Wednesday, August 22, 2007

ဒီမိုကရေစီရှာပုံတော် (၄)


တော်လှန်ရေးဆိုသည်မှာ အစိုးရလမ်းစဉ်များ သို့မဟုတ် လူမှုရေး လျစ်လျူရှုမှုများကြောင့် ရပ်တန့်နေရသည့် လိုအပ်သော ပြောင်းလဲမှု များကို အကောင်အထည်ဖော်ရန် မျိုသိပ်မထားနိုင်အောင် နှိုးဆွတိုက်တွန်းသော စိတ်ဓာတ်ကို ယေဘုယျအားဖြင့် ရောင်ပြန်ဟပ်ခြင်းပင် ဖြစ်ပါသည်။ ဤသို့သော ပြောင်းလဲမှုများကို အကြမ်းမဖက်ဘဲ ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ရန် ဒီမိုကရေစီ အဖွဲ့အစည်းများနှင့် လုပ်ထုံးလုပ်နည်းများတွင် နည်းလမ်းများ ပေးထားပါသည်။ သို့သော်လည်း တင်းကြပ်သော လမ်းစဉ်များမှ သွေဖီမှု မှန်သမျှကို ခွင့်မပြုသော အာဏာရှင်စနစ်သည် ပြောင်းလဲမှုကို ရွံ့မုန်းပါသည်။ သဘောထား ကွဲလွဲပိုင်ခွင့်ကို၎င်း၊ သဘောထားကွဲလွဲမှုကို ငြိမ်းချမ်းစွာ ဖြေရှင်းရမည့် တာဝန်ကို၎င်း၊ ဒီမိုကရေစီက အသိအမှတ် ပြုထားပါသည်။

အာဏာရှင်အစိုးရတို့ကမူ ၎င်းတို့၏ ၀ါဒသဘောတရားနှင့် လုပ်ရပ်များအား ဝေဖန်သည်ကို တိုက်ပွဲဝင်ရန် စိန်ခေါ်နေခြင်း ဖြစ်သည်ဟု ယူဆကြပါသည်။ အတိုက်အခံလုပ်ခြင်းမှာ ထိပ်တိုက်ရင်ဆိုင်တွေ့မှုကို လိုလားခြင်းသာ ဖြစ်သည်ဟု မြင်၍ ရင်ဆိုင်တွေ့မှုကို အကြမ်းဖက်သော ပဋိပက္ခဟု အဓိပ္ပာယ် ဖွင့်ဆိုထားကြပါသည်။ စစ်မှန်သော ဆွေးနွေးမှုဖြင့် ဖြေရှင်းနိုင်ရန် ဦးတည်၍ အဓိက သဘောထား ကွဲလွဲချက်များကို ပွင့်လင်းစွာ အပြန်အလှန် စေ့စပ်ခြင်းသည် ရင်ဆိုင်တွေ့မှုပင် ဖြစ်သည်ဟူသော သဘောကို ချုပ်ချယ်လိုစိတ် ရှိသူတို့က နားမလည်နိုင်ကြပါ။ အတင်းအဓမ္မ လုပ်ခိုင်းသည့်စနစ်အပေါ်တွင် တည်ဆောက်ထားသော အာဏာဟူသည်မှာ မလုံခြုံ မခိုင်မြဲသောကြောင့် သဘောထား ကွဲလွဲသူအားလုံးကို ချေမှုန်းရန် လိုအပ်သောအဖြစ်သို့ ရောက်ရှိသွားရပါသည်။

ပြည့်ဝသော ဒီမိုကရေစီ ဘောင်အတွင်း၌မူ ဆန့်ကျင်ကန့်ကွက်မှု၊ သဘောထားကွဲလွဲမှု စသည်တို့သည် အပြောင်းအလဲ မလိုလားသောဝါဒ ရှေးဟောင်းအယူအဆ စသည်တို့နှင့် အကျိုးရှိစွာ ယှဉ်တွဲ၍ ရှင်သန်နိုင်ပါသည်။ ဤကဲ့သို့ အတူရှင်သန်နိုင်ရန် ဥပဒေ၊ စည်းကမ်းရိုသေလေးစားမှုနှင့် ပုဂ္ဂလိက အခွင့်အရေး လေးစားမှုတို့ကို မျှတအောင် လုပ်ပေးရသည့် လိုအပ်ချက်ကို ယေဘုယျအားဖြင့် အသိအမှတ်ပြုရမည် ဖြစ်ပါသည်။

"ငြိမ်ဝပ်ပိပြားရေး" ဟူသော စကားကို ဖိနှိပ်ချုပ်ချယ်ရာတွင် ဆင်ခြေပေးသည့်အနေဖြင့် မကြာခဏ အလွဲသုံးစား လုပ်ကြသဖြင့် အာဏာရှင်စနစ် ကြီးစိုးသော နိုင်ငံများတွင် ဤစကားအသုံးအနှုန်းကို မယုံသင်္ကာ ဖြစ်လာကြပါသည်။ ထင်ရှားသော မြန်မာစာရေးဆရာကြီး တစ်ဦးသည် လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က "ငြိမ်ဝပ်ပိပြားရေး" နှင့် ပတ်သက်သော ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ပါသည်။ စကားတလုံးချင်း ခွဲခြမ်းစိတ်ဖြာ ကြည့်သောအခါတွင် ငြိမ်နေရမည်၊ ၀ပ်တွားနေရမည်၊ ပိစေရမည်၊ ပြားစေရမည်ဟု အဓိပ္ပာယ်ရသဖြင့် နိုးကြားတက်ကြွ တိုးတက်သော နိုင်ငံသားတို့ ပေါ်ပေါက်လာခြင်းကို ဟန့်တားသည့် မလိုလားအပ်သော အခြေအနေ ဖြစ်လာစေမည်ဟု မှတ်ချက်ချခဲ့ပါသည်။

"ဥပဒေ" ဟူသည် တရားမျှတမှုနှင့် ထပ်တူထပ်မျှဖြစ်ပြီး တရားမျှတမှု ရှိခြင်းကြောင့် ပြည်သူပြည်သားများ ကျေကျေနပ်နပ်နှင့် ငြိမ်သက်နေကြသော "ငြိမ်ဝပ်ပိပြားမှု" မျိုးသာလျှင် မွန်မြတ်ပါသည်။ ဥပဒေကို အစိုးရ၏ ဖိနှိပ်ချုပ်ချယ်သော ကိရိယာအဖြစ် အသုံးပြုခြင်းသည် အာဏာရှင်စနစ်၏ အများသိကြန်အင် လက္ခဏာတရပ်ပင် ဖြစ်ပါသည်။ ဥပဒေ လုပ်ထုံးလုပ်နည်းအတိုင်း ဖြစ်စေရန် အာမခံပေးမည့် အများသဘောတူ ရွေးချယ်တင်မြှောက်ထားသည့် ဥပဒေပြုလွှတ်တော်နှင့် သီးခြားလွတ်လပ်သော တရားစီရင်ရေးမဏ္ဍိုင် မရှိပါက အာဏာပိုင်တို့သည် ၎င်းတို့ထင်သလို ထုတ်ပြန်ထား၍ လက်ခံနိုင်လောက်သော တရားမျှတမှု စံသတ်မှတ်ချက် အားလုံးနှင့် ပြောင်ပြောင်ကြီး ဆန့်ကျင်သည့် အမိန့်များကို "ဥပဒေ" သဘောဖြင့် ကျင့်သုံးနိုင်ပါသည်။ တိုင်းနိုင်ငံ တနိုင်ငံတွင် အာဏာရှိသူများ အဆင်ပြေစေရန် ဥပဒေသစ်များကို ပြဋ္ဌာန်းနိုင်ပါက၎င်း၊ ဥပဒေဟောင်းများကို ပြောင်းလဲနိုင်ပါက ၎င်း၊ နိုင်ငံသူနိုင်ငံသားများ လုံခြုံမှု ရရှိနိုင်မည် မဟုတ်ပါ။

ဤအချက်ကို ရှေးထုံးတမ်းစဉ်လာအရ အသိအမှတ်ပြုထားခြင်း ဖြစ်ကြောင်းကို အပရိဟာနိယတရားများက ထင်ရှားစေပါသည်။ ၎င်းတရားတပါးအရ အညီအညွတ် ပညတ်ထားသော ဥပဒေများကို အလွယ်တကူ ပယ်ဖျက်ခြင်း၊ အညီအညွတ် ပညတ်ထားခြင်း မရှိသော ဥပဒေများကို အလွယ်တကူ ပြဋ္ဌာန်းခြင်းတို့မှ ရှောင်ကြဉ်ရမည် ဖြစ်ပါသည်။

ဗုဒ္ဓဘာသာ အယူအဆတွင် ဥပဒေသည် တရားဓမ္မအပေါ်တွင် အခြေခံပါသည်။ အကာအကွယ်ကင်းမဲ့သော ပြည်သူလူထု အပေါ်တွင် ကြမ်းတမ်းခက်ထန် တင်းမာသော စည်းမျဉ်းများ ပြဋ္ဌာန်းနိုင်သော အာဏာအပေါ်တွင် အခြေခံခြင်း မဟုတ်ပါ။ စနစ်တခု၏ တရားမျှတမှုကို မှန်ကန်စွာ တိုင်းတာရာတွင် အင်အားအနည်းဆုံးဖြစ်သူတို့အား ကာကွယ်ရန် မည်မျှ အာမခံ ထားသည်ကို ကြည့်၍ တိုင်းတာရမည် ဖြစ်ပါသည်။

တရားမျှတမှုမရှိသော နေရာဒေသတွင် စိတ်ချရသော ငြိမ်းချမ်းမှုလည်း မရှိနိုင်ပါ။ အာဏာရှင်စနစ်နှင့် ဖိနှိပ်ချုပ်ချယ်မှုများကို နောက်ဆုံး မခံနိုင်တော့သည့် အဆုံးတွင် အားကိုးစရာဟူ၍ သူပုန်ထရန်သာ ရှိတော့သည့်အဖြစ်အထိ ရောက်မလာစေရန်အတွက် လူ့အခွင့်အရေးများကို တရားဥပဒေစိုးမိုးမှုဖြင့် ကာကွယ်ထားရမည်ဟု ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းက အသိအမှတ် ပြုထားပါသည်။ ငြိမ်းချမ်းရေးဟူသည်မှာ အတိုက်အခံအားလုံး နှုတ်ဆိတ်နေခြင်း ဖြစ်သည်ဟူ၍၎င်း၊ လုံခြုံရေးဟူသည်မှာ မိမိတို့ အာဏာ တည်မြဲရေးကို သေချာအောင် ပြုလုပ်ခြင်း ဖြစ်သည်ဟူ၍၎င်း အဓိပ္ပာယ်ကောက်ယူကြသော သဘောထားကျဉ်းမြောင်းသူ တို့ကသာလျှင် လူ့အခွင့်အရေးသည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့၏ လိုအပ်သော အခြေခံဖြစ်သည်ဟူသော အချက်ကို ငြင်းဆိုကြမည် ဖြစ်ပါသည်။ မြန်မာတို့သည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသဘောကို အေးမြသောအရိပ်နှင့် တွဲဖက်ထားကြပါသည်။

သစ်ပင်၏အရိပ်သည် အေးမြပေသည်
ထိုထက် မိဘ၏အရိပ်သည် ပို အေးမြ၏
ထိုထက် ဆရာသမား၏အရိပ်သည် ပို၍ပင် အေးမြ၏
ထိုတက် မင်း၏အရိပ်မှာ ပို၍ပင်သာ အေးမြပေသည်။
သို့သော် အအေးမြဆုံးမှာ ဗုဒ္ဓမြတ်စွာဘုရား၏အရိပ်ပင် ဖြစ်ပေသည်။


ထို့ကြောင့် ပြည်သူလူထုကို ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဟူသည့် အေးမြသောအရိပ်အာဝါသ ပေးနိုင်ရန်အတွက် အုပ်ချုပ်သူတို့သည် ဗုဒ္ဓရှင်တော်၏ အဆုံးအမသြ၀ါဒများကို လိုက်နာရမည် ဖြစ်ပါသည်။ ယင်းသြ၀ါဒများထဲတွင် သစ္စာရှိခြင်း၊ ကရုဏာထားခြင်းနှင့် တရားဓမ္မ စောင့်စည်းခြင်းတို့သည် အဓိက ဖြစ်ပါသည်။ ဤသို့သော အရည်အချင်းများ အပေါ်တွင် အခြေပြုသော အစိုးရကို ရရှိရန် ရည်ရွယ်၍ မြန်မာပြည်သားတို့က ဒီမိုကရေစီ တိုက်ပွဲဝင်နေခြင်းပင် ဖြစ်ပါသည်။

တော်လှန်ရေး လှုပ်ရှားမှုများတွင် လတ်တလော အရေးကြီးသည့် အရေးပေါ် နိုင်ငံရေးကိစ္စများသည် စိတ်ဓာတ်ရေးရာ အဓိက ရည်မှန်းချက်များကို ဖုံးအုပ်သွားဖွယ်ရာ သို့မဟုတ် ပျက်ပြယ်သွားဖွယ်ရာရှိသော အန္တရာယ်နှင့် အမြဲတန်း ကြုံတွေ့နေရပါသည်။ စိတ်ဓာတ်ရေးရာ ရည်မှန်းချက်များကို ပထမ ဦးစားပေးရမည်။ မပျက်စီးအောင် လုပ်ရမည်ဟု ခိုင်မာစွာ တိုက်တွန်းနေရသည်မှာ စိတ်ကူးယဉ်ဝါဒကိုသာ ထုတ်ဖော်နေခြင်း မဟုတ်ဘဲ တိရစ္ဆာန်ဥယျာဉ် ၀တ္ထုထဲမှ အဖြစ်မျိုး ပေါ်ပေါက်မလာနိုင်အောင် အကာအကွယ်ပေးရန် လိုအပ်သောကြောင့် ဖြစ်ပါသည်။ (ဗြိတိသျှ စာရေးဆရာကြီး ဂျော့အိုဝဲလ် ရေးသားသော) တိရစ္ဆာန်ဥယျာဉ် ၀တ္ထုတွင် စနစ်သစ်ကို တည်ထောင်သူတို့သည် အစပထမတွင် စိတ်အားထက်သန်စွာ တက်တက်ကြွကြွ ပြုပြင်ရေးများ ပြုလုပ်ကြသော်လည်း နောက်ပိုင်းတွင်မူ ၎င်းတို့ အစားထိုးလိုက်သော စနစ်ဟောင်း၏ မနှစ်မြို့ဖွယ်ရာ အကျင့်စရိုက်များကို လက်ခံ ကျင့်သုံးလာကြပါသည်။ မြန်မာပြည်သားတို့သည် အစိုးရစနစ်ကိုသာ ပြောင်းလဲလိုသည် မဟုတ်ဘဲ နိုင်ငံရေး တန်ဖိုးထားမှုများကိုပါ ပြောင်းလဲလိုပါသည်။

"အစိုးရ၏ အခြေခံအုတ်မြစ်သည် အကြွင်းမဲ့အာဏာဖြစ်သည်" ဟူသော အယူအဆကို အယုံအကြည်ရှိခြင်းသည် နိုင်ငံရေးအာဏာ၏ အရင်းခံ အင်အားဖြစ်သည်ဟူသော အယူအဆဖြင့် အစားထိုးမှသာလျှင် အာဏာရှင်စနစ်၏ စိတ်မချမ်းမြေ့စရာ အမွေအနှစ်များကို ဖယ်ရှားနိုင်မည် ဖြစ်ပါသည်။

တိုင်းပြည်၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်သော ပြည်သူတို့၏ အခွင့်အရေးနှင့် စွမ်းရည်များအပေါ်တွင် အယုံအကြည်ရှိခြင်း၊ အစိုးရနှင့် ပြည်သူအကြား အပြန်အလှန် ယုံကြည်ခြင်း၊ လွတ်လပ်မှုနှင့် လူ့အခွင့်အရေး သဘောတရား မူဝါဒများအပေါ်တွင် အယုံအကြည်ရှိခြင်း စသည်တို့ လိုအပ်ပါသည်။ ဗုဒ္ဓဘာသာ အယူအဆများအရ မွန်မြတ်သော အကျင့်သီလ သဘောတရားများတွင် အယုံအကြည်ရှိသော သဒ္ဓါစိတ်သည် လောကီချမ်းသာမှုထက်သာသော လောကုတ္တရာချမ်းသာမှု ရရှိရန်အတွက် ပထမဆုံးသော လိုအပ်ချက်ပင် ဖြစ်ပါသည်။ အယုံအကြည်ကင်းမဲ့မှုနှင့် မသေချာမှုတို့ကို ကြာရှည်ခံစားနေရသော လူ့အဖွဲ့အစည်းအတွင်းသို့ ဤသို့သော ယုံကြည်မှုမျိုးကို သွတ်သွင်းရာ၌ ဆန္ဒအာရုံကို အားကိုးခြင်းမပြုဘဲ အသိဥာဏ်အရ သဘောပေါက် လက်ခံလာစေရန် ဆောင်ရွက်ခြင်းသည် မြန်မာ့ဒီမိုကရေစီ တော်လှန်ရေး၏ အနှစ်သာရ ဖြစ်ပါသည်။ ကိုယ်ကျင့်တရားဆိုင်ရာ ကမ္ဘာ့စံ သတ်မှတ်ချက် များနှင့်အညီဖြစ်သော အပြောင်းအလဲများကို ဦးတည်သည့် တော်လှန်ရေးပင် ဖြစ်ပါသည်။

ဒီမိုကရေစီ ရှာပုံတော်ဖွင့်ရာတွင် မြန်မာပြည်သားတို့သည် ၎င်းတို့တိုင်းပြည် ပြင်ပတွင်ရှိသော နိုင်ငံရေးသီအိုရီ အယူအဆနှင့် လက်တွေ့ ကျင့်စဉ်များကို လေ့လာရုံမျှသာမက ၎င်းတို့၏ ပတ်ဝန်းကျင် အခြေအနေ အသွင်အပြင်ကို ဖြစ်ပေါ်လာစေမည့် စိတ်ပိုင်းဆိုင်ရာနှင့် အသိဥာဏ် အတွေးအခေါ်ပိုင်းဆိုင်ရာ တန်ဖိုးထားမှုများကိုလည်း လေ့လာကြပါသည်။
တိုင်းပြည်တပြည်၏ ယဉ်ကျေးမှု၊ လူမှုရေးနှင့် နိုင်ငံရေး တိုးတက်ဖွံ့ဖြိုးမှုသည် အစဉ်အမြဲ လှုပ်ရှားပြောင်းလဲနေသောဖြစ်စဉ် ဖြစ်ကြောင်း မြန်မာပြည်သားတို့ ပင်ကိုယ်သဘာဝစိတ်က နားလည် သဘောပေါက်ကြပါသည်။ ထို့ကြောင့် တိုးတက်ဖွံ့ဖြိုးနိုင်ရန်အတွက် ထုံးတမ်းစဉ်လာများ၊ တီထွင်စမ်းသပ်မှုများ၊ အယူအဆ အဟောင်းများနှင့် အသစ်များကို ဓမ္မဓိဋ္ဌာန်ကျကျ တန်ဖိုးဖြတ်မှုများကို အသုံးပြုကြရမည်ကို သဘောပေါက်ကြပါသည်။ အတိတ်ကာလကို တည်ကြည် ဖြောင့်မတ်သိမ်မွေ့စွာ အကဲဖြတ်မှုနှင့် ပစ္စုပ္ပန်ကာလကို လိမ္မာပါးနပ်စွာ အကဲဖြတ်မှုတို့အား ညီညွတ်စေ (သဟဇက်) ရန် လိုအပ်သည့် အသိတရားအတိုင်း ဒီမိုကရေစီ လိုလားသူအားလုံးက လှုပ်ရှားနေသည်ဟု ဆိုလိုခြင်းမဟုတ်ပါ။

သို့သော် ဤလှုပ်ရှားမှုသည် အသိဥာဏ်ဆိုင်ရာ အခက်အခဲများကို အမြော်အမြင်ရှိရှိ ရဲရဲရင့်ရင့်နှင့် ရင်ဆိုင်နိုင်စွမ်းကို ရှိစေသည့် သဘောထား ပြည့်ဝမှုဖြင့် ကြွယ်ဝလျက်ရှိပါသည်။ အဆက်မပြတ် စိတ်ဓာတ်ရေးရာတိုက်ပွဲများ ဆင်နွှဲရန်အတွက် ခံနိုင်ရည် ရှိပါသည်။ မုန်းတီးမှု၊ တယူသန်ဖြစ်မှု၊ မျှော်လင့်ချက်ကင်းမဲ့မှုစသည့် အင်အားစုများကို ကြံ့ကြံ့ခံနိုင်ရန် လိုအပ်သော ရုပ်ပိုင်းဆိုင်ရာ ခံနိုင်ရည်လည်း ရှိပါသည်။

အားရှိဖွယ်ရာ အကောင်းဆုံးအချက်မှာ ဒီမိုကရေစီတိုက်ပွဲ၏ အဓိကတွန်းအားသည် အာဏာရရန်၊ လက်စားချေရန်၊ ဖျက်ဆီးရန် အာသာပြင်းပြမှု မဟုတ်ဘဲ လွတ်လပ်မှု၊ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးကို တကယ်တမ်း ရိုသေလေးစားရေးပင် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီရှာပုံတော်သည် ပြည်သူတို့က ကမ္ဘာ့အဖွဲ့အစည်းတွင် လွတ်လပ်သော၊ တန်းတူညီတူ အဖွဲ့အ၀င်များအဖြစ် ပြည့်ဝစွာ အဓိပ္ပာယ်ရှိရှိ နေထိုင်နိုင်ရန် ရုန်းကန်မှုကြီးပင် ဖြစ်ပါသည်။ ဤသည်မှာ မိမိတို့၏ စိတ်ဓာတ်သည် မိမိတို့သဘာဝ၏ ချွတ်ယွင်းချက်များအား ကျော်လွန်နိုင်ကြောင်းကို ထင်ရှားစေရန် လူသားတို့ အဆက်မပြတ် ကြိုးပမ်းအားထုတ်နေမှု၏ အစိတ်အပိုင်း တခုပင်ဖြစ်ပါသည်။

................ END ...............

No comments: