Tuesday, July 03, 2007

ကျနော်လည်း ဆန္ဒပြုလိုက်ပါတယ်


“ဦးဝင်းတင်နဲ့ ခွင့်/ကာအဖွဲ့ရဲ့ ထောင်တွင်းတိုက်ပွဲ”

လွင်မောင်သန်း

၂၀၀၇ ခုနှစ် မတ်လ (၁၂) ရက်နေ့က လူသိများ ထင်ရှားတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့
(၇၇) နှစ်ပြည့် မွေးနေ့ဖြစ်တယ်။ သူက တကိုယ်တည်း လူပျိုကြီးဆိုတော့ အဲသည်နေ့မှာပဲ ထောင်ဝင်စာ သွားတွေ့တဲ့ သူ့သူငယ်ချင်းကတဆင့် ပြောလိုက်တယ်။ မတ်လ (၈) ရက်နေ့က အကျဉ်းဦးစီးညွှန်ချုပ် တန်းစီမှာ “ကျနော့်ကိုလွှတ်ပေးဖို့ အသနားခံ တောင်းဆိုနေတာ မဟုတ်ဘူး၊ ကျနော့်ကို ထောင်ဒဏ် အနှစ် (၂၀) ချထားတာ၊ အခု ထောင်တွင်းနေသား (၁၈) နှစ်ရှိပြီဖြစ်လို့ အကျဉ်းသားတယောက်ရဲ့ ရပိုင်ခွင့် အခွင့်အရေးအရ ကျနော့်ကိုလွှတ်ပေးသင့်တဲ့ရက်ထက် အများကြီးကျော်လွန်နေပါပြီ”။ သူတို့ပဲ လက်ကိုင်ထားတဲ့ အကျဉ်းထောင်လက်စွဲဥပဒေ (Jail Manual) အရ မည်သည့်အကျဉ်းသားမဆို ဆုမှတ်ရက်များကို အဆင့် (၃) ဆင့်ခွဲ၍ ခံစားခွင့်ရှိသည်လို့ ဥပဒေတွင် ပြဋ္ဌာန်းထားပါတယ်။

အကျဉ်းသားတိုင်း ‘ကကြီး’ ကွာ (‘A’ grade Quart) အတွက် ဆုမှတ်ရက် (၄၅) ရက်၊ ‘ခခွေး’ ကွာ အတွက် ဆုမှတ်ရက် (၃၂) ရက်နဲ့ ‘ဂငယ်’ ကွာအတွက် ဆုမှတ်ရက် (၂၃) ရက် ခံစားခွင့်ရှိရမယ်။ ကွာဆိုတာ (၃) လတကြိမ်စီနဲ့ တနှစ်ကို (၄) ကွာရှိတယ်။ အနိမ့်ဆုံးဆုမှတ်ရက် ‘ဂငယ်’ ကွာရတဲ့ အကျဉ်းသားတဦးဟာ နေသား (၃) လပြည့်ပြီးတိုင်း ဆုမှတ်ရက် (၂၃) ရက်ရတာဖြစ်လို့ နေသား တနှစ်ရှိရင် အပိုဆောင်းဆုမှတ်ရက် (၃) လ ကျော်ရသွားပြီဖြစ်ပါတယ်။ အဘဝတီလို ထောင်ဒဏ်အနှစ် (၂၀) ကျခံနေရသူတဦးဟာ ထောင်တွင်းနေသား (၁၆) နှစ်ရှိပြီဆိုတာနဲ့ ဥပဒေအရ လွှတ်ပေးရပါတယ်။ ခုတော့ အကျဉ်းသားတယောက်ရဲ့ ရပိုင်ခွင့် အခွင့်အရေးကို ချိုးဖောက်ခံနေရပါပြီ။

ထောင်တွင်းတိုက်ပွဲဆိုတာ အပြောလွယ်သလောက် အတော်ကို အလုပ်ရခက်ပါတယ်။ တချို့ကလည်း ရပြီးသား၊ ရှိပြီးသား အခွင့်အရေးလေးတွေ ပျောက်သွားမှာကို အရမ်းစိုးရိမ်ကြပါတယ်။ တိုက်ဝင်း အတွင်းထဲမှာ လွတ်လွတ်လပ်လပ် သွားလာနေရတာတို့၊ ရေအဝချိုးရတာတို့ အပါအဝင်ပေါ့။ အတူနေ အကျဉ်းသား ကိုယ့်ရဲဘော်အချင်းချင်း နားလည်မှုတွေ မလွဲရလေအောင် ကြိုတင်ညှိနှိုင်းထားသင့်တဲ့ ကိစ္စကို ကြိုညှိထားကြပြီး တိုက်ပွဲရဲ့ အဆင့်အလိုက်ပေါ်မှာမူတည်လို့ မဟာဗျူဟာ၊ နည်းဗျူဟာတွေကို ပုံသဏ္ဌာန်အမျိုးမျိုးဖော်နေသလို ရန်သူအာဏာပိုင်ဘက်ကလည်း ကိုယ့်ဘက်က အားနည်းချက်များကို အမိအရနင်းပြီး ချေမှုန်းတတ်ပါတယ်။

(၅) ညတို့တိုက်ပွဲမှာတော့ နွားကွဲရင် ကျားဆွဲတတ်တဲ့ သင်ခန်းစာတွေကို ထပ်တလဲလဲရနေပါတယ်။ ဒါပေမယ့် သမိုင်းစာမျက်နှာမှာတော့ မတရားညှဉ်းပန်းနှိပ်စက်နေတဲ့ အာဏာရှင်ကတော့ လူကြမ်း ဗီလိန်ပဲဖြစ်မှာပါ။ ပြည်သူ့သူရဲကောင်းဖြစ်ချင်ရင်တော့ အဖိနှိပ်ခံ ပြည်သူရဲ့ရှေ့က ရင်ကော့ပြီး ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ရပ်တည်ပါ။ ယောင်ဝါးဝါးနဲ့ ခြံစည်းရိုးပေါ်မှာ ခွထိုင်ထားလို့ မရပါဘူး။ အင်္ဂလိပ် ပရီးမီးယားလို သရေပွဲမရှိဘူး။ မနိုင်ရင် ရှုံးမယ်၊ မရှုံးရင် နိုင်မယ်။ ကျနော်တို့အတွက်တော့ အသက်ချင်း ထပ်ထားရတဲ့ လောင်းကစားပွဲ။

အစောကြီးကတည်းက ကြိုတင်ပြင်ဆင်မှုတွေကို စနစ်တကျလုပ်ထားရပါတယ်။ ဘယ်အဆင့်မှာ ဘယ်သူက ဘာလုပ်ရမယ်ဆိုတာက အစပေါ့။ တကယ်တော့ ကိုယ့်ရဲ့ရပိုင်ခွင့် အကျဉ်းသား အခွင့် အရေးကို ကာကွယ်ဖို့ မနည်းကျားကန်ထားရတာပါ။ ၁၉၉၄-၉၅-၉၆ ကာလတုန်းက ကျနော်တို့ (၃) တိုက်မှာ အဘဝတီရှိနေတဲ့အတွက် အခြားတိုက်များ၊ အဆောင်များနဲ့မတူဘဲ ထူးထူးခြားခြား စနစ်တကျ ညီညွတ်နေကြပါတယ်။ နိုင်ငံရေး၊ လူမှုရေး၊ သာရေး နာရေးကိစ္စ၊ အကျဉ်းသားအခွင့် အရေးများ စသည်ဖြင့် သူ့နေရာနဲ့သူ အံဝင်ခွင်ကျ လှုပ်ရှားနေကြပါတယ်။

(၃) တိုက်မှာ လျှို့ဝှက်ဖွဲ့စည်းထားတဲ့ အကျဉ်းသားအခွင့်အရေးကာကွယ်ရေးကော်မတီ (ခွင့်/ကာ အဖွဲ့) ရဲ့ တာဝန်ပေးချက်အရ ကျနော်၊ ခင်ဦးအမတ် ဒေါက်တာမြင့်နိုင်၊ ရန်ကုန်တိုင်း NLD ကိုဌေးအောင် (ဆရာဇင်လင်း) နဲ့ အဘဝတီတို့ဟာ အသက်အရွယ်အရ လူလတ်ပိုင်းရော၊ လူကြီးပိုင်းပါဖြစ်နေကြလို့ အာဏာပိုင်နဲ့တွေ့ရင်လည်း ပြောတတ်၊ ဆိုတတ်ကြတယ်ဆိုပြီး ကိုယ်စားလှယ်များအဖြစ် ထောင်မှူး၊ ထောင်ပိုင်များနဲ့ တွေ့ဖို့ကိစ္စရှိတယ်ဆိုရင် စေလွှတ်လေ့ရှိကြပါတယ်။

ထောင်ဝင်စာအလာနည်း၊ အလာကြဲကြလို့လည်း ဒီတာဝန်ကိုပေးကြရတာလည်း ပါမှာပါ။ များသော အားဖြင့် ထောင်အာဏာပိုင်တွေကလည်း ထောင်ထဲမှာနေတဲ့ ကျနော်တို့နိုင်ငံရေးအကျဉ်းသားတွေကို အုပ်ချုပ်လို့မနိုင်ရင် အပြင်ကထောင်ဝင်စာလာတွေ့တဲ့ မိသားစုကို မဲပြီး Pressure ပေး ညစ်ပတ်တတ်ကြပါတယ်။ ထောင်ဝင်စာပိတ်တာတွေကိုလည်း လုပ်တတ်ကြပါတယ်။ (၃) တိုက်မှာ ထောင်ဝင်စာ အလာများတဲ့ သူဌေးတွေများလို့ မနက်ပိုင်းကို လက်ဘက်ရည်၊ ကော်ဖီနဲ့ နေ့စဉ် အသားဟင်း မပြတ် ထမင်းစားနေကြရတာကတော့ သေဖော်ရှင်ဖက် ရဲဘော်များရဲ့ မျှတစားသောက်ကြတဲ့ မေတ္တာတရား များသာ ဖြစ်ပါတယ်။

အင်းစိန်ထောင်တွင်းက အကျဉ်းသားများရဲ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများကို ပုံစံအင်္ကျီမှာ စာရေးပြီး ကုလသမဂ္ဂညီလာခံသို့ရောက်အောင် ပို့ဆောင်နိုင်ကြတာဟာ ထောင်တွင်းနိုင်ငံရေးမှာ ယုံကြည်ချက်အပြည့်နဲ့ ငွေအား၊ လူအားစိုက်ထုတ်ပြီး တယောက်နဲ့တယောက် မခိုမကပ် ကျရာ အခန်းကဏ္ဍများအလိုက် လုပ်ကြလို့ပါ။ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းတို့ရဲ့ ချယ်လှယ်လွှမ်းမိုးမှုမှလည်း မရှိကြပါဘူး။ နိုင်ငံရေး ခေါင်းပုံဖြတ်တတ်တဲ့ ရေသာခိုအချောင်သမား၊ အခွင့်အရေးသမားများလည်း မရှိပါဘူး။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ထောင်တွင်းပြစ်ဒဏ် နှစ်တိုးထောင်ကျခံရတဲ့ သူရဲကောင်းများကိုတော့ ချီးကျူးဂုဏ်ယူလို့ မဆုံးပါဘူး။ ခွင့်/ကာ အဖွဲ့မှာ အမရပူရအမတ် ဒေါက်တာဇော်မြင့်မောင် (NLD)၊ ကိုဘမျိုးသိန်း (ဒညတ)၊ ကိုဂျင်မီ (လူ့ဘောင်သစ်)၊ ကိုသက်မင်းအောင် (ABSDF) နဲ့ ကိုစိုးမြင့် (ဗကပ) တို့ (၅) ဦး ပါဝင်ကြပါတယ်။
(၁) ခန်းက ကိုမျိုးမင်း (ဒညတ) ဆီက ပိုက်ဆံအတော်များများ အကုန်အကျခံပြီး ထောင်တွင်းကို ရအောင်သွင်းထားတဲ့ ရေဒီယိုတလုံး ရှာဖွေရေးတလာစီတုန်း မိသွားတယ်။ ထောင်တွင်းမှာ အများစု သတင်းငတ်နေတော့လည်း ဖြစ်ကာမှဖြစ်ရော ရသလောက် လုပ်နေကြတာပဲ။ အာဏာပိုင်များက ပြစ်ဒဏ်တိုက်၊ စစ်ခွေးတိုက်ကိုပို့တာ လက်မခံနိုင်ဘူး။

အကျဉ်းထောင်လက်စွဲဥပဒေအရ ပြစ်ဒဏ်ကျ အကျဉ်းသားကို အများမြင်သာတဲ့နေရာမှာ သီးခြားခွဲထားရမယ်။ အများနဲ့ရောပြီး အတူရေချိုးမချဘူး။ လူသားတဦးရဲ့ ဂုဏ်သိက္ခာ ထိခိုက်ညှိုးနွမ်းစေသော ရိုက်နှက်ခြင်း၊ ဒေါက်ခြေချင်းများခတ်ခြင်းတို့ကို လက်မခံနိုင်ကြောင်း အာဏာပိုင်များထံကို တင်ပြနိုင်ခဲ့လို့ ထောင်ဝင်စာတော့ (၁) လအပိတ်ခံရတယ်။ သို့သော် စားစရာတွေကို ဝန်ထမ်းကတဆင့် ပေးခိုင်းလို့ရတယ်။ ဒါကလည်း ခွင့်/ကာ အဖွဲ့ရဲ့ ဆုံးဖြတ် ချက်နဲ့ ၅ (ည) တွေ တညီတညွတ်တည်း ရပ်တည်နေကြတာကိုတွေ့လို့ အာဏာပိုင်တွေက လိုက်လျော နေရတာ။ မမြင်ကွယ်ရာမှာ ဆုမှတ်ရက် ကွာဖြတ်တာတွေ ရှိတတ်တယ်။ မမြင်ရလို့ မတတ်နိုင်တော့ဘူး။ ဘယ်လိုပဲပြောပြော အောင်မြင်မှုရခဲ့တဲ့ ထောင်တွင်းတိုက်ပွဲပါပဲ။

(၄) တိုက်မှာ အခန်းစုစုပေါင်း (၃၀) ရှိပြီး (၁၈) ခန်းရှိတဲ့အခြမ်းကို (၄) ရှည်နဲ့ (၁၂) ခန်းရှိတဲ့အခြမ်းကို (၄) တို ဆိုပြီး အကန့်ခွဲထားတယ်။ (၄) တိုက ဗကပကိုသက်ခိုင်အမှုတွဲ ကိုဗလကြီး (ခေါ်) ကိုသန်းထွဋ် အခန်းထဲက ပုံမှန်ရှာဖွေရေး တလာစီတဲ့အချိန်မှာ စာရွက်နဲ့ခဲတံ သိမ်းဆည်းရမိသွားပြန်ပါတယ်။ ယုဝတီဆောင်လို့ခေါ်တဲ့ (၅) တိုက်ကို ဒေါက်-ခြေချင်းခတ်ပြီး ပို့လိုက်တယ်ဆိုပြီး သတင်းရတယ်။

ယုဝတီဆောင်လို့ခေါ်ရတာကလည်း ဒေါက်-ခြေချင်း ခတ်ထားခြင်းခံရပြီး ရောက်လာတဲ့ ပြစ်ဒဏ်ကျ ရာဇဝတ်အကျဉ်းသားတွေကို ဝန်ထမ်းတွေ၊ တန်းစီး၊ အခန်းလူကြီး စတဲ့ နှစ်ကြီးရာဇဝတ်အကျဉ်းသား တွေက (၅) တိုက်ခြံဝင်းထဲကို စဝင်ကတည်းကနေ အခန်းပေါ် ရောက်တဲ့အထိ တဝုန်းဝုန်း၊ တဒိုင်းဒိုင်းနဲ့ လူမဆန်စွာရိုက်နှက်ကြပြီး ယောက်ျားတွေကို မိန်းမတွေလို ဟုတ်ကဲ့ရှင့်-ကြောက်ပါပြီရှင့်ဆိုပြီး အော်ခိုင်းတယ်။ ယောက်ျားတယောက်ရဲ့ ဂုဏ်သိက္ခာ ရိုက်ချိုးပြီး ထိခိုက်စော်ကား အနှိမ်ခံရတာဖြစ်တယ်။ ဒါကြောင့် နိုင်ငံရေးအကျဉ်းသားတဦးဖြစ်တဲ့ ကိုဗလကြီးကို သည်လိုလုပ်တာကို လက်မခံနိုင်ဘူး ဆိုပြီး တိုက်ပွဲဝင်ကြတယ်။ တိုက်ပွဲဝင်တယ်လို့သာ ပြောရတာပါ။ တကယ်တော့ ကျနော်တို့ရဲ့ ရပိုင်ခွင့် အကျဉ်းသားအခွင့်အရေးကို ကာကွယ်နေကြရတာပါ။

အင်းစိန်ထောင်အတွက် မြင်းခြံထောင်ကပြောင်းလာတဲ့ အထူးအရာရှိ ဒု-ထောင်ပိုင် လူလှရောက်လာ တယ်။ အောက်ခြေက အဆင့်ဆင့်ရာထူးတက်လာတဲ့ ထောင်သဘာ၊ ငယ်မွေးခြံပေါက်ဆိုတော့ ထောင်ကျင့်၊ ထောင်ကြံ ရက်စက်ယုတ်မာ၊ ကောက်ကျစ်တာတွေ ညစ်ပတ်တဲ့နည်းမှန်သမျှ အကုန် ကျွမ်းတယ်။ အဘဝတီနဲ့ ကျနော်ရယ် ကိုဗလကြီးကိစ္စမှာ သူနဲ့ထိပ်တိုက်တွေ့ကြတယ်။ ပုံစံထိုင်ခိုင်း တယ်၊ မရဘူး။ အဘဝတီက အူကျတဲ့ရောဂါရှိလို့ ခါးထောက်ပြီးတော့တောင်မှ စကားပြောလိုက် သေးတယ်။ ကျားနဲ့ဆင် လယ်ပြင်မှာတွေ့ကြတဲ့ပွဲပဲ။ အနိုင်အရှုံး အားစမ်းတဲ့အနေနဲ့ နှစ်ဖက်စလုံး မာန်တင်းထားတယ်။

ဒီအချိန်မှာ နိုင်ငံရေးအကျဉ်းသားအများစုဟာ ထင်းအစီး မပြေသလို အုပ်စုလိုက်ညီနေကြလို့ သူချိုးလို့ မရနိုင်ဘူးဆိုတာကို သိသွားတယ်။ ဒီလိုဆိုတော့လည်း သူ့ပခုံးက အပွင့်ကြွေမှာကိုကြောက်သွားတော့ ရူးသလို ပေါသလို မျက်နှာပြောင်နဲ့ အခုတောင်းဆိုနေကြတဲ့ ကိုဗလကြီးကို ဒေါက်-ခြေချင်းဖြုတ်ပေးဖို့၊ (၄) တိုက်ကို ပြန်ပို့ပေးဖို့ဆိုတာတွေဟာ သူလုပ်ပေးရင် ရပါတယ်ဆိုပြီး အလျှော့ပေး လိုက်လျောလိုက်ရတယ်။ ယုံကြည်ချက်သမားတွေနဲ့ ကြေးစားတို့ရဲ့လွန်ဆွဲတဲ့ပွဲ။ ဒုတိယအကြိမ် အောင်ပွဲခံလိုက်နိုင်ပါတယ်။

အခုလို တိုက်ဝင်းထဲက ထောင်တွင်းတိုက်ပွဲဝင် ၅ (ည) အုပ်စုတွေကို ထောင်အာဏာပိုင်တွေတင် မကဘူး၊ ထောက်လှမ်းရေးတွေကိုယ်တိုင် နှိပ်ကွပ်ဖို့ အစီအစဉ်ဆွဲ ပြင်ဆင်နေကြတယ်လို့ သတင်းရနေပါတယ်။ အဲသည်ကာလတုန်းက နိုင်ငံရေးအကျဉ်းသားထဲမှာလည်း “လွတ်ကြောင်” တွေက အတော်ဒုက္ခပေးနေပါပြီ။ ၁၁/၉၂ နိုင်ငံတော်အမိန့်နဲ့ လွှတ်ပေးလိုက်တဲ့ နိုင်ငံရေးအကျဉ်းသားများလည်း မနည်းတော့ပါဘူး။ ဆိုင်းငံ့ပြစ်ဒဏ်ပုဒ်မ (၄၀၁)၊ အပိုဒ် (၁) ဆိုတာကလည်း ရှိသေးတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ထောင်အပြင်ရောက်၊ လွတ်ဖို့ပဲဆိုရင်တော့ အားလုံး အကြုံးဝင်နေပါတယ်။ အဲသည်မှာ သုံးခွမြို့က ၈၈ အရေးအခင်းအတွင်း ရဲစခန်းဝင်စီးမှုများနဲ့ ထောင်ကျတဲ့ မဆလစစ်တပ်က တပ်ကြပ်ကြီးဟောင်း ခေါင်းဖြူတင်ဝင်းက ပြဿနာစဖြစ်ပါတယ်။ အမှုကများပြီး တမှုကို (၇) နှစ်စီနဲ့ အမှု (၆) ခုအတွက် ထောင်ကျပြစ်ဒဏ် (၄၂) နှစ်ကျပြီး (၄) တိုက်မှာနေတယ်။ နိုင်ငံတော်ကြေညာချက် ၁၁/၉၂ ကလည်း (၁၀) နှစ်အထက် ပြစ်ဒဏ်ကျနေသူအားလုံးကို (၁၀) နှစ်အထိလျှော့ချလိုက်တဲ့ အမိန့်ဆိုတော့ (၁၅) နှစ် (၂၀) နှစ် (၂၅) နှစ် တပေါင်းတည်းပြစ်ဒဏ် ဘယ်လောက်များများ
(၁၀) နှစ်ဖြစ်ကုန်ကြတယ်။ သူက သီးခြားအမှုတွေဆိုတော့ အကျုံးမ၀င်ဘူး။

သူ့မယားညီအစ်ကိုက မန္တလေးဆေးတပ်ထဲက စစ်သားဖြစ်တယ်။ သူမိန်းမနဲ့ သမီးတွေကလည်း အဲသည်စစ်တပ်ထဲမှာပဲ လိုက်နေရတယ်။ သူ့မိန်းမထောင်ဝင်စာလာတွေ့တော့ သူနဲ့ပတ်သက်ပြီး ထောက်လှမ်းရေးကို အသနားခံစာ တင်ခိုင်းတယ်။ ထောင်ကလွတ်ဖို့အတွက် အပေးအယူလုပ်ချင် ကြောင်း သတင်းပို့ခိုင်းတယ်။ ဘယ်နည်းနဲ့ ဖြစ်ဖြစ် ထောင်အပြင်ရောက်ဖို့က အရေးအကြီးဆုံးပဲဆိုတဲ့ ဖောက်ပြန်တဲ့အယူအဆကို လက်ကိုင်ထားတဲ့ မန္တလေးက ဒေါက်တာစိုးလင်းရဲ့ သြဝါဒမှိုင်းကလည်း မိထားသေးတယ်။ လုပ်ဖော်ကိုင်ဖက်ချင်းတွေပေါ်မှာ သစ္စာဖောက်ဖို့ ဝန်မလေးတဲ့ အေးလွင်တို့လို လူစားတွေ။ ကိုယ့်အခွင့်အရေးရဖို့ဆိုရင် အဖေ၊ အမေအရင်းတွေရဲ့ ခေါင်းကိုတောင်မှ ဖြတ်မယ့် ကောင်စားတွေ။ သိပ်မကြာပါဘူး၊ ထောက်လှမ်းရေးက သူ့ကို မကြာခဏခေါ်တွေ့နေတယ်။ အဲသည်တုန်းက (၄) တိုက်မှာလည်း အချင်းချင်းသိပ်မညီမညွတ်ဖြစ်နေတယ်။ ဖြစ်နေတဲ့အကွဲအပြဲပေါ်မှာ အခွင့်ကောင်းယူပြီး တိုက်ဝင်းထဲက နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေအားလုံးကို ထောက်လှမ်း ရေးမှာ သတင်းပေးလုပ်နေပြီဆိုတာကို ကျနော်တို့စည်းရုံးထားတဲ့ ဝန်ထမ်းအချို့ဆီကတဆင့် ပြန်သိနေ ရပြီ။ ကျနော်တို့ ရဲဘော်အားလုံးကိုလည်း တော်လှန်ရေးသတိရှိဖို့ တပ်လှန့်ထားရတယ်။

ကျနော်တို့ (၃) တိုက်မှာက ကိုဌေးအောင် (ဆရာဇင်လင်း-NLD)၊ မိုးဇော်ဦး (NLD)၊ ဘိုဘိုဦး (ABSDF)၊ သီဟထွဋ်ခင် (ပြည်-သုခစာပေတိုက်) နဲ့ ကျနော်တို့က အခမ်းအနားကျင်းပရေးနဲ့ စာစောင်ထုတ်ဝေရေး ကော်မတီဆိုပြီး “ဒီလှိုင်း” ဆိုတဲ့နာမည်နဲ့ စာစောင်လစဉ်ထုတ်တယ်၊ အမှတ်တရ အခမ်းအနားတွေကို လုပ်ကြတယ်။ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ် (၅၀) ပြည့်မွေးနေ့စာစောင်နဲ့ ကွယ်လွန်သူ ဝန်ကြီးချုပ်ဦးနုရဲ့ အမှတ်တရ အောင့်မေ့ဘွယ်စာစောင်တို့ကို ထုတ်ဝေဖြစ်ပါတယ်။ လက်ရေးနဲ့ရေးထားတဲ့ ထောင်တွင်းစာစောင်တွေဆိုပေမယ့် ကဗျာ၊ ဆောင်းပါး၊ သရုပ်ဖော်ပန်းချီကအစ အဆင့်အတန်းမြင့်ပါတယ်။

တချို့စာစောင်တွေကိုလည်း ထောင်အပြင်ကိုရောက်အောင် ထုတ်ဖြစ်ကြပါတယ်။ နောင်ကို သမိုင်း တွင်ကျန်ရစ်မယ့် သွေးနဲ့ရေးခဲ့ရတဲ့ ရုပ်ကြွင်းများဖြစ်ပါတယ်။ (၄) တိုက်က ကျောင်းသားအုပ်စုကလည်း ရန်ကုန်တက္ကသိုလ် စိန်ရတုအထိမ်းအမှတ်စာစောင်နဲ့ သွေးသစ်လှိုင်းစာစောင်တို့ လုပ်နေကြပါတယ်။ ခံစားချက်များကို ရင်ဖွင့်ရင်း ရဲဘော်အချင်းချင်းကိုလည်း စိတ်ဓာတ်မြှင့်တင်ပေးရာရောက်ပါတယ်။

၁၉၉၅ ခုနှစ်ကတော့ ထူးခြားတဲ့နှစ်တနှစ်ပါပဲ။ ရန်ကုန်တက္ကသိုလ် (၇၅) နှစ်ပြည့်စိန်ရတု (၁၉၂၀-၁၉၉၅)၊ ဒေါ်အောင်ဆန်းစုကြည် နှစ် (၅၀) ပြည့်ရွှေ ရတုမွေးနေ့ (၁၉၄၅-၁၉၉၅)၊ ဝန်ကြီးချုပ်ဦနု သေဆုံးတဲ့နေ့ (၁၄-၂-၉၅) အပြင် နှစ် (၅၀) ပြည့် ဖက်ဆစ်တော်လှန်ရေး ရွှေရတုနှစ်ပတ်လည်နေ့ (၁၉၄၅-၉၅) (သူတို့က တပ်မတော်နေ့ဆိုပြီး တော်လှန်ရေးကို မောင်ပိုင်စီး ထားချင်ကြသေးတယ်။)

ဒီတခါ ရှာဖွေရေးတလာစီတာကို ထောင်ပေါင်းစုံကဝန်ထမ်းတွေကို ခေါ်ထားတယ်။ ဝန်ထမ်းအင်အား ရာဂဏန်းလောက်ရှိမယ်။ မမြင်ဘူးတဲ့ မျက်နှာစိမ်းဝန်ထမ်းတွေ အများကြီးနဲ့ အထူးရှာဖွေရေး စစ်ဆင်ရေးတရပ်ဖြစ်တယ်။ ပေါက်ချွန်း၊ ပေါက်တူး၊ ဂေါ်ပြား စသည့်လက်နက်ပစ္စည်း ကိရိယာ အစုံအလင်နဲ့ တိုက်ဝင်းတခုလုံးမှာ အပြည့်နေရာယူထားတယ်။ အင်းစိန်ထောင် သန္ဓေဝန်ထမ်းတွေက သော့ကိုင်ပြီး အခန်းတွေကိုဖွင့်ပေးရတယ်။ အခန်းပေါ်တက်လာကြတဲ့ ဝန်ထမ်းတွေရဲ့ မျက်နှာကြော တွေကလည်း တင်းထားကြတယ်။ ထောင်နံရံတွေကို ခေါက်ကြည့်တယ်။ သမံတလင်းကို ပေါက်ချွန်း တွေနဲ့ပေါက်တော့ မြေအောက်ဂလိုင်ထဲမှာ ထည့်ဖွက်ထားတဲ့ စာအုပ်စာတမ်းတွေ အကုန်မိတယ်။ နံရံတွေ၊ အမိုးမျက်နှာကျက်တွေပေါ်ကို လှေခါးထောင်ပြီး တက်နှိုက်ကြတာဆိုတော့ အံဝှက်မျက်နှာ ကျက်ကြားမှာထည့်ထားတဲ့ လက်သဲညှပ်တောင်မှ မကျန်ဘူး။

လူဆွေးဆွေး၊ ထောင်ဆွေးဆွေးနဲ့ တိုက်ထဲမှာက နေသားကြာတဲ့သူ နိုင်ငံရေးအကျဉ်းသားတွေချည်းပဲဆိုတော့လည်း အခန်းတိုင်းမှာ မိကြတဲ့ စာအုပ်စာတမ်းတွေက တခန်းကို အနည်းဆုံး တတင်းခွဲဆန်အိတ်ခွံ မြွေရေခွံအိတ် တလုံးစာ လောက်စီရှိတယ်။ နိုင်ငံရေးသမားဆိုတာကလည်း အစားအသောက်ထက် စာရေးစာဖတ်ရတာကို ပိုပြီးတန်ဖိုးထား မက်မောကြတယ်။
ဒီတခါ အထူးရှာဖွေရေးလုပ်နေတဲ့ပုံစံမှာတော့ အခြေအနေသိပ်မကောင်းနိုင်ဘူးဆိုတာကို အတွေ့အကြုံအရ သိနေတယ်။

ရေချိုးတောင်မှ လုံးဝမချဘူး။ အဓိကကတော့ အသားထဲကလောက်ထွက်တော့ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အတွင်းသတင်းတွေကို ထောက်လှမ်းရေးတွေကလည်း အကုန်သိနေတဲ့ပုံပေါ်တယ်။ ဝေါ်ကီတော်ကီတွေကိုင်ပြီး ပွစိ၊ ပွစိ ဆက်နေကြတယ်။ အခန်းတွေရှေ့ ကလည်း သုတ်သီးသုတ်ပြာတွေနဲ့ လမ်းသလားနေကြတယ်။

ထောင်ပိတ်ပြီး ည (၇) နာရီလောက်မှာ ကျနော့်ကို ပထမဆုံးခေါင်းစွပ်စွပ်၊ လက်ထိပ်နောက်ပြန်ခတ်ပြီး စစ်ကြောရေးအတွက် လာထုတ်တယ်။ ထောင်အာဏာပိုင်တွေကလည်း ကြည့်မရ၊ အမြင်ကပ်နေတာ ကြာပြီဆိုတော့ အခုထောက်လှမ်းရေးစစ်ကြောရေးမှာ တမင်ကို အရင်ဆုံး ထိပ်တိုက်ဆုံပေးလိုက်ခြင်း ဖြစ်ပါတယ်။ ညနေစောင်း အပုပ်ချိန်ဆိုတော့ စစ်ကြောရေးလုပ်နေတဲ့သူတွေ အားလုံးနီးပါး မူးနေကြ ပါပြီ။ ခေါင်းစွပ်နဲ့ဆိုတော့ ဘယ်သူ၊ ဘယ်ဝါတွေမှန်းလည်း မသိပါဘူး။ ခပ်ကြမ်းကြမ်း၊ ခပ်ရမ်းရမ်းနဲ့ တော့ စကြတာပါပဲ။ ဒါပေမယ့် သူတို့လိုချင်တဲ့ အဖြေ၊ အချက်အလက်တွေ ဘာမှမရဘူးဖြစ်နေတယ်။ ဒါနဲ့ ကြာတော့ ခေါင်းစွပ်ချွတ်ပြီး ထောက်လှမ်းရေးဗိုလ်မှူးကိုယ်တိုင် မျက်နှာချင်းဆိုင်ထိုင်ပြီး အမေး အဖြေလုပ်ပါတော့တယ်။

စစ်ကြောရေးတွေမှာလည်း ခဏခဏ တွေ့နေကြဆိုတော့ မျက်မှန်းတန်းမိနေပါပြီ။ သူတို့အဓိက လိုချင်တာက သွေးသစ်လှိုင်းနဲ့ တက္ကသိုလ်စိန်ရတု လက်ရေးမူနဲ့ စာစောင်လုပ်တဲ့သူတွေကို သိချင် တယ်။ စာစောင်တွေကိုထုတ်ပြတော့ မမြင်ဘူး၊ မသိဘူး။ ကျနော့်အခန်းကမိတဲ့ နွယ်နီ၊ ဓနမဂ္ဂဇင်းနဲ့ အဘိဓာန်စာအုပ်အပါအဝင် အပြင်မှာတရားဝင်ထုတ်ထားတဲ့ စာအုပ်စာရင်းတွေကို ထပ်တလဲလဲ ရွတ်ပြလိုက်တော့ ထောက်လှမ်းရေးဗိုလ်မှူး နည်းနည်းတော့ ဇဝေဇဝါဖြစ်သွားတယ်။ ကျနော်တို့ လက်မှတ်ထိုးထားရတဲ့ သိမ်းဆည်းရမိပစ္စည်း စာရင်းစာရွက်တွေကိုတောင်းပြီး စစ်ဆေးကြည့် လိုက်တော့ အတော်ကိုဒေါပွသွားတယ်။ သူလိုချင်တဲ့အဖြေက (၄) တိုက် ဖြစ်နေတယ်။ ကျနော်က
(၃) တိုက်ဆိုတော့ ဘာမှမဆိုင်ဘူး၊ တခြားစီဖြစ်နေတယ်။ ထောင်မှူး၊ ထောင်ပိုင်တွေကိုခေါ်ခိုင်းပြီး ကျနော့်ရှေ့မှာတင် မအေ၊ နှမနဲ့ကိုင်တုတ်ပြီး ဆဲလိုက်တာ ရစရာကိုမရှိဘူး။

အခုလို အထူးတိုက်မှာ ထောက်လှမ်းရေးစစ်ကြောရေးပြီးတော့လည်း အရင် (၃) တိုက်ကိုပြန်မပို့ဘဲ ပြစ်ဒဏ်တိုက် စစ်ခွေးတိုက်ထဲမှာ ထည့်ထားတယ်။ တညလုံးစစ်ကြောရေးလုပ်ထားတာဆိုတော့ မောမောပန်းပန်းနဲ့ အိပ်ပျော်သွားတယ်။ အခင်းဖျာမရှိ၊ သောက်ရေအိုးမရှိဆိုတော့ ဝန်ထမ်းတွေကို အော်ခေါ်တယ်။ တယောက်မှ မလာဘူး၊ တခန်းကျော်စီမှာတော့ ကိုဘမျိုးသိန်း၊ ဆလိုင်းကိုကိုကြီး၊ စသည်ဖြင့် … ထည့်ထားတယ်။ ထမင်းမကျွေး၊ ရေမတိုက်လုပ်ထားတယ်။

လည်ချောင်းတွေပူနေတာ အသံတောင်မှ မထွက်တော့ဘူး။ တမင်လုပ်ထားမှန်းရိပ်မိလို့ အသာလေးငြိမ်ငြိမ်နေလိုက်တယ်။ ဒါပေမယ့် ညကတည်းက စစ်ကြောရေးမှာ စကားအများကြီးပြောထားရတာဆိုတော့ လည်ချောင်းနာပြီး ရင်ထဲကလည်း ပူနေတယ်။ ရေအသက်တမနက်ဆိုပေမယ့် ရေမသောက်ရတာ (၂၄) နာရီနီးပါး လောက်ရှိနေပြီ။ သံတိုင်နားအပေါက်ဝမှာ ခွေခွေလေးမှီပြီး အိပ်နေတယ်။ မျက်စိထဲမှာလည်း ဝါးတားတား အရိပ်တွေပြေးနေတယ်။ ညနေ (၅) နာရီကျော်မှ လက်သန်းတလုံးစာ မရှိသလောက် ကလေး ရေလာတိုက်တယ်။ အငမ်းမရသောက်လိုက်တာ၊ ဆက်မတိုက်ဘူး။ နောင်မှသိရတယ်၊ တခါတည်း အဝတိုက်လိုက်ရင် တခါတည်းသေသွားနိုင်တယ်ဆိုတာကို။ စေတနာရှိလို့တော့ မဟုတ် နိုင်ဘူး။ သူတို့အမှုပတ်မှာစိုးလို့ ထင်ရတာပဲ။
ပေးဆပ်ရတဲ့အရင်းအနှီးက သိပ်များတယ်။ အဘဝတီအပါအဝင် ကျနော်တို့ရဲဘော်(၂၄) ဦး ထောင်တွင်းပြစ်ဒဏ် နှစ်တိုးပြီး ထောင်ထပ်ကျကြရတယ်။ (၃) တိုက်က ဦးဝင်းတင် (NLD)၊ အမရပူရအမတ် ဒေါက်တာဇော်မြင့်မောင် (NLD)၊ ခင်ဦးအမတ် ဒေါက်တာမြင့်နိုင် (NLD)၊ ကိုမြတ်ထွန်း (ကမာရွတ် NLD)၊ ကိုဘမျိုးသိန်း (ဒညတ)၊ ကိုဘိုဘိုဦး (ABSDF)၊ ကိုသက်မင်းအောင် (ABSDF)၊ ကိုဂျင်မီ (လူ့ဘောင်သစ်)၊ ကိုစိုးမြင့် (ဗကပ) ပေါင်း (၉) ယောက်။ (၄) တိုက ကိုထွန်းဝင်း
(ရခိုင်ဗကပ - သေဒဏ်မှကျွန်းပြောင်း)၊ ကိုပြုံးချို (ရကသ)၊ ကိုယဉ်ထွေး (လူ့ဘောင်သစ်)၊ ကိုအောင်မျိုးတင့် (ABSDF)၊ ကိုလှသန်း (ABSDF)၊ ကိုဝင်းသိန်း (သုံးရောင်ခြယ်)၊ ကိုစိန်လှိုင် (သုံးရောင်ခြယ်) ပေါင်း (၇) ယောက်။ (၄) ရှည်က ကိုမျိုးမြင့်ငြိမ်း (NLD)၊ ကိုကြည်ဖေကျော် (ABSDF)၊ ကိုဇော်ထွန်း (သင်္ဃန်းကျွန်းဗကသ)၊ ကိုဇော်မင်း(သင်္ဃန်းကျွန်းဗကသ)၊ ကိုအောင်ကျော်ဦး (သင်္ဃန်းကျွန်း ဗကသ)၊ ကိုကျော်ဝင်းသိန်း (သင်္ဃန်းကျွန်းဗကသ)၊ စိုးထက်ခိုင် (ဒညတ) နဲ့ သာယာဝတီထောင်တွင်းမှာ ကျဆုံးသွားရတဲ့ ကိုညွန့်ဇော် (ABSDF) ပေါင်း (၈) ယောက်ဆိုတော့ အားလုံးပေါင်းလိုက်ရင် (၂၄) ယောက်ဖြစ်တယ်။

ကျွန်တော်တို့ (၃) တိုက်က ပစ္စည်းမိတုန်းက အနည်းဆုံးဆိုပေမယ့် အဘဝတီဦးဆောင်ပြီး ညီညီညွတ်ညွတ် ရှိနေတာကို အာဏာပိုင်တွေအမြင်ကပ်နေလို့ နှစ်တိုးထောင်ကျတာ အများဆုံးဖြစ်တဲ့အပြင် ခုထိလည်း လွတ်ရက်ကျော်ပြီး မလွှတ်သေးတာ (၅) ဦးရှိနေပါသေးတယ်။

(၄) တိုက်မှာ ၁၉၈၄ ခုနှစ်ကတည်းက သေဒဏ် ကျွန်းပြောင်းပြစ်ဒဏ်ကျ ကိုထွန်းဝင်း (ရခိုင်ကွန်မြူနစ်) ရှိနေပါသေးတယ်။ သူကလည်း ပြစ်ဒဏ် (၂၇) နှစ်မှာ ထောင်တွင်းနေသား (၂၄) နှစ်ရှိနေပြီဖြစ်လို့ လွတ်ရက်ထက် အများကြီးကျော်နေပါပြီ။

အဘဝတီက စုစုပေါင်းထောင်ကျနှစ် (၂၀) မှာ ထောင်တွင်းနေသား (၁၈) နှစ်၊ ကိုဘမျိုးသိန်းက ထောင်ကျနှစ် စုစုပေါင်း (၁၉) နှစ်မှာ ထောင်တွင်းနေသား (၁၆) နှစ်ရှိနေကြပြီဖြစ်လို့ အကျဉ်းသားတိုင်းရဲ့ ရပိုင်ခွင့်အခွင့်အရေးအရ လွှတ်ပေးရမယ့် ရက်ထက် အများကြီးကျော်လွန်နေကြပြီ ဖြစ်ပါတယ်။ ကိုဘိုဘိုဦးက စုစုပေါင်းထောင်ကျနှစ် (၂၆) နှစ်မှာ ထောင်တွင်းနေသား (၁၈) နှစ်၊ ဒေါက်တာ ဇော်မြင့်မောင်က စုစုပေါင်းထောင်ကျနှစ် (၂၂) နှစ်မှာ ထောင်တွင်းနေသား (၁၆) နှစ်နဲ့ ကိုစိုးမြင့်က စုစုပေါင်း ထောင်ကျနှစ် (၂၂) နှစ်မှာ နေသား (၁၆) နှစ်ရှိနေကြပြီ ဖြစ်လို့ လွှတ်မယ်ဆိုရင် လွှတ်နိုင်သည့်သူများသာ ဖြစ်ပါတယ်။

ထောင်တွင်းပြစ်ဒဏ်ထပ်တိုးခံရသူ (၂၄) ဦးမှာ ထောင်တွင်းနေသား ဆယ်စုနှစ် (၂) ခုနီးပါး ရှိနေ ပြီဖြစ်တဲ့ နှစ်ရှည်ထောင်ကျမှာ နိုင်ငံရေးအကျဉ်းသား ဒီ (၆) ဦးပဲ ကျန်ပါတော့တယ်။ ကျန်တဲ့သူ အားလုံးလည်း လွတ်မြောက်လာကြပါပြီ။ ဒါကြောင့် အဘဝတီနဲ့ အကျဉ်းသားများ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (ခွင့်/ကာ) အဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားခေါင်းဆောင်များ အမြန်ဆုံး ပြန်လည်လွတ်မြောက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း။
အဘဝတီနဲ့အတူ ထောင်တွင်း၌ (၁၆) နှစ်အထက် နှစ်ရှည်ကျခံပြီးကြသော ခွင့်/ကာ အဖွဲ့ဝင် နိုင်ငံရေး အကျဉ်းသားခေါင်းဆောင်များရဲ့ ရပိုင်ခွင့် အကျဉ်းသားအခွင့်အရေးအရ အမြန်ဆုံး ပြန်လည်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

အဘဝတီနဲ့ ခွင့်/ကာအဖွဲ့ဝင်များရဲ့ ရပိုင်ခွင့်အခွင့်အရေးများကို ဝိုင်းဝန်းတောင်းဆိုကြဖို့လည်း တိုက်တွန်းပါတယ်။

အဘဝတီနဲ့ ခွင့်/ကာအဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားခေါင်းဆောင်များ အသက်ရာကျော်ရှည်ပါစေ။

အဘဝတီနဲ့ ခွင့်/ကာအဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားခေါင်းဆောင်များ အမြန်ဆုံးပြန်လွတ်ပါစေ။ ။


No comments: