ဇွန်မှိုင်း
၆.၉.၂၀၀၇
"ရန်သူ အဆန့်ကျင်ခံရတာဟာ ကိစ္စဆိုးမဟုတ်ဘူး။ ကိစ္စကောင်းဖြစ်တယ်။
ရန်သူဟာ ခင်ဗျားကို နည်းနည်းဆန့်ကျင်လာပြီဆိုရင် ခင်ဗျားလုပ်ရပ်တွေဟာ ပြည်သူတွေအတွက် နည်းနည်းသက်ရောက်မှု ရှိလာလို့ပဲ။
ရန်သူက ခင်ဗျားကို တော်တော်လေးဆန့်ကျင်လာပြီဆိုရင် ခင်ဗျားလုပ်ရပ်တွေဟာ ပြည်သူတွေအတွက် တော်တော့်ကို ခရီးရောက်လာလို့ပဲ။
ခင်ဗျားကို ရန်သူက အရူးအမူးဆန့်ကျင်လာပြီဆိုရင်တော့ ခင်ဗျားလုပ်ရပ်တိုင်းဟာ ပြည်သူတွေအတွက် အထူးတလည် ကျေးဇူးပြုနေပြီလို့ ပြောလို့ရသွားပြီ။
အဲဒီလိုပဲ . . .
ခင်ဗျားကို ရန်သူက နည်းနည်းလေးမှ မဆန့်ကျင်တော့ဘူး။ ခင်ဗျားကို စကားထဲတောင် ထည့်မပြောတော့ဘူးဆိုရင် ခင်ဗျား လုပ်ရပ်တွေ ဆိုတာတွေကလည်း ပြည်သူတွေအတွက် ဘာမှ မပြောပလောက်တော့လို့ပဲ။ . . ."
တရုတ်ပြည် ကွန်မြူနစ်ပါတီဥက္ကဋ္ဌကြီး မော်စီတုန်းက သူ့ အမှတ် (၈) တပ်နီတော်နှင့် အမှတ် (၄) တပ်မတော်က ရဲဘော်တွေနှင့် ကေဒါတွေကို အကြိမ်ကြိမ် ပြောပြသင်ကြားခဲ့ဖူးတဲ့ သင်ကြားချက်တစ်ခုပါ။
"ကျွန်ုပ်တို့ ရှစ်ဆယ့်ရှစ် ကျောင်းသားများအနေဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ အခြေခံမူများအဖြစ် . . .
(၁) ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အခြေခံသည့် နိုင်ငံရေးဖြေရှင်းမှု ဖြစ်ရမည်။
(၂) တွေ့ဆုံဆွေးနွေးရေးနည်းလမ်း ဖြစ်ရမည်။
(၃) ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပန်းတိုင်ကို ဖော်ဆိုင်နိုင်ရမည်ဟု ရပ်တည်စွဲကိုင်ထားသည်။
ဤအခြေခံမူများအပေါ်တွင် ရပ်တည်၍ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းစွာ အဖြေရှာရေးတို့အတွက် ကျွန်ုပ်တို့ အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည်။"
၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှာ ရှစ်ဆယ့်ရှစ် ကျောင်းသားတွေဟာ သူတို့ရဲ့ ခိုင်မာတဲ့ ရပ်တည်ချက်ကို အခုလို တိတိပပ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
ဒီရပ်တည်ချက်များကို "နအဖ စစ်အုပ်စု သဘောတွေ့နိုင်/မတွေ့နိုင်"
ရှင်းပါတယ်။ ဘယ်လို တွေ့နိုင်မှာလဲ။
နအဖ စစ်အုပ်စုက "၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်" ဆိုတာကို "သူ့ရင်ဘတ်တည့်တည့်ကို စူးဝင်နေတဲ့ မြှားတစ်စင်း" လို ယူဆထားတာ။
"တွေ့ဆုံဆွေးနွေးရေး" ဆိုတာ "သူ့အိတ်ထဲရောက်ပြီး ပိုင်ပြီးဖြစ်နေပြီလို့ သူထင်နေတဲ့ အာဏာကို ပြန်ဆွဲလုမယ့် မကောင်းဆိုးဝါး" လို့ နှလုံးပိုက်ထားတာ။
"ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပန်းတိုင်" ဆိုတာ "ငါပေးချင်သလောက် သင်းတို့ ရနိုင်မယ့်အရာ၊ သင်းတို့စိတ်နဲ့ သင်းတို့ကိုယ် ရနိုင်ကောင်းတဲ့အရာ မဟုတ်" လို့ ရူးသွပ်စွာ မှတ်ယူထားတာ။
ရှစ်ဆယ့်ရှစ် ကျောင်းသားတွေရဲ့ ရပ်တည်ချက်ဟာ သူ့အလိုနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါပြီ။
ဒါပေမယ့် စစ်အုပ်စုဟာ မာယာများပါတယ်။
"ဒေါ်စုကို ၀ယ်လို့မရရင်၊ ရှစ်ဆယ့်ရှစ်ကိုများ ၀ယ်လို့ရမလား။
ရှစ်ဆယ့်ရှစ်အကုန်လုံးကို ၀ယ်လို့မရရင်တောင် တချို့ကို လူခွဲပြီး ၀ယ်လို့ ရမလား။"
သူ စိတ်ကူးယဉ်ပုံရတယ်။
ရှစ်ဆယ့်ရှစ်ကို တစုံတရာလွှတ်ပေး၊
Power တချို့ တက်လာခွင့်ကို အကန့်အသတ်နှင့် လွှတ်ပေး၊
ပြီးတော့ လိုင်းကြောင်သွားအောင် လူခွဲပြီးကစား၊
Power တွေကို ဟိုတိုး ဒီလျှော့လုပ်၊
တဖြည်းဖြည်း လိုင်းကြောင်လာပြီဆိုရင် NLD ရဲ့ Power ကိုရော၊ ဒေါ်စုရဲ့ Power ကိုပါ မသိမသာ ဖြိုချ၊
အချိန်တစ်ခုရောက်ရင် NLD လည်းပြို၊ ရှစ်ဆယ့်ရှစ်လည်း မြောင်းထဲရောက်၊
ထောင်ထဲက စကားနဲ့ ပြောရရင် တစ်ခါတည်းနှင့် နှစ်ပယ်ရှင်းတဲ့နည်းပေါ့။
ပိုးကို ပိုးချင်းပြန်ကိုက်ခိုင်းတဲ့ ဂျပန်ပိုးသတ်ဆေး ပေါ်လစီ။
သူ့ရဲ့ ဥာဏ်နီဥာဏ်နက်တွေ၊ အကွက်သစ် အကွက်ဆန်းတွေ အကုန်ထုတ်သုံးတာ၊
ဝိုင်အဟောင်းကို ပုလင်းသစ်ထဲထည့်၊ တံဆိပ်သစ်ကပ်ပြီး ဈေးကွက်တင်ရောင်းကြည့်တာ၊
အဲဒါတွေ အကုန်လုပ်တယ်။
ရမလားလို့ သူ စိတ်ကူးယဉ်ခဲ့ပုံရတယ်။ ရလိုက်ရင် အမြတ်ဆိုတဲ့ အကြံယုတ်နဲ့။
ဒါပေမယ့် . . .
ရှစ်ဆယ့်ရှစ်အုပ်စုက သူ ထင်သလောက် မအဘူး။
ဘ၀နှင့်ရင်းပြီး သူတို့ရဲ့ ရင့်ကျက်မှုကို သူတို့ အသေအချာ တည်ဆောင်ထားနိုင်ခဲ့ကြပြီ။
သူ လှည့်သွင်းချင်နေတဲ့၊ သူ ဆင်ထားတဲ့အကွက်ထဲကို ဘယ်သူမှ မ၀င်ကြဘူး။
"မင်းကိုနိုင်၊ ကိုကိုကြီး" ကို "အေးလွင်၊ ဇင်အောင်" လုပ်ပစ်လို့ ဘယ်လိုမှ မရဘူး။
သူလုပ်ရင် အရာရာဖြစ်တယ်။ သူ မစွမ်းတာ ဘာမှမရှိဘူးလို့ ဂုဏ်မောက်နေတဲ့လူ၊
ကြံတိုင်းမဖြစ်တော့ သူ ဘယ်လောက် စိတ်ဆိုးလိုက်မလဲ။
ဆိုးပေတော့။
"ကျနော်တို့တတွေ ဒီနေရာမှာ လက်နက်မပါဘဲနဲ့ ငြိမ်းချမ်းစွာ လာပြီး စုဝေးနေကြတယ်။ စုဝေးနေကြတယ်ဆိုတာ အမှန်တရားအတွက် မတရားရင် ခေါင်းငုံ့မခံဘူးဆိုတဲ့ စိတ်ဓာတ်နဲ့ ဟုတ်တယ်မို့လား"
"ကျနော်တို့ ဘ၀များစွာ စတေးခဲ့ပြီးပြီ။
လမ်းတွေပေါ်မှာ အသက်ပါ ပေးခဲ့ပြီးပြီ။
ကျနော်တို့ကို ဘယ်ခြိမ်းခြောက်မှုမျိုးနှင့်မှ ချုပ်ချယ်လို့ ကြောက်မယ့်လူလား"
၂၀၀၇ ခုနှစ်၊ မေလ (၂၇) ရက်နေ့မှာ အဖွဲ့ချုပ်ရုံးရှေ့မှာ ပြောကြားလိုက်တဲ့ ရှစ်ဆယ့်ရှစ် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ရဲရဲတောက်မိန့်ခွန်း ဖြစ်ပါတယ်။
တပြည်လုံး၊ တကမ္ဘာလုံး အသံဖိုင်တွေနှင့်ရော၊ ရေးကူးပြီးသား စာသားတွေနှင့်ပါ ဟိန်းဟိန်းထသွားအောင် ပျံ့နှံ့ခဲ့တဲ့ မိန့်ခွန်းတွေပါ။
လူတိုင်း လိုက်ပြီး ရွတ်ကြ၊ ရွတ်ရင်းနှင့် အလွတ်တောင် ရမတတ် ဖြစ်သွားရတဲ့ မိန့်ခွန်းတွေပါ။ လူထု ရင်ထဲ တည့်တည့်ရောက်သွားတဲ့ မိန့်ခွန်းတွေပါ။
စစ်အုပ်စုဟာ ကိုမင်းကိုနိုင်ကို ၀ယ်လို့ရမယ်လို့ စိတ်ကူးယဉ်ခဲ့မယ်ဆိုရင် အဲဒီစိတ်ကူးပါ မိုးကြိုးအပစ်ခံလိုက်ရတဲ့နေ့ဟာ အဲဒီ မေလ (၂၇) ရက်နေ့ ဖြစ်လိမ့်မယ်လို့ ကျနော် ဆိုချင်တယ်။
စစ်အုပ်စုဟာ နည်းနည်းမှ ဟန်မဆောင်နိုင်တော့ဘူး။ သိပ်ကို သိသာတယ်။ ခွေးရူးတစ်ကောင်ရဲ့ ဒေါသမျိုးနှင့် ရှူးရှူးရှဲရှဲတွေ ဖြစ်ကုန်တယ်။
အိမ်ရှေ့မှာ မသိမသာ စောင့်ကြည့်လေ့လာတဲ့အဆင့်ကနေ သိသိသာသာ စောင့်ကြည့်လာတဲ့အဆင့်၊
အပြင်ထွက်ရင် ဆိုင်ကယ်လေးငါးစီးနှင့် တောက်လျောက်လိုက်ပြီး နှောင့်ယှက်တဲ့အဆင့်၊
မိတ်ဆွေတွေ အိမ်ကိုလာလည်လို့တောင် မရလောက်အောင် ၀ိုင်းပြီး ပိတ်ဆို့တားဆီး ခြိမ်းခြောက်တဲ့အဆင့်၊
ရန်စောင်နေတဲ့ မျက်နှာတွေနှင့် ခါးထောက်လို့တမျိုး၊ လက်နောက်ပစ်လို့တမျိုး၊
လူမိုက်ဂိုက်တွေနှင့် လူ့အခွင့်အရေးတွေကို ဗြောင်ကျကျ ချိုးဖောက်ချင်တိုင်း ချိုးဖောက်လာတဲ့ အဆင့်တွေအထိ အတင့်ရဲ စော်ကားလာတော့တာပါ။
"ရှစ်ဆယ့်ရှစ် ကျောင်းသားတွေဟာ သူ ၀ယ်ချင်တိုင်း အ၀ယ်ခံမယ့်သူတွေ မဟုတ်ဘူး။
လူထုကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး။
လူထုတရပ်လုံး လိုအပ်နေတဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတွေကို လူထုနှင့်အတူ ရဲရဲရင့်ရင့် လက်တွဲချီတက် အရယူတော့မယ်" ဆိုတာ ထင်ရှားသည်ထက် ထင်ရှားလာနေတဲ့ ဒီရေမြင့်သစ်ကို သူ စိုးရိမ်လာတယ်။
သူ သိသိသာသာကို တုန်လှုပ်ခြောက်ခြားလာတယ်။
"၁၉ နှစ် ရှိခဲ့ပါပြီ။
ကျနော်တို့ ကျောင်းတက်ခဲ့တုန်းက ကျနော်တို့ သင်ကြားလိုက်ရတဲ့ ပညာတွေဟာ
ကျနော်တို့ လူမျိုးတွေကို ဘယ်မှာလာပြီး အကျိုးပြုနိုင်တဲ့၊ တတ်မြောက်လောက်တဲ့ ပညာရပ်တွေ ဖြစ်ခဲ့လို့လဲ။
အဲဒီတော့ ကျနော်တို့ ကျောင်းသားဆိုတာ မတရားမှုကို ဘယ်တုန်းကမှ ငုံ့ခံခဲ့ရိုးထုံးစံ မရှိခဲ့ဘူး။
ကျနော်တို့ဟာ ပြန်ပြောချင်ပါတယ်။
၁၉ နှစ် ရှိခဲ့ပေမယ့်
စေးထန်းတဲ့ ကတ္တရာလမ်းတွေကို၊ နက်မှောင် ကြမ်းကြုတ်နေတဲ့ ကတ္တရာလမ်းတွေကို ထုရိုက်ခွဲကြည့်လိုက်ပါ။
တစိမ့်စိမ့် ယိုစီးကျလာတဲ့ ရှစ်ဆယ့်ရှစ်ကျောင်းသားတွေရဲ့ သွေးစက်တွေဟာ ဒီကနေ့ထိအောင် အော်ဟစ်မြည်တမ်းနေတုန်းပဲ။
ဒါဟာ . . . ဒီမိုကရေစီ . . . ဒီမိုကရေစီ . . . ဒီမိုကရေစီ ဆိုတာပဲ။"
၁၉ နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့မှာ တစ်ဦးချင်း ရင်ဖွင့်ပြောဆိုကြတဲ့ပွဲမှာ . . .
ရှစ်ဆယ့်ရှစ် ကျောင်းသားခေါင်းဆောင် ကိုမြအေးရဲ့ ရင်ဖွင့်စကားဖြစ်ပါတယ်။
ဒီပွဲမှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုဂျင်မီ စတဲ့ ရှစ်ဆယ့်ရှစ် ကျောင်းသားခေါင်းဆောင်တွေ တစ်ယောက်ပြီးတစ်ယောက် ရင်ဖွင့် ပြောဆိုခဲ့ကြတယ်။
ဒီပွဲမှာပဲ . . .
ဒီကနေ့ မျိုးဆက်၊ ဒီကနေ့ အခုလက်ရှိ ကျောင်းတက်နေတဲ့ (New Generation) တွေလည်း တက်ရောက်ကြပြီး
သူတို့ ခံစားချက်ကို အခုလို ပြောဆိုခဲ့ပါတယ်။
"ကျနော်ကတော့ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ လက်ရှိပညာသင်ကြားနေတဲ့ ကျောင်းသားတစ်ယောက် ဖြစ်ပါတယ်။
ကျနော်တို့ အခု တက်ရောက်သင်ကြားနေတဲ့ ကျောင်းမှာဆိုရင် ကျနော်တို့ ရသင့်ရထိုက်တဲ့ အခြေခံအခွင့်အရေးတွေ ဆုံးရှုံးနေတယ်။
ဒီဆုံးရှုံးမှုကို ကျနော်တို့ ရအောင်
ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ရအောင် ယူတဲ့နေရာမှာ တရားဥပဒေဘောင်ထဲကပဲ ငြိမ်းချမ်းစွာ ကျနော်တို့ဟာ တောင်းဆိုခဲ့တာပါ။
ကျနော်တို့ကို ဆူပူအုံကြွတယ်လို့ ပြောတယ်။
ကျနော်တို့ကို ဘယ်သူမှ မြှောက်ပေးခြင်းမရှိဘူးဆိုတာကို ကျနော်ပြောချင်တယ်။
"ပညာရေးဖြင့် ခောတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံကြီး တည်ဆောက်ပါ" လို့ ပြောတဲ့ နေရာမှာ . . . .
ကျနော်တို့ ကျောင်းသားတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေး မရဘဲနဲ့
ခောတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကို ဘယ်လိုဆောက်မှာလဲ၊ ဒါပဲ ကျနော်မေးချင်ပါတယ်။"
ကြက်သီးထလောက်တဲ့ ပြောဆိုချက်တွေပါ။
ဒီအသံတွေဟာ ကျနော်တို့ ကျောင်းသားထုအဖို့ အမှောင်ထုကို ထွင်းဖောက်ပေးလိုက်တဲ့ လမ်းပြကြယ်တံခွန်၊
ဒီအသံတွေဟာ ကျနော်တို့ ပြည်သူတွေအဖို့ ရဲဝံ့တည်ကြည်စွာ ရှေ့ကို ချီတက်လျှောက်လှမ်းသွားနိုင်ရေးအတွက် တိုက်စည်တိုက်မောင်းသံ၊
ဒီအသံတွေဟာ စစ်အုပ်စုအတွက်ကျတော့ ငရဲပွက်မယ့် အိပ်မက်ဆိုးတွေ ထမ်းပိုးလာတဲ့ မိုးကြိုးမုန်တိုင်း။
ဒီလို အိပ်မက်ဆိုးတွေနဲ့ ဇောချွေးပြန်နေတုန်းမှာပဲ . . .
သြဂုတ်လ (၁၉) ရက်နေ့က ကိုမင်းကိုနိုင်တို့ ဦးဆောင်တဲ့ "လောင်စာဆီဈေးနှုန်း ကျဆင်းရေး" ချီတက်ဆန္ဒပြပွဲဟာ သူ့အသဲကို လှံချက်ထပ်ထိသလို နအဖအဖို့ တော်တော်အထိနာပြီး စွေ့စွေ့ခုန်သွားစေပြန်ပါတယ်။
နအဖ စစ်အုပ်စုဟာ အဲဒီ ခံပြင်းဒေါသထွက်မှုတွေနှင့်ပဲ သြဂုတ်လ (၂၁) ရက်နေ့ ညအချိန်မတော်မှာ ကျောင်းသားခေါင်းဆောင်တွေကို ကမူးရှူးထိုး အတင်းလိုက်လံ ဖမ်းဆီးပါတော့တယ်။ သူ့စိတ်ထဲမှာ ဒီလို ဖမ်းဆီးပြလိုက်ရင် ဆန္ဒပြပွဲတွေ မီးကို ရေနှင့် ငြိမ်းသတ်လိုက်သလို တခါတည်း ငြိမ်းသွားမယ်လို့ ထင်ပုံရပါတယ်။
စစ်အုပ်စုတွေရဲ့ တွက်ဆမှုတွေကတော့ မှားပြီးရင်း မှားရင်းပါပဲ။
ဆန္ဒပြပွဲတွေဟာ သူထင်သလို လုံးလုံး ငြိမ်သက်မသွားကြဘူး။
သြဂုတ် (၂၂) ရက်နေ့မှာ ဆက်ဖြစ်၊
သြဂုတ်လ (၂၃) ရက်နေ့မှာ ဆက်ဖြစ်၊
သြဂုတ်လ (၂၄)၊ (၂၅)၊ (၂၆) ရက်နေ့တွေမှာ ဆက်ဖြစ်၊ တစ်ရက်မှ နားသွားတာမျိုး မရှိဘဲ ဆက်တိုက်တွေဖြစ်၊
ရန်ကုန်မှာ ဖြစ်ရုံတင်မက မန္တလေးနှင့် အခြားမြို့ကြီးတွေမှာဖြစ်၊
ဟားခါးလို၊ ဘူးသီးတောင် မောင်းတောလို တောင်ပေါ်ဒေသတွေမှာဖြစ်၊
စစ်တွေလို ထားဝယ်လို ပင်လယ်ကမ်းခြေဒေသတွေမှာဖြစ်၊
ပခုက္ကူလို တောင်တွင်းလို အပူပိုင်းမြေလတ်ဒေသတွေမှာဖြစ်၊
မိုးကုတ်လို တောင်ကြီးလို ရှမ်းရိုးမတွေပေါ်မှာဖြစ်၊
လပွတ္တာလို ဘိုကလေးလို မြစ်ဝကျွန်းပေါ်ဒေသတွေမှာဖြစ်၊
လူထုဆန္ဒပြပွဲတွေဟာ ရပ်လို့မရတော့ဘူး
တစ်စက်ကနေ တစ်မျက်နှာ ဖြစ်လာနေကြပြီ။
တစ်ပွဲကနေ နောက်တစ်ပွဲ၊ နောက်တစ်ပွဲကနေ နောက်ထပ်တစ်ပွဲ မီးတောက်တွေဟာ ခုန်ခုန်ပြီး မြန်မာပြည်အနှံ့ ကူးစက်ပျံ့နှံ့နေကြပါပြီ။
"ဒါတွေကို ဘယ်သူဖန်တီးတာလဲ"
"ဒါတွေကို ဘယ်သူမြှောက်ပေးတာလဲ"
"ဒါတွေကို ဘယ်သူက နောက်ကွယ် ကြိုးကိုင်ပြီး အမိန့်ပေးစေခိုင်းနေတာလဲ"
နအဖ စစ်အုပ်စုကတော့ လျှာအရိုးမရှိတိုင်း၊ အရှက်မရှိတိုင်း ပြောချင်ရာ ပြောတော့မယ်။
သူ့ပါးစပ်နဲ့ ကိုယ်တိုင်ပြောတဲ့နည်းကို မသုံးဘဲ
"၈၈ ရဲဘော်ဟောင်းတစ်ဦး" ဆိုတဲ့ အရူးတစ်ယောက်ရဲ့ ပါးစပ်နဲ့ ပြောခိုင်းတယ်"
"ဒါတွေကို (ဒီဆန္ဒပြပွဲတွေကို) ကိုမင်းကိုနိုင်တို့ ကိုကိုကြီးတို့ အုပ်စုက ဖန်တီးတယ်"
"NLD က မြှောက်ပေးတယ်"
"NCGUB, NCUB နိုင်ငံတကာက ပြည်တွင်းရေး ၀င်ရောက်စွက်ဖက်သူများက နောက်ကွယ်က ကြိုးကိုင်ပြီး အမိန့်ပေးစေခိုင်းတယ်"
ဒီလို ဆိုလာတယ်။
တစ်ရက်တည်းတောင် မဟုတ်ဘူး။ ဆက်တိုက် အခန်းဆက် ဆောင်းပါးရှည်ရေးပြီး ရူးသွပ်ခဲ့တာပါ။
"မင်းကိုနိုင် ကြိုးမဲ့လေတံခွန် (သို့) တိုင်းပြည့်အန္တရာယ်" ဆိုတဲ့ တံဆိပ်ကပ် ဆောင်းပါးတွေရေးပြီး စက်တင်ဘာ (၁) ရက်နေ့က စပြီး အပုပ်ချ တိုက်ခိုက်စွပ်စွဲ ခြိမ်းခြောက်စေခဲ့တာပါ။
ဒါကို ကြည့်လိုက်ရင်ပဲ . . .
နအဖ ဘယ်လောက် အကျပ်ရိုက်သွားပြီလဲဆိုတာ သိသာနေပြီ။
နအဖ ဘယ်လောက် ကြောက်ဒူးတုန်နေပြီလဲဆိုတာ ထင်ရှားနေပြီ။
နအဖဟာ . . . ၈၈ ကျောင်းသားခေါင်းဆောင်တွေကို ရမ်းနေပြီ။
အခုကျောင်းတက်နေဆဲ ကျောင်းသားထုအခွင့်အရေးတွေအတွက် တောင်းဆိုတတ် တောင်းဆိုရဲသူလေးတွေကို ရမ်းနေပြီ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ရမ်းနေပြီ။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို ရမ်းနေပြီ။
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီကို ရမ်းနေပြီ။
တပြည်လုံးက တက်ကြွလှုပ်ရှားသူတွေကို ရမ်းနေပြီ။
ကုန်ဈေးနှုန်းဒဏ်မခံနိုင်လို့ ကုန်းရုန်းထနေတဲ့ ပြည်သူတွေကို ရမ်းနေပြီ။
ပြည်ပရောက် အတိုက်အခံအဖွဲ့အစည်းတွေကို ရမ်းနေပြီ။
ကျနော်တို့ကို ချစ်ခင်စာနာကြတဲ့ နိုင်ငံတကာခေါင်းဆောင်တွေနှင့် နိုင်ငံတကာပြည်သူတွေကို ရမ်းနေပြီ။
ရန်သူကတော့ မီးကုန်ယမ်းကုန် ရမ်းနေပြီ။ မီးကုန်ယမ်းကုန် ဆန့်ကျင်နေပြီ။
ကြိုက်သလို ရမ်းပြီး ကြိုက်သလို ဆန့်ကျင်ပါစေ။
ရန်သူ ဆန့်ကျင်တာ ခံရတာဟာ ဂုဏ်ယူစရာဖြစ်ပါတယ်။
သူကတော့ . . . သူ့အသည်းကို ကျွဲခတ်သလို ဖြစ်လာလေလေ ရမ်းလေလေ ဖြစ်လာတော့မှာပါ။
သူကတော့ သူ့လမ်းသူထွင်ရင်း၊ သူ့လည်းပင်းကို ညှစ်မယ့်ကြိုးကို သူကိုယ်တိုင် စိတ်ရှိလက်ရှိ ကျကျနန အစွမ်းကုန် ကျစ်နေပါပြီ။
သူစိတ်တိုင်းကျ ကျစ်ပါစေ။
သူ့အတွက် အနာဂတ်ဟာ သိပ်မကျန်တော့ပါ။ ။
Tuesday, September 11, 2007
တစိမ့်စိမ့် စိမ့်ယိုစီးကျလာတဲ့ အော်ဟစ်မြည်တမ်းသံတွေ
Posted by
freeburma
at
10:41 AM
0
comments
Labels: Fight On
Monday, August 27, 2007
တွဲလက်တွေ မဖြုတ်စတမ်း
လောင်စာဆီဈေးနှုန်းမြင့်တက်မှုကို အခြေခံ၍ ပေါ်ပေါက်လာခဲ့ရသော လူထုဆန္ဒဖော်ထုတ်ပွဲများကို နအဖသည် အာဏာရှင်တို့၏ ထုံးစံအတိုင်း လက်နက်အင်အား၊ လူအင်အားတို့ဖြင့် ကြောက်ရွံ့စေမှုများအား ဖန်တီး၍ သူတို့၏ လမ်းကြောင်းကို မမှိတ်မသုန် ဆောင်ရွက် အကြမ်းဖက်လျက်ရှိသောကြောင့် သူတို့၏ လုပ်ရပ်သည် လတ်တလော ပစ္စက္ခအခြေအနေတွင် အသာစီး ရသယောင် ရှိနေပေသည်။
ဆန္ဒထုတ်ဖော်ပွဲတွေရဲ့နောက်ကွယ်က နအဖရဲ့ ရည်ရွယ်ချက်ဟာ ဘာလဲ။ ဘယ်ကို ဦးတည်နေတာလဲ။ သူ့ရဲ့ ဦးတည်ချက် ကတော့ လယ်ပြင်ဆင်သွားသလို ရှင်းနေတာပါပဲ။
ဘယ်သူမှ အဖက်မလုပ်တဲ့ ညီလာခံဆိုတာကြီးကို သူခိုးရွှေရတပြပြ လုပ်ချင်တယ်။ နိုင်ငံ့အရေးကို အသက်တွေ၊ ဘ၀တွေ ပေးပြီး တိုက်ပွဲဝင်နေတဲ့သူတွေ လုံးလုံး အရေးမစိုက်တဲ့ ၅/၉၆ ဆိုတာကြီးကို နေရာပေး ခြိမ်းခြောက်ချင်တယ်။ ကြောက်စေချင်တယ်။
စားပြီးရင်းစားပြီး စားပိုးမနင်နိုင်သေးတဲ့ နအဖ စစ်အုပ်စုဟာ စီးပွားရေးပိတ်ဆို့မှုကြောင့် သူတို့ရဲ့ အဆီတ၀င်းဝင်း စားခွက်တွေ ပျောက်သွားတော့ ဦးသူစားစတမ်း၊ နိုင်သူစားစတမ်းဆိုပြီး ဇာတ်တူသား စားတော့တာ အားလုံးအသိ။ ထပ်စားရင် တပ်ပျက်တော့မယ့် ကိန်းဆိုက်တော့ လူထုဆီက ရသမျှညှစ်ဖို့ အကြံကုန်ဂဠုန်ဆားချက် လုပ်ရတော့တာပါပဲ။
နအဖဟာ တချက်ခုတ် နှစ်ချက်၊ သုံးချက်ပြတ်ဖို့ အကွက်ဆင်လိုက်တာပါပဲ။ မှန်းချက်နဲ့ နှမ်းထွက်ရော နအဖ ကိုက်ရဲ့လား။
တစ်ကောင်ကျွေးပြီး သုံးလေးကောင် စားချင်တဲ့ နအဖ …. ကိုယ်တိုင်ရော …… ပွဲသိမ်းတိုက်ကွက် မမိဖို့ ကြိုတင် ပြင်ဆင်ထားပြီးပြီလား။ ငါလိုလူ ဇမ္ဗူမှာ ရှိလို့လား ဆိုပြီးတော့ ဘ၀င်လေဟပ်နေရင်တော့ ၀မ်းမြောက်ဝမ်းသာ သြဘာ ပေးလိုက်ပါတယ်။ ဆက်သာလုပ် … နအဖရေ …….
သူဆင်တဲ့ အကွက်ထဲမှာ ကျနော်တို့ အသာစီးရလိုက်တာကတော့ ကျနော်တို့ချစ်တဲ့နိုင်ငံက ပြည်သူတွေရဲ့ မီးခဲပြာဖုံးဖြစ်နေတဲ့ တရားမျှတမှု၊ လွတ်လပ်မှု၊ ငြိမ်းချမ်းရေးကို အာမခံနိုင်တဲ့ ဒီမိုကရေစီစနစ်ကိုလိုလားတဲ့ စိတ်ဓာတ်တွေ တငွေ့ငွေ့ တောက်လောင် လာနေတာကို ထင်ထင်ရှားရှား တွေ့မြင်လိုက်ရတာပဲ။ ကျောင်းသားမျိုးဆက်တွေဟာ နှိမ်နင်းဖျောက်ဖျက်လို့မရ ရှင်သန်နေဆဲ၊ မျိုးဆက်တာဝန်တွေကို လက်ဆင့်ကမ်း သယ်ဆောင်နေဆဲ ဆိုတာကို ဂုဏ်ယူဝမ်းမြောက်စဖွယ် တွေ့မြင်ရတာ ဟာလည်း ကျနော်တို့ရဲ့ အောင်ပွဲပါပဲ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈ မျိုးဆက် နောင်တော်များ၊ ကိုထင်ကျော်တို့ ဦးဆောင်သည့်အဖွဲ့များ၊ အစရှိသည့် အားလုံးသော ဒီမိုကရေစီအင်အားစုများ ရှေးရှုရာသည် လူကို လူလိုသိသည့် လူလိုဆက်ဆံသည့် စနစ် ပေါ်ထွန်းရေးပင်။
၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရပ်တည်ချက်၊ ၈၈ မျိုးဆက် နောင်တော်များ၏ ရဲရဲတောက် တိုက်ပွဲခေါ်သံ၊ ကိုထင်ကျော်တို့၏ ဘာမထီ စိန်ခေါ်မှုများ ............. ။
အားလုံးသော ဒီမိုကရေစီအင်အားစုများသည် အန္တိမရည်မှန်းချက်ဖြစ်သော ဒီမိုကရေစီပန်းတိုင်ဆီသို့ အဂ္ဂမဟာဗျူဟာ၊ မဟာဗျူဟာ၊ နည်းဗျူဟာ အစ အစ ရှိသည်တို့ကို သက်ဆိုင်ရာ၊ ပိုင်နိုင်ရာ၊ အားသန်ရာ တာဝန်များဖြင့် ချဉ်းကပ်ရာတွင် .....................
ဒီမိုကရေစီ၏ အခြေခံဖြစ်သော အပြန်အလှန်လေးစားမှုကို ရင်ဝယ်ပိုက်၍ အမြင်မတူညီမှုများကို ဆွေးနွေးငြင်းခုံခြင်း၊ ဝေဖန်ခြင်းတို့ဖြင့် တဖြည်းဖြည်း ရင့်ကျက်ရှင်သန်၍ ဆက်လက် ချီတက်ရပေဦးမည်မှာ ကျနော်တို့၏ သမိုင်းပေးတာဝန်များပင် ဖြစ်ပေသည်။
တော်လှန်ရေး လှုပ်ရှားမှုများတွင် လတ်တလော အရေးကြီးသည့် အရေးပေါ် နိုင်ငံရေးကိစ္စများသည် စိတ်ဓာတ်ရေးရာ အဓိက ရည်မှန်းချက်များကို ဖုံးအုပ်သွားဖွယ်ရာ သို့မဟုတ် ပျက်ပြယ်သွားဖွယ်ရာရှိသော အန္တရာယ်နှင့် အမြဲတမ်း ကြုံတွေ့နေရပါသည်။ စိတ်ဓာတ်ရေးရာ ရည်မှန်းချက်များကို ပထမ ဦးစားပေးရမည်။ မပျက်စီးအောင် လုပ်ရမည်ဟု ခိုင်မာစွာ တိုက်တွန်းနေရသည်မှာ ..................... (ဒီမိုကရေစီရှာပုံတော် ၄)
Posted by
freeburma
at
6:14 AM
0
comments
Labels: Fight On
Saturday, August 25, 2007
We are prisoners!
to know that the people of Burma remain prisoners in their own country"
..... PLEASE USE YOUR LIBERTY TO PROMOTE OURS .....
by Aung San Suu Kyi, Burma National Leader, 1991 Nobel Peace laureate
Posted by
freeburma
at
11:12 AM
0
comments
Labels: Burma Icon DASSK, Fight On
Wednesday, August 22, 2007
ဒီမိုကရေစီရှာပုံတော် (၄)
တော်လှန်ရေးဆိုသည်မှာ အစိုးရလမ်းစဉ်များ သို့မဟုတ် လူမှုရေး လျစ်လျူရှုမှုများကြောင့် ရပ်တန့်နေရသည့် လိုအပ်သော ပြောင်းလဲမှု များကို အကောင်အထည်ဖော်ရန် မျိုသိပ်မထားနိုင်အောင် နှိုးဆွတိုက်တွန်းသော စိတ်ဓာတ်ကို ယေဘုယျအားဖြင့် ရောင်ပြန်ဟပ်ခြင်းပင် ဖြစ်ပါသည်။ ဤသို့သော ပြောင်းလဲမှုများကို အကြမ်းမဖက်ဘဲ ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ရန် ဒီမိုကရေစီ အဖွဲ့အစည်းများနှင့် လုပ်ထုံးလုပ်နည်းများတွင် နည်းလမ်းများ ပေးထားပါသည်။ သို့သော်လည်း တင်းကြပ်သော လမ်းစဉ်များမှ သွေဖီမှု မှန်သမျှကို ခွင့်မပြုသော အာဏာရှင်စနစ်သည် ပြောင်းလဲမှုကို ရွံ့မုန်းပါသည်။ သဘောထား ကွဲလွဲပိုင်ခွင့်ကို၎င်း၊ သဘောထားကွဲလွဲမှုကို ငြိမ်းချမ်းစွာ ဖြေရှင်းရမည့် တာဝန်ကို၎င်း၊ ဒီမိုကရေစီက အသိအမှတ် ပြုထားပါသည်။
အာဏာရှင်အစိုးရတို့ကမူ ၎င်းတို့၏ ၀ါဒသဘောတရားနှင့် လုပ်ရပ်များအား ဝေဖန်သည်ကို တိုက်ပွဲဝင်ရန် စိန်ခေါ်နေခြင်း ဖြစ်သည်ဟု ယူဆကြပါသည်။ အတိုက်အခံလုပ်ခြင်းမှာ ထိပ်တိုက်ရင်ဆိုင်တွေ့မှုကို လိုလားခြင်းသာ ဖြစ်သည်ဟု မြင်၍ ရင်ဆိုင်တွေ့မှုကို အကြမ်းဖက်သော ပဋိပက္ခဟု အဓိပ္ပာယ် ဖွင့်ဆိုထားကြပါသည်။ စစ်မှန်သော ဆွေးနွေးမှုဖြင့် ဖြေရှင်းနိုင်ရန် ဦးတည်၍ အဓိက သဘောထား ကွဲလွဲချက်များကို ပွင့်လင်းစွာ အပြန်အလှန် စေ့စပ်ခြင်းသည် ရင်ဆိုင်တွေ့မှုပင် ဖြစ်သည်ဟူသော သဘောကို ချုပ်ချယ်လိုစိတ် ရှိသူတို့က နားမလည်နိုင်ကြပါ။ အတင်းအဓမ္မ လုပ်ခိုင်းသည့်စနစ်အပေါ်တွင် တည်ဆောက်ထားသော အာဏာဟူသည်မှာ မလုံခြုံ မခိုင်မြဲသောကြောင့် သဘောထား ကွဲလွဲသူအားလုံးကို ချေမှုန်းရန် လိုအပ်သောအဖြစ်သို့ ရောက်ရှိသွားရပါသည်။
ပြည့်ဝသော ဒီမိုကရေစီ ဘောင်အတွင်း၌မူ ဆန့်ကျင်ကန့်ကွက်မှု၊ သဘောထားကွဲလွဲမှု စသည်တို့သည် အပြောင်းအလဲ မလိုလားသောဝါဒ ရှေးဟောင်းအယူအဆ စသည်တို့နှင့် အကျိုးရှိစွာ ယှဉ်တွဲ၍ ရှင်သန်နိုင်ပါသည်။ ဤကဲ့သို့ အတူရှင်သန်နိုင်ရန် ဥပဒေ၊ စည်းကမ်းရိုသေလေးစားမှုနှင့် ပုဂ္ဂလိက အခွင့်အရေး လေးစားမှုတို့ကို မျှတအောင် လုပ်ပေးရသည့် လိုအပ်ချက်ကို ယေဘုယျအားဖြင့် အသိအမှတ်ပြုရမည် ဖြစ်ပါသည်။
"ငြိမ်ဝပ်ပိပြားရေး" ဟူသော စကားကို ဖိနှိပ်ချုပ်ချယ်ရာတွင် ဆင်ခြေပေးသည့်အနေဖြင့် မကြာခဏ အလွဲသုံးစား လုပ်ကြသဖြင့် အာဏာရှင်စနစ် ကြီးစိုးသော နိုင်ငံများတွင် ဤစကားအသုံးအနှုန်းကို မယုံသင်္ကာ ဖြစ်လာကြပါသည်။ ထင်ရှားသော မြန်မာစာရေးဆရာကြီး တစ်ဦးသည် လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က "ငြိမ်ဝပ်ပိပြားရေး" နှင့် ပတ်သက်သော ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ပါသည်။ စကားတလုံးချင်း ခွဲခြမ်းစိတ်ဖြာ ကြည့်သောအခါတွင် ငြိမ်နေရမည်၊ ၀ပ်တွားနေရမည်၊ ပိစေရမည်၊ ပြားစေရမည်ဟု အဓိပ္ပာယ်ရသဖြင့် နိုးကြားတက်ကြွ တိုးတက်သော နိုင်ငံသားတို့ ပေါ်ပေါက်လာခြင်းကို ဟန့်တားသည့် မလိုလားအပ်သော အခြေအနေ ဖြစ်လာစေမည်ဟု မှတ်ချက်ချခဲ့ပါသည်။
"ဥပဒေ" ဟူသည် တရားမျှတမှုနှင့် ထပ်တူထပ်မျှဖြစ်ပြီး တရားမျှတမှု ရှိခြင်းကြောင့် ပြည်သူပြည်သားများ ကျေကျေနပ်နပ်နှင့် ငြိမ်သက်နေကြသော "ငြိမ်ဝပ်ပိပြားမှု" မျိုးသာလျှင် မွန်မြတ်ပါသည်။ ဥပဒေကို အစိုးရ၏ ဖိနှိပ်ချုပ်ချယ်သော ကိရိယာအဖြစ် အသုံးပြုခြင်းသည် အာဏာရှင်စနစ်၏ အများသိကြန်အင် လက္ခဏာတရပ်ပင် ဖြစ်ပါသည်။ ဥပဒေ လုပ်ထုံးလုပ်နည်းအတိုင်း ဖြစ်စေရန် အာမခံပေးမည့် အများသဘောတူ ရွေးချယ်တင်မြှောက်ထားသည့် ဥပဒေပြုလွှတ်တော်နှင့် သီးခြားလွတ်လပ်သော တရားစီရင်ရေးမဏ္ဍိုင် မရှိပါက အာဏာပိုင်တို့သည် ၎င်းတို့ထင်သလို ထုတ်ပြန်ထား၍ လက်ခံနိုင်လောက်သော တရားမျှတမှု စံသတ်မှတ်ချက် အားလုံးနှင့် ပြောင်ပြောင်ကြီး ဆန့်ကျင်သည့် အမိန့်များကို "ဥပဒေ" သဘောဖြင့် ကျင့်သုံးနိုင်ပါသည်။ တိုင်းနိုင်ငံ တနိုင်ငံတွင် အာဏာရှိသူများ အဆင်ပြေစေရန် ဥပဒေသစ်များကို ပြဋ္ဌာန်းနိုင်ပါက၎င်း၊ ဥပဒေဟောင်းများကို ပြောင်းလဲနိုင်ပါက ၎င်း၊ နိုင်ငံသူနိုင်ငံသားများ လုံခြုံမှု ရရှိနိုင်မည် မဟုတ်ပါ။
ဤအချက်ကို ရှေးထုံးတမ်းစဉ်လာအရ အသိအမှတ်ပြုထားခြင်း ဖြစ်ကြောင်းကို အပရိဟာနိယတရားများက ထင်ရှားစေပါသည်။ ၎င်းတရားတပါးအရ အညီအညွတ် ပညတ်ထားသော ဥပဒေများကို အလွယ်တကူ ပယ်ဖျက်ခြင်း၊ အညီအညွတ် ပညတ်ထားခြင်း မရှိသော ဥပဒေများကို အလွယ်တကူ ပြဋ္ဌာန်းခြင်းတို့မှ ရှောင်ကြဉ်ရမည် ဖြစ်ပါသည်။
ဗုဒ္ဓဘာသာ အယူအဆတွင် ဥပဒေသည် တရားဓမ္မအပေါ်တွင် အခြေခံပါသည်။ အကာအကွယ်ကင်းမဲ့သော ပြည်သူလူထု အပေါ်တွင် ကြမ်းတမ်းခက်ထန် တင်းမာသော စည်းမျဉ်းများ ပြဋ္ဌာန်းနိုင်သော အာဏာအပေါ်တွင် အခြေခံခြင်း မဟုတ်ပါ။ စနစ်တခု၏ တရားမျှတမှုကို မှန်ကန်စွာ တိုင်းတာရာတွင် အင်အားအနည်းဆုံးဖြစ်သူတို့အား ကာကွယ်ရန် မည်မျှ အာမခံ ထားသည်ကို ကြည့်၍ တိုင်းတာရမည် ဖြစ်ပါသည်။
တရားမျှတမှုမရှိသော နေရာဒေသတွင် စိတ်ချရသော ငြိမ်းချမ်းမှုလည်း မရှိနိုင်ပါ။ အာဏာရှင်စနစ်နှင့် ဖိနှိပ်ချုပ်ချယ်မှုများကို နောက်ဆုံး မခံနိုင်တော့သည့် အဆုံးတွင် အားကိုးစရာဟူ၍ သူပုန်ထရန်သာ ရှိတော့သည့်အဖြစ်အထိ ရောက်မလာစေရန်အတွက် လူ့အခွင့်အရေးများကို တရားဥပဒေစိုးမိုးမှုဖြင့် ကာကွယ်ထားရမည်ဟု ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းက အသိအမှတ် ပြုထားပါသည်။ ငြိမ်းချမ်းရေးဟူသည်မှာ အတိုက်အခံအားလုံး နှုတ်ဆိတ်နေခြင်း ဖြစ်သည်ဟူ၍၎င်း၊ လုံခြုံရေးဟူသည်မှာ မိမိတို့ အာဏာ တည်မြဲရေးကို သေချာအောင် ပြုလုပ်ခြင်း ဖြစ်သည်ဟူ၍၎င်း အဓိပ္ပာယ်ကောက်ယူကြသော သဘောထားကျဉ်းမြောင်းသူ တို့ကသာလျှင် လူ့အခွင့်အရေးသည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့၏ လိုအပ်သော အခြေခံဖြစ်သည်ဟူသော အချက်ကို ငြင်းဆိုကြမည် ဖြစ်ပါသည်။ မြန်မာတို့သည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသဘောကို အေးမြသောအရိပ်နှင့် တွဲဖက်ထားကြပါသည်။
သစ်ပင်၏အရိပ်သည် အေးမြပေသည်
ထိုထက် မိဘ၏အရိပ်သည် ပို အေးမြ၏
ထိုထက် ဆရာသမား၏အရိပ်သည် ပို၍ပင် အေးမြ၏
ထိုတက် မင်း၏အရိပ်မှာ ပို၍ပင်သာ အေးမြပေသည်။
သို့သော် အအေးမြဆုံးမှာ ဗုဒ္ဓမြတ်စွာဘုရား၏အရိပ်ပင် ဖြစ်ပေသည်။
ထို့ကြောင့် ပြည်သူလူထုကို ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဟူသည့် အေးမြသောအရိပ်အာဝါသ ပေးနိုင်ရန်အတွက် အုပ်ချုပ်သူတို့သည် ဗုဒ္ဓရှင်တော်၏ အဆုံးအမသြ၀ါဒများကို လိုက်နာရမည် ဖြစ်ပါသည်။ ယင်းသြ၀ါဒများထဲတွင် သစ္စာရှိခြင်း၊ ကရုဏာထားခြင်းနှင့် တရားဓမ္မ စောင့်စည်းခြင်းတို့သည် အဓိက ဖြစ်ပါသည်။ ဤသို့သော အရည်အချင်းများ အပေါ်တွင် အခြေပြုသော အစိုးရကို ရရှိရန် ရည်ရွယ်၍ မြန်မာပြည်သားတို့က ဒီမိုကရေစီ တိုက်ပွဲဝင်နေခြင်းပင် ဖြစ်ပါသည်။
တော်လှန်ရေး လှုပ်ရှားမှုများတွင် လတ်တလော အရေးကြီးသည့် အရေးပေါ် နိုင်ငံရေးကိစ္စများသည် စိတ်ဓာတ်ရေးရာ အဓိက ရည်မှန်းချက်များကို ဖုံးအုပ်သွားဖွယ်ရာ သို့မဟုတ် ပျက်ပြယ်သွားဖွယ်ရာရှိသော အန္တရာယ်နှင့် အမြဲတန်း ကြုံတွေ့နေရပါသည်။ စိတ်ဓာတ်ရေးရာ ရည်မှန်းချက်များကို ပထမ ဦးစားပေးရမည်။ မပျက်စီးအောင် လုပ်ရမည်ဟု ခိုင်မာစွာ တိုက်တွန်းနေရသည်မှာ စိတ်ကူးယဉ်ဝါဒကိုသာ ထုတ်ဖော်နေခြင်း မဟုတ်ဘဲ တိရစ္ဆာန်ဥယျာဉ် ၀တ္ထုထဲမှ အဖြစ်မျိုး ပေါ်ပေါက်မလာနိုင်အောင် အကာအကွယ်ပေးရန် လိုအပ်သောကြောင့် ဖြစ်ပါသည်။ (ဗြိတိသျှ စာရေးဆရာကြီး ဂျော့အိုဝဲလ် ရေးသားသော) တိရစ္ဆာန်ဥယျာဉ် ၀တ္ထုတွင် စနစ်သစ်ကို တည်ထောင်သူတို့သည် အစပထမတွင် စိတ်အားထက်သန်စွာ တက်တက်ကြွကြွ ပြုပြင်ရေးများ ပြုလုပ်ကြသော်လည်း နောက်ပိုင်းတွင်မူ ၎င်းတို့ အစားထိုးလိုက်သော စနစ်ဟောင်း၏ မနှစ်မြို့ဖွယ်ရာ အကျင့်စရိုက်များကို လက်ခံ ကျင့်သုံးလာကြပါသည်။ မြန်မာပြည်သားတို့သည် အစိုးရစနစ်ကိုသာ ပြောင်းလဲလိုသည် မဟုတ်ဘဲ နိုင်ငံရေး တန်ဖိုးထားမှုများကိုပါ ပြောင်းလဲလိုပါသည်။
"အစိုးရ၏ အခြေခံအုတ်မြစ်သည် အကြွင်းမဲ့အာဏာဖြစ်သည်" ဟူသော အယူအဆကို အယုံအကြည်ရှိခြင်းသည် နိုင်ငံရေးအာဏာ၏ အရင်းခံ အင်အားဖြစ်သည်ဟူသော အယူအဆဖြင့် အစားထိုးမှသာလျှင် အာဏာရှင်စနစ်၏ စိတ်မချမ်းမြေ့စရာ အမွေအနှစ်များကို ဖယ်ရှားနိုင်မည် ဖြစ်ပါသည်။
တိုင်းပြည်၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်သော ပြည်သူတို့၏ အခွင့်အရေးနှင့် စွမ်းရည်များအပေါ်တွင် အယုံအကြည်ရှိခြင်း၊ အစိုးရနှင့် ပြည်သူအကြား အပြန်အလှန် ယုံကြည်ခြင်း၊ လွတ်လပ်မှုနှင့် လူ့အခွင့်အရေး သဘောတရား မူဝါဒများအပေါ်တွင် အယုံအကြည်ရှိခြင်း စသည်တို့ လိုအပ်ပါသည်။ ဗုဒ္ဓဘာသာ အယူအဆများအရ မွန်မြတ်သော အကျင့်သီလ သဘောတရားများတွင် အယုံအကြည်ရှိသော သဒ္ဓါစိတ်သည် လောကီချမ်းသာမှုထက်သာသော လောကုတ္တရာချမ်းသာမှု ရရှိရန်အတွက် ပထမဆုံးသော လိုအပ်ချက်ပင် ဖြစ်ပါသည်။ အယုံအကြည်ကင်းမဲ့မှုနှင့် မသေချာမှုတို့ကို ကြာရှည်ခံစားနေရသော လူ့အဖွဲ့အစည်းအတွင်းသို့ ဤသို့သော ယုံကြည်မှုမျိုးကို သွတ်သွင်းရာ၌ ဆန္ဒအာရုံကို အားကိုးခြင်းမပြုဘဲ အသိဥာဏ်အရ သဘောပေါက် လက်ခံလာစေရန် ဆောင်ရွက်ခြင်းသည် မြန်မာ့ဒီမိုကရေစီ တော်လှန်ရေး၏ အနှစ်သာရ ဖြစ်ပါသည်။ ကိုယ်ကျင့်တရားဆိုင်ရာ ကမ္ဘာ့စံ သတ်မှတ်ချက် များနှင့်အညီဖြစ်သော အပြောင်းအလဲများကို ဦးတည်သည့် တော်လှန်ရေးပင် ဖြစ်ပါသည်။
ဒီမိုကရေစီ ရှာပုံတော်ဖွင့်ရာတွင် မြန်မာပြည်သားတို့သည် ၎င်းတို့တိုင်းပြည် ပြင်ပတွင်ရှိသော နိုင်ငံရေးသီအိုရီ အယူအဆနှင့် လက်တွေ့ ကျင့်စဉ်များကို လေ့လာရုံမျှသာမက ၎င်းတို့၏ ပတ်ဝန်းကျင် အခြေအနေ အသွင်အပြင်ကို ဖြစ်ပေါ်လာစေမည့် စိတ်ပိုင်းဆိုင်ရာနှင့် အသိဥာဏ် အတွေးအခေါ်ပိုင်းဆိုင်ရာ တန်ဖိုးထားမှုများကိုလည်း လေ့လာကြပါသည်။
တိုင်းပြည်တပြည်၏ ယဉ်ကျေးမှု၊ လူမှုရေးနှင့် နိုင်ငံရေး တိုးတက်ဖွံ့ဖြိုးမှုသည် အစဉ်အမြဲ လှုပ်ရှားပြောင်းလဲနေသောဖြစ်စဉ် ဖြစ်ကြောင်း မြန်မာပြည်သားတို့ ပင်ကိုယ်သဘာဝစိတ်က နားလည် သဘောပေါက်ကြပါသည်။ ထို့ကြောင့် တိုးတက်ဖွံ့ဖြိုးနိုင်ရန်အတွက် ထုံးတမ်းစဉ်လာများ၊ တီထွင်စမ်းသပ်မှုများ၊ အယူအဆ အဟောင်းများနှင့် အသစ်များကို ဓမ္မဓိဋ္ဌာန်ကျကျ တန်ဖိုးဖြတ်မှုများကို အသုံးပြုကြရမည်ကို သဘောပေါက်ကြပါသည်။ အတိတ်ကာလကို တည်ကြည် ဖြောင့်မတ်သိမ်မွေ့စွာ အကဲဖြတ်မှုနှင့် ပစ္စုပ္ပန်ကာလကို လိမ္မာပါးနပ်စွာ အကဲဖြတ်မှုတို့အား ညီညွတ်စေ (သဟဇက်) ရန် လိုအပ်သည့် အသိတရားအတိုင်း ဒီမိုကရေစီ လိုလားသူအားလုံးက လှုပ်ရှားနေသည်ဟု ဆိုလိုခြင်းမဟုတ်ပါ။
သို့သော် ဤလှုပ်ရှားမှုသည် အသိဥာဏ်ဆိုင်ရာ အခက်အခဲများကို အမြော်အမြင်ရှိရှိ ရဲရဲရင့်ရင့်နှင့် ရင်ဆိုင်နိုင်စွမ်းကို ရှိစေသည့် သဘောထား ပြည့်ဝမှုဖြင့် ကြွယ်ဝလျက်ရှိပါသည်။ အဆက်မပြတ် စိတ်ဓာတ်ရေးရာတိုက်ပွဲများ ဆင်နွှဲရန်အတွက် ခံနိုင်ရည် ရှိပါသည်။ မုန်းတီးမှု၊ တယူသန်ဖြစ်မှု၊ မျှော်လင့်ချက်ကင်းမဲ့မှုစသည့် အင်အားစုများကို ကြံ့ကြံ့ခံနိုင်ရန် လိုအပ်သော ရုပ်ပိုင်းဆိုင်ရာ ခံနိုင်ရည်လည်း ရှိပါသည်။
အားရှိဖွယ်ရာ အကောင်းဆုံးအချက်မှာ ဒီမိုကရေစီတိုက်ပွဲ၏ အဓိကတွန်းအားသည် အာဏာရရန်၊ လက်စားချေရန်၊ ဖျက်ဆီးရန် အာသာပြင်းပြမှု မဟုတ်ဘဲ လွတ်လပ်မှု၊ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးကို တကယ်တမ်း ရိုသေလေးစားရေးပင် ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီရှာပုံတော်သည် ပြည်သူတို့က ကမ္ဘာ့အဖွဲ့အစည်းတွင် လွတ်လပ်သော၊ တန်းတူညီတူ အဖွဲ့အ၀င်များအဖြစ် ပြည့်ဝစွာ အဓိပ္ပာယ်ရှိရှိ နေထိုင်နိုင်ရန် ရုန်းကန်မှုကြီးပင် ဖြစ်ပါသည်။ ဤသည်မှာ မိမိတို့၏ စိတ်ဓာတ်သည် မိမိတို့သဘာဝ၏ ချွတ်ယွင်းချက်များအား ကျော်လွန်နိုင်ကြောင်းကို ထင်ရှားစေရန် လူသားတို့ အဆက်မပြတ် ကြိုးပမ်းအားထုတ်နေမှု၏ အစိတ်အပိုင်း တခုပင်ဖြစ်ပါသည်။
Posted by
freeburma
at
9:20 PM
0
comments
Labels: In Quest of Democracy
Saturday, August 18, 2007
Wednesday, August 15, 2007
သုညတွေရဲ့ မြင်းခွာသံများ
ဓာတ်ဆီ ၂၅၀၀ိ/-၊ ဒီဇယ်ဆီ ၃၀၀၀ိ/-၊ CNG ၉၀၀၀ိ/-၊ ဟုတ်ကဲ့ အပြင်မှောင်ခိုဈေးကွက်က လောင်စာဆီဈေးနှုန်းတွေ ချရေးနေခြင်း မဟုတ်ပါ။ ဘယ်သူဘယ်ဝါ၊ ဘယ်ဌာနကမှ တိတိပပ တာဝန်မခံထားဘဲ အရေးပေါ် ထုတ်ပြန်လိုက်တဲ့ … ဒီကနေ့ ၂၀၀၇ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့ကစပြီး ဈေးနှုန်းတက်သွားတဲ့ …
အဆိုးဆုံးက CNG ဈေးပါပဲ။ တခါထည့် ၁၈၀၀ိ/- ကနေ အခု ၉၀၀၀ိ/- ဖြစ်သွားတော့ ငါးဆတောင် ခုန်တက်ပစ်လိုက်တာ ….. နဂိုထဲက တမေ့တမော တန်းစီရလို့ ညစ်နေကြတဲ့ လိုင်းကားတွေခမျာ မတက်ချင်တက်ချင်နဲ့ တက်လိုက်တာ အရင် ၄၀ိ/- ခရီးကို ၁၀၀ိ/- (ဘယ်စီးစီး ၁၀၀ိ/-) ခရီးဝေးရင် ဂိတ်စ၊ ဂိတ်ဆုံးဆိုရင် ၃၀၀ိ/- တဲ့ဗျား။
အထိနာဆုံးက လက်လုပ်လက်စားတွေ၊ ၀န်ထမ်းတွေပါပဲ။ အသွားအပြန် ၆၀၀ိ/ ဆိုတာနဲ့ပဲ ကျန်တဲ့ပိုက်ဆံနဲ့ ဘယ်လို သမုဒ္ဒရာ ၀မ်းတထွာ ဖြည့်ရမှာလဲ။
ကုန်သည်၊ စီးပွားရေးလုပ်ငန်းရှင်၊ အခု လိုင်းကားပိုင်ရှင်တွေကတော့ အထိနာလှတယ်လို့ မဆိုနိုင်ပါဘူး။ အခုပဲ အစိုးရက လောင်စာဆီဈေး တက်လို့ သူတို့လည်း လိုက်တက်ရတာပါဆို ပြဿနာတ၀က် ဖြေရှင်းပြီးသား ဖြစ်သွားပါပြီ။ ကျန်တဲ့ ၀ယ်လိုအား ကျသွားနိုင်မှုကိုတော့ ကိုယ့်နည်းကိုယ်ဟန်နဲ့ လိုက်လျောညီထွေ ဖြေရှင်းနိုင်ရင် ပြီးပြီ။ အကွက်မြင်တတ်ရင် ကွက်ကျော်ရိုက်ပြီး တွက်ရေးနဲ့ စက်သူဌေးဖြစ်ကိန်းပါပဲ။
ဘယ်နိုင်ငံမှာမဆို တိုင်းပြည်မှာ တစ်ခုခုပြဿနာဖြစ်ရင် ပြည်သူတွေကတော့ အစိုးရခေါင်း ပုံချကြတာချည်းပဲ။ ကျနော်တို့ နိုင်ငံ မှာတော့ အစိုးရလုပ်ချင်တာမှန်သမျှ လုပ်လိုက်တာမှန်သမျှရဲ့ အကျိုးဆက်ဆိုးတွေကို ပြည်သူတွေချည်းပဲ လှိမ့်ခံနေရတာပါပဲ။
စစ်မှန်တဲ့အစိုးရဆိုရင် လုပ်ကိုလုပ်ရမယ့် အချက်တွေ ရှိပါတယ်။
ပထမ - ပြည်သူလူထုကို ကြိုတင်အသိပေး ကြေညာပေးရမယ်။
ဒုတိယ - ဘာကြောင့် ဒီလိုလုပ်ဖို့ ဆုံးဖြတ်ရတာလဲ။ အဲဒီမှာ အကြောင်းအကျိုး ခိုင်လုံရမယ်။ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍအသီးသီးကို အားလုံး ဆီလျော်စွာ ချိတ်ဆက်ပြနိုင်တဲ့ အကြောင်းပြချက် ဖြစ်ရမယ်။
အခုပြန်ကြည့်ရင် ပထမအချက်ကို လုံးဝပျက်ကွက်တယ်။ ဒုတိယအချက်ကလည်း ထိုနည်းလည်းကောင်း။ နောက် ဘယ်အချိန် မှာမှ ရှင်းလင်းမှာလဲ။
နိုင်ငံတကာရဲ့ ဈေးနှုန်းနဲ့ ယှဉ်ပြီးတော့ ကမ္ဘာ့နိုင်ငံတွေမှာ ၁ ဂါလံ ဒေါ်လာဘယ်လောက်နဲ့ ရောင်းနေပါတယ်။ ကျနော်တို့နိုင်ငံမှာ ဈေးနှုန်း ထပ်မြှင့်တာတောင်မှ သူတို့ရဲ့ ပေါက်ဈေးအောက်မှာပဲ ရှိပါတယ် ဆိုတဲ့အပြောမျိုးတော့ ငါ့စကားနွားရ ပြောလို့မရပါဘူး။
လိုရင်းကတော့ ပြည်သူကို လူလိုသူလို / တိုင်းပြည်ရဲ့ ရင်နှစ်သည်းချာတွေလို သဘောမထားဘဲ ကျွန်သဘောက်လို ဆက်ဆံ နေတာပဲ။ ဖိနှိပ်နေတာပဲ။
Bus Line တွေရဲ့ ဒီကနေ့ သတ်မှတ်လိုက်တဲ့ ယာဉ်စီးခဟာ သာမန်လက်လုပ်လက်စား / ၀န်ထမ်းတွေ တောင့်ခံနိုင်တဲ့ အင်အား မရှိတော့ပါဘူး။
ငြိမ်ခံနိုင်ဖို့ အားလေးတောင် မချန်ပေးနိုင်တော့ဘူးဆိုတော့ ကျနော်တို့အတွက် ရွေးစရာတလမ်းပဲရှိတယ်။ ဘယ်လို ဆန့်ကျင်မလဲ။
ကျနော်တို့
ကိုယ်ပိုင်တဲ့ ခြေထောက်ကိုပဲ အားကိုးရမယ်။
အလုပ်ရှိရာကို ခြေလျင်လျှောက်သွားရမယ်။
ခြေလျင်လျှောက်ပြီး ရုံးတက်ရမယ်။
ကျနော်တို့အားလုံး စုစုစည်းစည်းနဲ့ ခြေလျင်ချီတက်ပွဲ လှုပ်ရှားမှုများဖြင့် လက်ရှိအနေအထားကို တွန်းလှန်ဆန့်ကျင်ကြပါစို့။
Posted by
freeburma
at
11:06 AM
0
comments
Labels: Fight On
Tuesday, August 14, 2007
ဝိရောဓိများနှင့် စကားစမြည် (၂)
Posted by
freeburma
at
2:39 PM
0
comments
Labels: Talking With ............
Saturday, August 11, 2007
ဒီမိုကရေစီရှာပုံတော် (၃)
ဒီမိုကရေစီဟူသည်မှာ အစိုးရပုံစနစ်တခု မျှသာမကသေးဘဲ လူတဦးချင်းကို ရိုသေလေးစားသည့် အပေါ်၌ အခြေခံထားသော လူမှုရေးနှင့် သဘောတရား ရေးရာတို့အား စုစည်းပေါင်းစပ်ထားသော စနစ်ဖြစ်သည်ဟု မြန်မာပြည်သားတို့က ယူဆထား ကြပါသည်။ ၎င်းတို့ကို မည်သည့်အတွက် ဒီမိုကရေစီကို လိုလားကြပါသနည်းဟု မေးသောအခါ၌ နိုင်ငံရေးတွင် စိတ်ဝင်စားမှု အနည်းဆုံးသူတို့ကပင် "ကျနော်တို့အနေနဲ့ကတော့ ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ်၊ အေးအေးချမ်းချမ်း ကိုယ့်အလုပ်ကိုယ် လုပ်ချင်တာပါပဲ။ ဘယ်သူ့ကိုမှ ဒုက္ခမပေးချင်ပါဘူး။ မကြောက်မရွံ့ မစိုးရိမ်ရပဲ အသင့်အတင့် စားသောက်နေထိုင်နိုင်အောင် အသက်မွေး ၀မ်းကျောင်းကလေး တခုလောက်သာ လိုချင်တာပါ" လို့ ဖြေကြားမှာ ဖြစ်ပါသည်။
တနည်းအားဖြင့်ဆိုသော် ချို့တဲ့မှု၊ ကြောက်ရွံ့ရမှု ကင်းဝေး၍ အေးချမ်းတည်ငြိမ် သိက္ခာရှိသော ဘ၀မျိုးကို အာမခံနိုင်မည့် အခြေခံ လူ့အခွင့်အရေးများကို မြန်မာပြည်သားတို့က လိုလားခြင်း ဖြစ်ပါသည်။ ဒီမိုကရေစီသီချင်းများတွင်လည်းယင်းသို့သော ပြင်းပြသည့် တမ်းတချက်များကို ဖော်ပြထားပါသည်။ "ထမင်းစားသော စက်ရုပ်များထဲမှာ စိုးစဉ်းမျှတောင် တို့မပါ၊ လူတိုင်း လူတိုင်း လူ့အခွင့်အရေး ရှိသင့်တယ်" "ရိုင်းစိုင်းတဲ့ တောတိရစ္ဆာန်များလည်း မဟုတ်၊ အားလုံးက အသိနဲ့ လူတွေ၊ လက်နက်ပြ ခြိမ်းခြောက်ကာ အုပ်ချုပ်မှု ရပ်တန်းက ရပ်သင့်ပြီလေ၊ အရေးအခင်းတိုင်း သေနတ်နဲ့ ဖြေရှင်းလို့တော့ မြန်မာပြည်မှာ လူသာကုန်မလေ။"
လူ့အခွင့်အရေး ပြဿနာသည် ဒီမိုကရေစီ လှုပ်ရှားမှု၏ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်လာသောအခါ၌ အစိုးရ သတင်းဌာနများက လူ့အခွင့်အရေး အယူအဆ တခုလုံးကို ပြက်ရယ်ပြု ရှုတ်ချ၍ ဓလေ့ထုံးတမ်းစဉ်လာ တန်ဖိုးထားမှုများနှင့် မကိုက်ညီသော အနောက်တိုင်း အသုံးအဆောင်မျှသာ ဖြစ်သည်ဟု စတင် သမုတ်လာကြသည်မှာလည်း ကြိုတင်ခန့်မှန်းနိုင်သော အချက်ပင် ဖြစ်ပါသည်။ သတ္တ၀ါများအနက် လူသားစင်စစ်သာလျှင် အဆင့်အမြင့်ဆုံး အခြေအနေဖြစ်သော ဘုရားအဖြစ်ကို ရရှိနိုင်သဖြင့် လူသားအား အလွန်တန်ဖိုးထားသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အခြေခံဖြစ်သော ဗုဒ္ဓ၀ါဒကို အရွဲ့တိုက်ကာ ပြောင်းပြန်လုပ်နေသကဲ့သို့ပင် ဖြစ်နေပါသည်။ လူတိုင်းတွင် မိမိဆန္ဒအရ ကြိုးပမ်းအားထုတ်ခြင်းဖြင့် သစ္စာတရားကို သိရှိနိုင်စွမ်းရှိပြီး သူတပါးကို သိစေရန် အတွက်လည်း ကူညီနိုင်သော အလားအလာရှိပါသည်။ ထို့ကြောင့် လူ့အသက်၏ တန်ဖိုးသည် အဆုံးအစမရှိပါ။ ဗြဟ္မာဘုံမှ ကျလာသော အပ်တချောင်းနှင့် ကမ္ဘာမြေကြီးပေါ်တွင် စိုက်ထားသော အပ်တချောင်းတို့ ထိတွေ့ကြသည်မှာ လူဖြစ်ရသည်ထက် လွယ်ကူပါသည်ဟုပင် ဆိုကြသည် မဟုတ်ပါလော။
သို့သော်လည်း အာဏာရှင် အစိုးရတို့သည် လူသားကို နိုင်ငံတော်၏ အဖိုးတန်အစိတ်အပိုင်းအဖြစ် အသိအမှတ် မပြုကြပဲ နိုင်ငံသူ နိုင်ငံသား ဟူသည်မှာ ထင်သလို ကိုင်တွယ်၍ရသော၊ မည်သူမည်ဝါမှန်း မသိသော၊ အသိဥာဏ်မရှိသော၊ အကူအညီကင်းမဲ့သော လူထုကြီးသာ ဖြစ်သည်ဟု ယူဆကြပါသည်။ ပြည်သူတို့အား တိုင်းပြည်၏ အသက်သွေးခဲဟု မှတ်ယူမည့်အစား အကြောင်းအားလျော်စွာ ရောက်ရှိနေသော အရေးမပါသူများဟု ယူဆထားသကဲ့သို့ပင် ဖြစ်ပါသည်။ မိမိ၏တိုင်းပြည်ကို ချစ်ခင်မြတ်နိုးစွာ စောင့်ရှောက်ခြင်း ဖြစ်သော ပြည်ချစ်စိတ်အား အာဏာရှင်တို့၏ မတရားမှုများကို သွေးရူးသွေးတမ်း ဖုံးကွယ်ရာတွင် အသုံးပြုခြင်းဖြင့် တန်ဖိုး ကျဆင်းစေပါသည်။ အာဏာရှင်တို့သည် ၎င်းတို့၏ ကျဉ်းမြောင်းသော ကိုယ်ပိုင်အကျိုးစီးပွားအပေါ်တွင် မူတည်၍ ပြည်ချစ်စိတ်ကို အဓိပ္ပာယ်ဖော်ကြပါသည်။ အစိုးရ၏ အယူဝါဒကို စောဒကမတက်ဘဲ လက်ခံယုံကြည်ရမည်ဆိုသည်မှာ ပြည့်ဝသော ဗုဒ္ဓဘာသာ သဘောတရားများနှင့် ကိုက်ညီသည်ထက် အနောက်တိုင်းတွင် ကြီးစိုးခဲ့သည့် တင်းကြပ်သည့် ခရစ်ယာန် ရှေးဟောင်းဘာသာရေး သဘောတရားတို့နှင့် ပိုမို ကိုက်ညီနေသကဲ့သို့ ဖြစ်ပါသည်။
"ယုံမှားသင့်သည်ကို ယုံမှားရာ၏ … ထပ်ခါတလဲ ပြောသံ ကြားရုံနှင့် … ဟုတ်ပြီ မှန်ပြီဟု မယုံလေနှင့်၊ အစဉ်အဆက်က ကြားဘူးရုံနှင့်၊ သတင်းစကား ကြားဖူးရုံနှင့် မယုံလေနှင့်၊ မိမိကိုယ်တိုင် မကောင်းသောအရာ ဖြစ်သည်၊ မှားယွင်းသည်ဟု သိရှိသောအခါ စွန့်လွှတ်၍ မိမိကိုယ်တိုင် ကောင်းသောအရာကို သိရှိလာသောအခါတွင်မှ လက်ခံပါလေ" (အင်္ဂုတ္တရ နိကာယ် သုတ္တန်ပိဋကတ်တော်လာ၊ ကေသမုတ္တိသုတ်)
လူသား၏ သန္ဓေပါဂုဏ်သိက္ခာနှင့် လူသားနှင့် ခွဲခွာ၍မရသော ညီမျှသော အခွင့်အရေးများကို အသိအမှတ်ပြုထားသည့် အယူအဆ၊ လူတိုင်းတွင် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်သော အသိဥာဏ်နှင့် ဆင်ခြင်တုံတရားရှိသည်ကို လက်ခံထားသော အယူအဆ၊ လူအချင်းချင်း ညီအကိုမောင်နှမသဖွယ် မေတ္တာထားရှိရန် အကြံပြုထားသော အယူအဆ စသည့် အတွေးအခေါ် အယူအဆတို့သည် မိမိတို့၏ တန်ဖိုးထားမှုများနှင့် မည်ကဲ့သို့ ဆန့်ကျင်ဖက် ဖြစ်နိုင်မည်ကို မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့် နားမလည်နိုင်အောင် ဖြစ်နေရပါသည်။
ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း၏ စာပိုဒ် (၃၀) တို့တွင် ပါရှိသော အခွင့်အရေးများကို ကုသိုလ်တရားနှင့် ညီသည်၊ ကောင်းမွန်သည်ဟု မသုံးသပ်ပါက မည်ကဲ့သို့ သုံးသပ်ရမည်ကို မြန်မာပြည်သူတို့အဖို့ စဉ်းစားရခက်လှပါသည်။
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ယင်းကြေညာစာတမ်းကို အတည်ပြုရန် ထောက်ခံ မဲပေးခဲ့သော နိုင်ငံတနိုင်ငံ ဖြစ်နေသည့် အလျောက် ဤကြေညာစာတမ်းကို မြန်မာပြည်သားတို့က မြန်မာနိုင်ငံတွင် ရေးဆွဲခဲ့ခြင်းမဟုတ်သဖြင့် ပယ်ချရမည် ဆိုခြင်းမှာ မလုံလောက်သော အကြောင်းပြချက်ဟု အနည်းဆုံး ပြောဆိုနိုင်ပါသည်။ အယူအဆ၊ အတွေးအခေါ်၊ ယုံကြည်ချက်များသည် စတင်ပေါ်ပေါက်ရာ နေရာဒေသ၏ ပထ၀ီနှင့် ယဉ်ကျေးမှုဆိုင်ရာ နယ်နမိတ်ပြင်ပတွင် တရားမ၀င်ဟု ငြင်းဆိုနေပါက ဗုဒ္ဓဘာသာသည် အိန္ဒိယပြည် မြောက်ပိုင်း၌သာ ထွန်းကားနိုင်မည်ဖြစ်ပြီး ခရစ်ယာန်ဘာသာသည် အရှေ့အလယ်ပိုင်းဒေသရှိ ကျဉ်းမြောင်းသော နယ်မြေလေး၌သာ၎င်း၊ အစ္စလမ်ဘာသာသည်လည်း အာရေးဗီးယားဒေသ၌ သာ၎င်း၊ ထွန်းကားနိုင်ကြမည် ဖြစ်ပါသည်။
ဒီမိုကရေစီနိုင်ငံများမှ နိုင်ငံသူနိုင်ငံသားများ ရရှိသော အခွင့်အရေးများ ခံစားပိုင်ခွင့်များကို မြန်မာပြည်သားတို့ မခံစားထိုက် ဟူသော စကားသည် စော်ကားရာရောက်ပါသည်။ တချိန်တည်းတွင် မြန်မာနိုင်ငံအစိုးရကမူ ဒီမိုကရေစီနိုင်ငံ အစိုးရများထက် ပိုမို၍ အခွင့်အရေးများ ခံစားပိုင်ခွင့် ရှိသည်ဟု ယူဆထားခြင်းမျာ ယုတ္တိတန်ပါသလားဟု မေးစရာ ဖြစ်ပါသည်။ ဤသို့ ရှေ့နောက် စကားမညီမှုကို မှန်ကန်ကြောင်း ပြဆိုနိုင်ခြင်း မရှိသော်လည်း ရှင်းလင်းဖော်ပြနိုင်ပါသည်။ အစိုးရနှင့် ပြည်သူလူထုအကြား ကွာဟမှု အင်မတန် ကြီးမားနေသဖြင့် ယင်းကဲ့သို့ သီးခြားခွဲ၍ စံသတ်မှတ်ကာ ဆုံးဖြတ်ရခြင်း ဖြစ်သည်ဟု ဆိုရမည် ဖြစ်ပါသည်။ ဤကဲ့သို့ ကြီးမားသော ကွာဟမှု ရှိနေလေရာ အစိုးရသည်သာလျှင် နိုင်ငံတနိုင်ငံလုံး၏ တန်ဖိုးထားမှုများကို ခြုံငုံကိုယ်စားပြုနိုင်သည် ဟူသော ၀ါဒအပေါ်၌ပင် သံသယဖြစ်ရပါသည်။
ကျိုးကြောင်းဆင်ခြင်မှု မခိုင်လုံခြင်း၊ ရှေ့နောက်စကား မညီခြင်း၊ ပြည်သူလူထုနှင့် ကင်းကွာခြင်းတို့သည် အာဏာရှင်စနစ်၏ ကြန်အင် လက္ခဏာများပင် ဖြစ်ပါသည်။ အာဏာရှင် အစိုးရတို့သည် လွတ်လပ်စွာ တွေးခေါ်မှုနှင့် အယူအဆသစ်များကို ပိတ်ပင်တားမြစ်ရန် မနားမနေ ကြိုးစားအားထုတ်၍ ၎င်းတို့သာ မှန်ကန်သည်ဟု ထပ်ခါတလဲလဲ တင်းမာစွာ ပြောဆိုနေခြင်းကြောင့် ၎င်းတို့၌ အသိဥာဏ် ဗဟုသုတ မတိုးတက်ဘဲ ရပ်တန့်သွားရပြီး ပြည်သူလူထု တို့သည်လည်း ၎င်းတို့နည်းတူ အသိဥာဏ် ဗဟုသုတ ရပ်တန့်သွားပြီဟု ယူဆကြပါသည်။
ခြိမ်းခြောက်မှုများနှင့် ၀ါဒဖြန့်မှုကို ဖိနှိပ်ချုပ်ချယ်ရာတွင် တက်ညီလက်ညီ အသုံးပြုနေ၍ နေရာတကာတွင် ကြောက်ရွံ့မှု၊ သင်္ကာမကင်း ဖြစ်မှုများ ပေါ်ပေါက်နေရာ ပြည်သူလူထုသည် ခံစားချက်ကို ဖုံးကွယ်၍ ဆိတ်ဆိတ် နေတတ်လာပါသည်။ တချိန်တည်းမှာပင် ၎င်းတို့အား "ထမင်းစားသော စက်ရုပ်" အဆင့်မှ မိမိတို့ အခွင့်အရေးများကို ပြည့်ဝစွာ ခံစားပိုင်ခွင့် ရှိ၍ ခေါင်းထောင်လာနိုင်ကာ လွတ်လပ်စွာ တွေးခေါ်ပြောဆိုနိုင်သော လူသားအဆင့်သို့ တိုးမြှင့်ပေးမည့်စနစ်ကို တောင့်တသည့် ဆန္ဒများမှာလည်း အစဉ်တစိုက် ကြီးထားလျက် ရှိပါသည်။
မြန်မာပြည်၏ ဒီမိုကရေစီတိုက်ပွဲသည် ကနဦးကပင် အန္တရာယ်များလှပါသည်။ မိမိတို့ ပိုင်ဆိုင်သမျှကို ဖြစ်သည့်နည်းဖြင့် ဆက်လက်ကိုင်ထားမည်ဟု သန္ဓိဌာန် ချထားသော အခွင့်ထူးခံ လူနည်းစု၏ လက်တွင်း၌ ကြာရှည်စွာ တည်ရှိခဲ့သော အခွင့်အရေးနှင့် အာဏာကို မှန်ကန်တရားမျှတစွာ ခွဲဝေရန် ကြိုးစားသော လှုပ်ရှားမှုသည် ကာလကြာရှည်၍ ခက်ခဲနိုင်ပါသည်။ မျှော်လင့်စိတ်နှင့် အကောင်းဘက်မှချည်း မြင်လိုစိတ်တို့ကို ချုပ်တည်း၍ မရသော်လည်း ပြောင်းလဲမှုကို ဆန့်ကျင်သူတို့သည် ရက်စက်ယုတ်မာစါာ လုပ်ဖွယ်ရာရှိသည်ဟု တင်ကြိုသတိပြုမိကြပါသည်။ ဤမျှ ဖိနှိပ်ချုပ်ချယ်သော အစိုးရက ဒီမိုကရေစီ တကယ်ပေးမည်လားဟု စိုးရိမ်ကြောင့်ကြစွာ မကြာခဏ မေးခွန်းထုတ်ကြပါသည်။
အဖြေသည်ကား အခြားသော လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေး၊ တရားမျှတရေး၊ လွတ်လပ်ရေးများကဲ့သို့ပင် ဒီမိုကရေစီကို ပေးသည်ဟူ၍ မရှိတတ်၊ စွမ်းရည်သတ္တိ ကြံ့ခိုင်မှု၊ အနစ်နာခံမှုတို့ဖြင့် ရင်း၍ ရယူရမည် ဖြစ်ပါသည်။
အပိုင်း (၄) သို့
Posted by
freeburma
at
2:06 PM
0
comments
Labels: In Quest of Democracy
Thursday, August 09, 2007
လူတိုင်း လူတိုင်း လူ့အခွင့်အရေး ရှိရမယ်
ထမင်းစားသော စက်ရုပ်များထဲမှာ
စိုးစဉ်းမျှတောင် တို့မပါ
သံပတ်ပေး စေခိုင်းလို့မရ
ဆုံးရှုံးခဲ့တဲ့ လူ့အခွင့်အရေးတွေ
တရားမျှတမှုရဲ့ဘက်က
အရနဲ့ အမိနဲ့ ပြိုင်တူနိုင်ဖို့အရေးအတွက်
ငါသည် တော်လှန်ရေး လုပ်ရမယ်လေ …..
(လူတိုင်း လူတိုင်း လူ့အခွင့်အရေး ရှိရမယ်။
လူတိုင်း လူတိုင်း လူ့အခွင့်အရေး ရသင့်ပါတယ်။)
မတရားမှန်းတော့ အားလုံးအသိပဲလေ
ပြောခွင့်မရတဲ့ ဘ၀တွေ
လူဖြစ်ရှုံးနေတဲ့ တိုင်းပြည်
သေနတ်ပြောင်းဝနဲ့ ဓားအမိုးအောက်မှာ
အတုံးအရုံးနဲ့ အသက်စွန့်သွားတဲ့
လက်နက်မဲ့တဲ့ သံဃာတော်အရှင်များနဲ့
ညီအကိုတော်တွေအတွက် ၀မ်းနည်းတယ်လေ …..
(လူတိုင်း လူတိုင်း လူ့အခွင့်အရေး ရှိရမယ်။
လူတိုင်း လူတိုင်း လူ့အခွင့်အရေး ရသင့်ပါတယ်။)
အားလုံးရဲ့ လွတ်မြောက်ရေးအတွက်ဆို
အားလုံး ၀ိုင်းလို့ချမယ်
မဆိုင်သလို လုပ်မနေကြနဲ့လေ
ကြောက်စိတ်နဲ့ပဲ အမြဲရပ်လို့တော့
တသက်လုံးပဲ ကြောက်သွားရမယ်
ခေတ်ရဲ့အဆိုးနဲ့ အာဏာရှင်ကျွန်ဘ၀က
ပြည်သူတွေကိုကွယ် အဆုံးမသတ်နိုင်ဘူး …..
(လူတိုင်း လူတိုင်း လူ့အခွင့်အရေး ရှိရမယ်။
လူတိုင်း လူတိုင်း လူ့အခွင့်အရေး ရသင့်ပါတယ်။)၂
Click Here To Download This Song.
၈၈၈၈ ကစပြီး လူတိုင်း ရင်ထဲကို ရောက်ခဲ့တဲ့ သီချင်းပေါ့။ အခုထိတောင် နားထောင်တိုင်း နားထောင်တိုင်း ရင်ထဲကို စူးစူးရှရှ ၀င်လာခဲ့တာ……. သြော် .. စဉ်းစားမိလေ ရင်နာလေ ……. ရင်နာလေ ပိုချစ်လေ ……… ဆိုသလိုပါပဲ။
ဟေ့ . . ဒီမှာ
မင်းတို့
အာဏာရှင်တွေကို ဘယ်တော့မှ ဒူးမထောက်ဘူး
စနစ်ဆိုးကို တို့မျိုးဆက်မှာ ရအောင် ဖျက်ပြမယ်
မျိုးဆက်သစ်တို့ ကောင်းမွေတွေ စံစားရဖို့ ငါတို့တွေ ဘယ်တော့မှ ဦးမညွတ်ဘူး
အရေးတော်ပုံ အောင်ရမည်
အရေးတော်ပုံ အောင်ရမည်
အရေးတော်ပုံ အောင်ရမည်
Posted by
freeburma
at
9:39 PM
0
comments
Labels: Fight On