Wednesday, August 01, 2007

၈၈၈၈ တုန်းက ကျနော်


၁၉၈၀ ၀န်းကျင်ခန့်တွင် မွေးဖွားခဲ့သော ကျနော်သည် ၈၈၈၈ အရေးတော်ပုံကာလတွင် နယ်မြို့လေးတမြို့တွင် နေထိုင်လျက်ရှိရာ တစ်ရက်တွင် (ထိုနေ့သည် ၈.၈.၈၈ ဖြစ်မည်ထင်ပါသည်။) အိမ်ရှေ့လမ်းမတလျောက် ကြွေးကြော်သံများဖြင့် လူတန်းရှည်ကြီး ချီတက်လာသည်ကို တွေ့လိုက်ရပါသည်။

"ဒီမိုကရေစီရရှိရေး တို့အရေး တို့အရေး"


လူတန်းရှည်ကြီးကား မျှော်မဆုံးနိုင်ပေ။ အိမ်ရှေ့တွင်ကား တမိသားစုလုံး ရပ်ကြည့်နေကြသည်။ အဖေကား ကျေနပ်သော အကြည့်တို့ဖြင့် လက်ခုပ်တီးကာ အားပေးထောက်ခံနေသည်။ ကျနော်ကတော့ နားမလည်ပါ။ ဘာလဲ ဒီမိုကရေစီ ……… ။ လူတွေ တမြို့လုံးနီးပါးကို လမ်းပေါ်ပြည့်လျှံလောက်အောင် ထွက်လာပြီး တောင်းဆိုနေတဲ့ ဒီမိုကရေစီ ……….။ ကျနော်ရဲ့ အားကိုးရာ အဖေပါ အားပေးထောက်ခံနေတဲ့ ဒီမိုကရေစီ ………..။

ရက်တွေ တရက်ပြီးတရက် ပြီးတော့ တရက်မှာတော့ ပစ်ကုန်ပြီတဲ့။ ကျနော့်အမတို့ရဲ့ ကျောင်းအုပ်ဆရာကြီး အပစ်ခံရလို့ သေပြီတဲ့။ အမတို့ ငိုနေတော့ ကျနော်လည်း စိတ်မကောင်းဘူး။ ဘာလဲ ဒီမိုကရေစီ ………. ။ ဘာဖြစ်လို့ အသက် အသေ ခံရလောက်အောင် လိုချင်နေရတာလဲ။ ဘာဖြစ်လို့ လူတွေသေရလောက်အောင်၊ လူတွေကို ပစ်ခတ်သတ်ဖြတ်ရဲလောက်အောင် ဒီမိုကရေစီကို ဟန့်တားချင်ရတာလဲ။

"အဖေ …. ဒီမိုကရေစီဆိုတာဘာလဲ။ ဘာဖြစ်လို့ ဒီ .. ဒီမိုကရေစီအတွက် လူတွေ သေရတာလဲ။ အသတ်ခံရတာလဲ။"

"ဒီမိုကရေစီရရင် အဖေတို့ သားတို့ နေတဲ့ ဒီတိုင်းပြည်ကြီးဟာ ပိုပြီးဖွံ့ဖြိုးတိုးတက်လာမှာပေါ့။ ဒီထက် အဆင့်အတန်းမြင့်မြင့် နေနိုင်မှာပေါ့ သားရယ် …."

"အဖေရယ် အဖေတို့ တိုင်းပြည်ပိုကောင်းဖို့လုပ်တာကလည်း လူတွေတရုံးရုံးသေနေကြပါလား။ လူတွေ ဒီလောက်သေပြီးမှ ဒီမိုကရေစီရမယ် ဆိုရင် ကျနော်ကတော့ မလိုချင်ပါဘူး"

ရန်ကုန်မှာ ခေါင်းဖြတ်ပြီး သတ်ဖြတ်ရမ်းကားနေပြီတဲ့
တပ်မတော်က အခြေအနေအရပ်ရပ်ကို ဒီထက်ပိုမဆိုးသွားအောင်၊ တိုင်းပြည် ချောက်ထဲမကျအောင် ကယ်တင်လိုက်ပြီတဲ့။
သတင်းစာကို ဖတ်တော့ တွေ့လိုက်ရတာကတော့ တပ်မတော်ရဲ့မွန်မြတ်သောဆန္ဒ ………..

"နိုင်ငံတော် အချုပ်အခြာအာဏာကို မလွှဲမရှောင်သာ၍ တာဝန်ယူဆောင်ရွက်ခဲ့သည့်တိုင် နိုင်ငံတော်အာဏာကို မူလပိုင်ရှင် ဖြစ်သော ပြည်သူများလက်ဝယ်သို့ ဒီမိုကရေစီနည်းလမ်းနှင့်အညီ မြန်နိုင်သမျှ မြန်မြန် ပြန်လည်အပ်နှင်းချင်သည်။"

"အဖေ ….. တပ်မတော်က တိုင်းပြည်ကို ကယ်တင်လိုက်တာပေါ့နော် ……. "

အဖေ .. ကျနော့်ကို ကြည့်ပြီး ပြုံးတဲ့ အပြုံးကို အဲဒီတုန်းက ကျနော်နားမလည်ခဲ့ပါ။

No comments: