Sunday, August 08, 2010

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းများ (စုစည်းမှု-၂)

၁၉၈၉ ခုနှစ်၊ ဇန်န၀ါရီလအတွင် ဧရာဝတီတိုင်း မအူပင်မြို့တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော မိန့်ခွန်း

အမှန်ကိုလုပ်ရတာဟာ အမှားကိုလုပ်ရတာထက် အင်မတန်မှ ခက်ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးကျတော့ အမှန်လုပ်တဲ့သူကသာ အောင်မြင်ရမှာပါ။ အမှန်တရားလုပ်တဲ့သူတွေကသာ ရှုံးရင်လည်း နိုင်ရမယ်။ နိုင်ရင်လည်း နိုင်ရမယ်ဆိုတာ ပြောလို့ရပါတယ်။ အမှန်တရားအရ မလုပ်တဲ့သူတွေကတော့ ရှုံးရင်လည်း ရှုံးရမယ်။ နိုင်ရင်လည်း ရှုံးမှာပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ အခွင့်အရေး လိုချင်တယ်ဆိုတာ ဘယ်သူ့ကိုမှ တိုက်ခိုက်ချင်လို့ မဟုတ်ဘူး။ ဘယ်သူ့ကိုမှ ဆွဲဖြုတ်ချင်လို့ မဟုတ်ဘူး။ ပြည်သူလူထုဟာ စိုးရိမ်ကြောင့်ကြမှု ကင်းဝေးစွာနဲ့ ကိုယ့်အသက်မွေးဝမ်းကျောင်း ကိုယ် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်အောင်လို့ဆိုတဲ့ စိတ်မျိုးနဲ့ ဒီမိုကရေစီအတွက် တိုက်နေကြတာပဲ။ အားလုံးက ဒီအခွင့်အရေးလိုချင်ရင် အားလုံးက ၀င်ပြီးတော့ လှုပ်ရှားရမှာပဲ။ ကျမတို့ခေတ်မှာ ကျမတို့ ကုသိုလ်ကံကြောင့်မို့လို့ ဒီတိုင်းပြည် ပြည်သူလူထုကို အကြောက်တရားကနေပြီးတော့ လွတ်မြောက်အောင် လုပ်ပေးနိုင်တဲ့ အခွင့်အရေးတွေ ရလာတယ်။ ဒီအခွင့်အရေးကို လက်လွတ်အဆုံးရှုံးမခံပါနဲ့။ ဒီလို ပြည်ထောင်စု အသစ်တည်ထောင်ဖို့ အခွင့်အရေးတွေကို လက်လွှတ်လိုက်ရင် ကျမတို့ဟာ သမိုင်းပေးတာဝန် မကျေပွန်သူတွေအဖြစ် သမိုင်းမှာ အင်မတန်မှ အပြစ်တင်စရာဖြစ်မှာပါပဲ။ ကျမတို့က ပြည်သူလူထုကို အားကိုးတယ်။ ပြည်သူလူထုကလည်း ကိုယ့်ကိုကိုယ် အားကိုးကြပါ။ ကိုယ့်ကိုကိုယ် အထင်မသေးကြပါနဲ့။ လူထုရဲ့ အင်အားဆိုတာ အင်မတန်မှ ကြီးပါတယ်။ လူထုရဲ့အင်အားကို မလေးစားဘဲ မနေနိုင်ပါဘူး။ ကျမတို့ကလည်း လေးစားတယ်၊ နောင်လည်း အစိုးရအဆက်ဆက်က လေးစားသင့်တယ်။ ပြည်သူလူထုကို လေးစားတဲ့ အစိုးရမျိုးကို ကျမတို့က ဖြစ်စေချင်ပါတယ်။ ဒါမှ တိုင်းပြည်လည်း အကျိုးရှိမယ်။ ပြည်သူလူထုလည်း စိတ်ချမ်းသာပါမယ်။

Read More...

Thursday, January 03, 2008

ခရီးသွားကြသူများ

သန်းမြင့်အောင်

လူ့ဘ၀ ဖြစ်တည်ခြင်းမှအစပြု၍ လူသားမျိုးနွယ်စုအားလုံးတို့တွင် လူမျိုးဘာသာမရွေး တညီတညွတ်တည်း တူညီသော စိတ်ခံစားမှုများနှင့် ထိုစိတ်ခံစားမှုတို့မှ လွန်ကဲထင်ဟပ်လာသော အမှတ်အသားသင်္ကေတအဖြစ် အမူအကျင့် နှစ်မျိုးရှိလေသည်။

၎င်းတို့ကား ၀မ်းသာကြည်နူးခြင်းနှင့် ၀မ်းနည်းကြေကွဲခြင်း၊ ၀မ်းသာကြည်နူးမှုကြောင့် ရယ်မောပျော်ရွှင်ခြင်းနှင့် ၀မ်းနည်းကြေကွဲ မှုကြောင့် တမ်းတငိုကြွေးခြင်းတို့ပင်။

တခါတရံတွင် ၀မ်းနည်းကြေကွဲမှုကြောင့် တမ်းတငိုကြွေးနေသူတို့၏ နောက်ကွယ်မှာပင် 'စိုးရိမ်ကြောင့်ကြခြင်း' နှင့် 'ပူပင်သောက ဗျာပါဒ' ဟူသော နှောင်ကြိုးများက ရစ်ပတ်တုပ်နှောင်လျက်ရှိကြသည်။

ထိုနှောင်ကြိုးများကို ဖြေလျှော့ဖြတ်တောက ဖယ်ရှားပေးနေကြသူတို့သည်ကား . . . . . . ။

+ + + + + + +


' ဘဘ ဆေးရုံတက်တုန်းက သေအံ့ဆဲဆဲ လူမမာအဘွားအိုတစ်ယောက်နဲ့ ၀ိုင်းပြုစုနေကြတဲ့ သားသမီးတွေကို တွေ့ရတယ်။ အမယ်အိုကို မျှော်လင့်ချက်မရှိတော့လို့ ဆရာဝန်က အိမ်ပြန်သယ်ကြဖို့ ပြောတဲ့အခါကျတော့ သားသမီးတွေက အိမ်မှာ နေရာထိုင်ခင်း ပြန်စီစဉ်ပါရစေဦး။ ပြီးတော့ လာခေါ်ပါ့မယ်လို့ပြောပြီး ထွက်သွားလိုက်ကြတာ အမယ်အိုသာ ကွယ်လွန်ပြီး သုံးရက်ကျော်တဲ့အထိ လာမခေါ်ကြလို့ ဆေးရုံကနေ သင်္ဂြိုဟ်လိုက်ရတယ်ကွယ်။ သားသမီးတွေက သင်္ဂြိုဟ်စရိတ်မတတ်နိုင်လို့ ထွက်ပြေးကြတာပါကလားလို့ သိလိုက်ရတော့ ဘဘ ရင်ထဲ မကောင်းလိုက်တာ . . . '

၁၉၉၈ ခုနှစ်၊ ဒီဇင်ဘာလနှောင်းပိုင်းတွင် ဆရာကြီး ဦးသုခက ကျမကို ပြောပြခဲ့ခြင်းဖြစ်သည်။

' တချို့ကလည်း သားသမီးတွေကို အပြစ်တင်ကြတာပေါ့ကွယ်။ ကိုယ့်မွေးသမိခင်ကြီးကို ဒီလို လုပ်ပစ်ခဲ့ရပါ့မလားလို့။ ဘဘ ကတော့ အပြစ်မတင်ရက်ပါဘူးကွယ်။ ခမျာများ ဘယ့်ကလောက် ဆင်းရဲကျပ်တည်းပြီး သင်္ဂြိုဟ်စရိတ်ကလေးမှ မတတ်နိုင်ကြလို့ ရှိမှာပေါ့ဆိုပြီး ဒင်းတို့ကလေးတွေနေရာကနေ ကိုယ်ချင်းစာကြည့်မိတယ်။ ကိုယ့်မအေအလောင်းလေးတောင် ရဲရဲလာမကြည့်ဝံ့ကြ၊ မသင်္ဂြိုဟ်ပေးကြရတဲ့ သူတို့ရင်ထဲ ဘယ်လောက်များ ကြေကွဲနေရှာကြပါ့မလဲလို့ '

ဘဘဦးသုခ၏ ကိုယ်တွေ့ဖြစ်ရပ်နှင့် အကြောင်းအရာက ကျမ၏ နှလုံးသားသို့ပါ ကူးစက်တောက်လောင်တော့သည်။ အကယ်၍သာ ထိုသားသမီး၊ မိသားစုတို့က သင်္ဂြိုဟ်စရိတ်ကို ချေးငှားရှာဖွေ၍ သင်္ဂြိုဟ်သည်ထား၊ လိုအပ်သည့်ငွေကို လိုအပ်သည့် အချိန်အတိုင်းအတာအတွင်း ရနိုင်ပါမည်လား။ သက်မဲ့ခန္ဓာအိမ်ဆိုသည်ကား အချိန်နှင့်အမျှ ဖောက်ပြန်လေတော့မည်။ လိုအပ်သည့် ငွေကို ချေးငှားရှာဖွေ၍ ရသည်ဆိုပြန်တော့ ထိုငွေကို ပြန်မဆပ်နိုင်မချင်း စိတ်သောကရောက်ရမည်၊ စိုးရိမ်ကြောင့်ကြ ဖြစ်ရမည်၊ သောကမီး တောက်လောင်ရမည်။ ထိုဒဏ်ကို ခံနိုင်ရည်မရှိကြသူများနှင့် ဘဘ ဦးသုခတို့ ထိပ်တိုက်တွေ့လာ ကြခြင်းသည် ကျမတို့ ၀န်းကျင်အတွက် စေ့ဆော်မှုတစ်ခုကို ဖြစ်တည်စေသည်။

'တခြားဘာသာတွေမှာ နာရေးဖြစ်လာရင် သင်္ဂြိုဟ်မှုကို အကူအညီပေးတဲ့ အဖွဲ့အစည်းတွေ ရှိကြတယ်။ ဘဘတို့ ဗုဒ္ဓဘာသာမှာ ဒါမျိုးမရှိသေးဘူး။ မန္တလေးမှာတော့ ဗြဟ္မာစိုရ်အသင်းဆိုပြီး နာရေးကိစ္စတွေ အကူအညီပေးနေတာ တော်တော်လေး အောင်မြင်နေပြီ။ ဘဘတို့ ရန်ကုန်မှာလည်း ရှိသင့်တယ်။ တစ်နေ့နေ့မှာ တို့များ နာရေးကူညီမှုအသင်းကို ဖွဲ့ကြရအောင်။ အဲဒီကျရင် အများအကျိုးကို ဆောင်ရွက်လိုတဲ့သူမျိုးတွေ အများကြီးလိုလာပြီ သမီးရေ'

ဘဘဦးသုခသည် ကျမကိုပြောပြသော ထိုစကားစုတွေကိုပဲ မမောနိုင်မပန်းနိုင် ထပ်တလဲလဲနှင့် လူပေါင်းများစွာကို ပြောနေ လိမ့်ဦးမည်ဟု ကျွန်မ အသေအချာယုံကြည်သည်။

+ + + + + + +


'လူဆိုတာ ကိုယ်ကျိုးစွန့်တဲ့စိတ်နဲ့ အများအတွက် အနစ်နာခံနိုင်တဲ့စိတ်ကလေးမှ မရှိရင် အခြားသတ္တ၀ါတွေနဲ့ ဘာများထူးဦးမှာလဲ' ဟူသည့် သဘောတရား စကားစုတစ်ခုကို ဆရာမကြီး ဒေါ်ခင်နှင်းယု၏ 'မွှေး' ၀တ္ထုကို ဖတ်ဖြစ်သည့် လွန်ခဲ့သော နှစ်ပေါင်း များစွာကပင် ကျမ စွဲနစ်ခဲ့ပါသည်။

ထိုအချိန်ကာလမှစတင်၍ 'ကိုယ်ကျိုးစွန့်၍ အများအတွက် အနစ်နာခံသူ' ဟူသည့် လူတန်းစားတစ်ရပ်ကို ကျမ စိတ်ပါဝင်စားစွာ ရှာဖွေနေမိခဲ့သည်မှာ ယခုအချိန်တွင်တော့ ပြည့်ဝစွာ အဓိပ္ပာယ်ရှိနေခဲ့ပြီဟု ဆိုရမည်ထင်သည်။

ကျမ၏ စိတ်အာဟာရကို ဖြည့်ဆည်းပေးနိုင်ကြသော ထိုလူနည်းစုထဲတွင် ပြည်သူအများ လေးစားအားထားသော နာရေးကူညီမှု လုပ်ဖော်ကိုင်ဖက်များလည်း အပါအ၀င်ဖြစ်ပေသည်။

' ရန်ကုန်မြို့ နာရေးကူညီမှုအသင်း ဖြစ်မြောက်ရေးကော်မတီကို ၂၀၀၁ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင် ဖွဲ့စည်းတည်ထောင်ပြီး ပထမဦးဆုံး နာရေးကူညီမှုပြုခြင်း အထိမ်းအမှတ်အဖြစ် မြန်မာ့ပန်းပုပညာရှင် ဆရာကြီး ဦးဟန်တင်၏ ဈာပနကို မြန်မာအနုပညာရှင် ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ အကယ်ဒမီ ကိုကျော်သူက နာရေးယာဉ်ကို ကိုယ်တိုင်မောင်းနှင်၍ ပို့ဆောင်ပေးခဲ့သည်။ '

ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာ မရွေး အခမဲ့ အကူအညီပေးမည်ဟူသော အသင်း၏ ဆုံးဖြတ်ချက်အတိုင်း ဆရာကြီးဦးဟန်တင် ကဲ့သို့သော ချမ်းသာကြွယ်ဝသူ၊ ငွေကြေးတတ်နိုင်သူတို့၏ တဖန်ပြန်လည်လှူဒါန်းငွေများဖြင့်လည်း ငွေကြေးချို့တဲ့နွမ်းပါးသူတို့၏ နာရေးကိစ္စများတွင် အားဖြည့်သုံးစွဲခွင့် ရခဲ့သည်။

ဆရာကြီး ဦးသုခ၏ အိပ်မက်နှင့် မန္တလေး ဗြဟ္မာစိုရ်အသင်းကြီး၏ လမ်းပြမှုမှ အကောင်အထည်ပေါ်လာသော 'ရန်ကုန်မြို့ နာရေးကူညီမှုအသင်း' ဖြစ်မြောက်ရေးကော်မတီတွင် လူတန်းစားမျိုးစုံ ပါဝင်သည်။ နိုင်ငံကျော် အနုပညာရှင်များ၊ စာရေးဆရာကြီးများ၊ မဂ္ဂဇင်းထုတ်ဝေသူများ၊ ကုန်သည်စီးပွားရေးလုပ်ငန်းရှင်များ၊ ၀န်ထမ်းများ၊ လက်လုပ်လက်စားများ၊ စသည့် လူတန်းစား အမျိုးအမည် မညီမျှကြသော်လည်း တခဲနက်ညီညွတ်ခြင်းကား 'ကိုယ်ကျိုးစွန့်' သည့် စိတ်ဓာတ်များပင်ဖြစ်သည်။ အဓိကလိုအပ်ချက်သည်ကား ထို 'တန်ဖိုး' သာဖြစ်ပေသည်။

+ + + + + + +


မိမိကိုယ်တိုင် ဒဏ်ရာမရဖူးပါဘဲနှင့် သူတစ်ပါး၏ အမာရွတ်ကို စုတ်သပ်ရကောင်းမှန်းသိသော နှလုံးစိတ်ဝမ်း ကျယ်ပြန့်သူတို့ကား စွန့်လွှတ်နိုင်စွမ်းအား ကြီးမားလှသည်။ ထိုသူများ၏ လှူဒါန်းငွေဖြင့် အသင်းကို ခိုင်ခိုင်မာမာ ရပ်တည်ပြီး လူပေါင်းများစွာ၏ နာရေးကိစ္စတို့ကို အကူအညီပေးနိုင်ခဲ့သည်မှာ သက်တမ်းအားဖြင့် နှစ်နှစ်တာကာလသို့ပင် ချဉ်းကပ်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်နှင့် အမျှ အကူအညီတောင်းခံလာသူများလည်း တစ်နေ့ထက်တစ်နေ့ များပြားလာကြပြီဖြစ်သည်။

စွန့်လွှတ်ကြသူများတွင် ငွေအင်အား၊ လူအင်အားတင်မက ဓာတ်ဆီလှူသူ၊ မြေကွက်လှူသူများပင် ရှိလာ၍ မုဒိတာပွားနေခိုက်တွင် လုံးဝ မျှော်လင့်မထားသော စိတ်လှုပ်ရှားကြည်နူးဖွယ်ရာ စံပြပုဂ္ဂိုလ်အချို့ကိုလည်း တွေ့ကြုံကြရသေးသည်။ ၎င်းတို့သည်ကား ညောင်ပင်လေးဈေးမှ ဈေးသူဈေးသားများပင်။

ကျမတို့အသင်းအနေဖြင့် တစ်နေရာတည်းမှ တစ်စုတစ်စည်းတည်း ထိုမျှငွေကိုသော်လည်းကောင်း၊ မော်တော်ယာဉ် အစီးလိုက်ကိုသော်လည်းကောင်း လက်ခံရယူဖူးခြင်းမရှိသဖြင့် ထိုအတွေ့အကြုံကား အစွမ်းကုန် ၀မ်းမြောက်ဖွယ်ရာ ဖြစ်တော့သည်။ လှူဒါန်းပွဲ အခမ်းအနားတွင် ဈေးသာယာရေးဥက္ကဋ္ဌ ဦးတင်ထွန်း၏ . .

' အများပြည်သူတွေရဲ့ နာရေးကိစ္စကို အကူအညီပေးဖို့ နာရေးကူညီမှုအသင်းကို မော်တော်ယာဉ်လှူဒါန်းရခြင်းဟာ ကျနော်တို့ ဈေးကို လာရောက် ၀ယ်ယူအားပေးနေကြတဲ့ ကျနော်တို့ရဲ့ ထမင်းရှင်လုပ်သားပြည်သူတွေရဲ့ ကျေးဇူးကိုဆပ်တယ်လို့လည်း ခံယူပါတယ် '

ဆိုသည့် စကားကလည်း လေးစားမှတ်သားဖွယ် ကောင်းလှပါသည်။

ထိုကဲ့သို့ စေတနာသဒ္ဓါတရား ထက်သန်ကြလေသော အလှူရှင်များ ပေါ်ပေါက်လာလေလေ ကျမတို့အသင်းကြီး၏ ရပ်တည်ရှင်သန်မှု ဖွံ့ထွားလာလေလေ၊ အသင်းအပေါ် အကူအညီတောင်းခံသူ များပြားလာလေလေ၊၊ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်သူတို့ အတွက် တာဝန်ကြီးလာလေလေပင်ဖြစ်သည်။ အသင်းအနေဖြင့် နာရေးကိစ္စရပ် များအတွက် အလှူရှင်များ၏ လှူဒါန်းငွေများကို နာရေးကိစ္စဆောင်ရွက်သည့် နေရာတို့မှအပ အခြားနေရာတွင် တစ်ပြားတစ်ချပ်မှ သုံးရန် အခွင့်အလမ်းမရှိအောင် တင်းကျပ်သော စည်းကမ်းများဖြင့် ဘောင်ခတ်ထားသည်။ ပရဟိတစိတ်ဖြင့် ကိုယ်ကျိုးစွန့်ကာ လာရောက်လုပ်ဆောင်ကြသော လုပ်ဖော်ကိုင်ဖက် ကော်မတီဝင်များအားလုံးသည် မိမိ၏ တကိုယ်ရေ ၀န်ဆောင်စရိတ်တွင်မက အသင်းမှ အခါအားလျော်စွာ ကျင်းပပြုလုပ်သော အလှူအတန်း၊ အခမ်းအနားများနှင့် လိုအပ်သော အသုံးအဆောင်များ ၀ယ်ယူရာတွင်ပင် အချိုးကျထည့်ဝင်ခြင်းဖြင့် မိမိ၏ ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထူထောင်နိုင်စွမ်းရှိကြသည်။ အများနှင့်စပ်ဆိုင်သော အဖွဲ့အစည်း အသင်းအပင်းများတွင် အဓိက လိုအပ်ချက်သည်ကား အများပိုင်ငွေကို အလွဲသုံးစားပြုမူခြင်း ကင်းရန်နှင့် လူမှုရေးရှုပ်ထွေးဖောက်ပြန်မှု ကင်းရှင်းခြင်းပင် ဖြစ်သည်။

+ + + + + + +


ဂုဏ်သိက္ခာရှိသော အသင်းအပေါ် အထင်ကြီး၊ လေးစားစွာ စိတ်ပါဝင်စား လေ့လာသူများထဲတွင် အထူးဂရုပြုမိသူအချို့ကိုလည်း တွေ့ကြုံရသည်။

တစ်နေ့တွင် ကလျာမဂ္ဂဇင်းတိုက်တွင် ဆရာမ (ဒေါ်) ကလျာ (၀ိဇ္ဖာ/သိပ္ပံ) ၏ ချိန်းဆိုပေးမှုကြောင့် ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှ ပရော်ဖက်ဆာ ဘာသာပြန်ဆရာမ Mirori Inouye Minamida (မြန်မာအမည် မပန်းခက်) နှင့် တွေ့ဆုံဖြစ်သည်။ ဆရာမ မပန်းခက်နှင့်အတူ Ruriko Unno နှင့် Yo Natsu Ki အမည်ရှိ ဂျပန်စာရေးဆရာမတစ်ဦးနှင့် ပန်းချီဆရာမလည်း ပါလာခဲ့သည်။ စကားဝိုင်းအစမှာပင် မပန်းခက်က . . .

' ဆရာမရေ . . ဟောဒီ စာရေးဆရာမက မကြာခင်ကမှ သူ့ယောက်ျား ကွယ်လွန်သွားလို့ သိပ်ပြီးခံစားနေရတယ်။ အခုတော့ သူဟာ သေခြင်းတရားတွေနဲ့ ပတ်သက်ပြီး လေ့လာချင်လို့ နာရေးကိစ္စတွေ အကူအညီပေးနေတဲ့ ဆရာမတို့နဲ့ တွေ့ရအောင် ခေါ်လာတာပါ။ '

ဆိုတော့ ကျမရော မမ၀င်း (ဒေါ်ကလျာ) ပါ အံ့သြသွားသည်။ ပြီးတော့မှ ကျမက . .

'သေခြင်းတရားဆိုတာက လူသားအားလုံးအတွက် တစ်နေ့မဟုတ်တစ်နေ့ မလွဲမသွေ ရင်ဆိုင်ကြရမယ့် အကြောင်းတရား တစ်ခုပဲလေ။ အဲဒီကိစ္စအတွက် ဆရာမတို့က ဘာကို လေ့လာချင်တာပါလဲ'

လို့မေးတော့ . . .

' မိသားစုထဲမှာ လူတစ်ယောက်သေသွားရင် ကျန်တဲ့သူတွေက တအားကို ၀မ်းနည်းကြေကွဲပြီး ကျန်ရစ်ရတယ်။ အဲဒါမျိုးက မကြုံဖူးတဲ့သူတွေအတွက် အထူးအဆန်းဖြစ်နေတယ်။ ဆရာမတို့က အသုဘတွေကို လိုက်ပြီး ကူညီနေတယ်ဆိုတော့ ဘယ်အရွယ်လူမျိုးတွေ ဘာရောဂါနဲ့ သေကြသလဲ၊ သူတို့မိသားစုတွေရော ဘယ်လိုရှိကြလဲ၊ ဆရာမတို့ရော အဲဒါတွေကို ခဏခဏ တွေ့နေရတော့ စိတ်မညစ်ဘူးလား၊ ဆရာမရော မငိုချင်ဘူးလား၊ ဆရာမတို့ နာရေးကူညီမှုအသင်းက အဲဒီလူတွေကို ဘာလုပ်ပေးနေတာလဲ '

စသည့် မေးခွန်းများနှင့်တကွ နောက်ဆက်တွဲ မေးခွန်းပေါင်းများစွာကို ကျမတို့ ဖြေရပါတော့သည်။

သေခြင်းတရားဟူသည် အသက်အရွယ် ကြီးငယ်မရွေး တွေ့ဆုံရင်ဆိုင်ရသည့် အကြောင်းအရာတစ်ခုမို့ ကျမတို့ ကူညီနေရမှု အတွေ့အကြုံတွင် တစ်ရက်သားကလေးမှစ၍ သက်ကြီးရွယ်အိုများအထိ ရှိကြောင်း၊ နာရေးကိစ္စကြောင့် ပူဆွေးသောက ရောက်နေကြသော ကျန်ရစ်သူ မိသားစုတို့၏ ပြုဖွယ်တာဝန်များကို ကျမတို့အသင်းမှ ၀င်ရောက်ဆောင်ရွက်ပေးခြင်းဖြင့် ထိုမိသားစုတို့အတွက် ၀န်ထုပ်ဝန်ပိုးများ ပေါ့ပါးသွားကြောင်း၊ နာရေးကိစ္စ ဖြစ်ပေါ်လာ၍ အကြောင်းကြား အကူအညီ တောင်းခံသည်နှင့် နာရေးယာဉ်ပေါ်တွင် အလူမီနီယမ်ခေါင်းပါတင်၍ အအေးခန်းထားလိုသူ၊ မီးသင်္ဂြိုဟ်လိုသူ၊ ပထမရက်များတွင် အအေးခန်းထား၍ နောက်ရက်တွင် မီးသင်္ဂြိုဟ်သူစသည့် ကိစ္စများကို အခမဲ့ ကူညီမှုပေးမှုပြုကြကြောင်း၊ မော်တော်ယာဉ်တစ်စီးတွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက် ၀န်ထမ်းများနှင့်အတူ လုပ်အားပေး ဈာပနကော်မတီဝင် တစ်ဦးပါ လိုက်ပါဆောင်ရွက်ပေးလေ့ရှိကြောင်း ဖြေကြားသည်ကို ခေါင်းတညိတ်ညိတ်နှင့် စိတ်ပါဝင်စားစွာ နားထောင်နေကြပါသည်။

နာရေးကူညီမှုအသင်း၏ လုပ်ကိုင်ဆောင်ရွက်ပေးမှုများကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လေ့လာချင်သော ထိုဆရာမ သုံးယောက်တို့သည် နောက်တစ်နေ့၌ နာရေးကူညီမှုအသင်း ရုံးချုပ်တည်ရှိရာ သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/၂ သုဒဿနလမ်းမရှိ ဆရာတော် ဦးဥတ္တရ၏ ဗြဟ္မာ့ဝိဟာရ စာသင်တိုက် အတွင်းသို့ ရောက်ရှိလာကြပြန်သည်။

ထိုအချိန်တွင် ကျမတို့အသင်းတွင် တာဝန်ကျ ဈာပနကော်မတီဝင်များနှင့်အတူ အသင်းဒုတိယဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် နာရေးမော်တော်ယာဉ်ကို ကိုယ်တိုင်မောင်းနှင်ရန် အသင့်ရှိနေသော ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ အကယ်ဒမီ ကိုကျော်သူ၊ ၎င်း၏ဇနီး ဒေါ်ရွှေဇီးကွက်တို့နှင့် တွေ့ဆုံကြပြီး ဈာပနသယ်မည့်လမ်းကြောင်းတွင် လေ့လာရန် ၎င်းတို့၏ ကိုယ်ပိုင်ကားကလေးနှင့် ကိုကျော်သူမောင်းနှင်ပြီး ဈာပနကော်မတီဝင် ကျမ လိုက်ပါလာသော နာရေးကူညီမှုအသင်း အမှတ်တံဆိပ်ပါ မော်တော်ယာဉ်၏ နောက်မှ လိုက်ပါလာခဲ့ကြသည်။

ထိုနေ့တွင် ကျမတို့ သွားရောက်သယ်ယူရမည့် ပထမဆုံးလမ်းကြောင်းက တောင်ဒဂုံမြို့နယ်၊ (၁၄၀) ရပ်ကွက်အတွင်းမှ အသက် (၃၁) နှစ် အရွယ်ရှိ ကိုတင်မောင်ဝင်းဆိုသူ၏ ရုပ်ကလာပ်ကို ဖြစ်သည်။

နာရေးကူညီမှုအသင်း ရုံးတည်ရှိရာ သင်္ဃန်းကျွန်းမြို့နယ်အတွင်းမှ တောင်ဒဂုံမြို့နယ်ရှိ အမှတ် (၁၄၀) ရပ်ကွက်သို့ နာရီဝက်ခန့် မောင်းနှင်ပြီးသောအခါ ဆိုးဝါးသော လမ်းပန်းအခြေအနေကြောင့် ကိုကျော်သူမှာ ကားကို ဆက်၍ မောင်းနှင်ရန် မတတ်နိုင်တော့သဖြင့် ရပ်ကွက်အ၀င် မြေနီလမ်းဘေးမှ ချိုင့်နှုတ်ခမ်းတစ်ခုတွင် ကားကို ထိုးရပ်လိုက်ရသည်။ ကားရှေ့ခန်းမှ ကျမဆင်းပြီး နောက်ဘက်သို့ မျှော်ကြည့်သောအခါ မပန်းခက်တို့ကားလည်း ဆက်ဝင်၍မရတော့သဖြင့် ခပ်လှမ်းလှမ်းမှာပင် ရပ်တန့်ပြီး ကျမတို့ကားရှိရာသို့ ဆင်းလာကြသည်ကို တွေ့ရသည်။

' ကျနော်တို့ရပ်ကွက်က ကားဝင်လို့မရဘူး။ ဟိုးရှေ့က မြင်နေရတဲ့ သစ်ပင်အုပ်အုပ်ကလေး ရှိတဲ့နေရာအထိ သွားရမှာမို့ အရမ်းဝေးနေသေးတယ်။ ဆိုက်ကားနဲ့သွားမှရမယ်။ '

နာရေးယာဉ်အား လာရောက်ကြိုဆိုနေသော ရပ်ကွက်အတွင်းမှ လူတစ်ယောက်ယောက်၏ သတင်းပေးမှုဖြင့် ဆိုက်ကားများငှား၍ ခရီးဆက်ခဲ့ကြသည်။ မော်တော်ယာဉ်ပေါ်မှ ရုပ်ကလာပ်ထည့်ရန် ခေါင်းအလွတ်ကိုပါ ယူချ၍ ဆိုက်ကားပေါ်တင်ခဲ့ကြသည်။ အပြန်ခရီးတွင်တော့ ထိုအခေါင်းတွင် ရုပ်ကလာပ်ထည့်သွင်းပြီး လူအင်အားများများဖြင့် မော်တော်ယာဉ်ရှိရာသို့ အရောက်ထမ်း၍ လမ်းလျှောက်သယ်ကြရမည်ဖြစ်သည်။ သို့မဟုတ်ပါက လမ်းကြမ်းကြမ်းတွင် အဆမတန် လှုပ်ရှားဗြောင်းဆန်သည့်ဒဏ်ကို ခံနိုင်မည် မဟုတ်။

ခနော်ခနောနဲ့ ချိုင့်ခွက်များစွာကို ဖြတ်သန်းပြီး လမ်းကျဉ်းကျဉ်းကလေးတစ်ခု၏ ဘေးမှ ၁၀ ပေ ပတ်လည်ခန့်သာ အများဆုံးရှိမည်ဟု ထင်ရသော ခပ်ယိုင်ယိုင် အိမ်ကလေးတစ်လုံးဆီ အရောက်တွင် ခေါင်းကို အိမ်ရှေ့မှာ ခဏချပြီး ကျမတို့ အိမ်ပေါ်တက်ခဲ့ကြသည်။

ကွယ်လွန်သူ၏ဘေးတွင် ကြေကွဲဝမ်းနည်းနေရှာသော အသက်နှစ်ဆယ့်သုံးနှစ်အရွယ် မိန်းကလေးကား နာရေးရှင်ဖြစ်သည်။ ကျမက တာဝန်ရှိသည့်အတိုင်း သင်္ချိုင်းလက်မှတ် စာရွက်စာတမ်းကို လက်ခံရယူပြီး အသက်သုံးဆယ့်တစ်နှစ် အရွယ်သာရှိသေးသော ကိုတင်မောင်ဝင်းဆိုသူ၏ ပိန်လှီဖျော့တော့နေသော ရုပ်ကလာပ်နှင့် နာရေးရှင်မိန်းကလေးကို ဆက်စပ်မေးမြန်းတော့ ကျန်လူများပါ စိတ်ဝင်စားစွာ ခံစားကြေကွဲနေကြသည်။

' သူက ကျမရဲ့ယောက်ျားပါ။ နှလုံးရောဂါလည်းရှိပါတယ်။ အခုတော့ နဂိုရောဂါအခံရော အာဟာရပြတ်တာပါ ပေါင်းပြီး ဖြစ်သွားတာပါ '

' သားသမီးရော မရှိဘူးလား '

' သမီးလေးတစ်ယောက်ရှိပါတယ်။ မနှစ်ကပဲ ဆုံးသွားပါတယ်။ အခုတော့ ဖအေရော သမီးရောက ကျမကို လူ့လောကမှာ တစ်ယောက်တည်း ထားခဲ့ပါပြီ။ သူတို့ သားအဖတွေ သိပ်ရက်စက်တယ် '

ပြောပြောငိုငိုနှင့် ဖြစ်နေသော မိန်းကလေးကို . . .

' ဖြစ်မှဖြစ်ရလေကွယ် ' ဟူသော မှတ်ချက်တစ်ခုမှလွဲ၍ ရုတ်တရက် ဘာမှပြန်မပြောနိုင်။ ပြုဖွယ်ကိစ္စများဖြစ်သော အခေါင်းကို အိမ်ပေါ်တင်၍ ယာဉ်နောက်လိုက်ဝန်ထမ်းနှင့် အရပ်ထဲမှ လူငယ်များ အကူအညီဖြင့် ရုပ်ကလာပ်ကို ခေါင်းထဲထည့်ခြင်း၊ သယ်ယူရန် အသင့်ပြင်ဆင်ခြင်းတို့ကို ကိစ္စ ပြီးမြောက်အောင် ဆောင်ရွက်ရသည်။

အလောင်းကို မြေနီလမ်းကလေးပေါ်သို့ သယ်ယူကြပြီး ထွက်ခွာရန် ပြင်သောအခါကျမှ ကျမ သတိတရဖြင့် ပါလာသော ဧည့်သည် ဂျပန်အမျိုးသမီးများကို လှည့်ကြည့်ဖြစ်တော့သည်။

ထိုသောအခါဝယ် ဂျပန်အမျိုးသမီး စာရေးဆရာမကြီးသည် နာရေးရှင် မုဆိုးမငယ်ငယ်ကလေးအား ပုခုံးကိုဖက်ကာ တရှုံ့ရှုံ့ ငိုကြွေးနေသည်ကို တွေ့ရပါလေသည် ။ ။

Read More...

သနားလိုက်တာဗျာ . . .


ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးအတွက်၊ လူကို လူလိုဆက်ဆံတဲ့ အုပ်ချုပ်ရေးစနစ်ကို တောင့်တနေကြတဲ့ အကြမ်းမဖက် ငြိမ်းချမ်းစွာ တိုက်ပွဲဝင်နေကြဆဲ ကျနော်တို့ ပြည်သူတွေရဲ့ နှလုံးရည်တိုက်ပွဲကြီးဟာ ပန်းတိုင်ကို မရောက်မချင်း ဆက်လက်ချီတက်နေမှာပါ။

ဒီခရီးရှည်ကြီးမှာ ကျနော်တို့ဟာ အကြိမ်ကြိမ် ယိုင်ဆင်းပြိုလဲခဲ့ရတယ်။ ပြန်လည်ထူမတ်ဖို့ ကြိုးစားရင်း ပိုမို ခိုင်မာလာခဲ့တယ်။ မျက်ရည်တွေ၊ အသက်တွေ၊ ဘ၀တွေကို လူမသိသူမသိ အသြတြသူရဲကောင်းများအဖြစ် ရဲရဲရင့်ရင့် ပေးဆပ်ခဲ့ကြပြီ။ ကြောက်ရွံ့အောင် ဖိနှိပ်ထားတဲ့ လူသတ်ကောင်တွေရဲ့ ခြိမ်းခြောက်မှု အကြောက်တရားတွေကို တွန်းလှန်ရင်း ကျနော်တို့ ရဲရင့်ခဲ့ကြပြီ။ နောက်ဆုတ်ဖို့ ဖိအားပေးခံရတိုင်း ရှေ့ကိုတစ်လှမ်းထပ်တက်နိုင်ဖို့ ကျနော်တို့ အားမွေးနိုင်ခဲ့ပါပြီ။

၈၈ တုန်းက ကလေးသာသာအရွယ်သာရှိသေးတဲ့ လက်ရှိ ကျနော်တို့မျိုးဆက်တွေဟာ စစ်အာဏာရှင်တွေရဲ့ စနစ်တကျ ဖျက်ဆီးမှုအောက်မှာ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ ဒီမိုကရေစီရေးတိုက်ပွဲအတွက် လမ်းကြောင်းပျောက် မှုန်ဝါးသွားခဲ့ပြီလို့ အများက သတ်မှတ်ထားခဲ့ကြပေမယ့် အချိန်တန်တော့ နွားပိန်ကန်ခဲ့ပါပြီ။

ဖိနှိပ်မှုများအောက်မှာ လှုပ်ရှားရုန်းကန်နေရတဲ့အခါမှာ လမ်းကြောင်းတွေဟာ ထင်သာမြင်သာမရှိပေမယ့် မတရား ဖိနှိပ်မှုများက အမှန်တကယ်ကို ရှိနေခဲ့တာကိုတော့ လူတိုင်းက မြင်နိုင်ခဲ့တာပဲလေ။ ဖိနှိပ်မှုများရဲ့ ရိုက်ချက်ကို တိုက်ရိုက်မခံခဲ့ရဖူးသေးတဲ့ ကျနော့်လို လူမျိုးတောင်မှ လူကို လူလိုဆက်ဆံတဲ့ အုပ်ချုပ်ရေးစနစ်ကို၊ ဒီမိုကရေစီကို၊ လူ့အခွင့်အရေးကို အဲဒီလောက် လိုလားတောင့်တနေရင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ နင်းပြားဘ၀တွေအဖြစ် ဆက်ဆံခံနေရတဲ့ ပြည်သူတွေက ဘာဖြစ်လို့ မလိုချင်ရမှာလဲ။

စစ်အာဏာရှင်အခက် ပြည်သူ့အချက်

၂၀၀၇ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့ မနက် အိပ်ရာထတာနဲ့ ကြားလိုက်ရတဲ့သတင်းကတော့ မင်္ဂလာရှိသလား မရှိဘူးလားဆိုတာ အားလုံးအသိပါ။ စက်သုံးဆီဈေးနှုန်းတွေကို ကြောက်ခမန်းလိလိ မြှင့်တင်လိုက်ပြီတဲ့။ အာဏာရှင်လက်အောက်မှာ ရှင်သန်နေရတဲ့ ကျနော်တို့အတွက် ပြောင်းပြန်အဓိပ္ပာယ်နဲ့ စကားတွေသာ ကြားရဖန်များတော့ ပြောင်းပြန်ပြောမှ၊ ပြောင်းပြန်အဓိပ္ပာယ်ယူမှ အမှန်ကို ရှာတွေ့နိုင်တော့ အဲဒီနေ့အတွက် မိတ်ဆွေအချင်းချင်း လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်ကို မင်္ဂလာရှိသောနေ့ပါ လို့ မချိပြုံးတွေနဲ့ …… အံကိုတင်းတင်းကြိတ်လျက် ……

ပြည်သူတွေကို ကျွန်သဘောက်လိုဆက်ဆံနေတဲ့ စစ်အာဏာရှင် အာဏာရူးတွေရဲ့ ကမူးရှူးတိုး လောဘတကြီးနဲ့ ငါ့ဖို့တဖို့သာသိတဲ့ လုပ်ရပ် ……………

ဘာတွေဖြစ်လာနိုင်လဲဆိုတာ ကြိုတင်တွက်မထားဘဲနဲ့ ကြိုတင်ကာကွယ်မှုမယူထားဘဲနဲ့ ဒီအာဏာရှင်တွေဟာ အဲဒီလုပ်ရပ်ကို လုပ်ကိုမလုပ်ရဲပါဘူး။ အခု လုပ်ချလိုက်ပြီဆိုတော့

တကယ့်ကို တွက်ရေးနဲ့ စက်သူဌေးဖြစ်ကိန်း။ သူတို့ ပြောသလိုဆို ဘာတဲ့။ သား ရွှေအိုးထမ်းလာတာ မြင်ချင်ပါတယ်တဲ့။ တစ်ချက်ခုတ် နှစ်ချက်ပြတ်၊ သုံးချက်ပြတ် ….

အဲဒီ နအဖ အာဏာရှင်တွေရဲ့ ပထမဆုံး ဆိုးဆိုးရွားရွား အမှားကတော့ ငါလုပ်ရင်ဖြစ်တယ်ဆိုတဲ့ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ပိတ်လှောင်နေတဲ့ မာန်မာနပါပဲ။ ရှေ့ဆက်ဖြစ်လာမယ့် အကျိုးဆက်တွေကို မျက်စိတဆုံးပဲ ကြည့်ပြီး ဖြစ်တယ်ဆိုပြီး လုပ်ချလိုက်တာပါပဲ။ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဟေ့ ဆိုပြီး လုပ်ချလိုက်တာ …….. နောက်တနေ့ကျတော့ အဓိကမီးပွားဖြစ်လာနိုင်တဲ့ လိုင်းကားတွေရဲ့ ယာဉ်စီးခကို မထသ က တရားဝင်ကို မြှင့်တင်လိုက်တာ . . . .
(သူဆင်တဲ့အကွက်ထဲကို ၀င်တုန်းပါပဲ။)

သြဂုတ်လ ၁၉ ရက်နေ့။ ကိုမင်းကိုနိုင်တို့ ၈၈ မျိုးဆက်ကျောင်းသားများ ဦးဆောင်၍ စတင်ထွက်လာပါပြီ။ တွေ့လား သူတို့ ၀င်ကိုတိုးမယ် ဆိုတာ။ ဖမ်းလိုက်။ အကုန်လုံးကို ဖမ်း၊ ပြီးတော့ သတင်းစာမှာ ထုံးစံအတိုင်း စကားလုံးကြီးကြီးတွေနဲ့ ပစ်ပေါက်လိုက်။ လာအုံးမှာ နောက်ထပ် ဖမ်းဖို့ ဆီးဖို့ ရိုက်နှက်ဖို့ ပြင်ထား။
(တကယ့်ကို သူဆင်တဲ့အကွက်ထဲကို ၀င်တုန်းပါပဲ။)

ဟော တကယ်ကို ပြည်သူ့အရေး၊ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ သြဂုတ်လ တလျောက်လုံး တန်းစီပြီး ထွက်လာလိုက်ကြတာ။ ဖမ်း … ဖမ်း … သိမ်းကျုံးပြီးတော့ကိုဖမ်း … ကုန်ရင် ရပ်သွားလိမ့်မယ်။
(တွက်ရေးက စက်သူဌေးပဲမဟုတ်လား။)

ခွပ်ဒေါင်းမျိုးဆက် ကျောင်းသားတွေအတွက် ဘာလုပ်ရမလဲ မမေးနဲ့။ လှုပ်လှုပ်အခြေအနေတွေ့ရင် ပထမဆုံး ကားတွေစီစဉ်ပေးလိုက်။ အဲ .. အခြေအနေ မကောင်းရင်တော့ ထုံးစံအတိုင်းပေါ့ကွာ။ သိမ်းကျုံးပြီးတော့ကို စစ်ကြောရေးမှာ ပညာပေးလိုက်။ ငါတို့ကို ဆန့်ကျင်တဲ့သူတွေလည်း ဖမ်းပြီးသား။ ဆီကနေရတဲ့ ငွေတွေကိုလည်း အိတ်ထဲ ကျုံးထည့်ရုံပဲ။ နည်းနည်းတော့ အလုပ်ရှုပ်တာပေါ့ကွာ။
(ကဲ . . ဘာလိုသေးလဲ။ အဆင်ကို ချောလို့။)

အဲ . . လာပါပြီ ။ စစ်တွေမှာ သံဃာတွေ မေတ္တာသုတ်ရွတ်ပြီး စီတန်းလမ်းလျှောက်တယ်တဲ့။ ပခုက္ကူမှာလည်း ထို့အတူ။ သူတို့ဆင်ထားတဲ့ အကွက် မဟုတ်တဲ့ သူတို့ မမျှော်မှန်းထားတဲ့ တိုင်းပြည်ရဲ့ အဓိက ကိုးကွယ်အားထားရာ ဘာသာရေးခေါင်းဆောင်များဖြစ်ကြတဲ့ ရဟန်းသံဃာများမှ ပြည်သူတွေရဲ့ နေ့စဉ်ရင်ဆိုင်နေရတဲ့ ဆင်းရဲဒုက္ခ အပူမီးတွေငြိမ်းစေဖို့ မေတ္တာသုတ်၊ မောရသုတ် စတဲ့ ပရိတ်တွေ ရွတ်ဖတ်သရစ္ဖျာယ်ပြီး မြို့ထဲမှာ စီတန်းလမ်းလျှောက်တဲ့အခါမှာတော့ လုပ်မိလုပ်ရာလို့ပဲ ပြောပြော၊ လုပ်နေကျအလုပ်လို့ပဲပြောပြော သူတို့ရဲ့ ရာထူး၊ အာဏာ၊ စည်းစိမ်ဥစ္စာတည်မြဲဖို့ဆိုရင် လူသတ်ဖို့ကို နည်းနည်းမှ နောက်မတွန့်တဲ့၊ အပြစ်မရှိတဲ့ ပြည်သူတွေကို နှိပ်စက်နေတဲ့၊ သွေးစွန်းနေတဲ့ အာဏာရှင်တွေရဲ့ ထုံးစံအတိုင်း တပွဲထိုး အကြံကြီး ကြံတော့တာပါပဲ။ ပခုက္ကူကစပြီး သူတို့ဆင်ထားတဲ့ အကွက်ကို စတင်သွေဖည်ပြီး လုပ်ရတော့တာပါပဲ။

(၁) ပခုက္ကူမှာ မေတ္တာသုတ် စတဲ့ ပရိတ်တွေ ရွတ်ဖတ်သရစ္ဖျာယ်ပြီး ကြွချီလာကြတဲ့ ရဟန်းသံဃာတွေကို လမ်းကနေပိတ်ဆို့ သေနတ်ဖြင့် ပစ်ခတ်ခြောက်လှန့်ပြီး သံဃာ့အုပ်စုကို ဖြိုခွဲ၊ သံဃာတော်တွေကို လက်ကိုင်တုတ်တွေနဲ့ ဖမ်းဆီး၊ ဓာတ်တိုင်မှာ ကြိုးတွေနဲ့ တုတ်ချည်ပြီး ရိုက်နှက်။

(၂) နောက်တနေ့ကျတော့လည်း တောင်းပန်ဖို့ နေနေသာသာ သူတို့ကပဲ အပြစ်ကျူးလွန်ပြီး တပြန် စီးစီးပိုးပိုး သံဃာတော်တွေကို ထိန်းဖို့ ကျောင်းထိုင်ဆရာတော်တွေကို လာပြီး အမိန့်ပေးသတဲ့ဗျား။

(၃) ဗုဒ္ဓဘုရား သာသနာတော်ကြီးကို ကာကွယ်ဖို့ တာဝန်ရှိတဲ့ ရဟန်းသံဃာတော်တွေဟာ ဗုဒ္ဓရှင်တော်မြတ် ချမှတ်တော်မူခဲ့တဲ့ သာသနာအဓွန့်ရှည်စေကြောင်း စည်းကမ်းဥပဒေအတိုင်း သာသနာကို စော်ကားတဲ့၊ ဘုရားသားတော်များကို မထီမဲ့မြင် စော်ကားရိုင်းပြတဲ့ လူ့အန္ဓတွေကို သပိတ်မှောက်ကံဆောင်ဖို့ ဆုံးဖြတ်၍ အစိုးရအား တုံ့ပြန်ရန် (၁၀) ရက် အချိန်ပေးထားပြီး လိုက်လျောခြင်း မရှိပါက စက်တင်ဘာလ ၁၈ ရက်မှစ၍ သပိတ်မှောက်ကံဆောင်မည်ဟု သံဃာများက မိန့်ကြား၍ အောက်ပါအချက်လေးချက်ကို ကြေငြာချက်ထုတ်ခဲ့ပါသည်။
- နအဖစစ်အစိုးရမှ ပခုက္ကူသံဃာတော်များအား ကျေးအေးခွင့်လွှတ်သည်အထိ ၀န်ချတောင်းပန်ရန်
- လက်ရှိမြင့်တက်နေသော ကုန်ဈေးနှုန်း လောင်စာဆီဈေးနှုန်းများ ချက်ချင်း လျော့ချပေးရန်
- ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးနှင့် ဆန္ဒပြပွဲများတွင် ဖမ်းဆီးခံထားရသူများကို ချက်ချင်း ပြန်လွှတ်ပေးရန်
- လူထု၏ အထွေထွေအကျပ်အတည်းများကို ဖြေရှင်းရန်အတွက် နအဖစစ်အစိုးရမှ ဒီမိုကရေစီအင်အားစုများနှင့် တွေ့ဆုံဆွေးနွေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး ချက်ချင်းပြုလုပ်ပေးရန်။

အထက်ပါ ဖြစ်စဉ် (၃) ရပ်တွင် ရဟန်းရှင်လူ ပြည်သူလူထုအပေါ် စိတ်ကောင်း၊ စေတနာကောင်း၊ နည်းမှန်လမ်းမှန်ဖြင့် မဖြေရှင်းချင်လျှင်တောင်မှ နအဖအနေနဲ့ လူလည်၊ လူနပ်၊ လူညစ်နည်းများဖြင့် ကိုင်တွယ်ဖြေရှင်းခဲ့မည်ဆိုလျှင် စက်တင်ဘာ ၂၆ ရက်နေ့မှစ၍ ရဟန်းရှင်လူ ပြည်သူအပေါင်းအား ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်းခဲ့ရာမှ ထင်ထင်ရှားရှား ပေါ်ထွက်လာခဲ့သော ဘီလူးမျက်နှာအား အချိန်အတိုင်းအတာ တစ်ခုအထိ ဖုံးထားနိုင်ပေလိမ့်အုံးမည် ဖြစ်သည်။ အခုတော့ ငါလုပ်ရင်ဖြစ်တယ်ဆိုတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတွေနဲ့ ရှေ့ဆက်ဖြစ်လာမယ့် အကျိုးဆက်တွေကို မျက်စိတဆုံးပဲ ကြည့်ပြီး ဖြစ်တယ်ဆိုပြီး လူမိုက်လုပ်နည်းနဲ့ပဲ လုပ်ချလိုက်တော့တာပါပဲ။

အကယ်၍သာ နည်းမှန်လမ်းမှန်များကို တခေါက်တခါလောက်များ တွေးကြည့်မိမည်ဆိုလျှင် တကယ့်ကို သားရွှေအိုး ထမ်းလာတဲ့မြင်ကိန်းပါပဲ။

ဗုဒ္ဓဘာသာနိုင်ငံက ဗုဒ္ဓဘာသာဝင်လို့ ခံယူထားတဲ့ နအဖများဟာ ဗုဒ္ဓဘုရားရဲ့ သားတော်များဖြစ်တဲ့ ရဟန်းသံဃာများရဲ့ တောင်းဆိုချက်ကို အလေးအနက် အမွန်အမြတ်ထားခဲ့မယ် ဆိုရင် . . .

"တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ" ဆိုတဲ့ မေတ္တာဓာတ်ပို့လွှတ်မှုဟာ ကမ္ဘာ့နိုင်ငံအသီးသီးက ပြည်သူများကို လွှမ်းခြုံနိုင်ခဲ့သလို နအဖဆိုတဲ့ လူ့အန္ဓ၊ လူ့ဗာလ များကို လွှမ်းခြုံနိုင်ခဲ့မယ် ဆိုရင် . . .

အခုများတော့ . . .

ဒီဘ၀၊ ဒီခဏတာ ရာထူး၊ အာဏာ၊ စည်းစိမ်ဥစ္စာ တည်မြဲဖို့အတွက် ဒီဘ၀မှာ ပူပင်သောက ကြောင့်ကျစိတ်တွေနဲ့သာ အသက်ရှင်ကြရတော့မယ့်၊ ဘ၀သံသရာမှာ အဆိုးတကာ့အဆိုးဆုံး အကုသိုလ် အကျိုးဆက်တွေသာ ခံစားကြရတော့မယ့် လူမိုက်၊ လူ့အန္ဓများအတွက် မေတ္တာမပွားနိုင်သော်ငြား ကရုဏာများ ပို့လွှတ်လျက် ရှိပါကြောင်း။

Read More...

Sunday, December 30, 2007

လူမိုက်တို့ သွားရာလမ်း


သီတဂူဆရာတော် ဟောကြားတော်မူတဲ့ လူမိုက်တို့သွားရာလမ်း တရားတော်မှ တရားကောက်နှုတ်ချက်များ

အားလုံးသော တရားချစ်ခင် သူတော်စင်များ သုံးဆယ့်တစ်ဘုံ အရပ်ဆယ်မျက်နှာ အနန္တစကြာဝဠာမှာ ရှိကြကုန်သော အနန္တသတ္တ၀ါတွေ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြစေဖို့ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြစေဖို့ နှလုံးစိတ်ဝမ်း အေးချမ်းကြစေဖို့ အားလုံး မေတ္တာဓာတ်တွေ ပို့လွှတ်ကြရမယ်။

ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာကြပါစေ။
မေတ္တာနှလုံး ကိုယ်စီသုံး ရွှင်ပြုံးကြပါစေ။
မေတ္တာရန်သူ ဒေါသမူ အပူကင်းပါစေ။
မေတ္တာရေစမ်း ကိုယ်စီဖြန်း အေးချမ်းကြပါစေ။
ခန္ဓီ၏ရန် ဒေါသမှန် တွန်းလှန်နိုင်ပါစေ။
ခန္ဓီနှလုံး အစဉ်သုံး ရွှင်ပြုံးကြပါစေ။
တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ။

သူတော်ကောင်းတွေ ကောင်းမှုကိုပြုဖို့ရန် လွယ်တယ်။ သူတော်ကောင်းတွေ မကောင်းမှုကိုပြုဖို့ရန် ခက်တယ်။
လူမိုက်တွေ မကောင်းတာ လုပ်ဖို့ရန် လွယ်တယ်။ လူမိုက်တွေ ကောင်းတာ လုပ်ဖို့ကျတော့ ခက်နေလိမ့်မယ်။

ကံချွတ်ချော်ချိန်ရောက်ပြီဆိုလို့ရှိရင် သတ္တ၀ါတွေဟာ နည်းလွဲနည်းမှားတွေကို နည်းမှန်လမ်းမှန်ဆိုပြီးတော့ လုပ်ကြတယ်။ အဲဒီလို လုပ်လာပြီဆိုလို့ရှိရင် ပျက်စီးဖို့တော့ ဦးတည်နေပြီ။

(လူမိုက်လက္ခဏာလေးပါး)
၁။ နည်းမှားတွေကို လုပ်တယ်။
၂။ သူတပါးကိုလည်း အဲဒီအမှားတွေ လုပ်ခိုင်းတယ်။
၃။ အဲဒီ နည်းမှားကြီးတွေကို သိပ်တန်ဖိုးထားတယ်။
၎။ မှားနေပြီလို့ ပြောရင် ပြောတဲ့သူကို ရန်ရှာတယ်။

(လူမိုက်နှင့်ပတ်သက်သည့် ဆုတောင်းငါးမျိုး)
၁။ လူမိုက်ကို မမြင်ပါရစေနဲ့။
၂။ လူမိုက်ဘယ်ရှိတယ်ဆိုတာ မကြားပါရစေနဲ့။
၃။ ရှောင်မရလို့ မြင်နေရ၊ ကြားနေရရင် အပေါင်းအသင်း မလုပ်ပါရစေနဲ့။
၎။ ရှောင်မရလို့ အပေါင်းအသင်း လုပ်နေရရင်လည်းပဲ သူတို့နဲ့ စကား မပြောပါရစေနဲ့။
၅။ မရှောင်သာလို့ ပြောရရင်လည်း သူတို့စကားကို အားပေးထောက်ခံမှုတွေ မလုပ်ပါရစေနဲ့။

Read More...

Thursday, December 20, 2007

အကယ်၍


အကယ်၍
မင်းအသိုင်းအ၀ိုင်း တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်းအပြစ်တင်ကြတဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင် . . .

အကယ်၍
အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင် . . .

အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင် . . .

ဒါမှမဟုတ်
မင်းရဲ့အကြောင်း မဟုတ်မတရား မုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင် . . .

ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းကလည်း အမုန်းတွေ ပြန်မပွားဘူးဆိုရင် . . .

အကယ်၍
စိတ်ကူးယဉ်အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ
စိတ်ကူးနိုင်မယ်ဆိုရင် . . .

ပြီးတော့
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ
တွေးခေါ်နိုင်မယ်ဆိုရင် . . .

အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလားရယ်လို့
ခံယူထားနိုင်မယ်ဆိုရင် . . .

အကယ်၍
မင်းရဲ့ အမှန်စကားတွေကို
လူလိမ်လူညာတွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် . . .

အကယ်၍
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်
အင်မတန်မှသေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင် . . .

အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံး
ကြွေတလှည့်ကြက်တခုန်ပမာ
တလှည့်တခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင် . . .

ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင် . . .

ပြီးတော့တခါ
ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင် . . .

အကယ်၍
သူများတကာတွေ လုပ်ပြီးသွားကြလို့
အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင် . . .

အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်အင်အားကို ခိုင်မာစွာနဲ့ပဲ
လက်ဆုပ်လက်ကိုင် ထားနိုင်မယ်ဆိုရင် . . .

အကယ်၍
လူတွေနဲ့ ထိတွေ့ဆက်ဆံ ပြောဆိုတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင် . . .

ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့အတူ လမ်းလျှောက်နေရပေမယ့်
မာန်၊ မာန သွေး မကြွဘူးဆိုရင် . . .

အကယ်၍
ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ
မင်းကို နာကျည်းအောင် မလုပ်နိုင်စေရင် . . .

အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင် . . .

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ် အသုံးချနိုင်မယ်ဆိုရင် . . .

ငါ့သားရေ
မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့
အဲဒီတော့ မင်းဟာလည်း ယောက်ျားကောင်းတယောက်ပဲပေါ့။ ။

ဒေါ်အောင်ဆန်းစုကြည်မှ NLD လူငယ်များအား ၁၉၈၉ ခုနှစ်တွင် အမှာစကားပြောကြားရင်း ဒီ IF ကဗျာကို ပြန်ဆိုပြခဲ့ခြင်း ဖြစ်ပါသည်။


If
(by Rudyard Kipling)

If you can keep your head when all about you
Are losing theirs and blaming it on you;
If you can trust yourself when all men doubt you,
But make allowance for their doubting too:
If you can wait and not be tired by waiting,
Or, being lied about, don't deal in lies,
Or being hated don't give way to hating,
And yet don't look too good, nor talk too wise;

If you can dream---and not make dreams your master;
If you can think---and not make thoughts your aim,
If you can meet with Triumph and Disaster
And treat those two impostors just the same:.
If you can bear to hear the truth you've spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to, broken,
And stoop and build'em up with worn-out tools;

If you can make one heap of all your winnings
And risk it on one turn of pitch-and-toss,
And lose, and start again at your beginnings,
And never breathe a word about your loss:
If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: "Hold on!"

If you can talk with crowds and keep your virtue,
Or walk with Kings---nor lose the common touch,
If neither foes nor loving friends can hurt you,
If all men count with you, but none too much:
If you can fill the unforgiving minute
With sixty seconds' worth of distance run,
Yours is the Earth and everything that's in it,
And---which is more---you'll be a Man, my son!

Read More...

Wednesday, December 12, 2007

အများစု ဆန္ဒ စု ဆန္ဒ

မောင်စွမ်းရည်

ကိုယ့်ပြည် ကိုယ့်ယာ ကိုယ့်ပြည်တွင်းမှာ
အကျဉ်းခံရ တို့ဘ၀။

သင့်လွတ်လပ်မှု အသုံးပြုပြီး
တို့လွတ်လပ်မှု ကူညီပြုလော့
'စု' က ပန်ကြား ကမ္ဘာတလွှား။

မတရားမှုကို မတရားလို့မို့
မတရားလို့ မတရားကြောင်း
ပြည်သားကောင်းပီသ ကြွေးကြော်ကြ . . .။

မတရားတာကို တရားသယောင်
ထင်ယောင်ထင်မှား ယောင်ဝါးခြင်းက
တို့ဘ၀ကို
မုချ နစ်မွန်းစေလိမ့်မည်။

တစ်ယောက်တစ်လက် ကျောင်းသားလက်နဲ့
လက်ပေါင်းထောင်သောင်း ခွပ်ဒေါင်းလူလူ
အောင်လံထူစို့
လူထုခေါင်းဆောင်
အောင်ဆန်းစုကြည် သူရှိပြီ။

အများစုဆန္ဒ အများရအောင်
အများစုက ၀ိုင်းဝန်းကြ
အပ္ပမာဒေန သမ္မာဒေထ။

(၂၀၀၄ ခုနှစ်၊ သြဂုတ်လတွင် ထုတ်ဝေသည့် သစ္စာတော်လှန်ရေး မဂ္ဂဇင်းမှ -)

Read More...

Monday, December 10, 2007

စုဆန္ဒ ကဗျာစုများ

မောင်စွမ်းရည်


မကြောက်တရား
ကြောက်ရွံ့ခြင်းမှ
ကင်းဝေးရအောင်
တို့စွှမ်းဆောင်အံ့
ကြောက်အောင်ခြောက်သူ ဖယ်ရှားစို့။

နိုင်ငံရေး
မှားတာ မှားမှန်းသိ
မှားသည့်ဘက်ကို စွန့်ခွာပါ။
မှန်တာ မှန်မှန်းသိ
မှန်သည့်ဘက်ကို ထောက်ခံပါ။
အဲဒါ နိုင်ငံရေး။

စုလမ်းစဉ်
မကောင်းတာကို မကောင်းဘူးလို့
ဘူးတစ်လုံးဆောင်
သတ္တိပြောင်စို့။

သမိုင်း
လူ့ဘုံသမိုင်း
လူတိုင်းအတွက်
လူတိုင်းဘက်က
မပျက်ဝန်တာ
လူတိုင်းပါစို့။

တို့ဆန္ဒ
လက်နက်ဆို
အပ်တိုမကိုင်ကြေး
သစ္စာဦးတင်
စားပွဲခွင်
တူယှဉ်ဆွေးနွေး
ငြိမ်းချမ်းရေး။

လမ်းနှစ်သွယ်
မကောင်းမှုဆောင်
ကောင်းသယောင်၊
သေနတ်ကိုဆောင်
သတ္တိကြောင်။

မကောင်းတာဆို
မကောင်းပေါင်၊
သစ္စာကိုဆောင်
သတ္တိပြောင်။

စု-ယုံကြည်ချက်
နှလုံးရည်တိုက်ပွဲ
လွန်ခက်ခဲလည်း
မလွဲယုံကြည် အောင်ရမည်။

Read More...

Monday, November 12, 2007

Text of Daw Aung San Suu Kyi's Statement


Following is the text of the statement by Myanmar opposition leader Aung San Suu Kyi, released Thursday by U.N. envoy Ibrahim Gambari.

___

I wish to thank all those who have stood by my side all this time, both inside and outside my country. I am also grateful to the Secretary-General of the United Nations, Mr. Ban Ki-moon, for his unwavering support for the cause of national reconciliation, democracy and human rights in my country.

I welcome the appointment on 8 October of Minister Aung Kyi as minister for relations. Our first meeting on 25 October was constructive and I look forward to further regular discussions. I expect that this phase of preliminary consultations will conclude soon so that a meaningful and timebound dialogue with the SPDC leadership can start as early as possible.

In the interest of the nation, I stand ready to cooperate with the government in order to make this process of dialogue a success and welcome the necessary good offices role of the United Nations to help facilitate our efforts in this regard.

In full awareness of the essential role of political parties in democratic societies, in deep appreciation of the sacrifices of the members of my party and in my position as General Secretary, I will be guided by the policies and wishes of the National League for Democracy. However, in this time of vital need for democratic solidarity and national unity, it is my duty to give constant and serious considerations to the interests and opinions of as broad a range of political organizations and forces as possible, in particular those of our ethnic nationality races.

To that end, I am committed to pursue the path of dialogue constructively and invite the government and all relevant parties to join me in this spirit.

I believe that stability, prosperity and democracy for my country, living at peace with itself and with full respect for human rights, offers the best prospect for my country to fully contribute to the development and stability of the region in close partnership with its neighbors and fellow ASEAN members, and to play a positive role as a respected member of the international community."

ဗမာဘာသာဖြင့် အဓိပ္ပာယ်အပြည့်အစုံကို အောက်တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။


ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီမှတဆင့် ၂၀၀၇ ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ ကြေညာချက် စာသားအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

___

ယခုလို အခါသမယမှာ ကျမဘက်က တလျောက်လုံး အပြည့်အ၀ ရပ်တည်ပေးခဲ့ကြသော ပြည်တွင်းပြည်ပ အင်အားစုများ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါသည်။ ကျမတို့နိုင်ငံမှာ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့ ဖြစ်ထွန်းလာစေရေးအတွက် မယိမ်းမယိုင် ထောက်ခံပေးနေသော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်းကိုလည်း ကျမ အထူး ကျေးဇူးဥပကာရ တင်ရှိပါသည်။

အောက်တိုဘာလ (၈) ရက်နေ့တွင် ၀န်ကြီး ဦးအောင်ကြည်အား ဆက်ဆံရေးဝန်ကြီး ခန့်အပ်လိုက်ခြင်းကို ကျမ ကြိုဆိုပါသည်။ အောက်တိုဘာလ (၂၅) ရက်နေ့တွင် ပြုလုပ်ခဲ့သော ကျမတို့၏ ပထမအကြိမ် တွေ့ဆုံမှုသည် အပြုသဘောဆောင်ပါသည်။ ရှေ့တွင် ပုံမှန် ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်သွားဖို့ ကျမ မျှော်လင့်ထားပါသည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ခေါင်းဆောင်များနှင့် အဓိပ္ပာယ်ပြည့်ဝ၍ အချိန်ကန့်သတ်မှုများ ပါဝင်သော တွေ့ဆုံဆွေးနွေးပွဲများ စောနိုင်သမျှ အစောဆုံး စတင်နိုင်ရန်အလို့ငှာ ယခုကဲ့သို့သော ပဏာမအဆင့် ဆွေးနွေးညှိနှိုင်းမှုများသည် မကြာမီ ပြီးမြောက်သွားမည်ဟုလည်း ကျမ မျှော်လင့်ထားပါသည်။

တမျိုးသားလုံး၏ အကျိုးစီးပွားအတွက် ဤတွေ့ဆုံဆွေးနွေးပွဲ လုပ်ငန်းစဉ် အောင်မြင်အောင် ဆောင်ကျဉ်းသွားရန် အလို့ငှာ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် ကျမ အသင့်ရှိနေပါသည်။ ယင်းသို့ တွေ့ဆုံဆွေးနွေးမှုများ အောင်မြင်ရေး အထောက်အကူ ဖြစ်စေရန် ကုလသမဂ္ဂ၏ လိုအပ်သော အခန်းကဏ္ဍများကိုလည်း ကျမ ကြိုဆိုလိုက်ပါသည်။

ဒီမိုကရေစီ လူ့အဖွဲ့အစည်းတွင် နိုင်ငံရေးပါတီများ ပါဝင်ရမည့် အရေးပါသည့် အခန်းကဏ္ဍကို အပြည့်အ၀ သိရှိနားလည်ခြင်းအားဖြင့် လည်းကောင်း၊ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ၏ ကိုယ်ကျိုးစွန့် အနစ်နာခံမှုများကို အလေးအနက် တန်ဖိုးထားသောအားဖြင့် လည်းကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးအဖြစ်ဖြင့် လည်းကောင်း ကျမသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရည်မှန်းချက်များ၊ မူဝါဒများကို အပြည့်အ၀ လေးစားလိုက်နာ ခံယူပါမည်။ သို့စေကာမူ ဒီမိုကရေစီအင်အားစုများအားလုံး သွေးစည်းခိုင်မာမှုနှင့် အမျိုးသားညီညွတ်ရေး အရေးတကြီး လိုအပ် နေသော ယခုအချိန်မျိုးတွင် နိုင်ငံရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများ၊ အထူးသဖြင့် ကျမတို့၏ တိုင်းရင်းသား လူမျိုးစုများ အားလုံး၏ ဆန္ဒသဘောထားများနှင့် အကျိုးစီးပွားများကို အခိုင်အမာ အဆက်မပြတ် အလေးအနက်ထားကာ စဉ်းစားပေးရမည်မှာ ကျမအပေါ် ကျရောက်လာသော တာဝန်ဖြစ်နေပါပြီ။

ယင်းရည်မှန်းချက်များ အောင်မြင်ရေးအတွက် ကျမသည် အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို အကောင်အထည် ဖော်သွားရန် ပိုင်းဖြတ်ထားပါသည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရအား လည်းကောင်း၊ သက်ဆိုင်ရာ နိုင်ငံရေးအင်အားစုများအား လည်းကောင်း၊ ကျမနှင့်အတူ လက်တွဲကြိုးပမ်းကြပါရန် ဖိတ်ခေါ် လိုက်ပါသည်။

ကျမတို့နိုင်ငံတွင် အေးချမ်းတည်ငြိမ်မှု၊ သာယာဝပြောမှု၊ ဒီမိုကရေစီဖြစ်ထွန်းမှုတို့ဖြင့် လူ့အခွင့်အရေး အပြည့်အ၀ရရှိခံစားက ပြည်သူအပေါင်း ငြိမ်းချမ်းသာယာစွာ နေထိုင်နိုင်ခြင်းအားဖြင့် ကျမတို့နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် လည်းကောင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် လည်းကောင်း၊ ပိုမိုရင်းနှီးပွင့်လင်းစွာ ပူးပေါင်းဆောင်ရွက်လျက် ဒေသဖွံ့ဖြိုးရေးနှင့် တည်ငြိမ်ရေးကို အကောင်းဆုံး အကျိုးပြုနိုင်မည်။ ထို့ပြင် အပြည်ပြည်ဆိုင်ရာ မိသားစုကြီးတွင်လည်း အများက လေးစားခြင်းခံရသော အဖွဲ့ဝင်တစ်နိုင်ငံအဖြစ် ပါဝင်အကျိုးပြုနိုင်သည့် အခန်းကဏ္ဍမှ ၀င်ရောက် ဆောင်ရွက်လာနိုင်မည်ဟု ကျမ ယုံကြည်ပါသည်။

Read More...

Wednesday, November 07, 2007

Remarkable Words from Gandhi Film


Mr. Gandhi said :

I'm asking you to fight. To fight against their anger, not to provoke it.
We will not strike a blow. But we will receive them.
And through our pain, we will make them see their injuctice.
And it will hurt as all fighting hurts.
But we cannot lose. We cannot.
They may torture my body, break my bones, even kill me.
Then …. They will have my dead body, not my obedience.

Read More...

Monday, November 05, 2007

ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက် (စုစည်းမှု-၅)

၂၃-၁-၁၉၄၆ ရက်နေ့တွင် ဖဆပလ ပြည်လုံးကျွတ်ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း တင်သွင်းခဲ့သည့် ညီညွတ်ရေးအဆို မိန့်ခွန်းမှ ကောက်နုတ်ချက်

ကျနော်တို့ဟာ တိုင်းပြည်နဲ့ လူထုလွတ်လပ်ရေးကို အမြဲတမ်း သစ္စာမဖောက်ဘဲ လုပ်ပါမယ်ဆိုတဲ့အကြောင်း ပဋိညာဉ်ကတိ ပေးထားပါတယ်။ အဲဒီလို ပဋိညာဉ်ပေးထားတဲ့အတိုင်း ညီညွတ်ရေးအဆိုကို တင်သွင်းရခြင်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ကာ လွတ်လပ်ရေးလုပ်တဲ့ကိစ္စမှာ တတိုင်းတပြည်လုံး သွေးစည်းပြီး စည်းစည်းလုံးလုံး အလုပ်လုပ်မှ ဖြစ်နိုင်မှာမို့ပဲ။ ဒီလိုမလုပ်ရင် ညီညွတ်ရေး မရဘူး။ မရဘူးဆိုလို့ရှိရင် တိုင်းပြည်နဲ့လူမျိုး လွတ်လပ်ရေးဟာ ကျကျနန မဖြစ်နိုင်ဘူး။ မဖြစ်နိုင်လို့ရှိရင် ညီညွတ်ရေးကို ပျက်စီးရာ ပျက်စီးကြောင်း လုပ်တဲ့သူတွေ၊ ကျနော်တို့ကိုယ်တိုင်က ညီညွတ်ရေးကို ဖြစ်မြောက်အောင် တတ်နိုင်သမျှ ဆောင်ရွက်ခြင်းမရှိရင် ခုန တိုင်းပြည်အတွက် လူမျိုးအတွက် အင်မတန် အသက်စွန့်စားပြီး လုပ်ကိုင်ဆောင်ရွက်သွားကြတဲ့ သူတွေကို သစ္စာဖောက်ရာ မလေးစားရာကျမှာမိုလို့ ဒီညီညွတ်ရေးအဆိုကို ကျနော်တင်သွင်းခြင်း ဖြစ်ပါတယ်။

ခုနေအခါမယ် ဗမာပြည်ဟာ ဘာအလိုဆုံးလဲဆိုလို့ရှိရင် ညီညွတ်ရေးလိုတယ်။ ဘာကြောင့် ညီညွတ်ရေး လိုသလဲ။ ကျနော်တို့ ဗမာပြည်ဟာ အာဏာပိုင် တိုင်းပြုပြည်ပြုလွှတ်တော်ကြီး ခေါ်၍ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော အခြေအနေမျိုး ဆိုက်ရောက်အောင် (၀ါ) လွတ်လပ်ရေးရအောင် ဆောင်ရွက်ဖို့ လိုပါတယ်။ လွတ်လပ်ရေးဆိုတော့ကာ ကျနော်တို့ လွတ်လပ်တဲ့နိုင်ငံ တည်ထောင်မယ်ဆိုရင် တိုင်းပြုပြည်ပြု လွှတ်တော်ကြီးကို တည်ထောင်ရမယ်။ အဲဒီ တိုင်းပြုပြည်ပြုလွှတ်တော်ကြီးက လွတ်လပ်တဲ့တိုင်းနိုင်ငံ ထူထောင်တဲ့အခါ ကျရင် ဖွဲ့စည်းပုံ ဥပဒေ အစီအစဉ်တွေ စီမံရမယ်။ ဒီတိုင်းပြည်ကြီးကို ဘာစနစ်နဲ့ အုပ်ချုပ်မှာလဲ။ သမ္မတစနစ်နဲ့ အုပ်ချုပ်မလား။ ဘယ်စနစ်နဲ့ အုပ်ချုပ်မလဲ။ ဘယ်လိုတိုင်းပြည်မျိုး ထူထောင်မလဲ။ ဘယ်လိုလုပ်ရမလဲဆိုတာ စီစဉ်ရမယ်။ အဲဒီလို စီစဉ်ပြီးတဲ့အခါကျတော့မှ လွတ်လပ်ရေးလုပ်ငန်းဟာ ပေါ်လာမယ်။

ဒီတော့ကာ ညီညွတ်ရေးဟာ အချိန်အခါအလိုက် ဒီတိုင်းပြည် ဒီလူမျိုးရဲ့ အကျိုးကို အကြီးဆုံးဆောင်ရွက်နိုင်မယ့် လက်နက်ကြီး ဖြစ်နေတယ်။ ညီညွတ်ရေးဆိုတာဘာလဲ နားလည်ဖို့လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့အကြောင်း သရုပ်ဖော်ပြထားတယ်။ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက်ရှိရမယ်။ ကျနော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်။ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ရာထူးယူဖို့ ညီညွတ်ရမှာလား။ ဒါမှမဟုတ်ရင် ဒီတိုင်းပြည်ရဲ့ တိုင်းသူပြည်သားတွေကကို နှိပ်စက်ဖို့ ညီညွတ်ရမှာလား။ ဘာအတွက် ညီညွတ်ရမှာလဲ။ အဲဒီတော့ကာ ကျနော်လိုချင်တဲ့ ညီညွတ်ရေးက တတိုင်းတပြည်လုံး လူတမျိုးလုံးရဲ့ လွတ်လပ်ရေး၊ လူတမျိုးလုံးရဲ့အကျိုး၊ အဲဒီလို တူညီတဲ့ ရည်ရွယ်ချက် တူညီတဲ့အကျိုး၊ တူညီတဲ့အလုပ် အဲဒါတွေကိုရအောင်၊ အဲဒီလို တူညီတဲ့အကျိုး တိုင်းသူပြည်သားရအောင်၊ တူညီတဲ့ အလုပ်လုပ်တဲ့ ညီညွတ်ရေးမျိုး ဖြစ်ရမယ်၊ ပါးစပ်ကပြောရုံနဲ့ မပြီးဘူး။ ပါးစပ်က ညီညွတ်ချင်ပါတယ် ပြောလို့မဖြစ်ဘူး။ အလုပ်မှာလည်း တူရမယ်။ ရည်ရွယ်ချက်လည်း တူရမယ်။ အဲဒါမျိုးကိုမှ ညီညွတ်ရေးလို့ ခေါ်ထိုက်တယ်။

Read More...

Monday, October 29, 2007

ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက် (စုစည်းမှု-၄)

၁၉၄၆ ခု ဇွန်လ ၇ ရက်နေ့တွင် ကန်တော်မင်ပန်းခြံ၌ လူထုဆန္ဒပြ ကန့်ကွက်ပွဲ အစည်းအဝေးမှ ကောက်နှုတ်ချက်

ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို တရားသဖြင့် တောင်းဆိုခြင်းကို လမ်းကုန်အောင် ဆောင်ရွက်ရလိမ့်မယ်။ ယခုလို တရားသဖြင့် တောင်းဆိုချက်တွေကို မရရင် ဘာလုပ်မယ်ဆိုတာတွေလည်း ဖဆပလ ဥက္ကဋ္ဌ မိန့်ခွန်းမှာ ဖြေရှင်းပြခဲ့ပြီးဖြစ်တယ်။ လွတ်လပ်ရေးတိုက်ပွဲ အထိ ရောက်ချင်မှ ရောက်လိမ့်မယ်။ သို့ပေမယ့် ပြင်ဆင်ထားရမယ်။ လွတ်လပ်ရေးဆိုတာဟာ ချက်ချင်း ရချင်မှရတာ။ ကျုပ်တို့ လိုလားချက်ဟာ တရားသဖြင့် နည်းနဲ့ ရချင်မှရမယ်လို့ သံသယရှိတယ်။ အဲဒီကိစ္စတွေဟာ တိုင်းပြည်တွင်လား မဟုတ်ဘူး။ ဗြိတိသျှအစိုးရ အပေါ်မှာလည်း တာဝန်ရှိတယ်။ ဗြိတိသျှအစိုးရဟာ သူတို့နယ်အတွင်းရှိ တိုင်းပြည်များ ဆူပူခြင်းကို မလိုဘူးဆိုပေမယ့် သူတို့ ဒီလို လုပ်နေရင် မပေါ်သင့်ပဲနဲ့ ဆူပူမှုတွေ ပေါ်လာလိမ့်မယ်။ ကျုပ်တို့ကလည်း လွတ်လပ်ရေးတိုက်ပွဲ မဆင်နွှဲပဲနဲ့ ပြီးမြောက်သွားလိုပေမယ့် ကျုပ်တို့ တစ်ဖက်တည်းအပေါ်မှာ တည်နေတာ မဟုတ်ဘူး။

တိုင်းပြည်က နားလည်ထားသင့်တာက တိုက်ပွဲဆိုတာက ပရိယာယ်အကြီး၊ ပရိယာယ်အသေး ဆိုတာတွေနဲ့ သူ့နေရာနဲ့သူ တိုက်ရတယ်။ နောက်ဆုတ်သင့်ဆုတ် ရှေ့တိုးသင့်တိုး အခြေအနေကြည့်ကာ ပရိယာယ်သုံးသွားရတယ်။ ကျုပ်တို့ တိုင်းသူပြည်သားများကို ယုံကြည်ပါတယ်။ အခုပြောရင် အခုလုပ်ကြမယ်ဆိုတာ သိရပေမယ့် လွတ်လပ်ရေးတိုက်ပွဲအထိ မရောက်စေပဲ တိုက်ပွဲကလေးများနဲ့ပင် လိုရာရောက်အောင် တိုင်းပြည်အခြေအနေကို ကြည့်ပြီး ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ ၁၃၀၀ ပြည့်နှစ်က ကျောင်းသား၊ အလုပ်သမား၊ ရေနံမြေ သပိတ်တွေမှောက်ပြီး တိုက်ကြတုန်းမှာ ဆေးလိပ်ခုံတွေကပါ ရောပြီး သပိတ်မှောက်ကြတယ်။ အမှန်မှာ နယ်ချဲ့စနစ်ထဲက သူသျှိုတွေက သပိတ်တွေများပြီး ထမင်းမကျွေးနိုင်ပဲ ကစဥ့်ကလျားဖြစ်အောင် လုပ်တဲ့စနစ်ပဲ။ ကျုပ်က ဆူကြပါဆိုရင် ဆူကြမှာပဲဆိုတာ ယုံကြည်ပါတယ်။

အချို့လူတွေက ကျုပ်တို့ကို သမရိုးကျစနစ်ဖြစ်တဲ့ အာဏာဖီဆန်ရေး၊ စင်ပြိုင်အစိုးရ တည်ထောင်ရေးတွေကိုသာ တိုက်တွန်းချင်ကြတယ်။ တိုင်းပြည် အခြေအနေကို ကြည့်ပြီး ညီညီညွတ်ညွတ်နဲ့ အလုပ်လုပ်ရမယ့်အချိန်မှာ ခွက်စောင်းခုတ်ဝါဒတွေ ပေါ်လာတာ တွေ့ရတယ်။ ဒီဟာက တိုင်းပြည်အားနည်းအောင် လုပ်တဲ့နည်းဖြစ်တဲ့အတွက် တနည်းနည်းနဲ့ ကာကွယ်ရမယ်။ ပရိယာယ် အသေးစိတ်ကို အသုံးပြုပြိး ဗဟိုဌာနက လတ်တလော ပြောင်းလဲသင့်က ပြောင်းလဲရလိမ့်မယ်။ ခေါင်းဆောင်တွေဟာ လူတိုင်း ကောင်းနိုင်လိမ့်မယ်လို့ မဆိုနိုင်ဘူး။ အဲဒါကိုပဲ တဆိတ်ရှိ ဝေဖန်ရတာနဲ့ အပြစ်ပြောရတာနဲ့ အချိန်ကုန်နေတာပဲ။

အရေးကြီးတာက ဒါဟာ ကိုယ်က တစ်ကွက်စားပြီး တဖက်လူက နှစ်ကွက်စားမှာကို သတိပြုရမယ်။

Read More...

ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက် (စုစည်းမှု-၃)

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့ မြို့တော်ခန်းမ၌ ကျင်းပသော ပြည်သူ့အစည်းအဝေးကြီးတွင် ပြောကြားခဲ့သော ဗိုလ်ချုပ်၏ နောက်ဆုံးမိန့်ခွန်းမှ ကောက်နှုတ်ချက်

ကျနော်တို့ကလည်းဘဲ လွတ်လပ်ရေးကို အေးအေးချမ်းချမ်းရနိုင်အောင် ကျနော်တို့ ကြိုးစားမယ်။ အဲဒီလိုကြိုးစားမယ်ဆိုပြီးတော့ ကျနော်တို့ လုပ်နေတယ်။ ဒီလိုလုပ်နေတဲ့အတိုင်း ကျနော်တို့လုပ်တဲ့ လုပ်ငန်းဟာ အောင်မြင်သလား မအောင်မြင်ဘူးလားဆိုတာ ယခုနေအခါ ဘယ်သူမှ မပြောနိုင်သေးဘူး။ ဘာဖြစ်လို့လည်းဆိုရင် အချိန်တွေလိုပါသေးတယ်။ ကျနော်တို့ လုပ်နေတဲ့လုပ်ငန်းတွေဟာ မပြီးသေးဘူး။ ပြီးလာတဲ့တစ်နေ့ ခင်ဗျားတို့ မြင်လာတဲ့တစ်နေ့မှာ ကျနော်တို့လုပ်ငန်းတွေဟာ အောင်မြင်သလား၊ မအောင်မြင်ဘူးလား ဆိုတာ ခင်ဗျားတို့မြင်နိုင်မှာပဲ။

အဲဒီလိုမြင်လာတဲ့အခါမှာ ဖဆပလအဖွဲ့ချုပ်ဟာ ဘယ်လိုအဖွဲ့ချုပ်မျိုးလဲ၊ အလုပ်လုပ်တဲ့နေရာမျိုးမှာ ဘယ်လိုထိရောက်အောင် လုပ်နိုင်သလဲဆိုတာ ခင်ဗျားတို့ မြင်လာမယ်။ အဲဒီတော့ အခုနေအခါမှာ ကျနော် ဘာမှ သိပ်ကြီးကြီးကျယ်ကျယ် ပြောနေဖို့မလိုပါဘူး။ အဲဒီတော့ ဖဆပလအဖွဲ့ချုပ်က ဘာမှ သွေဖီပြီးတော့ လုပ်နေတာ မရှိပါဘူး။ ဒီလွတ်လပ်ရေးရအောင် ဆိုပြီး လုပ်နေတာပဲ။ သို့သော်လည်းပဲ အဲဒီလို လွတ်လပ်ရေးရအောင် ကျုပ်တို့လုပ်နေတဲ့နေရာမှာ အလွယ်ဆုံး၊ အကောင်းဆုံး၊ အအေးဆုံးနည်းကို ရှာတယ်။ အဲဒီလို ရှာတာကို ကျုပ်တို့ကို ဘာအပြစ်ပြောစရာ ခင်ဗျားတို့ရှိသလဲ။ ဘယ်သူတွေက ဘာဖြစ်လို့ ကျုပ်တို့ကို အပြစ်တင်နေရသလဲ။

အဲဒီတော့ ခင်ဗျားတို့ သေသေချာချာ သတိထား ကြည့်စေချင်တာက ဒီ ဖဆပလအဖွဲ့ချုပ်ဟာ ဘယ်လို ဖဆပလအဖွဲ့ချုပ်လည်းဆိုတာ ရာဇ၀င်နဲ့ ပြန်ကြည့်စေချင်တယ်။ လူတွေကိုလည်း ရာဇ၀င်နဲ့ ပြန်ကြည့်စေချင်တယ်။ ကျနော်တို့ ဗမာပြည်မှာ ပေါ်ခဲ့တဲ့ နိုင်ငံရေးအဖွဲ့တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေအားလုံး တစ်ယောက်စီ၊ တစ်ယောက်စီ ခင်ဗျားတို့ စိတ်ကူးထဲမှာ မာတိကာစဉ်ပြီး စဉ်စားကြည့်ပါ။ ဘယ်လိုလူစားတွေလဲ။ ဘယ်လိုအဖွဲ့တွေလဲ ဆိုတာ အဲဒီအခါမှာ အဖြေထွက်လာမယ်။ ယခုအခါမှာ ကျနော်တို့က အစိုးရလုပ်နေတဲ့ အချိန်အခါမျိုးဖြစ်တယ်။ သို့သော်လည်းပဲ ကျနော်တို့ အစိုးရလုပ်နေတဲ့ အချိန်အခါမျိုးမှာဆိုရင် အတိုက်အခံဆိုတာ ရှိစမြဲပါပဲ။

ဘုရားလက်ထက်က ဘုရားကိုယ်တိုင် အတိုက်အခံနဲ့ မကင်းလို့ရှိရင် ကျနော်တို့လည်း မလွတ်ကင်းနိုင်ဘူး။ အဲဒီလို အတိုက်အခံနဲ့ မကင်းတဲ့အပြင် တပ်ပျက်ဗိုလ် လုပ်ရတဲ့ အခြေအနေမျိုးဖြစ်တယ်။ သို့သော်လည်းပဲ တိုင်းပြည်အပေါ်မှာ စေတနာရှင်းရှင်းထားပြီးတော့ တဆင့်ထက်တဆင့် ကျနော်တို့ လုပ်လာတဲ့လုပ်ငန်းဟာ တိုးတက်သလား မတိုးတက်ဘူးလားဆိုတာ ခင်ဗျားတို့ ပြန်ကြည့်ပါ။

ဒီတော့ကာ လွတ်လပ်ရေးဆိုလို့ ခင်ဗျားတို့ကို ကျနော်ပြောမယ်။ လွတ်လပ်ရေးဆိုတိုင်း ပဒေသာပင် မြေက မပေါက်နိုင်ဘူးဆိုတာ ခင်ဗျားတို့ကို ကျနော်ရှင်းခဲ့ချင်တယ်။ ဘာဖြစ်လို့လည်းဆိုရင် ခင်ဗျားတို့ စိတ်ထဲမှာ လွတ်လပ်ရေးရတော့မယ်ဆိုလို့ရှိရင် စိတ်ကူးက ဘယ်လို စိတ်ကူးကြသလဲဆိုလို့ရှိရင် ပဒေသာပင်ကြီး ချက်ချင်း နေ့ချင်းညချင်း ပေါက်ကြတော့မလို့ ခင်ဗျားတို့ ထင်ကြတဲ့သူတွေ များကြတယ်။ တချို့က ဟာ . . . လွတ်လပ်ရေး ရပြီဆိုပြီးတော့ ဘာလုပ်ချင်သလဲဆိုတော့ ကျနော် အရင်တခါတုန်းက တွေ့ခဲ့တယ်။ ဂျပန်ခေတ်တုန်းက ဂျပန်ခေတ် ဗမာ့လွတ်လပ်ရေး ဘုရားစူးစေ့ ဗမာ့လွတ်လပ်ရေးတုန်းက အဲဒီတုန်းကဆိုလို့ရှိရင် လွတ်လပ်ရေးရပြီ ဆိုတော့ကာ ဟင်္သာတနယ်ထဲမှာ ကျနော်တွေ့ခဲ့တာ၊ ဘာတွေ့သလဲဆိုရင် လမ်းမပေါ်မှာ ထွက်ပြီး ဆေးတွေလှန်းတယ်။ အဲဒီတော့ လမ်းသွားလမ်းလာလုပ်တဲ့သူတွေ အတော်ဂွကျတယ်။ အဲဒါဟာ လွတ်လပ်ရေးမဟုတ်ဘူး။ လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ။ လွတ်လပ်ရေးဆိုတာဟာ ကိုယ့်တစ်ဦးတစ်ယောက် ကောင်းစားဖို့ဖြစ်စေ၊ တမျိုးသားလုံး ကောင်းစားဖို့ဖြစ်စေ၊ လုပ်တဲ့နေရာမှာ အခြားတစ်ဦးတစ်ယောက်ရဲ့ အကျိုးကို မထိခိုက်ပဲနဲ့၊ အခြားလူတွေရဲ့ အကျိုးကို မထိခိုက်ပဲနဲ့ လွတ်လွတ်လပ်လပ် ကိုယ့်တိုးတက်မှုအတွက် လုပ်နိုင်တာဟာ လွတ်လပ်ရေးပဲ။

ဒီတော့ လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်ဟာ စည်းမဲ့ကမ်းမဲ့သဘောမျိုး မဟုတ်ဘူး။ စည်းနဲ့ကမ်းနဲ့ သဘောမျိုးသာဖြစ်တယ်။ စည်းနဲ့ကမ်းနဲ့ ရှိမှသာလျှင် လွတ်လပ်ရေးဆိုတာ ဖြစ်နိုင်တယ်။ အဲဒီတော့ လွတ်လပ်ရေးဆိုတာကို ကျနော်တို့ ရတဲ့အခါမှလည်း နားလည်ရမှာက ငါတို့ တိုင်းပြည်ဟာ ပိုပြီး စည်းကမ်းရှိဖို့လိုတယ်။ ငါတို့တိုင်းပြည်ဟာ လွတ်လပ်ရေး ရအောင်လည်းပဲ စည်းကမ်းရှိရှိနဲ့ လုပ်ရမယ်။ အဲဒီလိုအားဖြင့် စည်းကမ်းသဘောတွေကို နားလည်ပြီး စည်းနဲ့ကမ်းနဲ့ အလုပ်လုပ်ကြမှ လွတ်လပ်ရေးဆိုတာ တကယ်ရမယ်။

အဲဒီတော့ကာ ခင်ဗျာတို့ဟာ လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေး ရနိုင်လောက်တဲ့ စည်းကမ်းကို ရှိကြပါ။ လွတ်လပ်ရေးကို လိုချင်လို့ရှိရင် လွတ်လပ်ရေးကို ရနိုင်တဲ့ ညီညွတ်မှုကို ထိန်းသိမ်းထားပါ။ လွတ်လပ်ရေးကို လိုချင်လို့ရှိရင် လွတ်လပ်ရေးကို ရနိုင်တဲ့ ထူထောင်မှုကို လုပ်ကြပါ။ အဲဒီလို လုပ်ပြီးတဲ့နောက် ရှေ့ကို လွတ်လပ်ရေး အရသာကို ခံစားစံစားချင်တယ်ဆိုရင် အလုပ်လုပ်ကြဖို့၊ စည်းကမ်း ရှိကြဖို့၊ ယခုကတည်းက ခင်ဗျားတို့ကိုယ်ကို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ၊ စောက်ကျင့်တွေကို ပြင်ကြဖို့ လိုပြီဆိုတာ ကျနော် ကနေ့ ပြောခဲ့ချင်တယ်။


Read More...

Sunday, October 28, 2007

ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက် (စုစည်းမှု-၂)

၁၉၄၇ ခုနှစ်၊ မေလ (၁၉) ရက် ဖဆပလ ပဏာမ ပြင်ဆင်မှုညီလာခံ မိန့်ခွန်းကောက်နှုတ်ချက်

တော်လှန်ရေးဆိုတာ လူထုက လူထုရဲ့ကံကြမ္မာကို အခြေခံကနေပြီး ဖန်တီးရာမှာ ဘယ်လိုပဲဖြစ်ဖြစ်ဆိုပြီး လူထုကိုယ်တိုင် ပါဝင်ဆောင်ရွက်ခြင်း ဖြစ်တယ်။ ရာဇ၀င်ကြောင်းအရ မလွှဲမရှောင်သာလို့လည်း လိုတယ်။ ဖြစ်ပျက်ပေါ်ပေါက်နေတဲ့ ရာဇ၀င်အခြေအနေ အချက်အလက်တွေနဲ့ အခြားတစ်လမ်းဖြစ်တဲ့ အခြောက်တိုက်စိတ်ကူး စီမံကိန်းမျိုးနဲ့တော့ မဖြစ်နိုင်ဘူး။ ပြီးတော့ မျက်စိစုံမှိတ်ပြီး အကန်းလို ရမ်းလို့ မဖြစ်ဘူး။ တစ်ဖက်တွင်သာလုပ်တဲ့အလုပ်၊ အလိုအလျောက် လူထုထကြွမှု၊ ဖျက်ဆီးရုံအလုပ်ကိုလည်း လက်မခံနိုင်ဘူး။ အဲဒါတွေကြောင့် တော်လှန်ရေးဆိုတာ အကြီးကျယ်ဆုံး ပြုပြင်ဖန်တီးတတ်တဲ့ သတ္တိရှိပါတယ်။

တော်လှန်ရေးရဲ့ အခြေခံရည်ရွယ်ချက်ကြီးကတော့ လုပ်စားကိုင်စား လူထုကြီးလွတ်လပ်မှု ဖြစ်ပါတယ်။ တော်လှန်ရေးရဲ့ အခြေခံအုတ်မြစ်ကတော့ လူထုပါဝင်အောင် ဆောင်ရွက်ရေး ဖြစ်ပါတယ်။ တော်လှန်ရေးအောင်မြင်မှု အခြေခံကတော့ လူထုကြီးရဲ့ နိုးကြားထကြွမှု တနည်းအားဖြင့် လူထုကြီးအား ဘယ်အထိ ဖွဲ့ဖွဲ့စည်းစည်းရှိလို့ ဘယ်အထိ မိမိရဲ့တာဝန်နဲ့ တန်ခိုးအာဏာကို သိရှိနားလည် နိုးကြားသလဲဆိုတဲ့ အပေါ်မှာ တည်ပါတယ်။

ကျနော်တို့ အခုလုပ်နေတာတွေ အားလုံးတွေဟာ ဘာကိုလုပ်နေတာလဲ၊ ကျုပ်တို့တိုင်းပြည်ကြီးကို တော်လှန်ပြောင်းလဲနေကြတာပဲ မဟုတ်လား။ အဲဒီလို တော်လှန်ပြောင်းလဲနေတဲ့အခါ ကြမ်းသင့်အခါလည်း ကြမ်းခဲ့တယ်။ ကြမ်းစရာလိုသေးရင်လည်း ကြမ်းရအုံးမှာပဲ။ အမိဝမ်းက ဖွားမြင်လာတဲ့ကလေးဟာ မမွေးခင် ပဋိသန္ဓေတည်ရတယ်။ နေ့ရက်စေ့မှ မွေးဖွားရတယ်။ အဲဒီမတိုင်မီ မွေးဖွားရင် သေရင်လည်း သေမယ်။ လျှောရင်လည်း လျှောမယ်။ ချည့်နဲ့ရင်လည်း ချည့်နဲ့မယ်။ အင်မတန်ကောင်းခဲတယ်။ ပြီးတော့ မွေးဖွားတဲ့အခါမှာလည်း ပြင်းပြင်းထန်ထန်နဲ့ ဖွားရတာရှိတယ်။ သက်သက်သာသာနဲ့ ဖွားရတာရှိတယ်။ အမေ၊ အဖေရဲ့ ကျန်းမာရေး၊ လက်သည်လုပ်တဲ့သူ ကျင်လည်မှု အစရှိတဲ့ အခြေအနေတွေအရ ဖြစ်တာပဲ။

Read More...

Thursday, October 25, 2007

ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက် (စုစည်းမှု-၁)

၁၉၄၅ ခုနှစ်၊ သြဂုတ်လ စတုတ္ထအကြိမ်မြောက် နိုင်ငံခေါင်းဆောင်များ အစည်းအဝေးတွင် မြွက်ကြားသည့် မိန့်ခွန်း ကောက်နှုတ်ချက်

ယခုအခါမှာ ငြိမ်းချမ်းရေးကို အဖျက်ဆီးဆုံးဝါဒဟာ ဖက်ဆစ်ဝါဒဖြစ်လို့ ဒီဝါဒ ကမ္ဘာမှာ ဘယ်နေရာမှာဖြစ်ဖြစ် ရှိနေရင် စစ်ဖြစ်ဦးမှာမို့လို့ ဒီဝါဒ ပပျောက်အောင် လုပ်ဖို့လိုတယ်။ ဒီတွင်လားဆိုရင် မဟုတ်သေးဘူး။ ဒီဝါဒမျိုးဟာ သူတို့ပြည်မှာလည်း တိုင်းသူပြည်သားတွေကို ချုပ်ချယ်တယ်။ ကမ္ဘာမှာလည်း အင်မတန် ရိုင်းစိုင်းသေးနုပ်တဲ့ လူမျိုးရေးဝါဒကို လက်ကိုင်ထားပြီး ပိုပြီးချုပ်ချယ်ဖို့ ရည်ရွယ်ချက်ရှိတယ်။ ကမ္ဘာမှာလည်း ကမ္ဘာ့လွတ်လပ်ရေးကို ထိခိုက်တယ်။ ကမ္ဘာ့လွတ်လပ်ရေးကို ထိခိုက်လို့ရှိရင် ကမ္ဘာ့လွတ်လပ်ရေး မရှိနိုင်ဘဲ ဖြစ်သွားမယ်။ ကမ္ဘာ့လွတ်လပ်ရေး မရှိရင် ဗမာ့လွတ်လပ်ရေးဆိုတာလည်း မရှိနိုင်ဘူး။ ဒါကြောင့် ဖက်ဆစ်ဝါဒ ကမ္ဘာမှာ ပပျောက်ရေးကို ကျနော်တို့ ရည်ရွယ်ချက်ထဲမှာ ထည့်ထားတယ်။ ကမ္ဘာမှာ အဲဒီ ၀ါဒမျိုးကို တိုက်ဖျက်မယ့်သူတွေနဲ့ အမြဲပူးပေါင်းပြီး အခွင့်အာဏာရတိုင်း ဆောင်ရွက်ဖို့ပဲ။
အထူးသဖြင့် ကျနော်တို့ တိုင်းပြည်မှာ ဒီဝါဒမျိုး လုံးဝမရှိနိုင်အောင် လုပ်ရမယ်။ အာဏာရှင်ဝါဒ၊ လူမျိုးအချင်းချင်း မုန်းတီးရေးဝါဒ၊ ဂျပန်ပြည်မှာလို စစ်ကသာ လွှမ်းမိုးရမယ်ဆိုတဲ့ စစ်ဖက်အာဏာရှင်စနစ်၊ သက်ဦးဆံပိုင် ရှင်ဘုရင်စနစ်၊ အဲဒီဝါဒမျိုး အငယ်စားဖြစ်တဲ့ ပဒေသရာဇ် မြို့စား ရွာစားဝါဒ၊ အထက်ကသာခန့်ထားပြီး တိုင်းသူပြည်သား ဆန္ဒအရ မဟုတ်ဘဲ တိုင်းသူပြည်သားတွေနဲ့ ကင်းကွာပြီး မင်းစိတ်ပေါက်တဲ့ အရာရှိတွေ ချယ်လှယ်တဲ့ စနစ်ဆိုးတစ်မျိုး ရှိနေရင် အများပြည်သူတို့ဆန္ဒနဲ့ လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒ ဆင်တူယိုးမှားတွေ ပေါ်လာနိုင်တယ်။ ဒီ ၀ါဒမျိုးပေါ်လာရင် တိုင်းသူပြည်သားတွေဟာ လွတ်လပ်ရေး ဆိုတာကို မရနိုင်တော့ဘူး။

ဒါကြောင့် ကျနော်တို့ဟာ ဒီမိုကရေစီဝါဒကိုသာ ခေတ်စားအောင် လုပ်ရမယ်။ ဒီမိုကရေစီဝါဒသာ လွတ်လပ်ရေးနဲ့ ဆီလျော်တယ်။ ဒီဝါ ဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်။ အဲဒါကြောင့် ဒီဝါဒကိုသာ ကျနော်တို့ ရည်ရွယ်ရမယ်။ နောက် လွတ်လပ်စွာ ဖော်ပြခွင့်၊ စည်းရုံးခွင့်၊ အစည်းအဝေးခေါ်ခွင့်နှင့် စီတန်းလမ်းလျှောက်ခွင့်၊ လွတ်လပ်စွာ တွေးတောခွင့်နှင့် ကိုးကွယ်လိုရာဘာသာ ကိုးကွယ်ခွင့်၊ တရားနှင့်မညီသော အဖမ်းအဆီး အချုပ်အနှောင်မှ ကင်းလွတ်ခွင့်၊ ကိုယ်ရေးလွတ်လပ်ခွင့်၊ ကိုယ့်အိမ် ကိုယ့်ယာနှင့် နေထိုင်ခြင်းကို မတရားသဖြင့် နှောင့်ယှက်ခြင်းမှ ကင်းလွတ်ခွင့်၊ လူတိုင်း ပညာသင်ကြားနိုင်ခွင့်၊ အခမဲ့ ဆေးဝါးအကူအညီ ရရှိခွင့်၊ မတရားသဖြင့် စီးပွားချုပ်ချယ်မှုများမှ လွတ်ငြိမ်းချမ်းသာခွင့်၊ အလုပ်သမား လယ်သများများရဲ့ အနည်းဆုံးအခွင့်အရေးများကို အစိုးရက စောင့်ရှောက်ပေးခြင်း၊ တိုင်းပြည်တွင် တိုင်းရင်းသားလူမျိုးတိုင်း ကိုယ့်ဘာသာ ကိုယ့်ဓလေ့ ကိုယ့်ယဉ်ကျေးမှုအတိုင်း ဆောင်ရွက်နိုင်ခွင့်၊ အိုစာနာစာ အထိအခိုက် လျော်ကြေး ရန်ပုံငွေ အစရှိသည်တို့ကို အစိုးရကထားပြီး အိုမင်း၍လည်းကောင်း၊ ဖျားနာ၍လည်းကောင်း၊ ထိခိုက်နာကျင်၍လည်းကောင်း၊ အလုပ်လုပ်ချင်သော်လည်း အလုပ်မရနိုင်၍လည်းကောင်း၊ အသက်မွေးဝမ်းကျောင်း မပြုနိုင်စွမ်း ရှိသူများသည် အစိုးရ၏ အထောက်အပံ့ကို ရရှိခွင့်နှင့် ဒီမိုကရေစီ အခွင့်အရေးမျိုးတွေလည်း ရှိရမယ်။

Read More...

သရက်လမ်းဆုံ

ရေးသူ - တာရာမျိုး 88

သူငယ်ချင်းရေ
တို့တတွေ
အင်းစိန်တောရမှာ
ဒုက္ခယစရိယာကျင့်ခဲ့စဉ်ကပေါ့
အရဟတ္တမဂ်ဖိုလ်ရဖို့လည်းမဟုတ်
နိဗ္ဗာန်ရောက်ဖို့လည်းမဟုတ်
. . . . . . . . . . . မဟုတ်ခဲ့ပေမယ့်
လူတကာတွေလုပ်နိုင်ခဲတဲ့အလုပ်
တို့တွေ လုပ်ကြရင်း
သူရဲကောင်းပြတိုက်မှာ
ကမ္ဗည်းကျောက်စာထိုးခဲ့ကြတယ်။

ရည်ရွယ်ချက်မျိုးစုံ
ခံစားချက်အဖုံဖုံ
အသွေးအရောင်စုံစုံနဲ့
ငရဲနေ့တွေကိုဖြတ်သန်း
တို့တွေလျှောက်ခဲ့တဲ့လမ်းကတော့
ပန်းတိုင်အတူတူပါပဲ . . . ။
နံရံနဲ့အုတ်တံတိုင်း
ငါးပိနဲ့တာလပေါ
ပုံစံနဲ့ပြစ်ဒဏ်
တောင်ယာနဲ့တန်းစီ
ရဲဆွေနဲ့ရေဆွဲ
ဒါ . . ငါတို့ရဲ့
အရင်းနှီးဆုံးမိတ်ဆွေတွေပေါ့ . . . ။

ဥပဒေမရှိ
ပုဒ်မမရှိ
တရားမျှတမှုမရှိ
လူ့ကျင့်ဝတ်တရားမရှိ
ပုခုံးပေါ်ရွှေကြယ်တပ်ထားတဲ့
လိုင်စင်ရ လူသတ်သမားတွေရဲ့
ခုံရုံးအမိန့်နဲ့
ဘ၀တွေကို သင်းသတ်
ခန္ဓာကိုယ်ကို တုတ်နှောင်
သူခိုးကလူဟစ်
နာဇီလက်သစ်တွေအောက်
ငါတို့ ဒူးမထောက်ခဲ့ဘူး . . . ။

ဒီလိုနဲ့
အချိန်တွေကို နာရီက၀ါးမျို
တမဂ် တဖိုလ်ရခဲ့ . . .
ရုန်းကန်ခဲ့ . . .
လွတ်မြောက်ခဲ့ . . .

သူငယ်ချင်းရေ . . .
ငါကတော့
ခေတ်ဆိုး၊ စနစ်ဆိုး၊
ဝါဒဆိုးတွေအောက်
မိသားစုဒုက္ခတွေနဲ့
နိစ္စဓူဝ နပန်းလုံးရင်း
မင်းတို့တွေရဲ့ သတင်း
မင်းတို့တွေရဲ့ သူရဲကောင်းစိတ်ဓာတ်
မင်းတို့တွေရဲ့ တော်လှန်ရေးလုပ်ရပ်
ငါ့ရင်ဘတ်ထဲက 'တက်' ခေါက်သံနဲ့ပေါင်းစည်း
သရက်လမ်းဆုံစိတ်ဓာတ်
ကိန်းဝပ်နေဆဲပါ သူငယ်ချင်း . . . . ။

Read More...

Saturday, October 20, 2007

ခွပ်ဒေါင်းတွန်သံ

ရေးသူ - တာရာမျိုး 88


ဒေါင်းသွေးတစ်စက်
ကျောင်းဆောင်ထက်က
စိမ့်ကျစီးခွေ
မြေလွှာထုအောက်
သူ . . သက်ပျောက်လည်း
ဒူးမထောက်ဘူး
မကြောက်ဘူး . . . ။

ဒေါင်းမွေးတစ်မျှင်
စစ်ဘုရင်က
ယူငင်ဆွဲနှုတ်
ပလ္လင်ကြိုးလုပ်
သူ . . မျိုးဖြုတ်လည်း
ဒူးမတုပ်ဘူး
မဆုတ်ဘူး . . . ။

ဒေါင်းရိုးတစ်ချောင်း
သုဿန်ဟောင်းမှာ
အခေါင်းတလား
ပုဝါပါးပတ်
မြေမြှုပ်သင်းသတ်
မြိုင်ရပ်နှင်လည်း
ရာဇ၀င်အိုး
အမျိုးမသေဘူး
မကြေဘူး . . . ။

ဒေါင်းတို့သမိုင်း
သွေးရိုင်းတစ်ပေါက်
မသွေ့ခြောက်ခင်
'တက်' တစ်ချက်ခေါက်
သွေးသောက်ဒေါင်းတို့
ဒေါင်အလံလွှင့်
ဒေါင်းမာန်ဝင့်ကာ
ဒေါင်းတောင်ပံဖြန့်
တွန်သံလှန့်ကာ
ကမ္ဘာမကြေ
အိုးဝေသံတွေ ဝေဆာစေ . . . ။ ။

(အင်းစိန်အကျဉ်းထောင်မှ သရက်အကျဉ်းထောင်သို့ အမှတ်တရ)

Read More...

Friday, October 19, 2007

တတိယသုံ့ပန်းမြေသို့ အ၀င်

ရေးသူ - တာရာမျိုး 88

လရိပ်တွေ
တိမ်ကမ္ဗလာထိုးဖောက်
ကမ္ဘာမြေကို ခရီးတစ်ခေါက် နားခိုတဲ့ည
ဓူဝံကြယ် လင်းလက်တောက်ပ
အကျဉ်းအိမ်ထဲမှာ မှေးစက်ခိုက်
ကျီးတသိုက်လန့်ပျံ
ညဥ့်ငှက်ဆိုးထိုးသံဟာ
နားခိုရာ တိုက်နံရံကိုထိုးခွဲ
ငါ့ကို
အိပ်ရာက လှန့်နှိုးခဲ့ပြီ . . . ။

အချိန်က
မိုးသောက်လင်းလုလု
စစ်ခွေးတစုနဲ့ငါ
ဘ၀တူရဲဘော်တွေနဲ့အထူ
ဘယ်ကိုရွေ့ရဦးမှာလဲမသိ . . . ။

ဟင်းလင်းပြင် စစ်ကားတွေပေါ်
လေးကွက်ကြားဆံပင်ပုံစံ
ကိုယ်မှာ ထောင်ဝတ်စုံဖျင်ကြမ်း
ခြေတဖက်မှာ သံခြေကျင်း
ထီမထင်မျက်နှာထားတွေနဲ့
နိုင်ငံရေးအကျဉ်းသားတစုဟာ
ကမ္ဘာမကြေသီချင်းဆိုပြီး
အင်းစိန်ဘူတာ ရောက်ခဲ့ပြီ . . . ။

ဘူတာရုံစင်္ကြန်ဘေး
စစ်ခွေးလက်ပါးစေတွေရဲ့ ပုံစံအမိန့်
ဦးခေါင်းတွေ ငုံ့နေရပေမယ့်
စိတ်အလျင်က ကမ္ဘာမြေကို ထိုးဖောက်
စကြာဝဠာကို ဖောက်ထွက်နေကြတယ်
ဘူတာရုံထဲက ပျံ့လွင့်လာတဲ့
ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီသီချင်း
ငါတို့ကို ရည်ရွယ်ပြီးဖွင့်နေလားမသိ

ဒါ . . ပြည်သူတွေရဲ့ ရင်ထဲက
ငါတို့ကို အားပေးတဲ့ အားဆေး
မတရားမှုကို လက်မခံတဲ့စိတ်ဓာတ်
အာဏာရှင်ကို တော်လှန်တဲ့ ပြယုဂ်တွေပေါ့ . . . ။

သီချင်းသံ မဆုံးခင်မှာပဲ
ဘူတာကို ရထားတစင်းဆိုက်လာပါပြီ။
အရှေ့ဘာလင်ရဲ့ သွေးပျက်ချင်စရာညတွေနဲ့
အနောက်ဘာလင်ရဲ့ ရင်ခုန်ဖွယ်ရာညတွေကို
ဘာလင်အုတ်တံတိုင်းကြီးက ပိုင်းခြားထားခဲ့သလို
ပြည်အစုန်ရထားပေါ်မှာ
မိဘပြည်သူတွေနဲ့
သံကန့်လန့်ကာအထပ်ထပ်ခြား
(ငါတို့ကို)
ဘီလူးစည်းသုံးတန် တားခဲ့ပြီ။

ရထားပေါ်မှာ
သွေးသောက်ရဲဘော်တွေနဲ့အတူ
အပြင်လေတ၀ရှူပြီး
ယမ်းမြူတွေအုံ့မှိုင်းနေတဲ့
အရိုင်းဗမာပြည်ကို
နာဇီလက်က ကယ်တင်ဖို့
လောကပါလနတ်မင်းကြီးလေးပါးဆီ
ငါတို့ . .
တရားသစ္စာဆိုခဲ့ကြပြီ . . . ။

တိုက်ကြီးဘူတာအ၀င်
ဆွဲဆွဲငင်ငင်အူလိုက်တဲ့
ရထားဥသြသံနဲ့အတူ
ဟိုး . . အဝေးက
အပြေးအလွှားရောက်လာတဲ့
ရဲဘော်တစ်ယောက်ရဲ့ မျက်ရည်တပေါက်ဟာ
ငါတို့ရင်ကို
မြားအစင်းစင်း ဖောက်စေခဲ့ပြီ . . . ။

ရိုးမတောင်တန်းကြီးတွေ
ကျောက်စိမ်းရောင်တောက်နေတဲ့
နေရောင်အောက်က ရှုခင်းတွေ
ရွှေဝါရောင်စပါးခင်းတွေဟာ
ခုတော့
စစ်ခင်းရာမြေ ဖြစ်ခဲ့ပြီ . . . ။

နတ္တလင်းဘူတာအရောက်
သားပျောက်မိခင်တဦးရဲ့
သား . . အော်ခေါ်သံဟာ
ရထားဥသြသံကို ဖုံးလွှမ်းသွားခဲ့ပြီ။

အိမ်မပြန်နိုင်သေးတဲ့သားအတွက်
မိခင်မေတ္တာဆိပ်တက်
ရထားနဲ့အတူ ပြေးလိုက်ပြီး
နှုတ်ဆက်မျက်ရည်စတွေ ဝေ့၀ဲလာခဲ့ပြီ။

ရဲဘော်အားလုံးရဲ့ မျက်ဝန်းတွေမှာလည်း ပုလဲဥတွေခိုလို့
"ဒါ ငိုစရာမဟုတ်ဘူး
မျက်ရည်တွေ သုတ်ပစ်လိုက်
ရန်သူကျေနပ်အားရအောင် မလုပ်ကြပါနဲ့"
ရထားတွဲအတွင်းက ရဲဘော်တဦးရဲ့ ဟန့်တားသံမှာ
နာကျည်းကြေကွဲဟန်တွေ ပါနေတယ်။

"ဒီတော်လှန်ရေးကြီးပြီးရင်
အမေတို့အားလုံးဆီ
သားတို့ အရောက်ပြန်လာခဲ့ပါမယ်" . . . . . . ။

နေချိုချိန်မှာ
ပြည်ဘူတာကို ရောက်ခဲ့ကြပြီ
ပြည်ရွှေဆံတော်ဘုရားပွဲဟာ
ခြိမ့်ခြိမ့်သဲစည်ကားနေတယ်။

ငါတို့ရဲ့ပြယုဂ်က
ငိုက်မြည်းစခေတ္တရာပြည်သူကို
သွေးပူနိုးထစေခဲ့ပြီ . . . . . . ။

ပြည်ဆောင်းည အအေးဒဏ်
သွေပြန်ကြောထဲကပြန်ထုတ်
လေးဘက်ကာအုတ်တံတိုင်းအတွင်း
နှစ်ညတာ ခေတ္တနားခိုရင်း
ပြည်တော်ဝင်သီချင်းဆိုခဲ့ကြပြီ . . . . . . ။

နှင်းမြူအုံ့မိုး
ဧရာဝတီမြစ်ရိုးတလျှောက်
နှင်းခါးသောက်သင်္ဘောတစ်စီး
လေဟုန်စီးမောင်းနှင်လာပြီ။

သင်္ဘောပေါ်မှာ
စားစရာကျွေးသူကကျွေး
အားပေးစကားပြောသူကပြော
ခပ်ချောချောဆရာမလေးတစ်ဦးရဲ့
နားလည်မှုအပြည့်နဲ့ ကရုဏာမျက်ဝန်းဟာ
တိမ်သလ္လာဖုံးထားတဲ့ကြားက
အားယူရုန်းထွက်လာတဲ့ အလင်းစက်ကြယ်တစ်ပွင့်လို
ငါတို့ရင်ကို
ရဲရင့်ငြိမ်းချမ်းစေခဲ့ပြီ။

ဗမာပြည် မြေလတ်သမိုင်း
ရိုင်းရတော့မယ် . . .
သရက်ဆိပ်ကမ်းမှာ
နံပါတ်တုတ်တွေတရမ်းရမ်း
မနုဿလူကြမ်းတွေရဲ့
လက်သရမ်းမှုတွေအောက်
တက်ခေါက်သံနဲ့အတူ
ခွပ်ဒေါင်းတွန်သံတွေ
ညံစီနေခဲ့ပြီ . . . . . . ။

ကဗျာဆန်လှတဲ့ ငွေသောင်ယံဟာ
ငါတို့အတွက်
ကာရန်မဲ့ခဲ့ရပြီ . . .
ရောမခေတ် ကျေးကျွန်တွေနဲ့မခြား
စစ်သုံ့ပန်း ငါတို့ဟာ
သံခြေကျင်း ပုခုံးထမ်းကိုယ်စီနဲ့
သဲသောင်နွံ ခယောင်းလမ်းမှာ
သွေးစက် ချွေးစက်တွေဖြန်း
သရက်အကျဉ်းထောင်ဆိုတဲ့
ငရဲခန်းအသစ်တစ်ခုဆီ
လှမ်းဝင်လာခဲ့ကြပြီ . . . . . . ။

လရိပ်တွေ
ကမ္ဘာမြေကိုစွန့်ခွာပြီး
ကောင်းကင်ယံပျံတက်ခဲ့ည
ဓူဝံကြယ်ကြွေကျ မြေခချိန်
သရက်အကျဉ်းစံအိမ်မှာ
မုန်တိုင်းတွေ လိမ့်ဆင်းလာပြီ . . . . . . ။ ။

(အင်းစိန်အကျဉ်းထောင်မှ သရက်အကျဉ်းထောင်သို့ အမှတ်တရ)

Read More...

Tuesday, September 25, 2007

ကောင်းလိုက်တဲ့ ဝေဖန်သုံးသပ်ချက် အကြုံပြုချက်


(ကိုနေမိုးရေ လူချင်းမသိပေမယ့် အကိုရဲ့ အကြုံပြုချက်တွေဟာ လက်ရှိ ဗမာ့နိုင်ငံရေးအတွက် အကောင်းဆုံး အကြံဥာဏ်တွေ ဖြစ်နေလို့ ပို့စ်အသစ်အနေနဲ့ တင်ပေးထားပါတယ်။)

မြန်မာနိုင်ငံအတွင်းက ဗုဒ္ဓဘာသာ သံဃာတော်တွေ ဦးဆောင်ကျင်းပတဲ့ ရဟန်းရှင်လူ ပြည်သူလူထု လူတန်းစားအားလုံးရဲ့ တရားမျှတတဲ့ ဒီမိုကရေစီစနစ် ဖော်ဆောင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ အရှိန်အဟုန်မြင့်လာတာဟာ ဒီနေ့ ၂၄ရက်နေ့မှာဆိုရင် ဦးဆောင် သံဃာတော်များ ကြေငြာထားတဲ့အတိုင်း တနိုင်ငံလုံး အတိုင်းအတာနဲ့ အထွေထွေသပိတ်ကြီးကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါဟာ သံဃာတော်များရဲ့ မေတ္တာစိတ်နဲ့ တောင်းဆိုချက်များကို ပြည်သူလူထုက ပူးပေါင်းထောက်ခံ ပြလိုက်ခြင်းပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြည်သူလူထုကသာ ရွေးချယ်ဆုံးဖြတ်နိုင်ရမယ့် ပြည်သူ့ဒီမိုကရေစီစစ်စစ်ကိုသာ လိုချင်ပါတယ်ဆိုတဲ့ ပြည်သူလူထုရဲ့ အမှန်တကယ် စိတ်ဆန္ဒကို ဖော်ထုတ်ပြလိုက်တာပါပဲ။

အချိန်ကာလ အနေနဲ့ကတော့ ၁၈ရက်နေ့က စပြီးရေတွက်မယ်ဆိုရင် ၇ ရက်ရှိခဲ့ပါပြီ။ ဒီရက်ပိုင်းအတွင်းမှာ ဒီလောက်အတိုင်းအတာအထိ ရောက်ရှိလာတာဟာ အောင်မြင်မှုရတယ်လို့ ယုံကြည်မိပါတယ်။ စစ်ဗိုလ်တွေဖက်ကို ကြည့်မယ်ဆိုရင်တော့ သူတို့ဟာ ငြိမ်နေပါတယ်။ ငြိမ်နေခြင်းမှာ အဓိပ္ပါယ်နှစ်မျိုးထွက်ပါတယ်။ အကောင်းဖက်ကို ဦးတည်မလား အဆိုးဖက်ကို ဦးတည်မလား သေချာပေါက်တော့ သူတို့တွေ တခုခု လုပ်လာပါတော့မယ်။ စစ်တပ်အတွင်းမှာ ရှေ့ဆက်ဆောင်ရွက်သင့်တဲ့ အကြောင်းကိစ္စများကို သဘောထား ကွဲလွဲနေကြလို့ အများသဘောတူ ဆုံးဖြတ်ချက်ကျအောင် ညှိနှိုင်းနေတာလည်း ဖြစ်နိုင်ပါတယ်။ ဘာလုပ်ရမယ်မှန်း သေသေချာချာ မဆုံးဖြတ်နိုင်ကြလို့ ရှေ့မတိုးသာ နောက်မဆုတ်သာ အဖြေရှာမရနိုင်တာလည်း ဖြစ်နိုင်ပါတယ်။

သာသနာရေးဝန်ကြီး သူရမြင့်မောင်ကတော့ သံဃာထုနှင့် လူထုတွေရဲ့ ဆန္ဒပြပွဲတွေကို ရပ်တန့်ဖို့နဲ့ ဆက်လုပ်လာပါက အကြမ်းဖက် နှိမ်နင်းရမယ်ဆိုပြီး မြန်မာ့ရုပ်မြင်သံကြား သတင်းအစီအစဉ်ကနေ ဒီနေ့မှာ ပြောလာပါပြီ။ စစ်တပ်အနေနဲ့ အသံနဲ့ ခြောက်တာလည်း ဖြစ်နိုင်ပါတယ်။ တကယ်တမ်းလုပ်ဖို့ ဆုံးဖြတ်ထားလို့ ကြေငြာလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ စစ်တပ်အနေနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတာနဲ့ မိုက်ရူးရဲဆန်တဲ့ သွေးတိုးစမ်း ခြေလှမ်းကို စလှမ်းလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ စစ်တပ်က ဒီလိုပြောလိုက်တာနဲ့ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ချင်တဲ့ သဘောလည်း ဖြစ်နိုင်ပါတယ်။ ဒီစကားမျိုးကို စစ်ဗိုလ်ချုပ်တွေကိုယ်စား ပြောလာတာဟာ အကြီးအကျယ် မှားယွင်းမှုတခုပါပဲ။ ဒီကနေ့ သံဃာထုနဲ့ ပြည်သူလူထုဟာ တပ်မတော်တခုလုံးကို မေတ္တာထားပြီး တိုင်းပြည် ငြိမ်းချမ်းသာယာရေးအတွက် စိတ်ကောင်း စေတနာကောင်း စွန့်လွှတ် အနစ်နာခံလိုမှုတွေကို အရင်းတည်ပြီး စေ့စပ်ဆွေးနွေးရေးအတွက် တောင်းဆိုချီတက်နေကြတာပါ။ ပြီးခဲ့တဲ့ ကျူးလွန်ပြစ်မှားမိတာတွေကို သင်ပုန်းချေ ခွင့်လွှတ်ကြေအေးဖို့ ကမ်းလှမ်းနေတာပါ။ ငြိမ်းချမ်းရေးကို တောင်းဆိုနေတာပါ။

မေတ္တာရေစင်နဲ့ ဖြန်းပက်လာတဲ့ သပြေခက်ကို လက်နဲ့ပုတ်ပြီး ခြေနဲ့နင်းဖို့တော့ မလုပ်သင့်ဘူးလို့ စစ်ဗိုလ်ချုပ်တွေအနေနဲ့ အသိတရားရှိရှိ ထားပြီး နားလည်လက်ခံစေချင်ပါတယ်။ မေတ္တာတရားကို အကြမ်းဖက်လမ်းစဉ်တွေနဲ့ ဖိနှိပ်အနိုင်ယူဖို့ ကြိုးစားလာမယ်ဆိုရင်တော့ သူလည်းနာ ကိုယ်လည်းနာ နှာခေါင်းသွေးအပျက်ပျက်နဲ့ အဖြစ်အပျက်ဆိုးတွေနဲ့ ဇာတ်သိမ်းရမယ့်အဖြစ်မျိုးတော့ မဖြစ်သင့်ပါဘူး။ ဒါကို စစ်ဗိုလ်ချုပ်တွေ သေသေချာချာ စဉ်းစားပြီး သံဃာထုနဲ့ ပြည်သူလူထုတောင်းဆိုတာတွေကို လိုက်လျောဖို့ ပြန်လည် ဆုံးဖြတ်သင့်ပါတယ်။

သံဃာတော်တွေနဲ့ ပြည်သူလူထုတွေကတော့ ဘယ်လိုအခြေအနေပဲ ရှေ့ဆက်ဖြစ်လာပါစေ ရင်ဆိုင်ဖြေရှင်းဖို့ အဆင့်သင့် ပြင်ဆင်ပြီးသားပါ။ နောက်ဆုံး သာသနာအကျိုး တိုင်းပြည်အကျိုးအတွက် အသက်ကိုပါ စွန့်လွှတ်ဖို့အထိ သံဃာတော်တွေ ကျောင်းသားတွေ ပြည်သူလူထုတွေက ရဲရင့်စွာ ဆုံးဖြတ်ထားကြပြီးသားပါ။ တိုင်းပြည်အကျိုးအတွက် ဒီတပွဲကတော့ အောင်မြင်အောင် အစွမ်းကုန် ရင်ဆိုင်ရတော့မယ့် အချိန်ကို ရောက်နေပြီဆိုတာ သံဃာတော်ထုနှင့် ပြည်သူလူထုတရပ်လုံးက နားလည်လက်ခံပြီးသား ဖြစ်နေပါပြီ။ ဒီတပွဲကတော့ အနိုင်ရအောင် မဖြစ်မနေ ပေးဆပ်ရင်းနှီးရပါလိမ့်မယ်။ သာသနာတော်ကို တစွန်းတစလေး ထိပါးမိလိုက်တာလေးနဲ့တင် အခုလို အခြေအနေတွေ ဖြစ်လာတာပါ။ သာသနာတော်နှင့်တကွ သံဃာထုတရပ်လုံးအရေး၊ ပြည်သူလူထုနှင့်တကွ အမျိုးသားတရပ်လုံးအရေး၊ မျိုးဆက်သစ်များနှင့် တိုင်းပြည်၏အနာဂါတ်အရေးတို့ကို စစ်ဗိုလ်ချုပ်တွေအနေနဲ့ ထိပါး နှောင့်ယှက် ဖျက်ဆီးဖြိုခွဲလာမယ်ဆိုရင် ရှေ့ဆက်ပြီးတော့ ဆိုးကျိုးတွေကိုပဲ ဆက်လက်ရင်ဆိုင်ရမယ်ဆိုတာ သဘောပေါက်စေချင်တယ်။ ဒါဟာ မလွဲမသွေ ရင်ဆိုင် ကြုံတွေ့လာရမယ့် သဘာဝ အမှန်တရား ထုတ်ဖော်ချက်တခုလည်း ဖြစ်တယ်။

သံဃာတော်တွေမှာလည်း တနေ့ပြီးတနေ့ ပွဲဆက်လာတာဟာ တော်တော်ပင်ပန်းလာနေပါပြီ။ စိတ်ဓာတ်အင်အားရှေ့ဆောင်မှုနဲ့ ချီတက်နေရတယ် ဆိုပေမယ့် အစာ အာဟာရ လိုအပ်မှုကြောင့် ရေရှည်အတွက်တော့ အင်အားထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ အဲဒီလို ဖြစ်လာရင်တော့ အခုအချိန်ထိ အရှိန်အဟုန်မြင့်မားလာတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက် ဆန္ဒပြပွဲတွေမှာ ရေရှည်အကျိုးကို ထိခိုက်လာပါလိမ့်မယ်။ ဒီပွဲဟာ မြန်မြန်ပြတ်လေ ကောင်းလေပါပဲ။ ဗုဒ္ဓမြတ်စွာဘုရားကလည်း အခုလုပ်ရင် အခုဖြစ်တယ် ဒီနေ့လုပ်ရင် ဒီနေ့ဖြစ်တယ် ဘာအကြောင်းနဲ့မှ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို အချိန်မဆွဲသင့်ဘူးလို့ ဟောပြလမ်းညွှန်ထားတာ အားလုံးအသိပါပဲ။ အခုတခါ ဒီပွဲကိုလည်း အချိန်တိုတိုအတွင်း ထိထိရောက်ရောက်နဲ့ အကျိုးရလဒ်ကောင်းတွေ ရလာဖို့ အမြန်ဆုံး အကောင်အထည်ဖော် လုပ်ဆောင်သင့်နေပါပြီ။


ဒီနေ့ဆိုရင် ဦးဆောင်သံဃာတော်များ ကြေငြာဖိတ်ခေါ်ထားသလို တနိုင်ငံလုံးအနှံ့ အထွေထွေသပိတ်ကြီးမှာ ကျောင်းသားပြည်သူတွေ တတပ်တအား ပါဝင်လာကြပါပြီ။ နောက်တဆင့်အနေနဲ့ အစိုးရ၀န်ထမ်းတွေကို ကြေငြာဖိတ်ခေါ်ဖို့ လိုအပ်နေပါတယ်။ ဦးဆောင် သံဃာတော်များအနေနဲ့ အခုလာမယ့် ၂၇ရက်နေ့ ကြာသပတေးနေ့ကစပြီး တပြိုင်တည်း အစိုးရ၀န်ထမ်းအားလုံးကို တနိုင်ငံလုံးအနှံ့ မြို့တိုင်းမြို့တိုင်းမှာ ရုံးမတက်ပဲ ကိုယ့်အိမ်တွေမှာနေပြီး နေမကောင်းလို့ခွင့်တိုင်ထားတဲ့ပုံစံမျိုးနဲ့ ရုံးမတက်ပဲ အစိုးရကို သံဃာတော်များရဲ့ တောင်းဆိုချက်များကို ဆောင်ရွက်မပေးသေးသရွေ့ သပိတ်မှောက်ကြဖို့ တိုက်တွန်း ဖိတ်ခေါ်သင့်ပါတယ်။ အခုလာမယ့် ၂၇ရက် ကြာသပတေးနေ့ပါ။ အစိုးရ၀န်ထမ်းတွေ ရုံးမတက်ပဲ နေလိုက်ခြင်းအားဖြင့် စစ်တပ်ကို နောက်ခံပြုပေးနေတဲ့ အစိုးရယန္တယား လည်ပတ်မှုတွေအားလုံး ရပ်တန့်သွားမှာပါ။ ၀န်ထမ်းတွေ အလုပ်မလုပ်ပေးရင် ဒီစစ်ဗိုလ်တွေ အနေနဲ့ အစိုးရတရပ်အဖြစ် ဘယ်လိုမှ ခေါင်းထောင်နေလို့မရနိုင်ပါဘူး။ အဲဒါကြောင့် နောက်တဆင့်ခြေလှမ်းအနေနဲ့ ၀န်ထမ်းတွေအတွက် ရက်ချိန်းခေါ်ပြီး တပြိုင်တည်း လုပ်ဆောင်နိုင်အောင် ဦးဆောင်သံဃာတော်များက ပန်ကြားပေးစေချင်ပါတယ်။ ၀န်ထမ်းတွေပါလာရင် စစ်ဗိုလ်တွေဟာ အစိုးရအဆင့်အနေနဲ့ ရပ်တည်လို့ မရနိုင်တော့ပါဘူး။

အဲဒီနောက်မှာ အခုနာမည်ဆိုးနဲ့ သတင်းကြီးနေတဲ့ ကြံ့ဖွတ်အသင်းဝင်တွေကိုလည်း မဆလတုန်းကလို အသင်းဝင်အဖြစ်မှ နှုတ်ထွက်ကြဖို့ မေတ္တာထားပြီး ထပ်ဆင့် ပန်ကြား ဖိတ်ခေါ်ပေးစေချင်ပါတယ်။ ၂၇ရက် ကြာသပတေးနေ့ အဖြစ်တပေါင်းတည်း သတ်မှတ်ရင် အကောင်းဆုံးပါပဲ။ အစိုးရရဲ့ စစ်ဖက်ဆိုင်ရာ အရပ်ဖက်ဆိုင်ရာ ၀န်ထမ်းတွေနဲ့ ကြံ့ဖွံ့အသင်းဝင်တွေဟာ အများစုကတော့ ဗုဒ္ဓဘာသာဝင်တွေပါပဲ။ သူတို့တတွေလည်း ဗုဒ္ဓဘာသာကို ယုံကြည်လေးစားမှုအရ သံဃာတော်အရှင်မြတ်တွေနဲ့ ပူးပေါင်းချင်တဲ့ စိတ်ရင်းကတော့ ရှိမှာ အမှန်ပါပဲ။ မတတ်သာလို့သာ ငြိမ်နေကြရမှာပါ မခံချင်စိတ်နဲ့ အံတုချင်နေတဲ့ အာသီသတွေလည်း သူတို့တွေရဲ့ စိတ်ထဲမှာ အဆင်သင့်ရှိနေမှာ အမှန်ပါပဲ။

နောက်ဆုံးကတော့ ကျေးလက်ဒေသအသီးသီးမှာရှိနေတဲ့ တောင်သူလယ်သမား ဦးကြီးများကို ဒေသဆိုင်ရာ မြို့နယ်အလိုက် ကိုယ့်မြို့တွေမှာရှိတဲ့ သံဃာတော်တွေရဲ့ မေတ္တာပို့လမ်းလျှောက် သပိတ်မှောက် ဆန္ဒပြပွဲတွေကို ထောက်ခံအားပေးဖို့ ပန်ကြားဖိတ်ခေါ် ပေးသင့်ပါတယ်။ ဒီအချိန်မှာ ဆင်းရဲနွမ်းပါးမှုကို အခြေခံအကျဆုံး ခံစားနေရတဲ့ ကျေးလက်ဒေသက တောင်သူလယ်သမား ဦးကြီးများကို ချန်ထားလို့ မဖြစ်ပါဘူး။ အချိန်အခါအရလည်း မဖြစ်မနေ ဆောင်ရွက်ဖို့ သင့်တော်လှပါတယ်။ တောင်သူလယ်သမားဦးကြီးများ ဆိုတာကလည်း အများစုက ဗုဒ္ဓဘာသာဝင်တွေပါပဲ။ သူတို့လည်း အခုလို အချိန်အခါမှာ တတပ်တအား သံဃာတော်များနှင့် ပူးပေါင်းပါဝင် ထောက်ခံဖို့ စိတ်ဆန္ဒပြင်းပြနေမှာ အမှန်ပါပဲ။

တပ်မတော်အတွင်းက မျိုးချစ်စစ်သားတွေအတွက်ကိုလည်း အထူးအရေးပေးပြီး ပူးပေါင်းပါဝင်ဖို့ အဆက်မပြတ် တောင်းဆို နေတာကတော့ အကောင်းဆုံးပါပဲ။ တချိန်မဟုတ် တချိန်တော့ နားဝင် လက်ခံလာမှာပါ။ အဲဒီလို အဖက်ဖက်က အင်အားစုတွေ ပေါင်းစည်းမိလာတဲ့ အချိန်မှာတော့ နောက်လာမယ့်အပါတ်မှာ `အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည်´ `၁၉၉၀ပြည့်ရွေးကောက်ပွဲအနိုင်ရ အမတ်လောင်း လွှတ်တော်ကိုယ်စားလှယ်များနှင့်သာ ဖွဲ့စည်းအပ်သည့် လူထုအစိုးရကိုသာ ထောက်ခံသည်´ ဆိုတဲ့ ထပ်ဆင့် တောင်းဆိုချက်များကို တိုးမြှင့်တောင်းဆိုရင်း ငြိမ်းချမ်းစွာ အချိန်တိုတိုအတွင်းမှာ ထိရောက်အောင်မြင်မှုရအောင် ဆက်လက်ချီတက် အင်အားပြသင့်ပါသည်။ အဲဒီအချိန်ဆိုရင် တတိုင်းပြည်လုံးရဲ့ ဆန္ဒသဘောထား အမှန်တွေ ဒီနေ့ထက်ပိုပြီး ပေါင်းစည်း အားကောင်းလာမှာပါ အမှန်ပါပဲ။ တတိုင်းတပြည်လုံးက လူထုလူတန်းစားတွေအားလုံးရဲ့ စည်းလုံးညီညွှတ်တဲ့ သဘောထားတွေ ထွက်ပေါ်လာပြီးတဲ့နောက်မှာတော့ စစ်ဗိုလ်ချုပ်တွေ သူတို့လုပ်ချင်တာ ဘာတခုမှ လုပ်နိုင်မှာ မဟုတ်တော့ပဲ အများဆန္ဒအရ စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ပေးရမှာ ဖြစ်ပါတယ်။

အကြံပြုချက်။ ။ ဦးဆောင် သံဃာတော်များအနေဖြင့် ပန်ကြားဆော်သြပေးပါရန် ရိုသေလေးမြတ်စွာ လက်ဆယ်ဖြာထိပ်မှာမိုးလျှက်

၁။ ဌာနဆိုင်ရာအသီးသီးက မြို့နယ်တိုင်းမှာရှိတဲ့ ၀န်ထမ်းများကို ယခုလာမည့် ၂၇ရက်နေ့ ကြာသပတေးနေ့မှ စတင်ကာ ရုံးမတက် အလုပ်မဆင်းတော့ပဲ ကိုယ့်အိမ်များတွင်သာနေကြရန်။
၂။ ကြံခိုင်ဖွံ့ဖြိုးရေးအသင်းဝင်များကိုလည်း ၂၇ရက်နေ့ ကြာသပတေးနေ့မှစတင်၍ အသင်းဝင်အဖြစ်မှ နှုတ်ထွက်ကြောင်း အဆို တင်သွင်းကြခြင်းဖြင့် သံဃာထုနှင့် ပြည်သူလူထုကို ပူးပေါင်းထောက်ခံကြပါရန်။
၃။ ၂၇ရက်နေ့ ကြာသပတေးနေ့မှစတင်၍ ကျေးလက်ဒေသမှ တောင်သူလယ်သမားဦးကြီးများကို လက်လှမ်းမီသလောက် အုပ်စုများ ဖွဲ့စည်းပြီးနောက် ဒေသဆိုင်ရာမြို့များသို့တက်၍ မေတ္တာပို့ လမ်းလျှောက်ဆန္ဒပြသော သံဃာထုများနှင့် ပူးပေါင်းပါဝင်ပါရန်။
၎။`အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည်´ `၁၉၉၀ခုနှစ် ရွေးကောက်ပွဲအနိုင်ရ အမတ်လောင်း လွှတ်တော်ကိုယ်စားလှယ်များနှင့်သာ ဖွဲ့စည်းအပ်သည့် လူထုအစိုးရကိုသာ ထောက်ခံသည်´ ဆိုတဲ့ ထပ်ဆင့် တောင်းဆိုချက်များကို တိုးမြှင့်တောင်းဆိုပေးပါရန်။
၅။ ဆန္ဒပြချီတက်ပွဲများတွင် ရှေ့ဆုံးတပ်ဦးမှာ ဗုဒ္ဓဆင်းတုတော်များကို ဝေါစင်များပေါ်တွင် တင်ဆောင်၍ ခမ်းနားထည်ဝါစွာ ပြင်ဆင်ပြီးမှ ချီတက်ကြပါရန်။

ငြိမ်းချမ်းသာယာသော ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ ရည်ရွယ်လျှက်

Read More...

Sunday, September 23, 2007

ငရဲသားများမှ ယမမင်းကြီးအား ဆန္ဒပြခြင်း


လူ့ပြည်လူ့ရွာ၏ အချိန် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်၊ နေ့လည် ၁၂း၀၀ နာရီခန့်တွင် ငရဲပြည်တွင် ဆူညံပွက်လော ရိုက်သံများဖြင့် တစာစာ အော်ဟစ်မြည်တမ်းသံများကို ကြားလိုက်ရသဖြင့် ယမမင်းကြီးက ၎င်း၏ အရာရှိများအား စုံစမ်းစေရာ ငရဲသူငရဲသားများ ထကြွသောင်းကျန်းနေကြောင်း သိရှိရသဖြင့် စုံစမ်းရန် (သို့) ဖြေရှင်းရန် (သို့) နှိမ်နင်းရန်အတွက် အခင်းဖြစ်ရာ မဟာအ၀ီစိငရဲသို့ နောက်လိုက်အင်အား အပြည့်အစုံဖြင့် သွားရောက်ခဲ့ပါသည်။

အခင်းဖြစ်ပွားရခြင်း အကြောင်းရင်းကို အဓိပ္ပာယ်မယွင်းရလေအောာင် မူရင်း အသံသွင်းချက်အတိုင်း အောက်တွင် ဖော်ပြ လိုက်ရပါသည်။

"ကဲ အသင်မောင်မင်းတို့ ဘာတွေများ ဆူညံဆူညံ လုပ်နေရတာတုန်း။"

"အကျွန်တို့ရဲ့ အပြစ်ကျတော့ အရှင်မင်းကြီးတို့က အပြစ်ပေးတယ်။ သူတို့ကျတော့ရော"

"သူတို့ကို အကျွန်တို့နဲ့ အတူတူ မထားရဘူး ဘုရား။"

"သူတို့ကိုမှ အပြစ်မပေးရင် အကျွန်တို့လည်း မခံဘူး။"

"ပုန်ကန်ရမှာပဲဟေ့။"

"ဟေ့ အေးအေးဆေးဆေး ပြောကြပါကွယ်ရို့။"

"နေ .. နေကြပါအုံး။ မောင်မင်းတို့ ဒီလို တစ်ယောက်တစ်ပေါက် ပြောနေရင် ဘယ်လို လိုရင်းရောက်မှာလဲ"

"ဘယ်သူခေါင်းဆောင်လဲ။ အဲဒီလူ ရှေ့ထွက်ခဲ့။ အဲဒီလူနဲ့ပဲ စကားပြောမယ်။"

"ဘာလဲ အရှင်မင်းကြီးက ခေါင်းဆောင်ကို ဖမ်းချုပ်ပြီး ပိုကြီးလေးတဲ့ အပြစ်ပေးမလို့လား။ အကျွန်တို့ အကုန်လုံးက ခေါင်းဆောင်ပဲ။"

"မလွယ်ပါလားကွယ်ရို့။ မင်းတို့ ဒီလို ဆူညံဆူညံပြောနေရင် ဘယ်လိုလုပ် ငါက ဆုံးဖြတ်ပေးရမှာလဲ။"

"ငါ့ရှင် ဒေ၀ဒတ် ထွက်ပါ။"

"ဟုတ်တယ် ဟုတ်တယ်"

"အားလုံး တိတ်တိတ်နေကြစမ်း။ ဟုတ်ပြီ မောင်မင်း ဒေ၀ဒတ် ထွက်ခဲ့ပါ။ အခုဖြစ်ရတာ ဘာကြောင့်လဲ။ ဘာတွေကို လိုချင်လာရပြန်တာတုံး။"

"လူ့ပြည်လူ့ရွာရှိ ဗုဒ္ဓဘာသာ သာသနာ ထွန်းကားရာ ဗမာပြည်မှာ ဘုရားမရှိ၊ တရားမသိ၊ သံဃာမလေးတဲ့ သာသနာဖျက်များ သောင်းကျန်းမင်းမူလျက် ရှိကြောင်း ကြားသိရပါတယ် အရှင်။"

"(မသိချင်ယောင်ဆောင်လျက်) အဲ . . ဟုတ်ပြီလေ။ အဲဒါ အသင်တို့နဲ့ မည်သို့မည်ပုံ ပတ်သက်နေလို့လဲ။"

"သက်ဆိုင်တာပေါ့ အရှင်။ ဒါဟာ အကျွန်တို့နဲ့ တိုက်ရိုက်သက်ဆိုင်လာတော့မယ်ဟာမို့ အကျွန်တို့ အထပ်တိုင်း အထပ်တိုင်းမှာ ရှိတဲ့ ကိုယ်စားလှယ်တွေစုဝေး တိုင်ပင်ပြီး အရှင့်ဆီမှာ အရေးဆိုဖို့ ဆုံးဖြတ်လို့ အခု အရှင်မေးနေတာ အဲဒီအကြောင်းတွေပေါ့။"

"အကျွန်တို့ တိုင်ပင်ပြီး တောင်းဆိုချက်များကို ထုတ်ပြန်ပါတယ်။ အရှင် အဆောတလျင် အရေးယူပေးပါရန် ပန်ကြားအပ်ပါတယ်။"

"ကဲ . . ကဲ . . ဖတ်ပြစမ်းပါအုံး။"

အကျွန်တို့ ငရဲသူ ငရဲသားများ အများစုဆန္ဒဖြင့် ဆုံးဖြတ်ထားသော ကြေညာချက်မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

"ငရဲသူ၊ ငရဲသားများ၏ ကြေညာချက်"

လူ့ပြည်လူ့ရွာရှိ ဗုဒ္ဓရှင်တော်၏ ဘာသာ၊ သာသနာ ထွန်းကားရာ၊ စည်ပင်ရာ၊ စောင့်ရှောက်ရာတို့၏ အခြေခံဖြစ်တော်မူသော တိုင်းဌာနီ ဗမာပြည် တွင် ဘုရားမရှိ၊ တရားမသိ၊ သံဃာမလေးတဲ့ သာသနာဖျက်များ သောင်းကျန်းမင်းမူလျက်ရှိရာ ၎င်းတို့၏ လားရာပကတိကား အကျွန်တို့၏ ငရဲဘုံသို့ပင် ဦးတည်လျက်ရှိပေသည်။

၁။ ထိုသူတို့ကား နအဖ စစ်အုပ်စုများ၊ အလိုတော်ရိ အပေါင်းအပါများ၊ ကြံ့ဖွတ်၊ အမျိုးသမီးရေးရာ၊ စွမ်းအားရှင်ဆိုသူများပင် ဖြစ်ပါသည်။ ဤသို့သော အနှီပုဂ္ဂိုလ်တို့အား အဘယ်အတွက်ကြောင့် အသင်မင်းကြီးမှ အပြစ်မယူ လူ့ပြည်လူ့ရွာတွင် ဆက်လက်ထားရှိရပါသလဲ ဆိုတာကို အမြန်ဆုံး ဖြေရှင်းချက် ပေးရန်။

၂။ ထိုသူတို့မှာ လားရာအမှန်ကား မဟာအ၀ီစိ ငရဲပင်ဖြစ်၍ ပြုခဲ့သော အကုသိုလ်ကံအလိုက် အထပ်ထပ်တိုင်းတွင် ၀ဋ်ကြွေး ပေးဆပ်နေရသော (အထူးသဖြင့် မဟာအ၀ီစိငရဲမှ) အကျွန်တို့မှ ၎င်းတို့ရောက်လာပါက မည်သို့မျှ လက်ခံနိုင်မည်မဟုတ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။ ၎င်းတို့အား အကျွန်တို့နှင့် တတန်းတစားတည်း သတ်မှတ်၍ ထားရှိမည်ကို မည်သို့မျှ လက်ခံနိုင်မည် မဟုတ်ကြောင်း အသိပေး အကြောင်းကြားလိုက်သည်။

၃။ သို့ဖြစ်ပါ၍ အသင်မင်းကြီးမှ သက်ဆိုင်သောသူများနှင့် တိုင်ပင်၍ အထပ်သစ်များ ထပ်မံဖွင့်လှစ်ရန် (သို့မဟုတ်) ငရဲဘုံတွင် လက်မခံဘဲ ဘုံအသစ်တစ်ခု ဖွင့်လှစ်ရန် ကြိုတင်စီစဉ်ထားပါရန် ပန်ကြားအပ်ပါသည်။

(ပုံ)
ငရဲသူငရဲသားများ

"အိမ်း . . . ငါလည်း သက်ဆိုင်ရာတွေနဲ့ ညှိနှိုင်းနေတာပဲ မောင်မင်း ဒေ၀ဒတ် . . . ။ ကံငါးပါးထိုက်လို့ ရောက်လာတဲ့ မင်းတို့လို တစ်ယောက်စီ၊ တစ်ယောက်စီ ရောက်လာတာက ငါ့အတွက် အပန်းမကြီးဘူးကွ။ အခုဟာက တပြုံတမကြီး လာမှာဆိုတော့ ငါလည်း ခေါင်းစားတယ်ကွာ။ အားလုံးနဲ့တော့ ညှိနှိုင်းတိုင်ပင်နေတာပဲကွ။ လတ်တလောတော့ အထပ်တွေ တိုးချဲ့ဆောက်နေတာပဲ။" (ဤသတင်းဆောင်းပါးကို ဤနေရာ နှင့် ဤနေရာ များတွင် ဖတ်ရှုနိုင်ပါသည်။)

"ဒါပဲနော် မင်းကြီး။ အကျွန်တို့ကို ချွေးသိပ်ဖို့တော့ မစဉ်းစားပါနဲ့။ အကျွန်တို့က အားလုံးသေချာတိုင်ပင်ပြီးမှ ဒီဆုံးဖြတ်ချက်ကို ချမှတ်လိုက်တာပဲ။ အကျွန်က မှားခဲ့မိလို့ ပြစ်ဒဏ်ခံရတာ။ အကျွန်က ကိုယ့်အပြစ်ကိုယ်သိလို့ မြတ်စွာဘုရားရှင်ကို လက်အုပ်ချီမိုး ကန်တော့တောင်းပန်ခဲ့သေးတယ်။ အကျွန်က ကိုယ့်အမှား ကိုယ်သိခဲ့သေးတယ်။ စော်ကားမိခဲ့တဲ့ ၀ဋ်ကြွေးတွေကို အခု ပြန်ဆပ်နေရတာ။ သူတို့က ငရဲကျရင်တောင် တောင်းပန်ကန်တော့မယ့် လူစားမျိုးတွေ၊ နောင်တရမယ့် လူစားမျိုးတွေ မဟုတ်ဘူး။"

"ဒါနဲ့ အကျွန်တို့ အချက် (၁) မှာ တောင်းဆိုထားတဲ့ ဖြေရှင်းချက်ပေးရန်ကို အရှင်မင်းကြီး ဘယ်လို ရှင်းပေးမှာလဲ။ ဘာကြောင့်မို့လို့ သူတို့တွေကို အရေးမယူသေးဘဲ ထားရတာလဲ။"

"ဟဲ့ အသင် ငမိုက်သားတို့ရဲ့ ဟိုမှာက ၁၉ နှစ်ကျော် ခံလာရလို့ ခံနိုင်ရည်ရှိနေသေးတယ်ကွ။ မင်းတို့ပဲ အခုတောင် လာတော့မယ့် အသံလေး ကြားတာတောင် တခါမှ ငါ့ရာဇ၀င်မှာ မရှိဘူးတဲ့ ဆန္ဒပြတယ်လေးနဲ့ ဟိုဟာ တောင်းဆို၊ ဒီဟာ တောင်းဆိုနဲ့။ ငါက ဒါတွေ ကြိုမြင်လို့ ပြင်ဆင်နေတာကွ။"

"အရှင် အခုလို အချိန်ဆွဲနေလို့ အခုဆို ဘာမှန်းညာမှန်းမသိဘဲ ကံငါးပါးထိုက်မယ့်သူတွေ အများကြီးပါလာပြီ။ တကယ်တမ်း ပြောကြေးဆို အရှင့် ပယောဂတောင် မကင်းဘူး။"

"အံမယ်။ မင်းတို့က ငါ့ကိုတောင် ဆွဲထည့်နေပြန်ပြီ။ မင်းတို့လည်း ကြားဖူးသားနဲ့။ ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည် ဆိုတာလေ။ ဘယ်သူမပြု မိမိမှုပဲကွ။"

"အိမ်း . . မင်းတို့လည်း အေးအေးဆေးဆေး ကိုယ့်ဝဋ်ကြွေး ကိုယ်ကျေအောင် ပြန်ဆပ်ကြတော့။ ငါ့မှာ ဒီကိစ္စတွေနဲ့ ခေါင်းစားနေလို့ တစ်ရက်မှ ကောင်းကောင်းမအိပ်ရသေးဘူး။ လောကနိယာမကို ဘယ်သူမှ မလွန်ဆန်နိုင်ပါဘူး။"

Read More...

Thursday, September 20, 2007

ဦးခိုက်လျှောက်တင်အပ်ပါသည် ဘုရား


ဘာသာ၊ သာသနာ အဓွန့်ရှည်စေရန် ထိန်းသိမ်းစောင့်ရှောက်ဖို့ ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်တော်မြတ် ချမှတ်တော်မူခဲ့တဲ့ ပညတ်တော် မူခဲ့တဲ့ ပတ္တနိက္ကုဇ္ဖနကံ ၀ိနည်းပုဒ်ကို အလေးအမြတ်ပြု၍ ရဟန်းရှင် ကိုယ်တော်မြတ်တွေကတော့ နိုင်ငံတ၀ှမ်း ကံဆောင်လိုက်ပါပြီ။ ကံဆောင်ခြင်းကို ထင်ရှားစိမ့်သောငှာ သံဃာတော်တွေမှ ကြည်ညိုဖွယ် လမ်းလျှောက်ကြွချီခြင်း၊ မေတ္တာသုတ် ရွတ်ဖတ်ခြင်းများကို လှိုက်လှဲစွာ သာဓုခေါ်ဆိုရင်း သြော် . . . ဒါကြောင့် ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ဟာ သာသနာကို ထိန်းသိမ်းဖို့ ဘုရားသားတော်အဖြစ် သံဃာတော်တွေကို ထားခဲ့ခြင်းပါလားလို့ ဆင်ခြင်မိပါတယ်။ သာသနာကို စော်ကား၊ စော်ကားပြီးတာတောင်မှ သံသရာမကြောက် ငရဲမကြောက် အာဏာရူးလူတစ်စုကို ကိုယ်တော်ရှင်မြတ်များ၏ မေတ္တာဓာတ်ဖြင့် လွှမ်းခြုံရစ်သိုင်းလို့ မှီပါအုံးမလား။
(ကိုယ်ပြုသောကံ ကိုယ်ထံပြန်လာတဲ့အခါ သံသရာဝဋ်ကြွေးကို ကြံ့ကြံ့ခံ၍ အပြုံးမပျက် ခံယူနိုင်ပါစေ။)

အင်တာနက်၊ မီဒီယာတွေမှာ ချက်ချင်း၊ ချက်ချင်းတက်လာနေတဲ့ သတင်းတွေ၊ သံဃာ့ဇာနည် အရှင်ဘုရားတို့ရဲ့ မှတ်တမ်းဓာတ်ပုံတွေကြည့်ရင်းနဲ့ မျက်ရည်တွေ ကျလာအောင်ကို ၀မ်းနည်းကြေကွဲမိပါတယ်။ ဘယ်လိုမှ နေလို့မရတာနဲ့ အိမ်က ဘုရားစင်ရှေ့တွင် ထိုင်၍ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ဦးခိုက်၍ ဤကဲ့သို့ သစ္စာပြုခဲ့ပါသည် ဘုရား။


ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ


ဒုတိယမ္ပိ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ


တတိယမ္ပိ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ


အရှင်ဘုရား တပည့်တော်သည် မွေးစကတည်းကပင် ဗုဒ္ဓဘာသာဝင်အဖြစ် တည်ခဲ့ပြီးဖြစ်ပါသည်။ ဘာသာ၊ သာသနာကို လေ့လာ ဖတ်ရှုမှတ်သား နာကြားရသည်မှ စ၍ ဘုရားတပည့်တော်သည် ဗုဒ္ဓဘာသာ ဗုဒ္ဓသာသနာကို ယုံကြည်ကိုးကွယ်လျက်ရှိပါသည် ဘုရား။

ဘုရားတပည့်တော်သည် လူမှန်း သိတတ်စအရွယ်မှစ၍ အခုမျက်မှောက်အချိန်ထိ သတ္တ၀ါများကို ညှဉ်းပမ်းနှိပ်စက်ခြင်း၊ လူလူချင်း ညှဉ်းပမ်းနှိပ်စက်ခြင်း၊ ဆဲရေးခြင်း၊ နှိမ်ချပြောဆိုခြင်း၊ မပြုလုပ်ခဲ့ပါ ဘုရား။

ဤမှန်သော သစ္စာစကားကြောင့် ဘုရား၏ သားတော်များဖြစ်သော ရဟန်းသံဃာတော်များ၊ ဘာသာ သာသနာကို သက်ဝင် ယုံကြည်၍ စစ်မှန်သော သဒ္ဓါတရားတို့ဖြင့် ပစ္စည်းလေးပါးကို ထောက်ပံ့လှူဒါန်းလျက်ရှိသော ဒါယကာ၊ ဒါယိကာမ အပေါင်းတို့ ကိုယ်စိတ်နှစ်ပါး ချမ်းသာရာသို့ ဆိုက်ရောက်၍ ဘေးရန်မခ သာသနာအကျိုးကို ဆထက်ထမ်းပိုး ထမ်းရွက်နိုင်ပါစေ ဘုရား။

(အရှင်ဘုရားတို့၏ ပတ္တနိက္ကုဇ္ဖနကံဆောင်ခြင်းကို ဘုရားတပည့်တော်သည် ဗုဒ္ဓဘာသာဝင်တို့၏ စစ်မှန်သော ယုံကြည်ကိုးကွယ်မှု ဖြင့် သံသယမရှိ အကြွင်းမဲ့ ထောက်ခံပါသည် ဘုရား။ ဘုရားစကားပဲ နားထောင်ပါမည် ဘုရား။)

Read More...