မတသည် အိန္ဒိယမှ အခြေခံလာသော အရှေ့တောင်အာရှ ဘုရင်စနစ်ပုံစံပင် ဖြစ်ပါသည်။ ဤပုံစံသည် ဘုရင်စနစ်အား ပုဂ္ဂလိက ကိုယ်ပိုင်အဖြစ်သို့ ရောက်အောင် အားပေးရာရောက်သဖြင့် ခေတ်သစ် နိုင်ငံတော်ဆိုင်ရာ အယူအဆနှင့် ဆန့်ကျင်ဘက် ဖြစ်သည်ဟု ဝေဖန်ကြပါသည်။ အနောက်တိုင်း အယူအဆတွင် ဘုရင်ဟူသည် "သဘာဝခန္ဓာ" "နိုင်ငံတော်ခန္ဓာ" ဟူ၍ ခန္ဓာနှစ်ပါးဖြစ်လေရာ တမင်းလွန်၍ နောက်တမင်း ချောမောစွာ ဆက်ခံသည့်စနစ်ကို အားပေးပါသည်။ သို့သော်လည်း မဟာသမ္မတမင်းအား အများပြည်သူ၏ သဘောဖြင့် ရွေးချယ်ခြင်း ဖြစ်ပြီး ၎င်းသည် တရားမျှတသော ဥပဒေများနှင့်အညီ အုပ်ချုပ်ရန်လိုအပ်သောကြောင့် ရွေးကောက်တင်မြှောက်၍ ဥပဒေနှင့်အညီ အုပ်ချုပ်ရသော အစိုးရဟူသည့် အယူအဆသည် မြန်မာ့ ထုံးတမ်းစဉ်လာ အတွေးအခေါ်နှင့် ခြားနားခြင်းမရှိပါ။

အပိုင်း (၂) သို့

No comments: