Tuesday, September 11, 2007

တစိမ့်စိမ့် စိမ့်ယိုစီးကျလာတဲ့ အော်ဟစ်မြည်တမ်းသံတွေ


ဇွန်မှိုင်း
၆.၉.၂၀၀၇


(၁)

"ရန်သူ အဆန့်ကျင်ခံရတာဟာ ကိစ္စဆိုးမဟုတ်ဘူး။ ကိစ္စကောင်းဖြစ်တယ်။

ရန်သူဟာ ခင်ဗျားကို နည်းနည်းဆန့်ကျင်လာပြီဆိုရင် ခင်ဗျားလုပ်ရပ်တွေဟာ ပြည်သူတွေအတွက် နည်းနည်းသက်ရောက်မှု ရှိလာလို့ပဲ။

ရန်သူက ခင်ဗျားကို တော်တော်လေးဆန့်ကျင်လာပြီဆိုရင် ခင်ဗျားလုပ်ရပ်တွေဟာ ပြည်သူတွေအတွက် တော်တော့်ကို ခရီးရောက်လာလို့ပဲ။

ခင်ဗျားကို ရန်သူက အရူးအမူးဆန့်ကျင်လာပြီဆိုရင်တော့ ခင်ဗျားလုပ်ရပ်တိုင်းဟာ ပြည်သူတွေအတွက် အထူးတလည် ကျေးဇူးပြုနေပြီလို့ ပြောလို့ရသွားပြီ။

အဲဒီလိုပဲ . . .

ခင်ဗျားကို ရန်သူက နည်းနည်းလေးမှ မဆန့်ကျင်တော့ဘူး။ ခင်ဗျားကို စကားထဲတောင် ထည့်မပြောတော့ဘူးဆိုရင် ခင်ဗျား လုပ်ရပ်တွေ ဆိုတာတွေကလည်း ပြည်သူတွေအတွက် ဘာမှ မပြောပလောက်တော့လို့ပဲ။ . . ."

တရုတ်ပြည် ကွန်မြူနစ်ပါတီဥက္ကဋ္ဌကြီး မော်စီတုန်းက သူ့ အမှတ် (၈) တပ်နီတော်နှင့် အမှတ် (၄) တပ်မတော်က ရဲဘော်တွေနှင့် ကေဒါတွေကို အကြိမ်ကြိမ် ပြောပြသင်ကြားခဲ့ဖူးတဲ့ သင်ကြားချက်တစ်ခုပါ။


(၂)

"ကျွန်ုပ်တို့ ရှစ်ဆယ့်ရှစ် ကျောင်းသားများအနေဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ အခြေခံမူများအဖြစ် . . .

(၁) ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အခြေခံသည့် နိုင်ငံရေးဖြေရှင်းမှု ဖြစ်ရမည်။
(၂) တွေ့ဆုံဆွေးနွေးရေးနည်းလမ်း ဖြစ်ရမည်။
(၃) ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပန်းတိုင်ကို ဖော်ဆိုင်နိုင်ရမည်ဟု ရပ်တည်စွဲကိုင်ထားသည်။

ဤအခြေခံမူများအပေါ်တွင် ရပ်တည်၍ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းစွာ အဖြေရှာရေးတို့အတွက် ကျွန်ုပ်တို့ အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည်။"

၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှာ ရှစ်ဆယ့်ရှစ် ကျောင်းသားတွေဟာ သူတို့ရဲ့ ခိုင်မာတဲ့ ရပ်တည်ချက်ကို အခုလို တိတိပပ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

ဒီရပ်တည်ချက်များကို "နအဖ စစ်အုပ်စု သဘောတွေ့နိုင်/မတွေ့နိုင်"

ရှင်းပါတယ်။ ဘယ်လို တွေ့နိုင်မှာလဲ။

နအဖ စစ်အုပ်စုက "၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်" ဆိုတာကို "သူ့ရင်ဘတ်တည့်တည့်ကို စူးဝင်နေတဲ့ မြှားတစ်စင်း" လို ယူဆထားတာ။

"တွေ့ဆုံဆွေးနွေးရေး" ဆိုတာ "သူ့အိတ်ထဲရောက်ပြီး ပိုင်ပြီးဖြစ်နေပြီလို့ သူထင်နေတဲ့ အာဏာကို ပြန်ဆွဲလုမယ့် မကောင်းဆိုးဝါး" လို့ နှလုံးပိုက်ထားတာ။

"ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပန်းတိုင်" ဆိုတာ "ငါပေးချင်သလောက် သင်းတို့ ရနိုင်မယ့်အရာ၊ သင်းတို့စိတ်နဲ့ သင်းတို့ကိုယ် ရနိုင်ကောင်းတဲ့အရာ မဟုတ်" လို့ ရူးသွပ်စွာ မှတ်ယူထားတာ။

ရှစ်ဆယ့်ရှစ် ကျောင်းသားတွေရဲ့ ရပ်တည်ချက်ဟာ သူ့အလိုနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါပြီ။

ဒါပေမယ့် စစ်အုပ်စုဟာ မာယာများပါတယ်။

"ဒေါ်စုကို ၀ယ်လို့မရရင်၊ ရှစ်ဆယ့်ရှစ်ကိုများ ၀ယ်လို့ရမလား။

ရှစ်ဆယ့်ရှစ်အကုန်လုံးကို ၀ယ်လို့မရရင်တောင် တချို့ကို လူခွဲပြီး ၀ယ်လို့ ရမလား။"

သူ စိတ်ကူးယဉ်ပုံရတယ်။

ရှစ်ဆယ့်ရှစ်ကို တစုံတရာလွှတ်ပေး၊

Power တချို့ တက်လာခွင့်ကို အကန့်အသတ်နှင့် လွှတ်ပေး၊

ပြီးတော့ လိုင်းကြောင်သွားအောင် လူခွဲပြီးကစား၊

Power တွေကို ဟိုတိုး ဒီလျှော့လုပ်၊

တဖြည်းဖြည်း လိုင်းကြောင်လာပြီဆိုရင် NLD ရဲ့ Power ကိုရော၊ ဒေါ်စုရဲ့ Power ကိုပါ မသိမသာ ဖြိုချ၊

အချိန်တစ်ခုရောက်ရင် NLD လည်းပြို၊ ရှစ်ဆယ့်ရှစ်လည်း မြောင်းထဲရောက်၊

ထောင်ထဲက စကားနဲ့ ပြောရရင် တစ်ခါတည်းနှင့် နှစ်ပယ်ရှင်းတဲ့နည်းပေါ့။

ပိုးကို ပိုးချင်းပြန်ကိုက်ခိုင်းတဲ့ ဂျပန်ပိုးသတ်ဆေး ပေါ်လစီ။

သူ့ရဲ့ ဥာဏ်နီဥာဏ်နက်တွေ၊ အကွက်သစ် အကွက်ဆန်းတွေ အကုန်ထုတ်သုံးတာ၊

ဝိုင်အဟောင်းကို ပုလင်းသစ်ထဲထည့်၊ တံဆိပ်သစ်ကပ်ပြီး ဈေးကွက်တင်ရောင်းကြည့်တာ၊

အဲဒါတွေ အကုန်လုပ်တယ်။

ရမလားလို့ သူ စိတ်ကူးယဉ်ခဲ့ပုံရတယ်။ ရလိုက်ရင် အမြတ်ဆိုတဲ့ အကြံယုတ်နဲ့။

ဒါပေမယ့် . . .

ရှစ်ဆယ့်ရှစ်အုပ်စုက သူ ထင်သလောက် မအဘူး။

ဘ၀နှင့်ရင်းပြီး သူတို့ရဲ့ ရင့်ကျက်မှုကို သူတို့ အသေအချာ တည်ဆောင်ထားနိုင်ခဲ့ကြပြီ။

သူ လှည့်သွင်းချင်နေတဲ့၊ သူ ဆင်ထားတဲ့အကွက်ထဲကို ဘယ်သူမှ မ၀င်ကြဘူး။

"မင်းကိုနိုင်၊ ကိုကိုကြီး" ကို "အေးလွင်၊ ဇင်အောင်" လုပ်ပစ်လို့ ဘယ်လိုမှ မရဘူး။

သူလုပ်ရင် အရာရာဖြစ်တယ်။ သူ မစွမ်းတာ ဘာမှမရှိဘူးလို့ ဂုဏ်မောက်နေတဲ့လူ၊

ကြံတိုင်းမဖြစ်တော့ သူ ဘယ်လောက် စိတ်ဆိုးလိုက်မလဲ။

ဆိုးပေတော့။

(၃)

"ကျနော်တို့တတွေ ဒီနေရာမှာ လက်နက်မပါဘဲနဲ့ ငြိမ်းချမ်းစွာ လာပြီး စုဝေးနေကြတယ်။ စုဝေးနေကြတယ်ဆိုတာ အမှန်တရားအတွက် မတရားရင် ခေါင်းငုံ့မခံဘူးဆိုတဲ့ စိတ်ဓာတ်နဲ့ ဟုတ်တယ်မို့လား"

"ကျနော်တို့ ဘ၀များစွာ စတေးခဲ့ပြီးပြီ။

လမ်းတွေပေါ်မှာ အသက်ပါ ပေးခဲ့ပြီးပြီ။

ကျနော်တို့ကို ဘယ်ခြိမ်းခြောက်မှုမျိုးနှင့်မှ ချုပ်ချယ်လို့ ကြောက်မယ့်လူလား"

၂၀၀၇ ခုနှစ်၊ မေလ (၂၇) ရက်နေ့မှာ အဖွဲ့ချုပ်ရုံးရှေ့မှာ ပြောကြားလိုက်တဲ့ ရှစ်ဆယ့်ရှစ် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ရဲရဲတောက်မိန့်ခွန်း ဖြစ်ပါတယ်။

တပြည်လုံး၊ တကမ္ဘာလုံး အသံဖိုင်တွေနှင့်ရော၊ ရေးကူးပြီးသား စာသားတွေနှင့်ပါ ဟိန်းဟိန်းထသွားအောင် ပျံ့နှံ့ခဲ့တဲ့ မိန့်ခွန်းတွေပါ။

လူတိုင်း လိုက်ပြီး ရွတ်ကြ၊ ရွတ်ရင်းနှင့် အလွတ်တောင် ရမတတ် ဖြစ်သွားရတဲ့ မိန့်ခွန်းတွေပါ။ လူထု ရင်ထဲ တည့်တည့်ရောက်သွားတဲ့ မိန့်ခွန်းတွေပါ။

စစ်အုပ်စုဟာ ကိုမင်းကိုနိုင်ကို ၀ယ်လို့ရမယ်လို့ စိတ်ကူးယဉ်ခဲ့မယ်ဆိုရင် အဲဒီစိတ်ကူးပါ မိုးကြိုးအပစ်ခံလိုက်ရတဲ့နေ့ဟာ အဲဒီ မေလ (၂၇) ရက်နေ့ ဖြစ်လိမ့်မယ်လို့ ကျနော် ဆိုချင်တယ်။

စစ်အုပ်စုဟာ နည်းနည်းမှ ဟန်မဆောင်နိုင်တော့ဘူး။ သိပ်ကို သိသာတယ်။ ခွေးရူးတစ်ကောင်ရဲ့ ဒေါသမျိုးနှင့် ရှူးရှူးရှဲရှဲတွေ ဖြစ်ကုန်တယ်။

အိမ်ရှေ့မှာ မသိမသာ စောင့်ကြည့်လေ့လာတဲ့အဆင့်ကနေ သိသိသာသာ စောင့်ကြည့်လာတဲ့အဆင့်၊

အပြင်ထွက်ရင် ဆိုင်ကယ်လေးငါးစီးနှင့် တောက်လျောက်လိုက်ပြီး နှောင့်ယှက်တဲ့အဆင့်၊

မိတ်ဆွေတွေ အိမ်ကိုလာလည်လို့တောင် မရလောက်အောင် ၀ိုင်းပြီး ပိတ်ဆို့တားဆီး ခြိမ်းခြောက်တဲ့အဆင့်၊

ရန်စောင်နေတဲ့ မျက်နှာတွေနှင့် ခါးထောက်လို့တမျိုး၊ လက်နောက်ပစ်လို့တမျိုး၊

လူမိုက်ဂိုက်တွေနှင့် လူ့အခွင့်အရေးတွေကို ဗြောင်ကျကျ ချိုးဖောက်ချင်တိုင်း ချိုးဖောက်လာတဲ့ အဆင့်တွေအထိ အတင့်ရဲ စော်ကားလာတော့တာပါ။

"ရှစ်ဆယ့်ရှစ် ကျောင်းသားတွေဟာ သူ ၀ယ်ချင်တိုင်း အ၀ယ်ခံမယ့်သူတွေ မဟုတ်ဘူး။

လူထုကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး။

လူထုတရပ်လုံး လိုအပ်နေတဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတွေကို လူထုနှင့်အတူ ရဲရဲရင့်ရင့် လက်တွဲချီတက် အရယူတော့မယ်" ဆိုတာ ထင်ရှားသည်ထက် ထင်ရှားလာနေတဲ့ ဒီရေမြင့်သစ်ကို သူ စိုးရိမ်လာတယ်။

သူ သိသိသာသာကို တုန်လှုပ်ခြောက်ခြားလာတယ်။

(၄)

"၁၉ နှစ် ရှိခဲ့ပါပြီ။

ကျနော်တို့ ကျောင်းတက်ခဲ့တုန်းက ကျနော်တို့ သင်ကြားလိုက်ရတဲ့ ပညာတွေဟာ

ကျနော်တို့ လူမျိုးတွေကို ဘယ်မှာလာပြီး အကျိုးပြုနိုင်တဲ့၊ တတ်မြောက်လောက်တဲ့ ပညာရပ်တွေ ဖြစ်ခဲ့လို့လဲ။

အဲဒီတော့ ကျနော်တို့ ကျောင်းသားဆိုတာ မတရားမှုကို ဘယ်တုန်းကမှ ငုံ့ခံခဲ့ရိုးထုံးစံ မရှိခဲ့ဘူး။

ကျနော်တို့ဟာ ပြန်ပြောချင်ပါတယ်။

၁၉ နှစ် ရှိခဲ့ပေမယ့်

စေးထန်းတဲ့ ကတ္တရာလမ်းတွေကို၊ နက်မှောင် ကြမ်းကြုတ်နေတဲ့ ကတ္တရာလမ်းတွေကို ထုရိုက်ခွဲကြည့်လိုက်ပါ။

တစိမ့်စိမ့် ယိုစီးကျလာတဲ့ ရှစ်ဆယ့်ရှစ်ကျောင်းသားတွေရဲ့ သွေးစက်တွေဟာ ဒီကနေ့ထိအောင် အော်ဟစ်မြည်တမ်းနေတုန်းပဲ။

ဒါဟာ . . . ဒီမိုကရေစီ . . . ဒီမိုကရေစီ . . . ဒီမိုကရေစီ ဆိုတာပဲ။"

၁၉ နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့မှာ တစ်ဦးချင်း ရင်ဖွင့်ပြောဆိုကြတဲ့ပွဲမှာ . . .

ရှစ်ဆယ့်ရှစ် ကျောင်းသားခေါင်းဆောင် ကိုမြအေးရဲ့ ရင်ဖွင့်စကားဖြစ်ပါတယ်။

ဒီပွဲမှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုဂျင်မီ စတဲ့ ရှစ်ဆယ့်ရှစ် ကျောင်းသားခေါင်းဆောင်တွေ တစ်ယောက်ပြီးတစ်ယောက် ရင်ဖွင့် ပြောဆိုခဲ့ကြတယ်။

ဒီပွဲမှာပဲ . . .

ဒီကနေ့ မျိုးဆက်၊ ဒီကနေ့ အခုလက်ရှိ ကျောင်းတက်နေတဲ့ (New Generation) တွေလည်း တက်ရောက်ကြပြီး

သူတို့ ခံစားချက်ကို အခုလို ပြောဆိုခဲ့ပါတယ်။

"ကျနော်ကတော့ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ လက်ရှိပညာသင်ကြားနေတဲ့ ကျောင်းသားတစ်ယောက် ဖြစ်ပါတယ်။

ကျနော်တို့ အခု တက်ရောက်သင်ကြားနေတဲ့ ကျောင်းမှာဆိုရင် ကျနော်တို့ ရသင့်ရထိုက်တဲ့ အခြေခံအခွင့်အရေးတွေ ဆုံးရှုံးနေတယ်။

ဒီဆုံးရှုံးမှုကို ကျနော်တို့ ရအောင်

ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ရအောင် ယူတဲ့နေရာမှာ တရားဥပဒေဘောင်ထဲကပဲ ငြိမ်းချမ်းစွာ ကျနော်တို့ဟာ တောင်းဆိုခဲ့တာပါ။

ကျနော်တို့ကို ဆူပူအုံကြွတယ်လို့ ပြောတယ်။

ကျနော်တို့ကို ဘယ်သူမှ မြှောက်ပေးခြင်းမရှိဘူးဆိုတာကို ကျနော်ပြောချင်တယ်။

"ပညာရေးဖြင့် ခောတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံကြီး တည်ဆောက်ပါ" လို့ ပြောတဲ့ နေရာမှာ . . . .

ကျနော်တို့ ကျောင်းသားတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေး မရဘဲနဲ့

ခောတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကို ဘယ်လိုဆောက်မှာလဲ၊ ဒါပဲ ကျနော်မေးချင်ပါတယ်။"

ကြက်သီးထလောက်တဲ့ ပြောဆိုချက်တွေပါ။

ဒီအသံတွေဟာ ကျနော်တို့ ကျောင်းသားထုအဖို့ အမှောင်ထုကို ထွင်းဖောက်ပေးလိုက်တဲ့ လမ်းပြကြယ်တံခွန်၊

ဒီအသံတွေဟာ ကျနော်တို့ ပြည်သူတွေအဖို့ ရဲဝံ့တည်ကြည်စွာ ရှေ့ကို ချီတက်လျှောက်လှမ်းသွားနိုင်ရေးအတွက် တိုက်စည်တိုက်မောင်းသံ၊

ဒီအသံတွေဟာ စစ်အုပ်စုအတွက်ကျတော့ ငရဲပွက်မယ့် အိပ်မက်ဆိုးတွေ ထမ်းပိုးလာတဲ့ မိုးကြိုးမုန်တိုင်း။

(၅)

ဒီလို အိပ်မက်ဆိုးတွေနဲ့ ဇောချွေးပြန်နေတုန်းမှာပဲ . . .

သြဂုတ်လ (၁၉) ရက်နေ့က ကိုမင်းကိုနိုင်တို့ ဦးဆောင်တဲ့ "လောင်စာဆီဈေးနှုန်း ကျဆင်းရေး" ချီတက်ဆန္ဒပြပွဲဟာ သူ့အသဲကို လှံချက်ထပ်ထိသလို နအဖအဖို့ တော်တော်အထိနာပြီး စွေ့စွေ့ခုန်သွားစေပြန်ပါတယ်။

နအဖ စစ်အုပ်စုဟာ အဲဒီ ခံပြင်းဒေါသထွက်မှုတွေနှင့်ပဲ သြဂုတ်လ (၂၁) ရက်နေ့ ညအချိန်မတော်မှာ ကျောင်းသားခေါင်းဆောင်တွေကို ကမူးရှူးထိုး အတင်းလိုက်လံ ဖမ်းဆီးပါတော့တယ်။ သူ့စိတ်ထဲမှာ ဒီလို ဖမ်းဆီးပြလိုက်ရင် ဆန္ဒပြပွဲတွေ မီးကို ရေနှင့် ငြိမ်းသတ်လိုက်သလို တခါတည်း ငြိမ်းသွားမယ်လို့ ထင်ပုံရပါတယ်။

စစ်အုပ်စုတွေရဲ့ တွက်ဆမှုတွေကတော့ မှားပြီးရင်း မှားရင်းပါပဲ။

ဆန္ဒပြပွဲတွေဟာ သူထင်သလို လုံးလုံး ငြိမ်သက်မသွားကြဘူး။

သြဂုတ် (၂၂) ရက်နေ့မှာ ဆက်ဖြစ်၊

သြဂုတ်လ (၂၃) ရက်နေ့မှာ ဆက်ဖြစ်၊

သြဂုတ်လ (၂၄)၊ (၂၅)၊ (၂၆) ရက်နေ့တွေမှာ ဆက်ဖြစ်၊ တစ်ရက်မှ နားသွားတာမျိုး မရှိဘဲ ဆက်တိုက်တွေဖြစ်၊

ရန်ကုန်မှာ ဖြစ်ရုံတင်မက မန္တလေးနှင့် အခြားမြို့ကြီးတွေမှာဖြစ်၊

ဟားခါးလို၊ ဘူးသီးတောင် မောင်းတောလို တောင်ပေါ်ဒေသတွေမှာဖြစ်၊

စစ်တွေလို ထားဝယ်လို ပင်လယ်ကမ်းခြေဒေသတွေမှာဖြစ်၊

ပခုက္ကူလို တောင်တွင်းလို အပူပိုင်းမြေလတ်ဒေသတွေမှာဖြစ်၊

မိုးကုတ်လို တောင်ကြီးလို ရှမ်းရိုးမတွေပေါ်မှာဖြစ်၊

လပွတ္တာလို ဘိုကလေးလို မြစ်ဝကျွန်းပေါ်ဒေသတွေမှာဖြစ်၊

လူထုဆန္ဒပြပွဲတွေဟာ ရပ်လို့မရတော့ဘူး

တစ်စက်ကနေ တစ်မျက်နှာ ဖြစ်လာနေကြပြီ။

တစ်ပွဲကနေ နောက်တစ်ပွဲ၊ နောက်တစ်ပွဲကနေ နောက်ထပ်တစ်ပွဲ မီးတောက်တွေဟာ ခုန်ခုန်ပြီး မြန်မာပြည်အနှံ့ ကူးစက်ပျံ့နှံ့နေကြပါပြီ။

(၆)

"ဒါတွေကို ဘယ်သူဖန်တီးတာလဲ"

"ဒါတွေကို ဘယ်သူမြှောက်ပေးတာလဲ"

"ဒါတွေကို ဘယ်သူက နောက်ကွယ် ကြိုးကိုင်ပြီး အမိန့်ပေးစေခိုင်းနေတာလဲ"

နအဖ စစ်အုပ်စုကတော့ လျှာအရိုးမရှိတိုင်း၊ အရှက်မရှိတိုင်း ပြောချင်ရာ ပြောတော့မယ်။

သူ့ပါးစပ်နဲ့ ကိုယ်တိုင်ပြောတဲ့နည်းကို မသုံးဘဲ

"၈၈ ရဲဘော်ဟောင်းတစ်ဦး" ဆိုတဲ့ အရူးတစ်ယောက်ရဲ့ ပါးစပ်နဲ့ ပြောခိုင်းတယ်"

"ဒါတွေကို (ဒီဆန္ဒပြပွဲတွေကို) ကိုမင်းကိုနိုင်တို့ ကိုကိုကြီးတို့ အုပ်စုက ဖန်တီးတယ်"

"NLD က မြှောက်ပေးတယ်"

"NCGUB, NCUB နိုင်ငံတကာက ပြည်တွင်းရေး ၀င်ရောက်စွက်ဖက်သူများက နောက်ကွယ်က ကြိုးကိုင်ပြီး အမိန့်ပေးစေခိုင်းတယ်"

ဒီလို ဆိုလာတယ်။

တစ်ရက်တည်းတောင် မဟုတ်ဘူး။ ဆက်တိုက် အခန်းဆက် ဆောင်းပါးရှည်ရေးပြီး ရူးသွပ်ခဲ့တာပါ။

"မင်းကိုနိုင် ကြိုးမဲ့လေတံခွန် (သို့) တိုင်းပြည့်အန္တရာယ်" ဆိုတဲ့ တံဆိပ်ကပ် ဆောင်းပါးတွေရေးပြီး စက်တင်ဘာ (၁) ရက်နေ့က စပြီး အပုပ်ချ တိုက်ခိုက်စွပ်စွဲ ခြိမ်းခြောက်စေခဲ့တာပါ။

ဒါကို ကြည့်လိုက်ရင်ပဲ . . .

နအဖ ဘယ်လောက် အကျပ်ရိုက်သွားပြီလဲဆိုတာ သိသာနေပြီ။

နအဖ ဘယ်လောက် ကြောက်ဒူးတုန်နေပြီလဲဆိုတာ ထင်ရှားနေပြီ။

(၇)

နအဖဟာ . . . ၈၈ ကျောင်းသားခေါင်းဆောင်တွေကို ရမ်းနေပြီ။

အခုကျောင်းတက်နေဆဲ ကျောင်းသားထုအခွင့်အရေးတွေအတွက် တောင်းဆိုတတ် တောင်းဆိုရဲသူလေးတွေကို ရမ်းနေပြီ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ရမ်းနေပြီ။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို ရမ်းနေပြီ။

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီကို ရမ်းနေပြီ။

တပြည်လုံးက တက်ကြွလှုပ်ရှားသူတွေကို ရမ်းနေပြီ။

ကုန်ဈေးနှုန်းဒဏ်မခံနိုင်လို့ ကုန်းရုန်းထနေတဲ့ ပြည်သူတွေကို ရမ်းနေပြီ။

ပြည်ပရောက် အတိုက်အခံအဖွဲ့အစည်းတွေကို ရမ်းနေပြီ။

ကျနော်တို့ကို ချစ်ခင်စာနာကြတဲ့ နိုင်ငံတကာခေါင်းဆောင်တွေနှင့် နိုင်ငံတကာပြည်သူတွေကို ရမ်းနေပြီ။

ရန်သူကတော့ မီးကုန်ယမ်းကုန် ရမ်းနေပြီ။ မီးကုန်ယမ်းကုန် ဆန့်ကျင်နေပြီ။

ကြိုက်သလို ရမ်းပြီး ကြိုက်သလို ဆန့်ကျင်ပါစေ။

ရန်သူ ဆန့်ကျင်တာ ခံရတာဟာ ဂုဏ်ယူစရာဖြစ်ပါတယ်။

သူကတော့ . . . သူ့အသည်းကို ကျွဲခတ်သလို ဖြစ်လာလေလေ ရမ်းလေလေ ဖြစ်လာတော့မှာပါ။

သူကတော့ သူ့လမ်းသူထွင်ရင်း၊ သူ့လည်းပင်းကို ညှစ်မယ့်ကြိုးကို သူကိုယ်တိုင် စိတ်ရှိလက်ရှိ ကျကျနန အစွမ်းကုန် ကျစ်နေပါပြီ။

သူစိတ်တိုင်းကျ ကျစ်ပါစေ။

သူ့အတွက် အနာဂတ်ဟာ သိပ်မကျန်တော့ပါ။ ။

No comments: