Thursday, October 25, 2007

ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက် (စုစည်းမှု-၁)

၁၉၄၅ ခုနှစ်၊ သြဂုတ်လ စတုတ္ထအကြိမ်မြောက် နိုင်ငံခေါင်းဆောင်များ အစည်းအဝေးတွင် မြွက်ကြားသည့် မိန့်ခွန်း ကောက်နှုတ်ချက်

ယခုအခါမှာ ငြိမ်းချမ်းရေးကို အဖျက်ဆီးဆုံးဝါဒဟာ ဖက်ဆစ်ဝါဒဖြစ်လို့ ဒီဝါဒ ကမ္ဘာမှာ ဘယ်နေရာမှာဖြစ်ဖြစ် ရှိနေရင် စစ်ဖြစ်ဦးမှာမို့လို့ ဒီဝါဒ ပပျောက်အောင် လုပ်ဖို့လိုတယ်။ ဒီတွင်လားဆိုရင် မဟုတ်သေးဘူး။ ဒီဝါဒမျိုးဟာ သူတို့ပြည်မှာလည်း တိုင်းသူပြည်သားတွေကို ချုပ်ချယ်တယ်။ ကမ္ဘာမှာလည်း အင်မတန် ရိုင်းစိုင်းသေးနုပ်တဲ့ လူမျိုးရေးဝါဒကို လက်ကိုင်ထားပြီး ပိုပြီးချုပ်ချယ်ဖို့ ရည်ရွယ်ချက်ရှိတယ်။ ကမ္ဘာမှာလည်း ကမ္ဘာ့လွတ်လပ်ရေးကို ထိခိုက်တယ်။ ကမ္ဘာ့လွတ်လပ်ရေးကို ထိခိုက်လို့ရှိရင် ကမ္ဘာ့လွတ်လပ်ရေး မရှိနိုင်ဘဲ ဖြစ်သွားမယ်။ ကမ္ဘာ့လွတ်လပ်ရေး မရှိရင် ဗမာ့လွတ်လပ်ရေးဆိုတာလည်း မရှိနိုင်ဘူး။ ဒါကြောင့် ဖက်ဆစ်ဝါဒ ကမ္ဘာမှာ ပပျောက်ရေးကို ကျနော်တို့ ရည်ရွယ်ချက်ထဲမှာ ထည့်ထားတယ်။ ကမ္ဘာမှာ အဲဒီ ၀ါဒမျိုးကို တိုက်ဖျက်မယ့်သူတွေနဲ့ အမြဲပူးပေါင်းပြီး အခွင့်အာဏာရတိုင်း ဆောင်ရွက်ဖို့ပဲ။
အထူးသဖြင့် ကျနော်တို့ တိုင်းပြည်မှာ ဒီဝါဒမျိုး လုံးဝမရှိနိုင်အောင် လုပ်ရမယ်။ အာဏာရှင်ဝါဒ၊ လူမျိုးအချင်းချင်း မုန်းတီးရေးဝါဒ၊ ဂျပန်ပြည်မှာလို စစ်ကသာ လွှမ်းမိုးရမယ်ဆိုတဲ့ စစ်ဖက်အာဏာရှင်စနစ်၊ သက်ဦးဆံပိုင် ရှင်ဘုရင်စနစ်၊ အဲဒီဝါဒမျိုး အငယ်စားဖြစ်တဲ့ ပဒေသရာဇ် မြို့စား ရွာစားဝါဒ၊ အထက်ကသာခန့်ထားပြီး တိုင်းသူပြည်သား ဆန္ဒအရ မဟုတ်ဘဲ တိုင်းသူပြည်သားတွေနဲ့ ကင်းကွာပြီး မင်းစိတ်ပေါက်တဲ့ အရာရှိတွေ ချယ်လှယ်တဲ့ စနစ်ဆိုးတစ်မျိုး ရှိနေရင် အများပြည်သူတို့ဆန္ဒနဲ့ လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒ ဆင်တူယိုးမှားတွေ ပေါ်လာနိုင်တယ်။ ဒီ ၀ါဒမျိုးပေါ်လာရင် တိုင်းသူပြည်သားတွေဟာ လွတ်လပ်ရေး ဆိုတာကို မရနိုင်တော့ဘူး။

ဒါကြောင့် ကျနော်တို့ဟာ ဒီမိုကရေစီဝါဒကိုသာ ခေတ်စားအောင် လုပ်ရမယ်။ ဒီမိုကရေစီဝါဒသာ လွတ်လပ်ရေးနဲ့ ဆီလျော်တယ်။ ဒီဝါ ဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်။ အဲဒါကြောင့် ဒီဝါဒကိုသာ ကျနော်တို့ ရည်ရွယ်ရမယ်။ နောက် လွတ်လပ်စွာ ဖော်ပြခွင့်၊ စည်းရုံးခွင့်၊ အစည်းအဝေးခေါ်ခွင့်နှင့် စီတန်းလမ်းလျှောက်ခွင့်၊ လွတ်လပ်စွာ တွေးတောခွင့်နှင့် ကိုးကွယ်လိုရာဘာသာ ကိုးကွယ်ခွင့်၊ တရားနှင့်မညီသော အဖမ်းအဆီး အချုပ်အနှောင်မှ ကင်းလွတ်ခွင့်၊ ကိုယ်ရေးလွတ်လပ်ခွင့်၊ ကိုယ့်အိမ် ကိုယ့်ယာနှင့် နေထိုင်ခြင်းကို မတရားသဖြင့် နှောင့်ယှက်ခြင်းမှ ကင်းလွတ်ခွင့်၊ လူတိုင်း ပညာသင်ကြားနိုင်ခွင့်၊ အခမဲ့ ဆေးဝါးအကူအညီ ရရှိခွင့်၊ မတရားသဖြင့် စီးပွားချုပ်ချယ်မှုများမှ လွတ်ငြိမ်းချမ်းသာခွင့်၊ အလုပ်သမား လယ်သများများရဲ့ အနည်းဆုံးအခွင့်အရေးများကို အစိုးရက စောင့်ရှောက်ပေးခြင်း၊ တိုင်းပြည်တွင် တိုင်းရင်းသားလူမျိုးတိုင်း ကိုယ့်ဘာသာ ကိုယ့်ဓလေ့ ကိုယ့်ယဉ်ကျေးမှုအတိုင်း ဆောင်ရွက်နိုင်ခွင့်၊ အိုစာနာစာ အထိအခိုက် လျော်ကြေး ရန်ပုံငွေ အစရှိသည်တို့ကို အစိုးရကထားပြီး အိုမင်း၍လည်းကောင်း၊ ဖျားနာ၍လည်းကောင်း၊ ထိခိုက်နာကျင်၍လည်းကောင်း၊ အလုပ်လုပ်ချင်သော်လည်း အလုပ်မရနိုင်၍လည်းကောင်း၊ အသက်မွေးဝမ်းကျောင်း မပြုနိုင်စွမ်း ရှိသူများသည် အစိုးရ၏ အထောက်အပံ့ကို ရရှိခွင့်နှင့် ဒီမိုကရေစီ အခွင့်အရေးမျိုးတွေလည်း ရှိရမယ်။

No comments: