ရေးသူ - တာရာမျိုး 88
လရိပ်တွေ
တိမ်ကမ္ဗလာထိုးဖောက်
ကမ္ဘာမြေကို ခရီးတစ်ခေါက် နားခိုတဲ့ည
ဓူဝံကြယ် လင်းလက်တောက်ပ
အကျဉ်းအိမ်ထဲမှာ မှေးစက်ခိုက်
ကျီးတသိုက်လန့်ပျံ
ညဥ့်ငှက်ဆိုးထိုးသံဟာ
နားခိုရာ တိုက်နံရံကိုထိုးခွဲ
ငါ့ကို
အိပ်ရာက လှန့်နှိုးခဲ့ပြီ . . . ။
အချိန်က
မိုးသောက်လင်းလုလု
စစ်ခွေးတစုနဲ့ငါ
ဘ၀တူရဲဘော်တွေနဲ့အထူ
ဘယ်ကိုရွေ့ရဦးမှာလဲမသိ . . . ။
ဟင်းလင်းပြင် စစ်ကားတွေပေါ်
လေးကွက်ကြားဆံပင်ပုံစံ
ကိုယ်မှာ ထောင်ဝတ်စုံဖျင်ကြမ်း
ခြေတဖက်မှာ သံခြေကျင်း
ထီမထင်မျက်နှာထားတွေနဲ့
နိုင်ငံရေးအကျဉ်းသားတစုဟာ
ကမ္ဘာမကြေသီချင်းဆိုပြီး
အင်းစိန်ဘူတာ ရောက်ခဲ့ပြီ . . . ။
ဘူတာရုံစင်္ကြန်ဘေး
စစ်ခွေးလက်ပါးစေတွေရဲ့ ပုံစံအမိန့်
ဦးခေါင်းတွေ ငုံ့နေရပေမယ့်
စိတ်အလျင်က ကမ္ဘာမြေကို ထိုးဖောက်
စကြာဝဠာကို ဖောက်ထွက်နေကြတယ်
ဘူတာရုံထဲက ပျံ့လွင့်လာတဲ့
ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီသီချင်း
ငါတို့ကို ရည်ရွယ်ပြီးဖွင့်နေလားမသိ
ဒါ . . ပြည်သူတွေရဲ့ ရင်ထဲက
ငါတို့ကို အားပေးတဲ့ အားဆေး
မတရားမှုကို လက်မခံတဲ့စိတ်ဓာတ်
အာဏာရှင်ကို တော်လှန်တဲ့ ပြယုဂ်တွေပေါ့ . . . ။
သီချင်းသံ မဆုံးခင်မှာပဲ
ဘူတာကို ရထားတစင်းဆိုက်လာပါပြီ။
အရှေ့ဘာလင်ရဲ့ သွေးပျက်ချင်စရာညတွေနဲ့
အနောက်ဘာလင်ရဲ့ ရင်ခုန်ဖွယ်ရာညတွေကို
ဘာလင်အုတ်တံတိုင်းကြီးက ပိုင်းခြားထားခဲ့သလို
ပြည်အစုန်ရထားပေါ်မှာ
မိဘပြည်သူတွေနဲ့
သံကန့်လန့်ကာအထပ်ထပ်ခြား
(ငါတို့ကို)
ဘီလူးစည်းသုံးတန် တားခဲ့ပြီ။
ရထားပေါ်မှာ
သွေးသောက်ရဲဘော်တွေနဲ့အတူ
အပြင်လေတ၀ရှူပြီး
ယမ်းမြူတွေအုံ့မှိုင်းနေတဲ့
အရိုင်းဗမာပြည်ကို
နာဇီလက်က ကယ်တင်ဖို့
လောကပါလနတ်မင်းကြီးလေးပါးဆီ
ငါတို့ . .
တရားသစ္စာဆိုခဲ့ကြပြီ . . . ။
တိုက်ကြီးဘူတာအ၀င်
ဆွဲဆွဲငင်ငင်အူလိုက်တဲ့
ရထားဥသြသံနဲ့အတူ
ဟိုး . . အဝေးက
အပြေးအလွှားရောက်လာတဲ့
ရဲဘော်တစ်ယောက်ရဲ့ မျက်ရည်တပေါက်ဟာ
ငါတို့ရင်ကို
မြားအစင်းစင်း ဖောက်စေခဲ့ပြီ . . . ။
ရိုးမတောင်တန်းကြီးတွေ
ကျောက်စိမ်းရောင်တောက်နေတဲ့
နေရောင်အောက်က ရှုခင်းတွေ
ရွှေဝါရောင်စပါးခင်းတွေဟာ
ခုတော့
စစ်ခင်းရာမြေ ဖြစ်ခဲ့ပြီ . . . ။
နတ္တလင်းဘူတာအရောက်
သားပျောက်မိခင်တဦးရဲ့
သား . . အော်ခေါ်သံဟာ
ရထားဥသြသံကို ဖုံးလွှမ်းသွားခဲ့ပြီ။
အိမ်မပြန်နိုင်သေးတဲ့သားအတွက်
မိခင်မေတ္တာဆိပ်တက်
ရထားနဲ့အတူ ပြေးလိုက်ပြီး
နှုတ်ဆက်မျက်ရည်စတွေ ဝေ့၀ဲလာခဲ့ပြီ။
ရဲဘော်အားလုံးရဲ့ မျက်ဝန်းတွေမှာလည်း ပုလဲဥတွေခိုလို့
"ဒါ ငိုစရာမဟုတ်ဘူး
မျက်ရည်တွေ သုတ်ပစ်လိုက်
ရန်သူကျေနပ်အားရအောင် မလုပ်ကြပါနဲ့"
ရထားတွဲအတွင်းက ရဲဘော်တဦးရဲ့ ဟန့်တားသံမှာ
နာကျည်းကြေကွဲဟန်တွေ ပါနေတယ်။
"ဒီတော်လှန်ရေးကြီးပြီးရင်
အမေတို့အားလုံးဆီ
သားတို့ အရောက်ပြန်လာခဲ့ပါမယ်" . . . . . . ။
နေချိုချိန်မှာ
ပြည်ဘူတာကို ရောက်ခဲ့ကြပြီ
ပြည်ရွှေဆံတော်ဘုရားပွဲဟာ
ခြိမ့်ခြိမ့်သဲစည်ကားနေတယ်။
ငါတို့ရဲ့ပြယုဂ်က
ငိုက်မြည်းစခေတ္တရာပြည်သူကို
သွေးပူနိုးထစေခဲ့ပြီ . . . . . . ။
ပြည်ဆောင်းည အအေးဒဏ်
သွေပြန်ကြောထဲကပြန်ထုတ်
လေးဘက်ကာအုတ်တံတိုင်းအတွင်း
နှစ်ညတာ ခေတ္တနားခိုရင်း
ပြည်တော်ဝင်သီချင်းဆိုခဲ့ကြပြီ . . . . . . ။
နှင်းမြူအုံ့မိုး
ဧရာဝတီမြစ်ရိုးတလျှောက်
နှင်းခါးသောက်သင်္ဘောတစ်စီး
လေဟုန်စီးမောင်းနှင်လာပြီ။
သင်္ဘောပေါ်မှာ
စားစရာကျွေးသူကကျွေး
အားပေးစကားပြောသူကပြော
ခပ်ချောချောဆရာမလေးတစ်ဦးရဲ့
နားလည်မှုအပြည့်နဲ့ ကရုဏာမျက်ဝန်းဟာ
တိမ်သလ္လာဖုံးထားတဲ့ကြားက
အားယူရုန်းထွက်လာတဲ့ အလင်းစက်ကြယ်တစ်ပွင့်လို
ငါတို့ရင်ကို
ရဲရင့်ငြိမ်းချမ်းစေခဲ့ပြီ။
ဗမာပြည် မြေလတ်သမိုင်း
ရိုင်းရတော့မယ် . . .
သရက်ဆိပ်ကမ်းမှာ
နံပါတ်တုတ်တွေတရမ်းရမ်း
မနုဿလူကြမ်းတွေရဲ့
လက်သရမ်းမှုတွေအောက်
တက်ခေါက်သံနဲ့အတူ
ခွပ်ဒေါင်းတွန်သံတွေ
ညံစီနေခဲ့ပြီ . . . . . . ။
ကဗျာဆန်လှတဲ့ ငွေသောင်ယံဟာ
ငါတို့အတွက်
ကာရန်မဲ့ခဲ့ရပြီ . . .
ရောမခေတ် ကျေးကျွန်တွေနဲ့မခြား
စစ်သုံ့ပန်း ငါတို့ဟာ
သံခြေကျင်း ပုခုံးထမ်းကိုယ်စီနဲ့
သဲသောင်နွံ ခယောင်းလမ်းမှာ
သွေးစက် ချွေးစက်တွေဖြန်း
သရက်အကျဉ်းထောင်ဆိုတဲ့
ငရဲခန်းအသစ်တစ်ခုဆီ
လှမ်းဝင်လာခဲ့ကြပြီ . . . . . . ။
လရိပ်တွေ
ကမ္ဘာမြေကိုစွန့်ခွာပြီး
ကောင်းကင်ယံပျံတက်ခဲ့ည
ဓူဝံကြယ်ကြွေကျ မြေခချိန်
သရက်အကျဉ်းစံအိမ်မှာ
မုန်တိုင်းတွေ လိမ့်ဆင်းလာပြီ . . . . . . ။ ။
(အင်းစိန်အကျဉ်းထောင်မှ သရက်အကျဉ်းထောင်သို့ အမှတ်တရ)
Friday, October 19, 2007
တတိယသုံ့ပန်းမြေသို့ အ၀င်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment