Wednesday, September 12, 2007

ဆရာတော် ဦးရေ၀တ


(ဤအကြောင်းအရာများကို ကိုနေလင်း (အ.က.သ) ရေးသားပြုစုထားသော လူရှင်သင်္ချိုင်းများအကြောင်း စာစုမှ ကောက်နှုတ် တင်ပြထားခြင်း ဖြစ်ပါတယ်။ ခွင့်ပြုချက် မတောင်းခံနိုင်ခြင်းအတွက် ကိုနေလင်းမှ နားလည်ခွင့်ပြုနိုင်လိမ့်မည်ဟု ယုံကြည် မျှော်လင့်ပါသည်။ အမျိုးဘာသာ၊ သာသနာအတွက် ရဟန်းသံဃာများမှ ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ခြင်း၊ တာဝန် ရဲရဲယူ၍ ဗုဒ္ဓသာသနာအတွက် တထောင့်တနေရာ တခန်းတကဏ္ဍမှ သာသနာ့ဝန် ထမ်းဆောင်ကြခြင်းများကို ပြည်သူအများ ကွက်ကွက် ကွင်းကွင်း ရှုမြင်သုံးသပ်နိုင်၍ သာဓုခေါ်ဆိုနိုင်စိမ့်သောငှာ ရည်ရွယ်ရင်းဖြစ်သည်။)

ဆရာတော်ဦးရေ၀တကို ကျနော် စပြီး ဖူးတွေ့ရတုန်းက ၁၉၉၀ ပြည့်နှစ်နှစ်ဆန်းပိုင်းမှာ ဖြစ်ပါတယ်။

မန္တလေးမြို့က ကျောင်းသား/ကျောင်းသူတွေနဲ့ ပုဇွန်တောင် ရေကျော်ရပ်မှာ စပြီးဖူးတွေ့ရတာ ဖြစ်ပါတယ်။ ဆရာတော်ဟာ အသားညိုပြီး ပိန်ပိန်သွယ်သွယ် သဏ္ဍာန်ရှိပါတယ်။ စကားပြောဆိုတဲ့ အခါမှာလည်း အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ပြောဆိုတတ်ပါတယ်။ ကျနော် ၁၉၈၉ ခုနှစ်က မန္တလေးမြို့ကို အကြိမ်ကြိမ်ရောက်ဖူးပါတယ်။

အဲဒီအချိန်ကာလတွေမှာ မစိုးရိမ်တိုက်က ဆရာတော် ဦးက၀ိန္ဒကို မတ်လ (၁၃)ရက် မြန်မာပြည် လူ့အခွင့်အရေးနေ့ သံဃာဆွမ်းကပ်ပွဲ၊ မန္တလေးတက္ကသိုလ် အခမ်းအနား၊ ၁၉၈၉ ခုနှစ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ညီလာခံကျင်းပတဲ့ အချိန်တွေမှာ ဖူးတွေ့ခဲ့ရပေမယ့် ဆရာတော် ဦးရေ၀တကို မသိ၊ မမြင်ဖူးခဲ့ပါ။

ဆရာတော်ဦးက၀ိန္ဒ ဖမ်းဆီးခံရပြီး ထောင်ကျနေချိန် (၈၈၈၈) လှုပ်ရှားမှုကာလတွေမှာ မန္တလေးမြို့ အိမ်တော်ရာစစ်ကြောင်းကို ဦးဆောင်ခဲ့တဲ့ ဆရာတော်ဦးရေ၀တဟာ မန္တလေးမြို့က လေးပြင်လေးရပ်မှာရှိတဲ့ ပရိယတ္တိစာပေကို လေ့လာဆည်းပူးနေကြတဲ့ သံဃာတော်တွေကို စုစည်းပါတယ်။ ပြီးတော့ အမျိုး၊ ဘာသာ၊ သာသနာအတွက် မန္တလေးမြို့ လေးပြင်လေးရပ် သံဃာ့သမဂ္ဂီအဖွဲ့ကြီးကို တည်ထောင်ပါတော့တယ်။


ဆရာတော်ဟာ အဲဒီသံဃာ့အဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ်ထဲက ရက်တစ်ရက်မှာ ဆရာတော်ဟာ သူ့ရဲ့ဇာတိချက်မြှုပ် မွေးရပ်မြေဖြစ်တဲ့ တွံတေးဘက်က ကျေးရွာလေး တစ်ခုကိုလာဖို့ ကျနော့်ကို ဖိတ်ခေါ်ပါတယ်။ ဒါနဲ့ ကျနော်လည်း ပဲခူးက ကျောင်းသူတစ်ဦးဖြစ်တဲ့ လုပ်ဖော်ကိုင်ဖက် တစ်ဦးနဲ့ ဆရာတော်ဆီကို သွားရောက်ခဲ့ပါတယ်။ ပန်းဆိုးတန်း ဆိပ်ကမ်းကနေ ဒလ ဖက်ကမ်းကို သမ္မာန်နဲ့ကူးပြီး အဲဒီကမှတစ်ဆင့် တွံတေးဘက်ကို (၄၅) မိနစ်လောက် ကားစီးရပါတယ်။ ကားဂိတ်ဆုံးတော့ တွံတေး တူးမြောင်းကို ကူးတို့နဲ့ဖြတ်ပြီး တစ်ဖက်ကမ်းကို ထပ်ကူးရပါတယ်။

တစ်ဖက်ကမ်းရောက်တော့ ကမ်းနားကနေ လယ်ကွင်းတွေကို မိနစ် (၂၀)လောက် ဖြတ်လျှောက်သွားတဲ့အခါမှာ ရွာသုံးရွာ၊ လေးရွာလောက် တန်းစီ တည်ရှိနေတာကို တွေ့ရပါတယ်။ အဲဒီရွာတွေရဲ့အလယ်မှာ ဆရာတော် သီတင်းသုံးနေတာမို့ ရွာရဲ့ အလယ်ပိုင်းနေရာကို ရောက်သွားပါတယ်။ ကျနော်တို့ ဖြတ်လာတဲ့ရွာတွေမှာ အလှူမဏ္ဍပ်ကြီးတွေ ဆောက်နေတာကို တွေ့ခဲ့ရပါတယ်။ ဆရာတော်ကို မေးလျှောက်ကြည့်တော့ နောက်တစ်နေ့မှာ ဆရာတော်ရဲ့ မွေးသမိခင်ကိုယ်တိုင်က သိက္ခာထပ်ပွဲကို ရွာအလယ်ပိုင်းမှာ ပြုလုပ်မှာ ဖြစ်တယ်လို့ ရှင်းပြပါတယ်။

အဲဒီရွာတွေမှာ နေထိုင်ကြတဲ့ သူတွေအားလုံးဟာ ဆရာတော်ရဲ့ ဇာတိမြေဖြစ်တာနဲ့အညီ ဆရာတော်အပေါ် ရိုသေကိုင်းရှိုင်းကြတာကို တွေ့မြင်ရပြန်ပါတယ်။ ဆရာတော်ဟာ သူ့ရဲ့မွေးနေ့ပွဲနဲ့ သိက္ခာထပ်ပွဲကို မိဘဆွေမျိုးတွေအလယ်မှာ (၇) ရက် (၇) လီ ကျင်းပ ပြုလုပ်မှာဖြစ်ပြီး ကျနော်တို့ကို အစအဆုံး နေစေချင်ပါတယ်။ ဒါပေမယ့် ကျနော်မှာ အခြားအကြောင်းကိစ္စတွေ ရှိသေးတာကြောင့် ဆရာတော်ကို တောင်းပန်လျှောက်ထားပြီး ရန်ကုန်မြို့ကို နေ့ချင်းပြန်ခဲ့ပါတယ်။

မန္တလေးမြို့ လေးပြင်လေးရပ် သံဃာ့သမဂ္ဂီအဖွဲ့ကြီး ဖွဲ့စည်းပြီး သိပ်မကြာခင်မှာပဲ သာသနာရေး ဆောင်ရွက်မှုတွေကို သံဃာထုကိုယ်စား ဆရာတော် ဦးရေ၀တက ဦးဆောင်ပြီး သံဃာတော်တွေနဲ့အတူ ပြုလုပ်ဆောင်ရွက်ပါတယ်။ န၀တဟာ သာသနာရေး ကိစ္စတွေမှာ ၀င်ရောက် စွက်ဖက်၍ သံဃာထုအတွင်း သွေးခွဲသပ်လျှိုမှုတွေနဲ့ အဆက်မပြတ် ပြုလုပ်လာရာမှာ နိုင်ငံတော်သံဃာ့ခေါင်းဆောင် ရွေးချယ်ပွဲတွေအထိ လုပ်ဆောင်လာပါတယ်။

သံဃာထုရဲ့ အမြင့်ဆုံး ထိပ်ပိုင်းဖြစ်တဲ့ သံဃာ့မဟာနာယက အဖွဲ့ဝင်တွေကို သူတို့စိတ်ကြိုက် ဆရာတော်ကြီးတွေနဲ့ ဖွဲ့စည်းပြီး တွဲဖက် အကျိုးတော်ဆောင် ဆရာတော်အဖြစ် ဆရာတော် ဘဒ္ဒန္တ ၀ံကာသီရိကို ချီးမြှင့်မြောက်စားလိုက်ပါတယ်။ ပြီးတော့ စစ်အစိုးရ အလိုကျ ရပ်ကွက်၊ မြို့နယ်၊ တိုင်း အဆင့်ဆင့် သံဃာအဖွဲ့တွေကို နိုင်ငံတော် သံဃာ့မဟာနာယကတွေရဲ့ အမိန့်နဲ့ န၀တက သူတို့ အဆင်သင့်ပြုစုပြီးတဲ့ သံဃာ့အမည်တွေနဲ့ ဖွဲ့ခိုင်းပါတယ်။ ဒီလို သံဃာထုအကြား သွေးခွဲမှုတွေ ပြုလုပ်လာတာကို ရန်ကုန်မြို့က သံဃာတော်တွေက မကျေမနပ်နဲ့ ဖွဲ့စည်းခဲ့ကြပေမယ့် မန္တလေးက ရပ်ကွက်၊ မြို့နယ်၊ တိုင်းအဆင့် သံဃာ့အဖွဲ့တွေ မဖွဲ့စည်း နိုင်ခဲ့ကြပါဘူး။

ရန်ကုန်တိုင်း ကမ္ဘာအေးကုန်းမြေမှာ မြန်မာတစ်ပြည်လုံးရှိ သံဃာထု ကိုယ်စားလှယ်တွေကို အတည်ပြုဖို့အတွက် အစည်းအဝေး ခေါ်ယူချိန်မှာ မန္တလေးမြို့မှာ ပြဿနာ စတက်ပါတော့တယ်။ မန္တလေးမြို့မှာ န၀တက သတ်မှတ်ပေးထားတဲ့ မိတ္တီလာမြို့က သံဃာ့ ကိုယ်စားလှယ်ဟာ မန္တလေးတိုင်းအတွင်းမှာရှိတဲ့ သံဃာထုရဲ့ ရွေးချယ်တင်မြှောက်ထားခြင်း မရှိတဲ့အတွက် သံဃာ့ကိုယ်စားလှယ် တရားဝင် ရွေးချယ်နိုင်ဖို့ တိုင်းသံဃာ့နာယကအဖွဲ့တွေ၊ ဗဟိုသံဃာ့ဝန်ဆောင်၊ သာသနာရေးဦးစီးဌာနတို့ကို အကြောင်းကြားစာတွေ ပေးပို့ပြီး န၀တက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်ကိစ္စနဲ့ ပက်သက်ပြီး ကန့်ကွက်ကြပါတယ်။

ဒါပေမယ့် သံဃာ့ မဟာနာယက အစည်းအဝေးကြီးကို မိတ္တီလာမြို့က ကိုယ်စားလှယ် တက်ရောက်ဖို့ သံဃာထုက ကန့်ကွက်နေတဲ့ကြားက ကျင်းပဖို့ စီစဉ်ကြပါတယ်။ န၀တရဲ့ ကြိုးကိုင်ချယ်လှယ်မှုကြောင့် သံဃာထုရဲ့ဆန္ဒကို အလေးမပြုပဲ မန္တလေးတိုင်း ကိုယ်စားလှယ် ဆရာတော်ကို ရန်ကုန်ကို စေလွှတ်ဖို့ ပြုလုပ်ပါတယ်။ မန္တလေးတိုင်းအတွင်း အောက်ခြေအဆင့်အဖွဲ့တွေ မဖွဲ့စည်းနိုင်သေးတဲ့အပြင်၊ သံဃာထုက ရွေးချယ်တင်မြောက်ထားတဲ့ ကိုယ်စားလှယ် မဟုတ်တာကြောင့် န၀တက အဆင်သင့် သတ်မှတ်ထားတဲ့ သံဃာတော်တွေရဲ့ အစည်းအဝေးတက်ရောက်မှုကို သဘောမတူ ကန့်ကွက်ကြပါတော့တယ်။

မန္တလေးမြို့ လေးပြင်လေးရပ် သံဃာ့သမဂ္ဂီအဖွဲ့ကြီးကနေ ဦးဆောင်ကာ မဟာမြတ်မုနိ ဘုရားကြီးအနားရှိ ၄၅ တာကွင်းထဲမှာ မန္တလေးမြို့ရှိ ကျောင်းတိုက်အသီးသီးမှ သံဃာ့ကိုယ်စားလှယ် (၁၀၀) နီးပါးခန့် စုရုံးပြီး ကန့်ကွက်ပွဲပြုလုပ်ကြပါတယ်။ သံဃာတော်နှစ်ပါးက ပိတ်စအနီပေါ်တွင် အဖြူရောင်စာလုံးများနဲ့ ရေးသားထားတဲ့ မန္တလေးမြို့ လေးပြင်လေးရပ် သံဃာထု အစည်းအဝေးကြီး စာတမ်းကို ကိုင်ဆောင်ကြကာ ကိုရင်များမှ အသံချဲ့စက်၊ စပီကာများကို ကိုင်ဆောင်ကာ အခမ်းအနားကို စတင်ပါတယ်။ တစ်ဖက်တစ်ချက်စီမှာ သာသနာ့ အလံတော်များနဲ့ မန္တလေးမြို့ လေးပြင်လေးရပ် သံဃာ့သမဂ္ဂီ အဖွဲ့ကြီးရဲ့ အမှတ်တံဆိပ် အ၀ါရောင်ပေါ်တွင် ခြင်္သေ့ရုပ်ပါ အလံများ လွှင့်ထူထားကြပါတယ်။

အဲဒီအခမ်းအနားမှာ ဆရာတော်ဦးရေ၀တက မိန့်ကြားသည်မှာ မြတ်စွာဘုရား ရှိစဉ်ကာလကပင် သံဃာထုရဲ့ ကိုယ်စားလှယ်ကို ရွေးကောက်တဲ့ နေရာမှာ အုပ်ချုပ်သူအစိုးရတို့မှ ပံ့ပိုးမှုသာရှိခဲ့ပြီး ၀င်ရောက်စွက်ဖက်ခြင်း မရှိကြောင်း၊ ထို့အတူ သံဃာထုရဲ့ နှစ်သက်ကြည်ညို လေးစားခံရတဲ့ သံဃာတော်တွေကိုသာ အများရဲ့ ဆန္ဒနဲ့အညီ ရွေးချယ်တင်မြှောက်ကြကြောင်း၊ အထက်ကနေ အမိန့်နဲ့ သတ်မှတ်ပြီး ရွေးချယ်တဲ့ အစဉ်အလာမရှိကြောင်း၊ ဒါပေမယ့် အခုအခါမှာ န၀တစစ်အစိုးရဟာ ဘာသာရေးကိစ္စများမှာ ၀င်ရောက်စွက်ဖက်ပြီး နှောက်ယှက်ရန်တိုက်ကာ သွေးခွဲမှုတွေအထိ ပြုလုပ်လာနေကြောင်း၊ သံဃာထု ညီညွှတ်မှုကို ပျက်ပြားအောင် ဆောင်ရွက်နေကြောင်း၊ ထိုနည်းတူစွာ ရန်ကုန်မြို့မှာ သံဃာ့မဟာနာယက ဆရာတော်ကြီးများကို အသုံးချပြီး ဗုဒ္ဓဘာသာမှာ အစဉ်အလာမရှိတဲ့ ကိစ္စရပ်တွေကို ပြုလုပ်လာကြောင်း၊ ဒါကြောင့် မန္တလေးမြို့ လေးပြင်လေးရပ် သံဃာ့အစည်းအဝေးကြီးအနေဖြင့် သံဃာထုကြား သွေးခွဲအုပ်ချုပ်ခြင်းနဲ့ သံဃာထုရွေးကောက်ပွဲကို အာဏာရှင်ဆန်ဆန် ပြုလုပ်နေတာတွေကို ပြင်းထန်စွာ ရှုတ်ချကန့်ကွက် ပါကြောင်း ပြောဆိုသွားပါတယ်။

အဲဒီလို မဟာမြတ်မုနိဘုရားကြီးအနီးမှ ၄၅တာကွင်းပြင်မှာ အေးချမ်းစွာ သံဃာထုမှ အစည်းအဝေး ပြုလုပ်နေတာကို ဖြိုခွဲဖို့ န၀တ လက်ပါးစေတွေ ရောက်ရှိလာကြပါတယ်။ ရဲ၊ လုံထိန်း၊ စစ်တပ်နဲ့ ထောက်လှမ်းရေးတွေဟာ အချုပ်ကား (၁၂)စီးနဲ့ ချက်ချင်း ရောက်ရှိလာပြီး (၅)မိနစ်အတွင်း လူစုခွဲဖို့ အသံချဲ့စက်နဲ့ အမိန့်စပေးပါတယ်။ အဓိကရုဏ်း နှိမ်နှင်းရေးရဲတွေက ဖြိုခွဲရန် အသင့်နေရာ ယူထားလိုက်ကြပါတယ်။ ဒါပေမယ့် သံဃာထုက တုတ်တုတ်တောင်မလှုပ်ပဲ ပုံမှန်အတိုင်း အစည်းအဝေးကို ကျင်းပကြပါတယ်။ အဲဒီအခါမှာ န၀တရဲ့ ရဲချုပ်ဖြစ်သူနဲ့ အဖွဲ့ဝင်တွေက သံဃာတော်များနဲ့ လာရောက်ညှိနှိုင်းပါတယ်။ ညှိနှိုင်းတယ်ဆိုပေမယ့် န၀တဖက်က လူစုခွဲပေးဖို့သာ တွင်တွင် တောင်းဆိုနေတာကြောင့် ဆရာတော်ဦးရေ၀တက

"ဒီကိစ္စမင်းနဲ့မဆိုင်ဘူး။ တာဝန်ခံပြီး ဖြေရှင်းနိုင်တဲ့သူနဲ့ပဲ ငါစကားပြောမယ်” လို့ ပြောလိုက်တဲ့အတွက် ဆရာတော်ကို ရုတ်ရင်း ကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ ပြောဆိုပြီး သံဃာထုကို ရိုက်နှက်ဖြိုခွင်းဖို့ အမိန့်ပေးလိုက်ပါတယ်။ သံဃာထုအတွင်း ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ပြန်လည်ခုခံရန် ပြင်ဆင်မှုတွေ ပြုလုပ်ကြပါတယ်။ အဲဒီအချိန်မှာပဲ ဘုရားကြီးဝင်းထဲရှိ ကျောင်းတိုက်များမှ အချိန်အခါမဟုတ် အုန်းမောင်းခေါက်သံတွေ တရစပ်ထွက်ပေါ်လာပါတယ်။

ဒီသတင်းဟာ မန္တလေးဈေးတ၀ိုက်နဲ့ လေးပြင်လေးရပ်မှာရှိကြတဲ့ သံဃာတော်တွေကြားထဲ ပျံ့နှံ့သွားတာကြောင့် သံဃာတော်အများဟာ ကားကြီး၊ ကားငယ်အသွယ်သွယ်နဲ့ မဟာမြတ်မုနိဘုရား ရှိရာကို ရောက်ရှိလာကြပါတယ်။ သံဃာတော် အင်အားဟာ (၅၀၀)ကျော်ကနေ (၁၀၀၀) ခန့်အထိ တိုးပွားလာပါတယ်။ အဲဒီလို အခြေအနေတွေ တင်းမာပေါက်ကွဲတော့မယ့် အချိန်မှာ မန္တလေးတိုင်း အတွင်းရေးမှူး မောင်ပေါ် ရောက်လာပါတယ်။ လူစုခွဲဖို့ပဲ ပြောဆိုပြန်တဲ့အတွက် အခြေအနေဟာ ပိုပြီးတင်းမာလာပါတယ်။ သံဃာထုရဲ့ လိုလားချက်ကို မလိုက်လျောရင် ပြဿနာဟာ ပိုပြီးကြီးထွားသွားမယ်ဆိုတာ န၀တစစ်အရာရှိတွေ ရိပ်မိသွားကြပါတယ်။

ဒါကြောင့် မောင်ပေါ်က ဆရာတော်ဦးရေ၀တကို လက်အုပ်ချီပြီး ညှိနှိုင်းမှုတွေ ပြုလုပ်ပါတယ်။ ဆရာတော်က ဒီကနေ့ ပြုလုပ်တဲ့ အစည်းအဝေးဟာ နိုင်ငံရေးနဲ့ မသက်ဆိုင်ကြောင်း၊ သာသနာရေးကိစ္စကို ဘုန်းကြီးတို့ ပြုလုပ်တာဖြစ်ကြောင်း၊ ယခုနှစ် မန္တလေးတိုင်း အတွက် သံဃာ့ကိုယ်စားလှယ်ကို ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ တိုင်းအဆင့်ဆင့် ရွေးချယ်နိုင်ခြင်းမရှိပဲနဲ့ အထက်က တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေဟာ သံဃာထုရဲ့ ဆန္ဒနဲ့အညီ တင်မြှောက်ထားတာ မဟုတ်ကြောင်း၊ ဒါကြောင့် မန္တလေးတိုင်းကို ကိုယ်စားပြုတဲ့ သံဃာတော်လို့ မသတ်မှတ်နိုင်ကြောင်း၊ ဒီကိစ္စကို ရန်ကုန်မြို့ရှိ သာသနာရေးဦးစီးဌာနနဲ့ သံဃာ့မဟာနာယကအဖွဲ့ကို ကြိုတင် အကြောင်းကြားခဲ့ပေမယ့် ဘာတစ်ခုမှ တုန့်ပြန်ဆောင်ရွက်တာ မရှိခဲ့ကြောင်း၊ ဒါကြောင့် ဒီကနေ့ စည်းဝေးရတာဟာ အထက်ကနေ အာဏာရှင်ဆန်ဆန် ရွေးချယ်ပေးထားတဲ့ သံဃာ့ကိုယ်စားလှယ်တွေကို လက်မခံတဲ့ ရှုတ်ချတဲ့ သံဃာ့အစည်းအဝေးဖြစ်ကြောင်း၊ န၀တနဲ့ သာသနာရေးဦးစီးဌာနတို့ဟာ သံဃာထုကြား သွေးခွဲမှုတွေရှိနေလို့ ပြစ်တင်ရှုတ်ချလိုက်ကြောင်း စတဲ့အချက်တွေကို မောင်ပေါ်ကို ပြောကြားပြီး -

မင်းတို့ န၀တ သာသနာရေးဝန်ကြီးနဲ့ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ကို တင်ပြပါဆိုပြီး တိုက်တွန်းပါတယ်။ မောင်ပေါ်က ဒီကိစ္စဟာ ဘာသာရေးကိစ္စဖြစ်လို့ သူတို့နဲ့ မပတ်သက်ကြောင်း အထက်လူကြီးတွေကို တင်ပြပေးမည်ဖြစ်ကြောင်း ပြောဆိုတဲ့အခါ ဆရာတော် ဦးရေ၀တက ပါးစပ်နဲ့ ကတိပေးလို့ မရကြောင်း၊ ယနေ့ပြုလုပ်တဲ့ သံဃာအစည်းအဝေးကိစ္စကို အထက်အာဏာပိုင်ထံ အသေးစိတ် တင်ပြပါမည်ဟု ကတိလက်မှတ် ရေးထိုးရမယ်လို့ ပြောကာ မောင်ပေါ်ကို လက်မှတ်ရေးထိုးစေခဲ့ပါတယ်။

အဲဒီနောက် ဆရာတော်က ဒီကနေ့ မန္တလေးတိုင်းကို ကိုယ်စားပြုပြီး ရန်ကုန်ကိုသွားကြမယ့် မိတ္တီလာက သံဃာ့ကိုယ်စားလှယ်တွေရဲ့ အစီအစဉ်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုတဲ့အခါ မောင်ပါက ဒီကိစ္စကို တပည့်တော် ရန်ကုန်ကို ပြည့်ပြည့်စုံစုံ အကြောင်းကြားသွားမှာ ဖြစ်တဲ့အတွက် ယနေ့သွားတဲ့ မိတ္တီလာက ကိုယ်စားလှယ်တွေဟာ မန္တလေးကို ကိုယ်စားပြုသွားတဲ့ ကိုယ်စားလှယ်တွေမဖြစ်ကြောင်း၊ အခြားကိစ္စနဲ့ သွားတဲ့ ကိုယ်စားလှယ်တွေဖြစ်ကြောင်း ပြန်လျှောက်ပါတယ်။ အဲဒီအခါမှာ ဆရာတော် ဦးရေ၀တက သံဃာထုကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံခဲ့တဲ့ ရဲချုပ်နဲ့ အပေါင်းအပါတို့ကို ဗုဒ္ဓဘာသာဝင် ပီသကြအောင် ဆုံးမဖို့ မှာကြားပါတယ်၊၊

နောက် ဗွီဒီယို၊ ဓါတ်ပုံတွေကို အပြန်အလှန် ရိုက်ယူကြပါတယ်။ မောင်ပေါ်က မှောင်ရီမပျိုးခင် လူစုခွဲဖို့ ဆရာတော်ကို တောင်းပန်လျှောက်ထားရာ ဆရာတော်က ဒီကနေ့ ပြုလုပ်တဲ့ သံဃာထု အစည်းအဝေးအကြောင်း ရလာဒ်နဲ့ ဆုံးဖြတ်ချက်တွေကို အများပြည်သူတို့ သိမြင်စေရန် မန္တလေးမြို့တစ်ပတ် စီတန်းလှည့်လည် ဆန္ဒပြမှာဖြစ်ကြောင်း ပြန်ပြောလိုက်ပါတယ်။ အဲဒီအခါမှာ မောင်ပေါ်က မျက်နှာငယ်လေးနဲ့ တုန်တုန်ရီရီနဲ့ . . .

“ဒီကိစ္စဟာ မသင့်တော်ပါဘုရား၊ တပည့်တော်အနေနဲ့ ဒီကနေ့ ပြုလုပ်တဲ့ သံဃာ့အစည်းအဝေးကြီးရဲ့ အသေးစိတ်မှတ်တမ်းကို အထက် အရာရှိများထံ နေ့မဆိုင်းပဲ တင်ပြပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆန္ဒပြပွဲကိုတော့ မလုပ်ပါနဲ့ ဘုရား”

လို့ ဆိုပြီး မဟာမြတ်မုနိ ဘုရားဘေးက ရန်ကုန်-မန္တလေး မီးရထားလမ်းမှာ ရန်ကုန်ကို ထွက်ခွာမယ့် မန္တလေးအမြန် (၃း၀၀) ရထားရှေ့ သံဃာတော်များ ပိတ်ဆို့ထားတာကို ဖယ်ရှားပေးဖို့ တောင်းဆိုပါတယ်။ အဲဒီရထားမှာ ရန်ကုန်ကိုထွက်ခွာမည့် မန္တလေးတိုင်း သံဃာ့ကိုယ်စားလှယ်အဖြစ် တက်ရောက်မယ့် သံဃာတော်တွေ ပါဝင်တာကြောင့် ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။ နောက်ဆုံးမှာ မောင်ပေါ်က ငိုသံပါကြီးနဲ့ . . .

“ဘုရားတပည့်တော်တားတာကို အရှင်ဘုရား ပြုလုပ်မယ်ဆိုရင်လည်း ဘာမှတတ်နိုင်မှာ မဟုတ်ပါဘူး ဘုရား။ ဆရာ၊ ဒကာ မငဲ့ညှာပါက အရှင်ဘုရား ပြုလုပ်ချင်သလို ပြုလုပ်တော်မူပါ ဘုရား ”

လို့ တင်လျှောက်ပါတယ်။ အဲဒီအခါကျမှ ဆရာတော်က မန္တလေးမြို့ လေးပြင်လေးရပ် သံဃာ့အစည်းအဝေးကြီးကို ကြွေးကြော်သံတွေနဲ့ ရုပ်သိမ်းပြီး ၄၅ တာကွင်းမှာ အေးအေးချမ်းချမ်း လူစုခွဲခဲ့ကြပါတယ်။ ဆရာတော် ဦးရေ၀တဟာ အမျိုး၊ ဘာသာ၊ သာသနာအတွက် ရဲဝံ့ပြတ်သားစွာ စစ်အာဏာပိုင်တွေနဲ့ ပြောဆိုဆက်ဆံပြီး သံဃာခေါင်းဆောင် ပီသစွာ ဖြေရှင်းနိုင်ခဲ့တာကို တွေ့မြင်ရပါတယ်။

၁၉၉၀ ပြည့်နှစ်တွေမှာ မန္တလေးမြို့မှာ နေ့စဉ်၊ အပတ်စဉ် ဒီမိုကရေစီ နေ့ထူးနေ့မြတ်တွေမှာ စစ်အစိုးရဆန့်ကျင်ရေးကို အင်အားကောင်းကောင်း ပြုလုပ်နေတာကို ကျနော် မျက်မြင်တွေ့ရပါတယ်။ ဒါပေမယ့် မန္တလေးရဲ့ လှုပ်ရှားမှုတွေကို ကမ္ဘာက သိပ်မသိခဲ့သလို၊ န၀တကလည်း ရန်ကုန်မြို့လောက် အာရုံမစိုက်နိုင်ခဲ့ပါဘူး။ ဒါကြောင့် မန္တလေးမြို့ သံဃာ၊ ကျောင်းသား၊ ပြည်သူ၊ နိုင်ငံရေးပါတီတွေရဲ့ စစ်အစိုးရ ဆန့်ကျင်ရေးတွေ၊ ဒီမိုကရေစီလှုပ်ရှားမှုတွေအကြောင်း မြန်မာတစ်ပြည်လုံးနဲ့ ကမ္ဘာကပါ သိရှိအောင် ကျနော် ကြိုးပမ်းခဲ့ပါတယ်။

မန္တလေးမြို့အတွင်း သံဃာတော်များအကြား န၀တရဲ့ သွေးခွဲသပ်လျိုမှုတွေ၊ ဘုရားဝတ္တက မြေတွေကို အတင်းအကျပ်သိမ်းယူတာတွေ၊ သာသနာ့မြေအတွင်း စစ်ဖိနပ်စီးတာတွေ စတဲ့ အကြောင်းတွေကို အသေးစိတ်ပြုစုပြီး ရန်ကုန်ရှိ သံတမန်အသိုင်းအ၀ိုင်းကို ပေးပို့ခဲ့ပါတယ်။ နောက်ပိုင်း နိုင်ငံတကာ သတင်းစာတွေ၊ သတင်းဌာနတွေမှာ မန္တလေးမြို့ လှုပ်ရှားမှု၊ ဖြစ်ရပ်တွေအကြောင်း ပါဝင်လာပါတယ်။ နိုင်ငံတကာကလည်း မန္တလေးမြို့ကို စိတ်ဝင်စားလာခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ကျနော်ဟာ ရန်ကုန်မှာ ကျနော့်အတွက် လုံခြုံမှုကင်းမဲ့လာတာကြောင့် မန္တလေးမြို့ကို ရောက်ရှိနေပြီး သံရုံးလို့ တင်စားခေါ်ဝေါ်ခဲ့ကြတဲ့ ဘုန်းကြီးကျောင်းတိုက်တွေမှာ နေထိုင်ခဲ့ပါတယ်။ ဘုန်းကြီးကျောင်းတိုက်တွေကို သံရုံးလို့ ခေါ်ရခြင်းက စစ်တပ်နဲ့ စစ်ထောက်လှမ်းရေးတို့ရဲ့ ၀င်ရောက်ဖမ်းဆီးမှုဘေးမှ ကျောင်းသားအများအပြားကို ဘုန်းကြီးကျောင်းတိုက်တွေမှာ အကာအကွယ် ပေးထားခဲ့လို့ ဖြစ်ပါတယ်။

၁၉၉၀ ပြည့် ရွေးကောက်ပွဲမတိုင်ခင်မှာ အမေရိကန်သံရုံးက ပထမနိုင်ငံရေးအတွင်းဝန် မန္တလေးကို ရောက်လာပြီး မန္တလေးမြို့က သံဃာ့ကိုယ်စားလှယ်တွေနဲ့ တွေ့ချင်တယ်လို့ ကျနော့်ကို ပြောပါတယ်။ ကျနော်လည်း ဘုရားကြီး ဒက္ခိဏရာမကျောင်းတိုက်မှာ ဆရာတော် ဦးရေ၀တနဲ့ တွေ့ဆုံပေးခဲ့ပါတယ်။ ပြီးနောက် မြန်မာနိုင်ငံအတွင်း ဘာသာရေးအခြေအနေ ဆိုးရွားနေမှုတွေကို အသေးစိတ် လေ့လာပါတယ်။ ၁၉၉၀ ပြည့် သြဂုတ်လ (၈) ရက်နေ့ အခမ်းအနားကို ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် မဟာညောင်ကုန်း ကျောင်းတိုက်မှာ အခြေခံပညာကျောင်းသားသမဂ္ဂ (ရန်ကုန်တိုင်း) က ဦးဆောင်ကျင်းပတာကြောင့် ကျနော် ရန်ကုန်ကိုသွားပြီး အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

အဲဒီအချိန်မှာ မန္တလေးမြို့ စစ်တပ်က ပစ်ခတ်မှုတွေကြောင့် သံဃာ့သွေးမြေကျပွဲ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကျနော်လည်း မန္တလေးကို ချက်ချင်း ပြန်တက်သွားပြီး ဆရာတော် ဦးရေ၀တနဲ့ တွေ့ဆုံကာ အဖြစ်အပျက်ကို မေးမြန်းခဲ့ပါတယ်။ အဲဒီနေ့က ဖြစ်ပွားခဲ့တဲ့ သွေးမြေကျမှုနဲ့ ပတ်သက်ပြီး ဆရာတော်က သက်သေခံ အထောက်အထားတွေ ကျနော့်ကို ပြပါတယ်။ စစ်တပ်က မောင်းပြန် သေနတ်တွေနဲ့ ပစ်ခတ်လို့ သံဃာအများအပြား ထိမှန်သေဆုံးပုံ၊ ဒဏ်ရာပြင်းထန်စွာ ရရှိပုံနဲ့ သွေးစွန်းနေတဲ့ သင်္ကန်းတော်တွေ၊ အဲဒီအပြင် ထူးခြားအံ့သြဖွယ်ကောင်းတဲ့ သပိတ်တစ်လုံးကို ပြပါတယ်။ သပိတ်ဟာ သံသပိတ်အမျိုးအစားဖြစ်ပြီး အတွင်းနဲ့အပြင် နှစ်ခုစလုံးကို စစ်စေးသုတ်လိမ်းထားပါတယ်။

စစ်တပ်က ပစ်ခတ်လိုက်တဲ့ ကျည်ဆန်ဟာ သပိတ်ရဲ့ အလယ်ပိုင်း ဖောင်းရစ်ရှိ စစ်ဆေးနဲ့သံကို ဖောက်ထွက်သွားပြီး သပိတ်အတွင်းမှာ ကျည်ဆန် ဒုတိယ မီးကျည်ရိုက်ရာ အမာရွတ်ကြီးကြီး၊ တတိယကျည်ရိုက်ရာ အမာရွတ်အလတ်၊ စတုတ္တကျည်ရိုက်ရာ အမာရွတ်အသေးနဲ့ ပဉ္စမကျည်ရိုက်ရာ အမာရွတ်အသေးလေးကို မြင်တွေ့ရပါတယ်။ ပစ်ခတ်မှုမှာ ရရှိတဲ့ ကျည်ဆန်ကို ကျောင်းက ကိုရင်လေးတစ်ပါးက ကြောက်လန့်ပြီး ကုဋီ(အိမ်သာ)ထဲ လွှင့်ပစ်ခဲ့လို့ မရှိတော့ကြောင်း ဆရာတော်ကပြောပြပါတယ်။

န၀တဟာ သံဃာထုကို သေစေနိုင်တဲ့အထိ ချိန်ရွယ်ပစ်ခတ်ခဲ့တာ ထင်ရှားကြောင်း၊ ဗုဒ္ဓရဲ့သားတော် ရဟန်းတို့ကို ကာယကံမြောက် ကျူးလွန်သတ်ဖြတ်တဲ့အပြင်၊ ဗုဒ္ဓရဲ့ ပရိဘောဂ စေတီကိုလည်း ဖျက်ဆီးတဲ့သူတွေ ဖြစ်တာကြောင့် မကြာခင်မှာ ကြီးကြီးမားမား အရေးယူဖို့ ဒီကိစ္စကို ဆောင်ရွက်မှာ ဖြစ်ကြောင်း ဆရာတော်က ဆက်ပြီးပြောပါတယ်။ ကျနော်လည်း ဆရာတော် ခွင့်ပြုချက်နဲ့ မန္တလေးမြို့ ၈၄လမ်းမကြီးက လူထုတိုက်ရှေ့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ် အသေးစိတ်ကို မှတ်သားပြီး သက်သေခံဓါတ်ပုံ၊ သပိတ်တွေကို ယူပြီး ရန်ကုန်ကို ဆင်းလာခဲ့ပါတယ်။ ရန်ကုန်က သံတမန်အသိုင်းအ၀ိုင်းနဲ့ သတင်းဌာနတွေကို ပြသပါတယ်။ န၀တက ဘယ်လိုပဲ လိမ်ညာခဲ့ပေမယ့် အနောက်နိုင်ငံစစ်သံမှူးတွေက အေကေ ၄၇ ဒါမှမဟုတ် ဂျီ-သရီးကဲ့သို့ အရှိန်ပြင်းထန်တဲ့ သေနတ်အမျိုးအစားနဲ့ ပစ်ခတ်တာ ဖြစ်ကြောင်း၊ သပိတ်အတွင်း ရှိနေသော ကျည်ဆန်ယမ်းမှုန့်များကို ဓါတ်ခွဲကြည့်ရာမှာ သူတို့စစ်ဆေးချက်အရ သေစေနိုင်တဲ့ ကျည်များနဲ့ ပစ်ခတ်တာ ဖြစ်တယ်လို့ အတည်ပြု ပြောကြားပါတယ်။

မန္တလေးမြို့မှာ ဆရာတော် ဦးရေ၀တတို့ “ပတ္တနိက္ကုဇ္ဖနကံဆောင်” သပိတ်မှောက်ပွဲမကျင်းပခင် ကျနော်လည်း စစ်ထောက်လှမ်းရေး တို့ရဲ့ ဖမ်းဆီးမှုကို ခံလိုက်ရပါတယ်။ အဲဒီအချိန်ကစပြီး ဆရာတော်နဲ့ ကျနော် ပြန်မတွေ့ဖြစ်ကြတော့ပါဘူး။

ဆရာတော် ဦးရေ၀တဟာ အမျိုး၊ ဘာသာ၊ သာသနာအတွက် ရှေ့တန်းကနေ ဦးဆောင်မှု ပေးနိုင်ခဲ့တဲ့ သံဃာ့အာဇာနည်တစ်ပါး ဖြစ်ပါတယ်။ သံဃာထုအများရဲ့ ကြည်ညိုလေးစားမှုကို ခံရသလို သံဃာထုအတွင်း ညီညွှတ်မှုရစေခဲ့တဲ့ လေးပြင်လေးရပ်စလုံးက သံဃာတော်တွေကို စုစည်းနိုင်ခဲ့တယ်။ မန္တလေးမြို့တွင်း ဆရာတော် ဦးက၀ိန္ဒ၊ ဆရာတော် ဦးရေ၀တနဲ့ အခြားသော သံဃာတော် တွေဟာ အဓမ္မ၀ါဒီတွေကို အောင်နိုင်ခဲ့ကြတယ်။

ဆရာတော်ကြီးတွေဟာ သံဃာထုအတွင်းမှာ သာမက ကျောင်းသားထုအတွင်း၊ သမဂ္ဂများအတွင်း၊ ပါတီများအတွင်း ညီညွှတ်ရေး ရရှိအောင် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဆရာတော်ဦးရေ၀တက ကျနော်တို့ ကျောင်းသားတွေကို မှတ်သားစရာ စကားတစ်ခွန်း ပြောခဲ့ပါတယ်။ ဆရာတော်အပါအ၀င် သံဃာတွေ၊ ကျောင်းသားတွေ မြန်မာပြည်နိုင်ငံရေး၊ ဒီမိုကရေစီအရေးများကို ဆွေးနွေးနေစဉ် ဆရာတော်က . . .

“ငါလည်း ငါတတ်နိုင်တဲ့ ၀န်ကိုထမ်းမယ်။ ငါသိသင့်သိထိုက်တဲ့ အကြောင်းအရာတွေပဲ ငါ့ကိုပြောကြ၊ ငါမသိသင့် မသိထိုက်တဲ့ကိစ္စကို ငါ့ကိုလည်း မပြောနဲ့၊ ငါ့ရှေ့မှာလည်း မပြောနဲ့။ ငါသိလို့ တစ်နေ့ ထောက်လှမ်းရေးက ဖမ်းလားဆီးလားလုပ်ခဲ့ရင် သူတို့က နည်းအမျိုးမျိုးနဲ့ နှိပ်စက်ပြီး မေးမှာပဲ။ ငါလည်း ပုထုဇဉ် ဖြစ်တာကြောင့် ကြာကြာခံနိုင်မှာမဟုတ်သလို မုသားလည်း မဆိုနိုင်ဘူး။ အမှန်အတိုင်း ပြောရမှာပဲ။ ဘာမှမသိတဲ့ကိစ္စကို သူတို့ ဘယ်လောက်ပဲရိုက်ရိုက်၊ အသက်သာ သေသွားမယ် သူတို့ဘာမှ သိရမှာမဟုတ်ဘူး။ ဒါ့ကြောင့် ငါမသိသင့်တဲ့ကိစ္စ၊ အကြောင်းအရာကို မပြောကြနဲ့ ”

လို့ပြောခဲ့ပါတယ်။ န၀တရဲ့ လက်ချက်ကြောင့် သာသနာ့မြေတွေ စစ်တလင်းပြင် ဖြစ်ခဲ့ပါတယ်။ ဘုရားသားတော်တွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်။ ဗုဒ္ဓသာသနာတော်ကြီး တစ်ခုလုံး တုန်လှုပ်ခြောက်ခြားစေတဲ့ ဖြစ်ရပ်တွေ န၀တကဖန်တီးခဲ့တယ်။

၁၉၉၀ သြဂုတ်လတွင် သံဃာတော်တွေ သတ်ဖြတ်ခဲ့တဲ့ မြင်ကွင်းကို မန္တလေးမြို့သူ၊ မြို့သားတွေ ယနေ့တိုင် မျက်လုံးထဲက မထွက်နိုင်ကြသေး။ မမေ့ဖျောက်နိုင်ကြသေး။

ပြီးတော့ သံဃာထုတွေရဲ့ ရဲရဲတောက် ကံဆောင် သပိတ်မှောက်ပွဲကြီးတွေ . . . ။

(ဆရာတော်ဦးရေ၀တ ပျံလွန်တော်မူသွားကြောင်း သိရတဲ့အတွက် သံဃာ့ဇာနည်ကို ဂုဏ်ပြုရေးသားမိပါတယ်။)

No comments: