Monday, August 06, 2007

ဒီမိုကရေစီရှာပုံတော် (၂)


ဗုဒ္ဓဘာသာအမြင်တွင် အစိုးရမင်းတို့၌ တိုင်းပြည်ကို ထင်သလို အုပ်ချုပ်နိုင်သည့် ထာဝရ ဘုရားသခင်ပေးထားသော လုပ်ပိုင်ခွင့်မျိုးမရှိပါ။ အစိုးရမင်းတို့သည် မင်းကျင့်တရားဆယ်ပါး ဆုတ်ယုတ်မှုကို ဟန့်တားသည့် အပရိဟာနိယတရား (၇) ပါး၊ သင်္ဂဟတရား (၄) ပါး၊ စသည်တို့ကို စောင့်ထိန်းရမည် ဖြစ်ပါသည်။ ထို့အပြင် မင်းတို့ကျင့်ရသောတရား (၁၂) ပါး၊ နာယကဂုဏ် (၆) ပါး၊ ရာဇဂုဏ် (၈) ပါး၊ ရန်အောင်ကြောင်းတရား (၄) စသည့် များပြားလှသော အကျင့်စာရိတ္တ လမ်းညွှန်စည်းကမ်းအတိုင်း ပြုမူရမည် ဖြစ်ပါသည်။

တဖက်က မင်းအား ရန်သူမျိုး (၅) ပါးထဲတွင် ထည့်သွင်းထားပြီး တဖက်က အာဏာရှိသူတို့ အကျင့်စာရိတ္တ ကောင်းမွန်စေရန် သွန်သင်ဆုံးမပေးခြင်းကို အားပေးကျင့်သုံးသော ထုံးတမ်းစဉ်လာသည် ကျိုးကြောင်းဆင်ခြင်နှင့် ပြည့်စုံပါသည်။ မြန်မာပြည်သား များသည် အာဏာရှင် အုပ်ချုပ်ရေး အတွေ့အကြုံ များစွာရှိခဲ့သဖြင့် အစိုးရနှင့် ပတ်သက်လာလျှင် သဘောတရား သီအိုရီနှင့် လက်တွေ့ကျင့်သုံးမှုတို့၌ စိတ်မချမ်းမြေ့စရာ ကွာဟချက်ကြီး ရှိသည်ကို ကောင်းစွာ သိရှိနားလည်ထားကြပါသည်။

လူသိများသော မင်းကျင့်တရားဆယ်ပါးကို ကမ္ဘာပေါ်တွင် ပထမဆုံး ပေါ်ပေါက်သော အစိုးရမင်းအား တိုင်းတာရာတွင်၎င်း၊ ခေတ်သစ် အစိုးရအား တိုင်းတာရာတွင်၎င်း၊ ကိုက်တံအဖြစ် အသုံးပြုနိုင်သည်ကို ယေဘုယျအားဖြင့် လက်ခံထားကြပါသည်။ မင်းကျင့်တရားများမှာ ပေးကမ်းစွန့်ကြဲခြင်း (ဒါန)၊ ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း (သီလ)၊ ကိုယ်ကျိုးစွန့်ခြင်း (ပရိစ္စာဂ)၊ စိတ်ထားဖြောင့်မတ်ခြင်း (အဇ္ဖ၀)၊ ကြင်နာခြင်း (မဒ္ဒ၀)၊ ခြိုးခြံခြင်း (တပ)၊ အမျက်မထွက်ခြင်း (အက္ကောဓ)၊ အကြမ်းမဖက်ခြင်း (အ၀ိဟေသ)၊ သည်းခံခြင်း (ခန္တီ) နှင့် ပြည်သူ့အလိုကို မဆန့်ကျင်ခြင်း (အ၀ိရောဓ) စသည်တို့ ဖြစ်ပါသည်။

ပေးကမ်းစွန့်ကြဲခြင်း (ဒါန) ဟူသော မင်းကျင့်တရားအရ အုပ်ချုပ်မင်းလုပ်သူသည် ပြည်သူလူထု သာယာဝပြောရေးအတွက် ရက်ရောစွာ ပေးကမ်းရမည် ဖြစ်သဖြင့် အစိုးရဟူသည် နိုင်ငံသူနိုင်ငံသားများကို အလုံအလောက် ပေးကမ်းနိုင်စွမ်း ရှိရမည်ဟု အဓိပ္ပာယ် သက်ရောက်ပါသည်။ ခေတ်သစ်နိုင်ငံရေး အခြေအနေနှင့် ဆိုပါက တာဝန်သိသော အုပ်ချုပ်ရေးစနစ်တရပ်၏ အခြေခံ တာဝန်တစ်ခုမှာ နိုင်ငံတော်၏ စီးပွားရေး ခိုင်မာမှုကို သေချာအောင် ပြုလုပ်ခြင်းပင် ဖြစ်ပါသည်။

ကိုယ်ကျင့်တရား (သီလ) ဟူသည်မှာ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ ငါးပါးသီလ စောင့်ထိန်းသည့်အပေါ်တွင် အခြေခံထားပါသည်။ ငါးပါးသီလဟူသည်မှာ အသက်မသတ်ခြင်း၊ မခိုးခြင်း၊ မုသားမသုံးခြင်း၊ အရက်သေစာ မသုံးဆောင်ခြင်း၊ သူတပါး သားမယားအား မပြစ်မှားခြင်း စသည်တို့ပင် ဖြစ်ပါသည်။ ပြည်သူတို့၏ ယုံကြည်မှုနှင့် ရိုသေလေးစားမှုကို ရရှိရန်၎င်း၊ ပြည်သူတို့ကို ပျော်ရွှင်ချမ်းသာ ကြွယ်ဝမှု ပေးနိုင်ရန်၎င်း၊ စံနမူနာကောင်း ပြသရန်၎င်း၊ အုပ်ချုပ်မင်းလုပ်သူသည် ကိုယ်ကျင့်တရား ကောင်းမွန်ရမည် ဖြစ်ပါသည်။ ဘုရင်က ဓမ္မကို စောင့်ထိန်းခြင်း မရှိသောအခါတွင် ပြည်သူပြည်သားတို့ ဒုက္ခဝေဒနာ များစွာ ခံစားကြရပါသည်။ ထို့အပြင် သီလမရှိသော မင်းသည် တိုင်းပြည်၌ ဘေးဒုက္ခဆိုးကြီး ကျရောက်စေသည်ဟုလည်း ယုံကြည်ကြပါသည်။ တိုင်းပြည်တပြည် ကံကြမ္မာဆိုး ကြုံရသည့် အခြေခံ အရင်းအမြစ်ကို အစိုးရ၏ ကိုယ်ကျင့်တရား ပျက်ပြားမှုများတွင် တွေ့ရှိနိုင်မည် ဖြစ်ပါသည်။

တတိယ မင်းကျင့်တရားမှာ ပရိစ္စာဂ ဖြစ်ပြီး ပေးကမ်းစွန့်ကြဲခြင်း ဟူ၍၎င်း၊ ကိုယ်ကျိုးစွန့်ခြင်း ဟူ၍၎င်း၊ အဓိပ္ပာယ် ဖွင့်ဆိုကြပါသည်။ ပေးကမ်းရက်ရောခြင်းသည် ပထမ မင်းကျင့်တရား (ဒါန) နှင့် ထပ်တူဖြစ်နေသဖြင့် ပြည်သူပြည်သားတို့ အကျိုးအတွက် အုပ်ချုပ်မင်းလုပ်သူက ရက်ရောသည့်နေရာတွင် အဆုံးစွန်သော ရက်ရောခြင်း ဖြစ်ပါသည်။ ကိုယ်ကျိုးကိုပင် စွန့်လွှတ်ခြင်းဟူ၍ အဓိပ္ပာယ် ဖွင့်ဆိုက ပို၍ ကျေနပ်ဖွယ် ဖြစ်ပါမည်။ အများအကျိုး သယ်ပိုးနိုင်ရန် ကိုယ်ကျိုးစွန့်လွှတ်သည့် သဘောတရားကို ပြသရာ၌ အလောင်းတော် သုမေဓာ ရှင်ရသေ့အား စံနမူအဖြစ် အချို့က ထောက်ပြပါသည်။ အလောင်းတော် ရှင်ရသေ့သည် တဘ၀တွင် နိဗ္ဗာန်မဂ်ဖိုလ်ကို မျက်မှောက်ပြုနိုင်ပါလျက်နှင့် သတ္တ၀ါအများ သံသရာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်စေရန် အလို့ငှာ ဘုရားဆုပန်ကာ မရေမတွက်နိုင်လောက်အောင် များပြားသော ဘ၀အပေါင်းတွင် ကျင်လည်ရမည့်အဖြစ်ကို လက်ခံခဲ့ပါသည်။ ယင်းကဲ့သို့ပင် လူကြိုက်များသော ပုံပြင်တစ်ခုမှာ မိမိ၏ အသက်ကို စတေး၍ လက်အောက်ငယ်သားများကို ကယ်ဆယ်ခဲ့သော ဘုရားအလောင်း မျောက်မင်းဝတ္ထုပင် ဖြစ်ပါသည်။ မျောက်မင်း ကယ်ဆယ်လိုက်သူများထဲတွင် ၎င်းအား ပျက်စီးရန် အစဉ်တစိုက် လိုလားခဲ့ပြီး နောက်ဆုံး ၎င်း၏ အသက်ကိုပါ ဆုံးရှုံးအောင် ပြုလုပ်ခဲ့သူ (ဒေ၀ဒတ်) လည်း ပါဝင်ပါသည်။

စိတ်ထားဖြောင့်မတ်ခြင်း (အဇ္ဖ၀) ဆိုသည်မှာ ပြည်သူ့ဝန်ကို ထမ်းဆောင်ရာတွင် ဖောက်ပြန်မှု ကင်းရှင်းရမည်ဟု သဘောရပြီး ပုဂ္ဂိုလ်ရေး ဆက်ဆံမှုများတွင်လည်း ဖြောင့်မတ်ရိုးသားရမည် ဖြစ်ပါသည်။ "မင်းမှာသစ္စာ လူမှာကတိ" ဟူသော ဆိုရိုးစကားအရ သာမန် ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ၎င်းပေးခဲ့သော ကတိအတိုင်းသာ လုပ်ဆောင်ရုံမျှသာ လိုသော်လည်း အုပ်ချုပ်သူတို့မှာမူ ကာယကံ၊ ၀စီကံ၊ မနောကံအရ သစ္စာတရားကို အစဉ်ထိန်းသိမ်း ထားရပါသည်။ သစ္စာတရားသည် ဗုဒ္ဓဘုရား အဆုံးအမ သြ၀ါဒများ၏ အနှစ်သာရပင် ဖြစ်ပါသည်။ ဗုဒ္ဓရှင်တော်သည် မိမိကိုယ်မိမိ တထာဂတ သို့မဟုတ် သစ္စာတရားသို့ ရောက်ရှိလာသူဟု ရည်ညွှန်းပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မင်းတို့သည် "သူ့အမည်သညာနှင့် သူ့သဘာဝ အစဉ်ထာဝရ ညီညွတ်ဖြောင့်မှန်ခြင်း" တည်းဟူသော သစ္စာတရားနှင့်အညီ နေထိုင်အုပ်ချုပ်ရမည်ပင် ဖြစ်ပါသည်။ ပြည်သူလူထုကို လိမ်လည်လှည့်ဖြားမှု၊ အထင်မှား အမြင်မှား ဖြစ်စေမှု စသည်တို့သည် အလုပ်တာဝန် ၀တ္တရား ပျက်ကွက်ချွတ်ယွင်း၍ ကိုယ်ကျင့်တရားကို ဖောက်ဖျက်ခြင်းပင် ဖြစ်ပါသည်။ "မြားနှယ်စင်း၍၊ ၀မ်းတွင်းဖြောင့်တန်း၊ မကောက်ယွင်းတည့်၊ တစွန်းဟက၊ နှစ်ခွမသွေ" (စတုဓမ္မသာရ ကိုးခန်းပျို့)။

အုပ်ချုပ်ရာ၌ စိတ်ထားနူးညံ့မှု (မဒ္ဒ၀) ဟူသည်မှာ ပြည်သူလူထု အကျိုးအတွက် စိုးရိမ်ပူပန်ကြောင့်ကြမှုကို ခံစားနိုင်သော သတ္တိပင် ဖြစ်ပါသည်။ မိမိတို့၏ အခွင့်အရေးကို တောင်းဆိုနိုင်စွမ်း အလွန်နည်းပါးသူတို့၏ ဆင်းရဲဒုက္ခကို လျစ်လျူရှုခြင်းသည် ၎င်းတို့၏ လိုအပ်ချက်ကို ထိရောက်စွာ တုံ့ပြန် အရေးယူ ဆောင်ရွက်ပေးခြင်းထက် ပို၍လွယ်ကူသည်မှာ မငြင်းနိုင်သော အချက်ပင် ဖြစ်ပါသည်။ သူတပါးကို ဂရုစိုက်ခြင်းသည် တာဝန်ယူခြင်းပင်ဖြစ်၍ အားနည်းသူတို့၏ အားသည် မင်းဖြစ်သည် ဟူသော အဆိုအတိုင်း လုပ်ရဲခြင်းပင် ဖြစ်ပါသည်။ လူသိများပြီးဖြစ်သော မဟာဝံသ၀တ္ထုတွင် အခြေခံသည့် ၁၉ ရာစုခေတ် ၀ိဇယပြဇာတ်၌ ပြည်သူတို့ကို သောကဒုက္ခများစွာ ရောက်စေသည့် ဆိုးသွမ်းသော သားတော်ကြီးအား ဖခင်ဘုရင်က ပြည်နှင်ဒဏ် ပေးလိုက်ရပါသည်။ "မင်းတို့ဓမ္မာ၊ ပြည်သူနှင့်သား၊ အချစ်အားဖြင့် မခြားရာ၊ မေတ္တာညီမျှ၊ ကောင်းပေသည်"

ခြိုးခြံရေးတာဝန် (တပ) အရ ဘုရင်သည် ရိုးသားသော အကျင့်များကို လိုက်နာရမည်။ မိမိကိုယ်မိမိ ထိန်းသိမ်းကွပ်ကဲတတ်ရမည်။ ကောင်းမြတ်သော စိတ်ဓာတ်ရှိအောင် လေ့ကျင့်ပေးရမည် ဖြစ်ပါသည်။ ခြိုးခြံမှုကို ဂရုမပြုဘဲ စိတ်အလိုလိုက်၍ အလွန်အကျွံ ဖြုန်းတီးနေသော အုပ်ချုပ်မင်းလုပ်သူကို မဟာသမ္မတမင်းခေတ်က လက်မခံနိုင်သကဲ့သို့ ယနေ့မြန်မာနိုင်ငံတွင်လည်း လက်ခံနိုင်လိမ့်မည် မဟုတ်ပါ။

သတ္တမ၊ အဋ္ဌမနှင့် န၀မ မင်းကျင့်တရားတို့ဖြစ်သော ဒေါသကင်းခြင်း (အက္ကောဓ)၊ အကြမ်းမဖက်ခြင်း (အ၀ိဟေသ) နှင့် သည်းခံခြင်း (ခန္တီ) တို့သည် တခုနှင့်တခု ဆက်စပ်နေသည်ဟု ဆိုနိုင်ပါသည်။ အင်အားကြီးသူတို့၏ ဒေါသကြောင့် စိတ်မချမ်းမြေ့စရာ အကျိုးဆက်များ ကျယ်ပြန့်စွာ ပေါ်ထွက်လာနိုင်သဖြင့် မင်းတို့သည် ၎င်းတို့၏ မလိုမုန်းတီးစိတ်များကို ကာယကံမြောက်ဖြစ်သည့် ဒေါသနှင့် အကြမ်းဖက်မှု အဖြစ်သို့ မပေါက်ကွဲသွားစေရန် ထိန်းသိမ်းရမည် ဖြစ်ပါသည်။ မိမိကထင်သလို ချေမှုန်းနိုင်သူများ၏ လှုံ့ဆော်ရန်စမှုနှင့် ချို့ယွင်းချက်များကို ပညာရှိပီသ၍ သဘောထားကြီးစွာ ကိုယ်တွယ်နိုင်စေမည့် စစ်မှန်သော သည်းခံခြင်းတရား (ခန္တီ) ကို အုပ်ချုပ်မင်းလုပ်သူတို့ ကျင့်ကြံရမည် ဖြစ်ပါသည်။ အကြမ်းဖက်မှုသည် ဗုဒ္ဓ၀ါဒ အဆုံးအမနှင့် ဆန့်ကျင်ဘက် ဖြစ်ပါသည်။ ရာဇောဝါဒ ဇာတ်တော်အရ မင်းကောင်းမင်းမြတ်တို့သည် ဒေါသကြီးသူကို မေတ္တာနှင့် အောင်နိုင်၏၊ မကောင်းမှုကို ကောင်းမှုဖြင့် အောင်နိုင်၏၊ စေးနှဲသူကို ပေးကမ်းခြင်းဖြင့် အောင်နိုင်ရာ၏၊ မမှန်စကားဆိုသူကို အမှန်ဆိုခြင်းဖြင့် အောင်နိုင်ရာ၏။ အကြမ်းမဖက်ဘဲ ဂရုဏာတရားဖြင့် တိုင်းပြည်ကို အုပ်ချုပ်သူ အာသောကဘုရင်ကြီးကို စံပြဗုဒ္ဓဘာသာ ဘုရင်အဖြစ် အမြဲတမ်း နမူနာပြကြပါသည်။ အစိုးရသည် ကြမ်းတမ်းခက်ထန်ခြင်း၊ သီလနှင့် မညီသော အင်အားသုံးခြင်းတို့ဖြင့် နာခံမှုရအောင် ကြိုးစားအားထုတ်ခြင်း မပြုဘဲ အမှန်တရားဖြင့် အောင်နိုင်ရန် (ဓမ္မ၀ိဇရ) ကိုသာ ဦးတည်ရမည် ဖြစ်ပါသည်။

ဒဿမ မင်းကျင့်တရားမှာ ပြည်သူ့အလိုဆန္ဒကို မဆန့်ကျင်ရဟု ဆိုထားသဖြင့် ဒီမိုကရေစီကို ဗုဒ္ဓဘာသာက ထောက်ခံလိုက်သည့် သဘော သက်ရောက်ပါသည်။ လူသိများသော ဗုဒ္ဓ၀င်ပုံပြင်များကလည်း ဤသဘောကို ထောက်ခံထားပါသည်။ လူသားအရသာကို ကြိုက်နှစ်သက်သွားသော ပေါရိသာဒဘုရင်သည် ဇာတ်တူသားစားသည့် အကျင့်ကို စွန့်လွှတ်ရန် ပြည်သူလူထုက တောင်းဆိုသည်ကို ဂရုမပြုသဖြင့် တိုင်းပြည်မှ ထွက်ခွာခဲ့ရပါသည်။ ဘုရားတရား အလွန်ကြည်ညိုသော ဝေသန္တရာမင်းကြီးသည်လည်း ဒါနပါရမီ ဖြည့်ဆည်းရန် ကြိုးစားအားထုတ်စဉ်အတွင်း ပြည်သူ့ သဘောတူညီချက် မပါဘဲ နိုင်ငံပိုင် ဆင်ဖြူတော်ကို လှူဒါန်းလိုက်သဖြင့် ပြည်နှင်ဒဏ်ပေးခြင်း ခံရပါသည်။

ပြည်သူ့အလိုဆန္ဒကို မဆန့်ကျင်ရဟူသော တာဝန်ဝတ္တရား၏ အနှစ်သာရအရ ပြည်သူလူထု၏ သဘောတူညီချက် ရရှိမှသာလျှင် အစိုးရသည် တရားဝင်၍ ဥပဒေနှင့်အညီ ဖြစ်နိုင်ပါသည်။ အုပ်ချုပ်မင်းလုပ်သူသည် ပြည်သူ့အကျိုးစီးပွားကို သယ်ပိုနိုင်စွမ်း မရှိဟု ပြည်သူက ယူဆလာပါက အစိုးရအား အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ပြည်သူလူထုက အချိန်မရွေး ပြန်လည်ရုပ်သိမ်းပိုင်ခွင့် ရှိရပါမည်။ စည်းကမ်းတာဝန်နှင့်အညီဖြစ်သော၊ ပြည်သူ့အလိုဆန္ဒကို လေးစားသော၊ တရားမျှတသည့် ဥပဒေစိုးမိုးရေးကို အဓိကထားသော အစိုးရတို့သည် ပြည်သူ့ဆန္ဒကို လေးစားရန် မလိုသော အာဏာရ လူတန်းစား သို့မဟုတ် အာဏာရှင်တစ်ဦး၏ အုပ်ချုပ်မှုထက် ပို၍ ဗုဒ္ဓဘာသာ ဘုရင်စနစ်၏ ထုံးတမ်းစဉ်လာ တာဝန်ဝတ္တရားများကို လိုက်နာဆောင်ရွက်နိုင်မည် ဟူသည်ကို ဒီမိုကရေစီဘက်မှ အခိုင်အမာ ပြောဆိုထားပါသည်။

အများပြည်သူက ဒီမိုကရေစီအစိုးရစနစ်ကို မျှော်မှန်းခြင်းသည် မှန်ကန်ကြောင်း၊ အဓိပ္ပာယ်ရှိကြောင်း ထုံးတမ်းစဉ်လာ တန်ဖိုးထားမှုများက ပြသနေပါသည်။

အပိုင်း (၃) သို့

No comments: